အခန်းအတွင်း၌ လုချွမ်းသည် ခုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ မျက်လုံးများကို တင်းတင်းပိတ်လျက် မျက်မှောင်ကြုတ်ထားသည်။
ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်လှသော စွမ်းအင်များသည် သွေးကြောများအတွင်း လှိုင်းတံပိုးများသဖွယ် တဝုန်းဝုန်းနှင့် အရှိန်အဟုန်ဖြင့် စီးဆင်းနေကြသည်။
လုချွမ်းသည် ခန္ဓာကိုယ်၏ မခံမရပ်နိုင်သော ဝေဒနာကို အံတုအောင့်ခံရင်း ထိုကြမ်းတမ်းသော စွမ်းအင်များကို ဝိညာဉ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲကာ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်ဆေးလုံးအတွင်းသို့ ရောက်ရှိစေရန် အစွမ်းကုန် ကြိုးစားအားထုတ်နေရသည်။
အချိန်ကြာလာသည်နှင့်အမျှ လုချွမ်း၏ ပတ်ဝန်းကျင်ရှိ အရှိန်အဝါများမှာလည်း လျင်မြန်စွာ ပြင်းထန်လာခဲ့ပြီး အဆင့် ၅ ၏ အမြင့်ဆုံး အကန့်အသတ်သို့ ရောက်ရှိကာ အဆင့် ၆ သို့ ကူးပြောင်းမည့် အလှည့်အပြောင်းကာလသို့ နီးကပ်လာခဲ့ပြီ ဖြစ်သည်။
ကျင့်ကြံမှုအဆင့် တဖြည်းဖြည်း ပြောင်းလဲလာသည်နှင့်အမျှ လုချွမ်း၏ ရုပ်သွင်မှာလည်း ဤဖြစ်စဉ်အတွင်း အချို့သော အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။
ယခင်က ဖြူဖျော့နေခဲ့သော အသားအရေမှာ ယခုအခါ တဖြည်းဖြည်းနှင့် သွေးရောင်လွှမ်းကာ စိုပြည်တောက်ပလာပြီး သာမန်လူတစ်ယောက်နှင့် ခွဲခြားမရနိုင်လောက်အောင် ဖြစ်လာခဲ့သည်။
ထို့ပြင် မူလက အနီရောင်သန်းနေခဲ့သော မျက်သူငယ်များသည်လည်း ယခုအခါ အနီရောင်များ လုံးဝပျောက်ကွယ်သွားပြီး လုချွမ်း လူသားဘဝကရှိခဲ့သော ညိုနက်ရောင်သို့ ပြန်လည်ပြောင်းလဲသွားခဲ့သည်။
ဆိုရလျှင် အဆင့် ၆ သို့ တက်လှမ်းနိုင်ခဲ့သည့်အတွက် လုချွမ်းသည် ခန္ဓာကိုယ်အပူချိန် အနည်းငယ် ကွာခြားသည်မှအပ သာမန်လူသားတစ်ဦးနှင့် များစွာတူညီသွားခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင် လုချွမ်းသည် လူအုပ်ကြားထဲ၌ ပေါ်ပေါ်ထင်ထင် ရပ်နေလျှင်ပင် သူ၏ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်းကို မည်သူမျှ ရိပ်မိနိုင်မည်မဟုတ်ချေ။
အချိန်မှာ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီး အမြုတေ လေးခုမှ ထွက်ပေါ်လာသော စွမ်းအင်များသည် တစ်ကိုယ်လုံးကို အားဖြည့်ပေးပြီးနောက် လုချွမ်း၏ သန့်စင်မှုကို ခံယူရင်း တဖြည်းဖြည်း ကုန်ခမ်းလာခဲ့သည်။
မကြာမီအချိန်အတွင်းမှာပင် လုချွမ်း၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များမှာ အကုန်အစင် အသုံးချပြီး ဖြစ်တော့မည်ဟု ခန့်မှန်းရသည်။
ကံကောင်းထောက်မစွာဖြင့် ဤအချိန်တွင် လုချွမ်း၏ ကျင့်ကြံမှုမှာ အဆင့် ၆ သို့ ကူးပြောင်းရန် အဆုံးအဖြတ်ပေးရမည့် အချိန်သို့ ရောက်ရှိနေပြီဖြစ်ရာ ခိုင်မာလှသော အတားအဆီးကို ချိုးဖျက်ပြီး အဆင့် ၆ သို့ တက်လှမ်းနိုင်ရန် နောက်ဆုံးတွန်းအားတစ်ခုသာ လိုအပ်တော့သည်။
ဝုန်း...
