ဤစကားကို ကြားသောအခါ လုချွမ်းက ဟုတ်မှန်ကြောင်း အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
စကားပြန်လည်ပြောဆိုနိုင်ခြင်းအပေါ် သူကိုယ်တိုင်လည်း ချီချီလေးကဲ့သို့ပင် ရင်ခုန်စိတ်လှုပ်ရှားနေမိသည်။ စကားပြောနိုင်ခြင်း၏ အကျိုးကျေးဇူးများမှာ အလွန်ပင် ထင်ရှားလှသည်။ နောင်တစ်ချိန်တွင် သူတို့ ဖော်ပြလိုသမျှကို စိတ်ထဲ၌ အောင့်အည်းထားရန် မလိုတော့ဘဲ တိုက်ရိုက်ပြောဆိုနိုင်တော့မည် ဖြစ်သည်။
ထို့ပြင် ချီချီလေးနှင့် ဆက်သွယ်ပြောဆိုရသည်မှာလည်း ယခင်ကထက် များစွာ ပိုမိုလွယ်ကူချောမွေ့သွားခဲ့ပြီ ဖြစ်သည်။ စာရေးသား၍ ဆက်သွယ်နိုင်သည်ဆိုသော်လည်း ၎င်းမှာ အချိန်များစွာ ပေးရသည့်အပြင် သူ၏ ခံစားချက်များကို ထိုနည်းလမ်းဖြင့် ဖော်ပြရာတွင်လည်း များစွာ အားနည်းချက်ရှိလှသည်။ ခြောက်သွေ့သော စာသားများနှင့် နှိုင်းယှဉ်ပါက စကားပြောဆိုခြင်းကသာ ပြောဆိုသူ၏ ခံစားချက်များကို ပိုမိုထိရောက်စွာ ဖော်ပြပေးနိုင်သည်မှာ အမှန်ပင်။
ဆက်သွယ်ရေး ထိရောက်မှုရှုထောင့်မှ ကြည့်လျှင်လည်း စကားပြောနိုင်လာသည့်အတွက် လုချွမ်းသည် ချီချီလေးနှင့် ပုံမှန်စကားစမြည် ပြောဆိုနိုင်တော့မည် ဖြစ်သည်။ လီမြစ် အခြေစိုက်
စခန်း၏ အကျယ်အဝန်းမှာ ကြီးမားလှသော်လည်း အမှန်စင်စစ် လက်ရှိတွင် လုချွမ်းနှင့် ချီချီလေး နှစ်ဦးတည်းသာ အပြန်အလှန် စကားပြောဆိုနိုင်ကြခြင်းပင်။ ယခင်ကဆိုလျှင် ချီချီလေး တစ်ဦးတည်းသာ စကားပြောနိုင်ခဲ့ခြင်းပင်။
ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် ချီချီလေးအနေဖြင့် ပုံမှန်စကားပြောဆိုရန် ဖော်မရှိဘဲ ထူးဆန်းသော တစ်ကိုယ်တည်းဖြစ်တည်မှုဒဏ်ကို ကြာရှည်စွာ ခံစားရပါက နောင်တွင် ပြဿနာများ မလွဲမသွေ ဖြစ်ပေါ်လာနိုင်သည်။
လုချွမ်း ခေါင်းညိတ်ပြသည်ကို မြင်လိုက်ရသောအခါ ကျိရုရွှယ်၏ ဝိုင်းစက်ကာ တောက်ပသော မျက်ဝန်းအစုံတွင် ဝမ်းသာပီတိများ လှိုက်တက်လာခဲ့သည်။
"သိပ်ကောင်းတာပဲ... ဖေဖေ နောက်ဆုံးတော့ စကားပြောနိုင်သွားပြီ ဟားဟား"
