မသေနိုင်သူ ၁ ကို ရှေ့သို့ထွက်လာရန် စေခိုင်းလိုက်ပြီးနောက် လုချွမ်းသည် သူ၏လက်ထဲရှိ အဆင့် ၅ အမြုတေ လေးခုကို မသေနိုင်သူ ၁ ၏ လေးစိတ်ကွဲ ပါးစပ်အတွင်းသို့ ပစ်ထည့်ပေးလိုက်သည်။
ထို့နောက် လုချွမ်းသည် ဇွန်ဘီရုပ်သေးအုပ်စုနှင့်အတူ အတော်အသင့်ဝေးသော နေရာသို့ ဆုတ်ခွာရပ်တန့်ကာ မသေနိုင်သူ ၁ ၏ အပြောင်းအလဲများကို စောင့်ကြည့်နေခဲ့သည်။
ဝူး...
အဆင့် ၅ အမြုတေ လေးခုကို မျိုချလိုက်သည်နှင့်တစ်ပြိုင်နက် မသေနိုင်သူ ၁ သည် တုံ့ပြန်မှုများပြသလာပြီး ဆက်တိုက်ဆိုသလို ဟိန်းဟောက်သံများ ထွက်ပေါ်လာခဲ့သည်။
အဆင့် ၅ အမြုတေ တစ်ခုချင်းစီတွင် ပါဝင်သော စွမ်းအင်ပမာဏမှာ မယုံနိုင်စရာကောင်းလောက်အောင် ကြီးမားလှရာ အမြုတေ လေးခုမှ ထွက်ပေါ်လာသော စွမ်းအင်စုကြီးမှာ သာမန် ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီအချို့ကို ချက်ချင်းပင် ပေါက်ကွဲထွက်သွားစေရန် လုံလောက်လှသည်။ ကံကောင်းထောက်မစွာဖြင့် မသေနိုင်သူ ၁ သည် အဆင့် ၅ ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီတစ်ကောင် ဖြစ်သည့်အပြင် ကြံ့ခိုင်သန်စွမ်းလှသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသဖြင့်သာ ဤမျှပြင်းထန်လှသော စွမ်းအင်ရိုက်ခတ်မှုကို တောင့်ခံနိုင်ခြင်းပင်။
ဝုန်း...
သောင်းကျန်းလှသော စွမ်းအင်များမှာ မသေနိုင်သူ ၁ ၏ ခန္ဓာကိုယ်အတွင်း၌ အဆက်မပြတ် စီးဆင်းပေါက်ကွဲနေပြီး ၎င်း၏ ဆင့်ကဲပြောင်းလဲမှုကို လှုံ့ဆော်ပေးနေသည်။ ထိုပြင်းထန်လှသော စွမ်းအင်များ၏ ဆေးကြောသန့်စင်မှုကို ခံယူနေရစဉ် မသေနိုင်သူ ၁ ၏ တစ်ကိုယ်လုံးမှာလည်း မထိန်းချုပ်နိုင်အောင် တုန်ယင်နေခဲ့သည်။
၎င်း၏ လေးစိတ်ကွဲ ပါးစပ်ကြီးမှာ အဆက်မပြတ် ပွင့်လိုက် ပိတ်လိုက် ဖြစ်နေပြီး ဟိန်းဟောက်သံများမှာလည်း အဆုံးမရှိ ထွက်ပေါ်နေခဲ့သည်။ သေမင်း၏ တံစဉ်နှင့်တူသော ရှေ့လက်နှစ်ဖက်မှာလည်း ကွန်ကရစ်မြေပြင်အတွင်းသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားခဲ့ပြီး မြေပြင်ထက်တွင် ခန့်မှန်းရခက်သော မြောင်းကြီးများကို ဖြစ်ပေါ်စေခဲ့သည်။
၎င်း၏ ကျောကုန်းထက်ရှိ အသားမျှင်တံလေးစုံမှာလည်း လေထုထဲ၌ အရူးအမူး လှုပ်ရှားကခုန်နေကြပြီး ၎င်းတို့တစ်လျှောက်တွင် သွေးရောင်လွှမ်းသော လျှပ်စီးတန်းများ စီးဆင်းနေကာ ပေါက်ကွဲသံများလည်း ဟိန်းထွက်နေခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ မသေနိုင်သူ ၁ ထံမှ ထွက်ပေါ်လာသော မိစ္ဆာအငွေ့အသက်များမှာ ပိုမိုပြင်းထန်လာခဲ့ပြီး မကြာမီမှာပင် အဆင့် ၅ ၏ အကန့်အသတ်သို့ ရောက်ရှိသွားကာ ကြောက်ရွံ့ထိတ်လန့်ဖွယ် ကောင်းလှသော အရှိန်အဝါတစ်ခုကို ထုတလွှတ်နေခဲ့သည်။
နောက်တစ်ခဏတွင်
ဒုန်း...