နောက်တစ်ခဏ၌ အဆင့် ၅ ၏ အမြင့်ဆုံးသို့ ရောက်ရှိနေသော လုချွမ်း၏ အရှိန်အဝါကြောင့် သူ၏ ခန္ဓာကိုယ်မှာ တုန်ရီသွားပြီး ခန္ဓာကိုယ်အတွင်းမှ အသံဗဟိန်းကြီးတစ်ခု ရုတ်ခြည်း ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် အနှိုင်းမဲ့ အစွမ်းထက်လှသော အရှိန်အဝါတစ်ခုမှာ အရပ်မျက်နှာအနှံ့သို့ ရိုက်ခတ်သွားလေတော့သည်။
အခန်းပြင်ပတွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေသော ကျိရုရွှယ်သည် အခန်းအတွင်းရှိ အရှိန်အဝါများ ပြောင်းလဲသွားသည်ကို ခံစားမိလိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ စိတ်ထဲတွင် ဝမ်းသာပီတိများ လှိုက်တက်လာခဲ့သည်။
"ဒီလို အပြောင်းအလဲမျိုးဆိုရင်... ဖေဖေ သေချာပေါက် အောင်မြင်သွားပြီပဲ"
ကျိရုရွှယ်၏ မျက်ဝန်းများမှာ တောက်ပသွားပြီး မျက်နှာထက်တွင် အပြုံးများ ဝေဆာလာခဲ့သည်။ သို့သော်လည်း သူမသည် အလျင်စလို တံခါးကို သွားရောက်ခေါက်ခြင်း မပြုဘဲ ယခင်အတိုင်းပင် တိတ်ဆိတ်စွာ ဆက်လက်စောင့်ဆိုင်းနေခဲ့သည်။
ဖေဖေသည် အဆင့် ၆ သို့ ယခုလေးတင် တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်ရာ ချက်ချင်း ပြန်ထွက်လာဦးမည် မဟုတ်ချေ။ သူ၏ စွမ်းအားသစ်များကို ကျင့်သားရစေရန်နှင့် ကျင့်ကြံမှုအဆင့်ကို တည်ငြိမ်စေရန်အတွက် အချိန်အတန်ကြာ ပေးရဦးမည်ဖြစ်သောကြောင့် အပြင်ဘက်တွင် ခေတ္တမျှ ဆက်လက်စောင့်ဆိုင်းနေခြင်းကသာ အကောင်းဆုံးဖြစ်ပေမည်။
အခန်းအတွင်း၌မူ သူ၏ ကျင့်ကြံမှုအဆင့်ကို တဖြည်းဖြည်း တည်ငြိမ်အောင် ပြုလုပ်ပြီးနောက် လုချွမ်းသည် နောက်ဆုံးတွင် မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏ အကြည့်များထဲတွင် ကြည်နူးဝမ်းမြောက်မှုများ ပြည့်နှက်နေတော့သည်။
အဆင့် ၆….