နောက်တစ်ခဏ၌ ကျိရုရွှယ်သည် စိတ်လှုပ်ရှားစွာဖြင့် အပြေးလေး လာရောက်ကာ လုချွမ်း၏ လက်ကို ဆွဲကိုင်လိုက်တော့သည်။ ဆက်သွယ်ပြောဆိုသည့် အကြိမ်တိုင်းတွင် သူမ၏ ဖေဖေမှာ စက္ကူပေါ်၌ ပင်ပင်ပန်းပန်း စာရေးနေရသည်ကို ကြည့်ရင်း ဖေဖေ စကားပြောနိုင်မည့်နေ့ကို ကျိရုရွှယ် အမြဲတမ်း မျှော်လင့်နေခဲ့ခြင်းပင်။
ယခုအခါ ထိုနေ့ရက်မှာ အမှန်တကယ် ဆိုက်ရောက်လာခဲ့ပြီ ဖြစ်သည်။ နောင်တစ်ချိန်တွင် သူမသည် သူမ၏ ဖေဖေနှင့် တိုက်ရိုက် စကားပြောဆိုနိုင်တော့မည် ဖြစ်သည်။
"ချီချီလေး... အခုဆို ဖေဖေ စကားပြောနိုင်ပြီဆိုတော့ သမီးအတွက် စကားပြောဖော် မရှိမှာကို စိတ်ပူစရာ မလိုတော့ဘူးပေါ့။ ဖေဖေ့သမီးလေး ပျော်ရဲ့လားဟင်"
လုချွမ်းသည် နွေးထွေးစွာ ပြုံးလျက် ချီချီလေး၏ ခေါင်းလေးကို အသာအယာ ပွတ်သပ်ရင်း နူးညံ့သိမ်မွေ့သော လေသံဖြင့် မေးလိုက်သည်။
"ပျော်တာပေါ့... ချီချီ တကယ်ကို ပျော်ပါတယ် ဖေဖေ"
လုချွမ်း၏ အမေးကို ကြားသောအခါ ကျိရုရွှယ်သည် ဝမ်းသာအားရ ပြုံးရွှင်ကာ ခေါင်းကို အကြိမ်ကြိမ် ညှိတ်ပြသည်။
ယခုအခါ ဖေဖေ့၏ ရုပ်သွင်မှာ သာမန်လူသားတစ်ဦးနှင့် များစွာတူညီနေပြီ ဖြစ်သည့်အပြင် အဆင့် ၆ သို့ တက်လှမ်းနိုင်ပြီးနောက် စကားပါ ပြောဆိုနိုင်လာခဲ့ပြီ ဖြစ်သည်။ ဤအချက်ကို ထောက်ရှုခြင်းဖြင့် ဖေဖေ့၏ ဆင့်ကဲပြောင်းလဲမှု လမ်းစဉ်မှာ လူသားဆန်သည့်ဘက်သို့ တဖြည်းဖြည်း ပိုမိုနီးကပ်လာနေကြောင်း ထင်ရှားလှသည်။ ဤအတိုင်းသာ ဆက်လက်ဖြစ်ပေါ်နေပါက ဖေဖေသည် တစ်နေ့တွင် အစစ်အမှန် လူသားတစ်ဦး ဖြစ်လာနိုင်မည်မှာ ဧကန်မုချပင်။
...
အချိန်ကာလမှာ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် နောက်ထပ် ဆယ်ရက်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
လီမြစ် အခြေစိုက်စခန်း၏ ပတ်ဝန်းကျင် တစ်ဝိုက်မှာမူ တိတ်ဆိတ်ငြိမ်သက်နေတော့သည်။ လုချွမ်း၏ ဇွန်ဘီရုပ်သေးတပ်ဖွဲ့များ၏ ရှင်းလင်းမှုကြောင့် မိုင်ပေါင်းများစွာအတွင်း အန္တရာယ်ပြုနိုင်သော သားရဲကြီး တစ်ကောင်တစ်လေမျှပင် မရှိတော့ချေ။
ရှူး... ဝုန်း...