မသေနိုင်သူ ၁ ၏ ခန္ဓာကိုယ်အတွင်းမှ ဟိန်းဟောက်သံတစ်ချက်နှင့်အတူ ၎င်းသည် အဆင့် ၆ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးသွားသည့် အဆင့် ၆ အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။
တောင်တစ်လုံးကဲ့သို့ လေးလံလှသော ထိုဖိအားမှာ အရပ်မျက်နှာအနှံ့မှ ရိုက်ခတ်လာရာ မနီးမဝေးတွင်ရှိနေသော လုချွမ်းပင်လျှင် ရင်ဘတ်ထဲ၌ မွန်းကြပ်မှုကို အလိုအလျောက် ခံစားလိုက်ရသည်။
"တကယ်ကို အားကောင်းတာပဲ... အဆင့် ၆ က အဆင့် ၅ ထက် အများကြီး သာလွန်တာပဲ"
ဆင့်ကဲပြောင်းလဲမှု ပြီးဆုံး၍ အရှိန်အဝါများကို ပြန်လည်ထိန်းချုပ်လိုက်သည့် မသေနိုင်သူ ၁ ကို ကြည့်ရင်း လုချွမ်းက အံ့အားသင့်စွာ တွေးတောမိလိုက်သည်။
ဝူး... ဝူး...
ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များမှာ ဝိညာဉ်စွမ်းအင်များအဖြစ်သို့ အလျင်အမြန် ပြောင်းလဲသွားခဲ့ပြီး မသေနိုင်သူ ၁ မှာလည်း ချောမွေ့စွာ ဟိန်းဟောက်နိုင်ခဲ့ကာ ၎င်း၏ အသားစိုင်များမှာလည်း ဆင့်ကဲပြောင်းလဲမှုနှင့်အတူ သိသာထင်ရှားသော တိုးတက်မှုများကို ရရှိခဲ့သည်။
၎င်းတို့အနက် မသေနိုင်သူ ၁ ၏ ခန္ဓာကိုယ်မှာ ယခင်ကထက် များစွာ ပြောင်းလဲသွားခဲ့သည်။
ရှေ့ဘက်ရှိ တံစဉ်နှင့်တူသော လက်မောင်းများမှာ ယခင်ကကဲ့သို့ သွယ်လျသော အခြေအနေမှ လေးလံလှသော ဓားရှည်ကြီးနှစ်လက်အသွင်သို့ ပြောင်းလဲသွားခဲ့သည်။ ဓားသွားမှာ တစ်မီတာကျော် ရှည်လျားပြီး ခိုင်မာထွားကြိုင်းလှကာ ဓားကျောဘက်မှာ လက်ဝါးတစ်ပြင်ခန့် အကျယ်ရှိပြီး ဓားသွား၏ အနားသတ်များမှာလည်း အေးစက်လှသော အလင်းတန်းများကို ဖြာထွက်နေစေသည်။
မသေနိုင်သူ ၁ ၏ နောက်ခြေနှစ်ဖက်မှာလည်း ယခင်ကထက် ပိုမိုသန်မာထွားကြိုင်းလာခဲ့ပြီး တစ်ချိန်က မီးခိုးရောင်သန်းသော အသားမာများမှာ ယခုအခါ ငါးအကြေးခွံများ စီတန်းထားသကဲ့သို့ အလွှာလိုက် ပေါ်ပေါက်လာခဲ့သည်။ ၎င်းမှာ မာကျောလှသော သစ်ရွက်ချပ်များကို တစ်ခုပြီးတစ်ခု ဆင့်ထားသကဲ့သို့ ဖြစ်နေပြီး ခုခံရေးစွမ်းရည်မှာ ငြင်းပယ်၍မရအောင် မြင့်မားသွားခဲ့သည်။
ထို့ပြင် မသေနိုင်သူ ၁ ၏ ကျောကုန်းထက်ရှိ ပျော့ပျောင်းသော အသားမျှင်တံလေးခုမှာလည်း သိသာစွာ ပြောင်းလဲသွားခဲ့ပြီး အသားမျှင်တံတစ်ခုချင်းစီမှာ သံမဏိရောင် အလင်းတန်းများ ထွက်ပေါ်နေကာ လေထုထဲ၌ ကခုန်နေသော သံကြိုးများအလား ထင်မှတ်ရသည်။