ဤအဆင့်သို့ ရောက်ရှိရန်မှာ အမှန်တကယ်ပင် မလွယ်ကူခဲ့ချေ။ လုံလောက်သော အဆင့် ၅ အမြုတေများ ရရှိရန်အတွက် သူသည် ဇွန်ဘီမွေးမြူရေးစခန်း နှစ်ခုကိုပင် အပိုဆောင်း တည်ထောင်ခဲ့ရသည်။
ဤရက်ပိုင်းအတွင်း ဇွန်ဘီမွေးမြူရေးစခန်း သုံးခုစလုံးမှ အသားနှင့် စွမ်းအင်များကို တစ်ပြိုင်နက်တည်း ရယူအသုံးချခဲ့ရသဖြင့် သူသည် များစွာ ပင်ပန်းနွမ်းနယ်ခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် ကြိုးပမ်းအားထုတ်မှုများမှာ အရာထင်ခဲ့ပြီး နောက်ဆုံးတွင် အဆင့် ၆ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
ထို့နောက်တွင် လုချွမ်းသည် ခုတင်ပေါ်၌ တင်ပလ္လင်ခွေထိုင်လျက်ပင် အလျင်စလို မပြုမူဘဲ အဆင့် ၆ တွင် သူပိုင်ဆိုင်ထားသော စွမ်းအားများကို စတင်ခံစားကြည့်ရှုသည်။
စက္ကူအနည်းငယ် ကြာပြီးနောက် လုချွမ်း၏ မျက်နှာထက်ရှိ အပြုံးမှာ ပိုမိုတောက်ပလာခဲ့သည်။ ခန္ဓာကိုယ် တည်ဆောက်ပုံ၏ ပြောင်းလဲမှုမှာ သိသိသာသာ ကြီးမားလှပြီး သူ၏ ကြံ့ခိုင်မှုမှာ သာမန်အဆင့် ၅ ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီများထက် မနိမ့်ကျတော့ချေ။
ထိုသို့သော အဆင့် ၅ ဇွန်ဘီများဆိုသည်မှာ ၎င်းတို့၏ အဓိကစွမ်းရည်မှာ ခန္ဓာကိုယ် ကြံ့ခိုင်မှုအပေါ်တွင်သာ အခြေခံထားသည့် တာဖန်းး၊ အာဖန်းနှင့် ဧရာမဇွန်ဘီတို့ကဲ့သို့သော အမျိုးအစားများကို ဆိုလိုခြင်းပင်။
မီးတောက် ၁ ကဲ့သို့သော မှော်ပညာသုံးဇွန်ဘီများ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာမူ လုချွမ်းကို ယှဉ်နိုင်စွမ်း မရှိတော့ချေ။
ထိုအချက်ကို တွေးတောမိသောအခါ လုချွမ်း၏ မျက်နှာမှာ ဝင်းပသွားပြီး သူ၏ သံမဏိသဖွယ် လက်သီးဆုပ်အတွင်း၌ ကိန်းအောင်းနေသော အဆမတန်ကြီးမားလှသည့် စွမ်းအားများကို မသိစိတ်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ခံစားကြည့်လိုက်မိသည်။
ဒုန်း...
နောက်တစ်ခဏ၌ လုချွမ်း၏ ညာဘက်လက်မောင်းပေါ်ရှိ ကြွက်သားများမှာ ဖောင်းကြွလာပြီး သူ၏ သံမဏိလက်သီးကို ရှေ့သို့ ထိုးနှက်လိုက်သောအခါ အခန်းအတွင်း၌ အမြောက်သံကဲ့သို့ ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ နားကွဲမတတ် ပြင်းထန်လှသော ထိုအသံနှင့်အတူ မျက်စိဖြင့်မမြင်နိုင်သော အသံလှိုင်းများသည်လည်း အခန်းတစ်ခုလုံးသို့ ရိုက်ခတ်သွားခဲ့သည်။
သူ၏ လက်သီးချက်ကြောင့် အခန်းတစ်ခုလုံး သိသိသာသာ တုန်ခါသွားသည်ကို ခံစားမိသောအခါ လုချွမ်းသည် ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်မိသည်။
ထို့နောက် လုချွမ်းသည် ခုတင်ပေါ်မှ ဆင်းသက်ကာ ဒိုက်ထိုးလေ့ကျင့်ခန်းကို စတင်ပြုလုပ်ခဲ့သည်။ ၎င်းမှာ ထိုသို့ လှုပ်ရှားခြင်းဖြင့် သိသိသာသာ တိုးတက်လာသော သူ၏ စွမ်းအားသစ်များကို အလျင်အမြန် ကျင့်သားရလာစေရန် ရည်ရွယ်ခြင်းပင်။
ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင် လုချွမ်းသည် သူ၏ စွမ်းအားများကို အတော်အသင့် ထိန်းချုပ်နိုင်လာခဲ့ပြီး မြေပြင်ပေါ်မှ ပြန်လည်ထရပ်နိုင်ခဲ့သည်။
"ဟူး..."
လုချွမ်းသည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိသော်လည်း နောက်တစ်စက္ကန့်၌ သူ မှင်တက်သွားခဲ့သည်။
သူ၏ လည်ချောင်းအတွင်း၌ တစ်စုံတစ်ခု လှုပ်ရှားလာသကဲ့သို့ ခံစားလိုက်ရခြင်းကြောင့် ဖြစ်သည်။ ယခင်က အမြဲတမ်း တောင့်တင်းနေခဲ့သော လျှာမှာ ယခုအခါ ပျော့ပျောင်းသွားခဲ့ပြီ ဖြစ်သည်။
"ဒါဆိုရင်... ဖြစ်နိုင်ပါ့မလား..."