ဖြူလွလွ တိမ်တိုက်များ လွင့်မျောနေသော သာယာလှပသည့် ကောင်းကင်ယံထက်တွင် အဝေးတစ်နေရာမှ လေခွဲသံကြီးတစ်ခု ဟိန်းထွက်လာခဲ့သည်။ မကြာမီမှာပင် အနက်ရောင် လျှပ်စီးတန်းတစ်ခုကဲ့သို့သော အရိပ်တစ်ခုသည် လေတိုးသံများနှင့်အတူ လျင်မြန်စွာ ဖြတ်သန်းသွားခဲ့သည်။
လုချွမ်းသည် ပျံသန်းသူ ၁ ၏ ကျောပေါ်တွင် တင်ပလ္လင်ခွေ ထိုင်လျက်၊ တိုက်ခတ်နေသော လေပြင်းများ၏ အနှောင့်အယှက်ကို မခံရဘဲ တောင်တစ်လုံးကဲ့သို့ တည်ငြိမ်စွာဖြင့် အာရုံစူးစိုက်နေခဲ့သည်။
ဤအချိန်တွင် သူ၏ တောက်ပသော မျက်ဝန်းများသည် ရှေ့ရှိ မြင်ကွင်းအားလုံးနှင့် ကျင်းပြည်နယ်တစ်ခုလုံးကို စေ့စေ့စပ်စပ် အကဲခတ်ကာ စောင့်ကြည့်နေခြင်းပင်။ ကျောက်လင်းပေးခဲ့သော သတင်းအချက်အလက်များကြောင့် လုချွမ်းအနေဖြင့် ကျင်းပြည်နယ်အတွင်းရှိ အဓိက အခြေစိုက်စခန်းများ၏ ဆုတ်ခွာရေး ကိစ္စရပ်ကို အထူးတလည် အာရုံစိုက်နေမိခြင်းပင်။
အမှန်စင်စစ် ဤအချက်သည် သူတစ်ဦးတည်းက ကျင်းပြည်နယ်တစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်မည်လော ဆိုသည့်အချက်ပေါ်တွင် မူတည်နေသည်။
ဤအခြေစိုက်စခန်းများ အားလုံး ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် လူသားအင်အားစု အများစုမှာ ကျင်းပြည်နယ်အတွင်းမှ ဆုတ်ခွာသွားပြီဟု ဆိုလိုခြင်းပင်။ ရလဒ်အနေဖြင့် ကျင်းပြည်နယ်တစ်ခုလုံးတွင် ကြီးမားသော အာဏာဟာကွက်တစ်ခု ဖြစ်ပေါ်လာမည်ဖြစ်ပြီး ရှန်းချွမ်း အခြေစိုက်စခန်းကို ဖျက်ဆီးခဲ့သော ဇွန်ဘီဘုရင်လုချွမ်းသည် တစ်ဦးတည်းသော အင်အားကြီးပုဂ္ဂိုလ် ဖြစ်လာပေတော့မည်။
ဤနည်းဖြင့် ကျင်းပြည်နယ်အတွင်းရှိ အရင်းအမြစ်အားလုံးမှာ လုချွမ်း၏ လက်ခုပ်တွင်းသို့ ရောက်ရှိလာမည်ဖြစ်ပြီး သူ လက်လှမ်းမမီသေးသည့် နယ်မြေအသီးသီးရှိ ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီအမြောက်အမြားမှာလည်း သူ၏ သိမ်းပိုက်မှုကို စောင့်ကြိုနေကြမည် ဖြစ်သည်။
ပျံသန်းသူ ၁ သည် အဆင့် ၅ သို့ တက်လှမ်းပြီးနောက်တွင် ပျံသန်းမှုအရှိန်မှာ မနှေးလှချေ။ အရှိန်အဟုန်အပြည့်ဖြင့် ပျံသန်းပါက လူသားတို့၏ တိုက်လေယာဉ်များနှင့်ပင် ရင်ဘောင်တန်းနိုင်သည်။
လုချွမ်းသည် ပျံသန်းသူ ၁ ပေါ်တွင် ထိုင်လိုက်ပါရင်း မကြာမီမှာပင် ကျန်းဟိုင် အခြေစိုက်
စခန်း၏ ကောင်းကင်ယံထက်သို့ ရောက်ရှိလာခဲ့သည်။
"တကယ်ပဲ အားလုံး ထွက်သွားကြပြီပေါ့။ တော်တော်လေး မြန်တာပဲ"
အောက်ဘက်ရှိ လူသူကင်းမဲ့ပြီး အလွန်အမင်း တိတ်ဆိတ်နေသော ကျန်းဟိုင် အခြေစိုက်စခန်းကို ကြည့်ရင်း လုချွမ်း၏ အကြည့်များမှာ လှုပ်ခတ်သွားခဲ့ပြီး အခြေအနေကို သဘောပေါက်သွားခဲ့သည်။
သိသာလှသည်မှာ မိုးကြိုးဟိန်းသံကို နှိမ်နင်းစဉ်က ပြသခဲ့သော အင်အားသည် ဤအခြေစိုက်