တစ်ချိန်တည်းမှာပင် အသားမျှင်တံတစ်ခုချင်းစီ၏ ထိပ်ဖျား၌ ကိုက်ခဲနိုင်သော ပါးစပ်ငယ်များစွာ ပေါ်ပေါက်လာခဲ့သည်။ မူလက လျှပ်စီးစွမ်းအင်များကို စုစည်းပေးသော ပါးစပ်တစ်ခုသာ ရှိခဲ့သော်လည်း ယခုအခါ အသားမျှင်တံတစ်ခုစီ၏ ထိပ်ဖျားတွင် ပါးစပ်နှစ်ခု စုစုပေါင်း လေးခု အထိ ရှိလာခဲ့ပြီ ဖြစ်သည်။
ပါးစပ်ငယ်တစ်ခုချင်းစီမှ မှိန်ဖျော့ဖျော့ သွေးရောင်လျှပ်စီးအလင်းတန်းများ ဖြာထွက်နေပြီး ၎င်းတို့အတွင်း၌ လျှပ်စီးမျှင်တန်းများ အဆက်မပြတ် ခုန်ပေါက်နေသည်မှာ အလွန်ပင် သိသာထင်ရှားလှသည်။
နောက်ဆုံးအနေဖြင့် မသေနိုင်သူ ၁ ၏ အစွမ်းထက်ဆုံးလက်နက်ဖြစ်သော သွေးရောငအကြေးခွံလျှာမှာမူ အဆင့် ၆ သို့ တက်လှမ်းပြီးနောက် အပြင်ပန်းအားဖြင့် များစွာပြောင်းလဲခြင်းမရှိသော်လည်း ၎င်း၏ သွေးရောင်မှာ ပိုမိုရင့်မှောင်လာခဲ့ကာ လှံရှည်တစ်စင်း၏ ပုံသဏ္ဌာန်သို့ စတင်ကူးပြောင်းလာခဲ့သည်။ ထိပ်ဖျားပိုင်းမှာလည်း ယခင်ကထက် ပိုမိုစူးရှထက်မြက်လာခဲ့သည်။
ဤအချက်များအားလုံးမှာ မသေနိုင်သူ ၁ ၏ ပြင်ပပိုင်းဆိုင်ရာ အပြောင်းအလဲများဖြစ်
ပြီး ခန္ဓာကိုယ်၏ ဆင့်ကဲပြောင်းလဲမှုနှင့်အတူ တိုက်စစ်နှင့် ခုခံစစ် စွမ်းရည်နှစ်ရပ်စလုံးမှာလည်း ပိုမိုအားကောင်းလာခဲ့သည်။
ထို့ပြင် လုချွမ်းသည် သူ၏ ဝိညာဉ်စွမ်းအားကို မသေနိုင်သူ ၁ နှင့် ဆက်သွယ်လိုက်
သောအခါ အဆင့် ၆ သို့ ရောက်ရှိသွားပြီးနောက် ဖြစ်ပေါ်လာသည့် အတွင်းပိုင်းဆိုင်ရာ အပြောင်းအလဲများကိုလည်း ချက်ချင်းပင် နားလည်သဘောပေါက်သွားခဲ့သည်။
မသေနိုင်သူ ၁ သည် စုစုပေါင်း စွမ်းရည်နှစ်ရပ်ကို နိုးထစေခဲ့ရာ တစ်ခုမှာ သွေးဆာသော နတ်ဘုရားအလင်းဖြစ်ပြီး အခြားတစ်ခုမှာ သွေးဆာသော မိုးကြိုးအလင်းဖြစ်သည်။
သွေးဆာသော နတ်ဘုရားအလင်းသည် ၎င်း၏ ပါးစပ်အတွင်းမှ ထူးဆန်းသော သွေးရောင်အလင်းတန်းကို ထုတ်လွှတ်နိုင်ပြီး ရန်သူကို ချက်ချင်းပင် ချည်နှောင်ဖမ်းဆီးကာ သု့အနားသို့ အတင်းအဓမ္မ ဆွဲခေါ်နိုင်စွမ်း ရှိသည်။
သွေးဆာသော မိုးကြိုးအလင်းမှာမူ ၎င်း၏ ကျောကုန်းထက်ရှိ အသားမျှင်တံလေးစုံကို အသုံးချကာ လျှပ်စီးစွမ်းအင်များကို စုစည်း၍ ပြင်ပသို့ မိုးကြိုးတိုက်ခိုက်မှုများ ပြုလုပ်ခြင်းပင်။