ချက်ချင်းဆိုသလိုပင် လုချွမ်း၏ မျက်ဝန်းများမှာ အရောင်တောက်ပသွားပြီး စိတ်လှုပ်ရှားဝမ်းမြောက်စွာဖြင့် စတင်စမ်းသပ်ကြည့်တော့သည်။ သူသည် ပါးစပ်ကိုဖွင့်ကာ သူ၏ အမည်ကို ခေါ်ဆိုနိုင်ရန် စိတ်အားထက်သန်စွာ ကြိုးစားလိုက်သည်။
"အဟွတ်... အဟွတ်... လု... ချွမ်း..."
သူ၏ ပါးစပ်မှ ထွက်ပေါ်လာသော ကြည်လင်ပြတ်သားသည့် အသံကို ကြားလိုက်ရသောအခါ လုချွမ်းသည် အလွန်အမင်း စိတ်လှုပ်ရှားသွားရပြီး ဝမ်းသာအားရဖြင့် ခုန်ပေါက်မိတော့မတတ်ပင်။
အမှန်တကယ်ပင် သူသည် စကားပြန်လည်ပြောဆိုနိုင်ပြီဖြစ်သည်။ ဤသည်မှာ အလွန်ပင် ဝမ်းမြောက်ဖွယ်ရာ ကောင်းလှသည်။
ဇွန်ဘီဘဝသို့ ကူးပြောင်းပြီးနောက် လုချွမ်းသည် စကားပြောဆိုနိုင်စွမ်း ဆုံးရှုံးခဲ့ရပြီး၊ သာမန်လူသားတစ်ဦးဘဝမှ စကားမပြောနိုင်သော ဆွံ့အသူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့ရခြင်းမှာ အလွန်ပင် စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။ နေ့စဉ်လူမှုဘဝတွင် စကားမပြောနိုင်ခြင်းက များစွာ အဆင်မပြေမှုများကို ဖြစ်ပေါ်စေခဲ့ပြီး အထူးသဖြင့် ချီချီလေးနှင့် ဆက်သွယ်ရာတွင် စက္ကူပေါ်၌ ဘောပင်ဖြင့် စာရေးသားနေရခြင်းမှာ အလွန်ပင် ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့သည်။
ယခုအခါ အဆင့် ၆ သို့ တက်လှမ်းနိုင်ရုံတင်မကဘဲ စကားပြောဆိုနိုင်စွမ်းကိုပါ ပြန်လည်ရရှိခဲ့ပြီဖြစ်ရာ လုချွမ်းအနေဖြင့် ဘယ်လိုလုပ် ဝမ်းမသာဘဲ နေနိုင်မှာလဲ။ သို့သော်လည်း စိတ်
လှုပ်ရှားမှုမှာ ခဏတာသာ ဖြစ်ပြီး လုချွမ်းသည် မကြာမီမှာပင် ပြန်လည်တည်ငြိမ်သွားကာ စကားပြောဆိုနိုင်သည့် ကိစ္စကို ခေတ္တဘေးဖယ်ထားလိုက်သည်။
ထို့နောက် လုချွမ်းသည် မျက်လုံးများကို ထပ်မံပိတ်လိုက်ရာ သူ၏ စိတ်အာရုံအတွင်းရှိ သမုဒ္ဒရာသဖွယ် ကျယ်ပြောလှသော ဝိညာဉ်စွမ်းအားများမှာ ရေလျှံလာသည့်အလား အရပ်မျက်နှာအနှံ့သို့ အရှိန်အဟုန်ဖြင့် စီးဆင်းသွားခဲ့သည်။
ထိုဖြစ်စဉ်အတွင်း ကြီးမားလှသော ဝိညာဉ်စွမ်းအားများသည် ထိန်းချုပ်နိုင်သော ဝိညာဉ်
နန်းကြိုးများအဖြစ်သို့ ပြောင်းလဲသွားပြီး တစ်ခုနှင့်တစ်ခု ရောယှက်ကာ ပိုက်ကွန်သဖွယ် ဖြစ်ပေါ်လာခဲ့သည်။ မကြာမီမှာပင် လီမြစ်မြို့တော်တစ်ခုလုံးကို ဖုံးလွှမ်းလုနီးပါး ဖြစ်နေသော ဝိညာဉ်ကွန်ရက်ကြီးတစ်ခုမှာ ကောင်းကင်ယံထက်တွင် လျင်မြန်စွာ ဖြစ်ပေါ်လာခဲ့သည်။