စခန်းများကို အတော်အတန် ထိတ်လန့်သွားစေခဲ့ပုံပင်။ သို့မဟုတ်ပါက ဤအခြေစိုက်စခန်းများအနေဖြင့် ဤမျှလောက် မြန်မြန်ဆန်ဆန် ရွှေ့ပြောင်းကြမည်မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် အခြေစိုက်စခန်းတစ်ခုလုံးကို ရွှေ့ပြောင်းခြင်းမှာ နောက်ပြောင်ရမည့် ကိစ္စမဟုတ်ချေ။ အချိန်အတော်ကြာ တည်ဆောက်ခဲ့သော အခြေစိုက်စခန်းတစ်ခု၏ လူအင်အားနှင့် ပစ္စည်းကိရိယာ အရင်းအမြစ် ဆုံးရှုံးမှုမှာ မည်မျှကြီးမားမည်ကို ခန့်မှန်းကြည့်နိုင်သည်။
ကြီးမားသော ခြိမ်းခြောက်မှုကို မခံစားရပါက သူတို့အနေဖြင့် ဤမျှလောက် သပ်ရပ်ပြတ်သားစွာ ရွှေ့ပြောင်းသွားကြလိမ့်မည်ဟု လုချွမ်း မယုံကြည်နိုင်ချေ။
လူသားများ ထွက်ခွာသွားပြီဖြစ်ရာ တန်ဖိုးရှိသော အရာများလည်း ကျန်ရှိတော့မည်မဟုတ်
သဖြင့် လုချွမ်းသည် ကျန်းဟိုင် အခြေစိုက်စခန်း၌ အကြာကြီး မနေတော့ဘဲ ခေတ္တမျှ စောင့်
ကြည့်ပြီးနောက် ပိုင်ချန် အခြေစိုက်စခန်းဆီသို့ ဆက်လက်ထွက်ခွာခဲ့သည်။
ခေတ္တမျှကြာသောအခါ လုချွမ်းသည် ပိုင်ချန် အခြေစိုက်စခန်းသို့ အောင်မြင်စွာ ရောက်ရှိခဲ့ရာ ၎င်းမှာလည်း ကျန်းဟိုင် အခြေစိုက်စခန်းကဲ့သို့ပင် အားလုံး ဆုတ်ခွာသွားပြီဖြစ်ကြောင်း တွေ့ရှိရသည်။
"ကြည့်ရတာ ကျင်းပြည်နယ်ထဲက အခြေစိုက်စခန်းတွေ အားလုံး ဆုတ်ခွာသွားကြပြီ ထင်တယ်"
ဤမြင်ကွင်းကို ကြည့်ရှုရင်း လုချွမ်း၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
လူသားတို့၏ အဟန့်အတားများ မရှိတော့သဖြင့် ရှေ့လျှောက်တွင် သူ၏ အုပ်ချုပ်မှုအာဏာသည် ကျင်းပြည်နယ်တစ်ခုလုံးသို့ သေချာပေါက် ပျံ့နှံ့သွားမည်ဖြစ်ပြီး သူသည် ကျင်းပြည်နယ်၏ ငြင်းပယ်၍မရသော တစ်ဦးတည်းသော အရှင်သခင် ဖြစ်လာပေတော့မည်။ ကျင်းပြည်နယ်၏ ကျယ်ပြောလှသော နယ်မြေအဝန်းအဝိုင်းကြီးတစ်ခုလုံးသည် နောင်တွင် သူ၏ အမိန့်အောက်သို့ ရောက်ရှိလာတော့မည်ဟု တွေးတောမိသောအခါ လုချွမ်းသည် မထိန်းချုပ်နိုင်အောင်ပင် စိတ်လှုပ်ရှားမိသွားသည်။
"လက်ရှိမှာ ငါက အဆင့် ၆ ကို တက်လှမ်းနိုင်ခဲ့ပြီဆိုပေမဲ့..."
"ငါ့ရဲ့ လက်အောက်မှာ အဆင့် ၆ ဇွန်ဘီရုပ်သေးတစ်ကောင်မှ မရှိသေးဘူး။ အဆင့် ၅ ဇွန်ဘီရုပ်သေး အရေအတွက်ကလည်း လက်ချိုးရေလို့ရတဲ့ အဆင့်မှာပဲ ရှိနေသေးတာက တကယ့်ကို အားရစရာ မကောင်းဘူး။ ရှေ့ဆက်ပြီး လုပ်ဆောင်ရမယ့် အဓိကတာဝန်ကတော့ ငါ့လက်အောက်မှာရှိတဲ့ အဆင့်မြင့် ဇွန်ဘီရုပ်သေး အရေအတွက်ကို တိုးပွားလာအောင် လုပ်ဖို့ပဲ"
ထို့နောက်တွင် လုချွမ်း၏ မျက်ဝန်းများမှာ ခိုင်မာပြတ်သားသွားပြီး သူသည် စိတ်ပိုင်းဖြတ်လိုက်တော့သည်။ ရည်မှန်းချက် ပန်းတိုင်ကို ချမှတ်ပြီးသည်နှင့် လုချွမ်းသည် ချက်ချင်းပင် စတင်လှုပ်ရှားခဲ့သည်။
ဝုန်း...