အဆင့် ၆ သို့ တက်လှမ်းပြီးနောက် မသေနိုင်သူ ၁ သည် အခြားစွမ်းရည်အသစ်များကို နိုးထစေခြင်း မရှိသော်လည်း ယခင်ရှိပြီးသား စွမ်းရည်နှစ်ရပ်မှာမူ သိသိသာသာ တိုးတက်အားကောင်းလာခဲ့သည်။
သွေးဆာသော နတ်ဘုရားအလင်းမှာ ပိုမိုပျော့ပျောင်းသော်လည်း ကြံ့ခိုင်လာခဲ့သဖြင့် ရန်သူကို ထိန်းချုပ်ရာတွင် ပိုမိုကျွမ်းကျင်လာခဲ့သည်။ သွေးဆာသော မိုးကြိုးအလင်း၏ တိုက်ခိုက်မှုမှာလည်း အသားမျှင်တံတစ်ခုချင်းစီအပေါ်၌သာ အခြေမခံတော့ဘဲ အသားမျှင်တံလေးစုံစလုံး၏ အင်အားကို ပေါင်းစပ်ကာ ပိုမိုပြင်းထန်လှသော ထိုးနှက်ချက်ကို ထုတ်လွှတ်နိုင်စွမ်း ရှိလာခဲ့ပြီ ဖြစ်သည်။
သို့သော် ဤအချက်များကို စိတ်ကူးဖြင့်သာ သိရှိရခြင်းဖြစ်သဖြင့် လုချွမ်းသည် ထိုစွမ်းရည်နှစ်ရပ်၏ အစစ်အမှန် စွမ်းအားကို စမ်းသပ်ရန်အတွက် မသေနိုင်သူ ၁ ကို ခေါ်ဆောင်၍ လီမြစ်ကမ်းပါးသို့ အလျင်အမြန် ထွက်ခွာလာခဲ့သည်။
မကြာမီမှာပင် လုချွမ်းသည် မသေနိုင်သူ ၁ နှင့်အတူ လီမြစ်အစပ်သို့ ရောက်ရှိလာခဲ့သည်။
ရှေ့မှောက်ရှိ ကျယ်ပြောပြီး တည်ငြိမ်နေသော်လည်း ရေပြင်အောက်၌ ဝဲဂယက်များ လှုပ်
ခတ်နေသော လီမြစ်ပြင်ကြီးကို ကြည့်ရင်း လုချွမ်းသည် မြစ်ကမ်းနားတွင် ရပ်နေသော မသေနိုင်သူ ၁ အား ချက်ချင်းပင် လှုပ်ရှားရန် စေခိုင်းလိုက်တော့သည်။
ရှူး... ရှူး... ရှူး...
ပထမဦးစွာ မသေနိုင်သူ ၁ သည် သွေးဆာသော နတ်ဘုရားအလင်းကို အသုံးပြုလိုက်ရာ မြစ်ကမ်းနားတွင် လေထုကို ခွဲထွက်သွားသော အသံများ တစီစီ မြည်ဟီးသွားခဲ့သည်။
မသေနိုင်သူ ၁ သည် ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော လေးစိတ်ကွဲ ပါးစပ်ကြီးကို ဖွင့်ဟလိုက်ရာ အတွင်းရှိ ရွံရှာဖွယ်ကောင်းသော အသားမျှင်တံများထံမှ သွေးရောင်အလင်းတန်းများ ပိုမိုတောက်ပလာခဲ့သည်။ နောက်တစ်ခဏ၌ စုစည်းနေသော ထိုအလင်းတန်းများသည် ပါးစပ်အတွင်းမှ ပန်းထွက်လာစဉ် သေးသွယ်လှသော သွေးရောင်အလင်းတန်းပေါင်းများစွာအဖြစ် ကွဲထွက်သွားခဲ့သည်။
ထိုသွေးရောင်အလင်းတန်းများသည် လေထုထဲ၌ ယှက်နွယ်စီးဆင်းသွားပြီး မြစ်ပြင်ပေါ်သို့ ပျံသန်းသွားကာ၊ နောက်ဆုံးတွင် မြစ်ရေပြင်ထက်၌ ချိတ်ဆွဲထားသော ဧရာမ အနီရောင် ပိုက်ကွန်ကြီးတစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့သည်။
ပလုံ...