ဤကျယ်ပြောလှသော ဝိညာဉ်ကွန်ရက်ကြီးအားဖြင့် လုချွမ်းသည် လီမြစ်နယ်မြေအတွင်းရှိ ဇွန်ဘီအားလုံးကို အာရုံခံနိုင်ပြီဖြစ်ရာ မည်သည့်ဇွန်ဘီမျှ သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နိုင်ခြင်း မရှိတော့ချေ။ လုချွမ်းသာ အလိုရှိပါက မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုဝိညာဉ်ကွန်ရက်အောက်ရှိ ဇွန်ဘီများကို သူ၏ ဇွန်ဘီရုပ်သေးများအဖြစ်သို့ ပြောင်းလဲပစ်နိုင်သည်။
ထိုဇွန်ဘီရုပ်သေးများ၏ အမြင်အာရုံမှတစ်ဆင့် လုချွမ်းသည် လီမြစ်မြို့တော်တစ်ခုလုံးကို စောင့်ကြည့်နိုင်ပြီဖြစ်ရာ မြက်ပင်ကလေး လှုပ်ခတ်သည်မှအစ သူ၏ မျက်စိအောက်မှ လွတ်ကင်းသွားမည် မဟုတ်တော့ချေ။ နောက်နောင်တွင် လူသားများဘက်မှ လှုပ်ရှားမှုတစ်စုံတစ်ရာ ရှိလာပါက ကျောက်လင်းကိုယ်တိုင် သတင်းလာပေးရန် မလိုအပ်တော့ဘဲ သူတို့ လီမြစ်မြို့တော်အတွင်းသို့ ခြေချလိုက်သည်နှင့် လုချွမ်းက ချက်ချင်း သိရှိသွားမည်ဖြစ်ပြီး လျှပ်စီးလက်သကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုများကို ပြုလုပ်နိုင်တော့မည် ဖြစ်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် သူ၏ ဝိညာဉ်စွမ်းအား ပြောင်းလဲမှုများကို နားလည်သဘောပေါက်သွားသောအခါ လုချွမ်းသည် မျက်လုံးများကို ပြန်လည်ဖွင့်လိုက်သည်။ အဆင့် ၆ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခြင်းမှာ အဆင့် ၆ ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီရုပ်သေးများကိုပါ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်ပြီး အဆင့် ၅ ဇွန်ဘီရုပ်သေး အရေအတွက် ကန့်သတ်ချက်မှာလည်း ပိုမိုကျယ်ပြန့်သွားခဲ့ပြီ ဖြစ်သည်။
သဋ၏ အရှိန်အဝါများကို ပြန်လည်ထိန်းသိမ်းကာ လုချွမ်းသည် ပြုံးရွှင်သော မျက်နှာဖြင့် တံခါးဆီသို့ လျှောက်လှမ်းသွားခဲ့သည်။ သူ စကားပြောနိုင်ပြီဆိုသည်ကို ချီချီလေး သိသွားပါက သေချာပေါက် အံ့အားသင့်သွားမည်ပင်။
တံခါးအပြင်ဘက်တွင် စောင့်ဆိုင်းနေသော ကျိရုရွှယ်သည် လုချွမ်းကို မြင်လိုက်ရသောအခါ စိတ်လှုပ်ရှားစွာဖြင့် "ဖေဖေ... အဆင့်တက်တာ အောင်မြင်သွားပြီလားဟင်" ဟု မေးလိုက်သည်။
"အင်း... ချီချီ ဖေဖေ အောင်မြင်စွာနဲ့ အဆင့်တက်နိုင်ခဲ့ပြီ"
လုချွမ်းက ခေါင်းညိတ်ပြရင်း တည်ငြိမ်သော လေသံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။ လုချွမ်း ကိုယ်တိုင် စကားပြောလိုက်သည်ကို ကြားလိုက်ရသောအခါ ကျိရုရွှယ်မှာ သိသိသာသာ ထိတ်လန့်သွားပြီး မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်ကာ "ဖေဖေ... ဖေဖေ စကားပြောနိုင်သွားပြီ" ဟု ပြန်မေးလိုက်တော့သည်။
***