မျက်တောင်တစ်ခတ်အတွင်းမှာပင် လုချွမ်း၏ စိတ်အာရုံအတွင်းရှိ ဝိညာဉ်စွမ်းအားများမှာ အရူးအမူး ပေါက်ကွဲထွက်လာပြီး ပိုင်ချန်မြို့၏ ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် ဝိညာဉ်ကွန်ရက်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ အောက်ဘက်ရှိ ဇွန်ဘီများ၏ အခြေအနေကို အာရုံခံကြည့်လိုက်သည်။
ထို့နောက် လုချွမ်းသည် စိတ်အာရုံဖြင့် စေခိုင်းကာ ပိုင်ချန်မြို့အတွင်းရှိ ဇွန်ဘီအချို့ကို ဇွန်ဘီရုပ်သေးများအဖြစ်သို့ ပြောင်းလဲလိုက်ပြီး ဇွန်ဘီတပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်သည်။
လုချွမ်း၏ အမိန့်ပေးသံနှင့်အတူ ထိုဇွန်ဘီတပ်ဖွဲ့ကြီးမှာ ဒီရေအလား တဟုန်ထိုး စီးဆင်းသွားပြီး ပိုင်ချန်မြို့အနှံ့တွင် ပုန်းအောင်းနေကြသော အဆင့် ၃ နှင့် အထက် ဆင့်ကဲပြောင်းလဲထားသည့် ဇွန်ဘီများရှိရာသို့ ဦးတည်သွားခဲ့သည်။
ဝုန်း... ဝုန်း...
အနက်ရောင် လှိုင်းလုံးကြီးသဖွယ် ဇွန်ဘီအုပ်ကြီးသည် အရပ်မျက်နှာအနှံ့မှ ချဉ်းကပ်လာရာ အဆင့် ၄ ဇွန်ဘီများပင်လျှင် ချက်ချင်းပင် နစ်မြုပ်သွားခဲ့ရသည်။ ဤအဆင့် ၃ နှင့် အဆင့် ၄ ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီများသည် အင်အားကြီးမားလှပြီး သူတို့ရှေ့ရှိ ဇွန်ဘီရုပ်သေးအမြောက်အမြားကို ရိုက်နှက်သတ်ဖြတ်နိုင်စွမ်း ရှိကြသော်လည်း
၎င်းတို့အနေဖြင့် အဆင့် ၅ သို့ မရောက်ရှိသေးဘဲ ဝိညာဉ်စွမ်းအင်အထောက်အပံ့ မရရှိသေးသရွေ့၊ ထိုအဆင့် ၃ နှင့် အဆင့် ၄ ဇွန်ဘီများသည် အရေအတွက်အသာစီးဖြင့် တိုက်ခိုက်သော နည်းဗျူဟာကို မည်သို့မျှ မခုခံနိုင်ကြချေ။
မိနစ်အနည်းငယ်အတွင်းမှာပင် ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များမှာ ကုန်ခမ်းသွားခဲ့ရပြီး တိုးဝှေ့လာသော ဇွန်ဘီလှိုင်းလုံးကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ကြရတော့သည်။
တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကြာပြီးနောက်တွင် သူ၏ အိတ်အတွင်းရှိ အဆင့် ၃ အမြုတေ ဆယ်ဂဏန်းခန့်နှင့် အဆင့် ၄ အမြုတေ နှစ်ခုကို ကြည့်ရှုရင်း လုချွမ်းသည် ကျေနပ်အားရသော အမူအရာကို ပြသခဲ့သည်။
ဤမျှတိုတောင်းလှသော အချိန်အတွင်းမှာပင် အဆင့်မြင့် အမြုတေ အမြောက်အမြားကို ရရှိနိုင်ခြင်းမှာ ပိုင်ချန်မြို့ရှိ ဇွန်ဘီများ၏ ဆင့်ကဲပြောင်းလဲမှုမှာ မကြာသေးမီကပင် တိုးတက်မှု အတော်အတန် ရှိနေကြောင်းကို ပြသနေခြင်းပင်။
ရှေ့လျှောက်တွင် ကျင်းပြည်နယ်တစ်ခုလုံးကိုသာ လှည့်လည်ရှင်းလင်းမည်ဆိုပါက အဆင့်မြင့် အမြုတေ အမြောက်အမြားကို သေချာပေါက် ရရှိနိုင်ပေမည်။ ထိုအချိန်ကျလျှင် သူ၏ လက်အောက်ရှိ အဆင့် ၅ ဇွန်ဘီရုပ်သေး အရေအတွက်မှာလည်း သေချာပေါက် အဆမတန် တိုးပွားလာမည် ဖြစ်သည်။
***