ချက်ချင်းဆိုသလိုပင် လေထဲ၌ လွင့်ဝဲနေသော ထိုအနီရောင် ပိုက်ကွန်ကြီးမှာ မြစ်ရေပြင်ထဲသို့ ကျဆင်းသွားခဲ့သည်။ ခဏအတွင်းမှာပင် ရေအောက်ရှိ ဆင့်ကဲပြောင်းလဲထားသော ကြမ်းတမ်းသည့် ငါးသားရဲအမြောက်အမြားမှာ ထိုအနီရောင်ပိုက်ကွန်ဖြင့် အစုလိုက်အပြုံလိုက် အမိဖမ်းခြင်း ခံလိုက်ရသည်။
ထိုငါးသားရဲများ မည်မျှပင် ရုန်းကန်ပါစေ သွေးဆာသော နတ်ဘုရားအလင်း၏ ငြိတွယ်မှုနှင့် ပိုက်ကွန်အတွင်းမှ လွတ်မြောက်နိုင်စွမ်း မရှိကြချေ။ တစ်ကြိမ်တစ်ခါ ငြိတွယ်မိသည်နှင့် လုံးဝရုန်းမထွက်နိုင်တော့သည့်အလား ဖြစ်နေသည်။
နောက်တစ်ခဏ၌ မသေနိုင်သူ ၁ သည် ၎င်း၏ ပါးစပ်ကို ဝေ့ယမ်းကာ ပိုက်ကွန်နှင့်အတူ ငါးသားရဲများကို မီတာရာပေါင်းများစွာဝေးသော ကမ်းစပ်သို့ လွှင့်ပစ်လိုက်သည်။ သွေးရောင်အလင်းတန်းများ ကွယ်ပျောက်သွားချိန်တွင် ပိုက်ကွန်ပေါ်ရှိ ငါးများသည် မုန့်လုံးရေပေါ်များကဲ့သို့ ကောင်းကင်ယံမှ တစ်ကောင်ပြီးတစ်ကောင် မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့ကြသည်။
ထိုငါးသားရဲများကို ဂရုမစိုက်ဘဲ လုချွမ်းသည် အခြားစွမ်းရည်တစ်ခုကို ချက်ချင်းပင် ဆက်လက်စမ်းသပ်လိုက်သည်။ မသေနိုင်သူ ၁ ၏ ကျောကုန်းထက်ရှိ အသားမျှင်တံလေးစုံမှာ ပြင်းထန်စွာ တုန်ခါလာပြီး ခရမ်းရောင် လျှပ်စီးမျှင်တန်းများ အလျင်အမြန် ပျံ့နှံ့လာခဲ့သည်။
မကြာမီမှာပင် အသားမျှင်တံလေးစုံမှာ ကျောကုန်းထက်၌ စုစည်းသွားကာ တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားခဲ့ကြသည်။ ၎င်းတို့သည် ခရမ်းရောင် နေမင်းတစ်စင်းအလား တောက်ပလှသော အလင်းတန်းများအဖြစ် စုစည်းသွားပြီးနောက် ထိုခရမ်းရောင်အလင်းအတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော ဧရာမ သွေးရောင်မိုးကြိုးတိုင်ကြီးတစ်ိုင်မှာ ရုတ်ချည်း ပန်းထွက်လာခဲ့သည်။
မြစ်လယ်ရှိ ရေမျက်နှာပြင်မှာ လေးလံလှသော လက်နက်ကြီးဖြင့် အပစ်ခံရသကဲ့သို့ ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့ပြီး ရေတိုင်ကြီးများမှာလည်း ကောင်းကင်ယံသို့ မြင့်မားစွာ ထိုးတက်သွားခဲ့သည်။ ၎င်းမှာ အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားမျိုး ဖြစ်သည်။
"နေဦး... အဲဒါ ဘာကြီးလဲ"
သို့သော် လုချွမ်းအနေဖြင့် သွေးဆာသော မိုးကြိုးအလင်း၏ စွမ်းအားကို အံ့ဩမှင်သက်ခြင်း မပြုနိုင်မီမှာပင် ရေမျက်နှာပြင်ပေါ်သို့ ပေါ်ထွက်လာသော ပုံရိပ်တစ်ခုက သူ၏အာရုံကို ဆွဲဆောင်သွားခဲ့တော့သည်။
***