ထိုစဉ် လုချွမ်း၏ အာရုံအားလုံးမှာ မသေနိုင်သူ ၁ ၏ တိုက်ခိုက်မှုကို ခံထားရသော မြစ်ရေပြင်ထက်သို့ ရောက်ရှိသွားခဲ့သည်။ သူ၏ မျက်ဝန်းများမှာလည်း မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားခဲ့ရသည်။
"ဒါက... ဇွန်ဘီလား။ ဒါမှမဟုတ် ရေကို ထိန်းချုပ်နိုင်တဲ့ ဇွန်ဘီလား"
ရေထဲမှ ပေါ်ထွက်လာသော မဖိတ်ခေါ်ဘဲ ရောက်ရှိလာသည့် ဧည့်သည်တော်ကို စူးစိုက်ကြည့်ရင်း လုချွမ်းမှာ အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။
ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် မငြိမ်သက်သေးသော မြစ်ရေပြင်ထက်တွင် အံ့ဩဖွယ်ရာ မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့သည် ၎င်းမှာ ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီတစ်ကောင်ပင်။
ထိုဇွန်ဘီမှာ ထူးဆန်းသော ပုံသဏ္ဌာန်ရှိပြီး ခန္ဓာကိုယ်မှာ မီးခိုးရောင်သန်းသော အညိုရောင် ရှိကာ အသားအရေမှာ ငါးခူတစ်ကောင်၏ အသားအရေနှင့် ဆင်တူလှသည်။ ၎င်း၏ ပတ်ဝန်းကျင်တွင် ဝဲဂယက်ထနေသော ရေလှိုင်းများက ၎င်းကို အထက်သို့ မြှင့်တင်ပေးထားသည်။
သို့သော် ၎င်းသည် မသေနိုင်သူ ၁ ၏ ခုနက တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိထားပုံပင်။ ခန္ဓာကိုယ်၏ တစ်ဖက်ခြမ်းတွင် သွေးများ စီးကျနေသော ဒဏ်ရာတစ်ခု သိသိသာသာ ရှိနေသလို ပါးစပ်ထောင့်တွင်လည်း သွေးစွန်းထင်းမှုများ ရှိနေခဲ့သည်။
ဒဏ်ရာရထားသော ထိုဇွန်ဘီသည် မသေနိုင်သူ ၁ ၏ လုပ်ရပ်ကြောင့် သိသိသာသာပင် ဒေါသထွက်နေခဲ့ပြီး ၎င်း၏ နီရဲနေသော မျက်ဝန်းများဖြင့် ကမ်းစပ်ရှိ လုချွမ်းနှင့် မသေနိုင်သူ ၁ ကို စူးစိုက်ကြည့်နေခဲ့သည်။
ထိုဇွန်ဘီ ဒေါသထွက်နေသည်မှာလည်း အကြောင်းရှိသည်။ ဘာပဲဖြစ်ဖြစ် ရေအောက်မှာ အေးအေးဆေးဆေး နေနေတုန်း ရုတ်တရက် ဗုံးကြဲခံလိုက်ရမည်ဆိုပါက မည်သူမဆို ဒေါသထွက်ကြမည်သာ။
"ဒါက... ရေကို ထိန်းချုပ်နိုင်တဲ့ ဇွန်ဘီလား"
ရေထဲရှိ ဇွန်ဘီကို ကြည့်ရင်း လုချွမ်းသည် အစပိုင်းတွင် အံ့အားသင့်သွားခဲ့သော်လည်း နောက်ပိုင်းတွင်မူ မထိန်းချုပ်နိုင်လောက်အောင် ဝမ်းသာပီတိဖြစ်သွားခဲ့ရသည်။
ရေကို ထိန်းချုပ်နိုင်သော ဇွန်ဘီမျိုးမှာ အမှန်တကယ်ပင် ရှားပါးလှသည်။
သူ၏ အမိန့်ပေးမှုအောက်တွင် ပျံသန်းနိုင်သော၊ ကုန်းပေါ်တွင် ပြေးလွှားနိုင်သော၊ မြေအောက်သို့ ငုပ်လျှိုးနိုင်သော ဇွန်ဘီရုပ်သေးများ ရှိသော်လည်း၊ ရေထဲတွင် တိုက်ခိုက်နိုင်စွမ်းရှိသူဟူ၍ တစ်ဦးမျှ မရှိသေးချေ။
ဆင့်ကဲပြောင်းလဲထားသော လိပ်ကြီးသည် ရေနေသားရဲတစ်ကောင်ဖြစ်ပြီး ရေထဲတွင် တိုက်ခိုက်နိုင်စွမ်းရှိသော်လည်း ၎င်းမှာ လုချွမ်း၏ ဇွန်ဘီရုပ်သေးမဟုတ်သည့်အတွက် သူ၏လက်ခြေကဲ့သို့ စိတ်တိုင်းကျ ခိုင်းစေ၍မရနိုင်ချေ။
ယခုအခါ ရေကိုထိန်းချုပ်နိုင်သော ဇွန်ဘီတစ်ကောင်နှင့် ကံကောင်းထောက်မစွာ ဆုံတွေ့ရခြင်းဖြစ်ရာ လုချွမ်းအနေဖြင့် လက်လွှတ်ခံရန် အကြောင်းမရှိပေ။ အကယ်၍ ဤရေထိန်းဇွန်ဘီကိုသာ ဖမ်းဆီးနိုင်မည်ဆိုပါက သူ၏ဇွန်ဘီရုပ်သေးတပ်ဖွဲ့တွင် ရှိနေသော အကြီးမားဆုံး အားနည်းချက်တစ်ခုကို အလုံးစုံ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။
"ဝူး..."
ထိုအချိန်တွင် ဒေါသတကြီးဖြစ်နေသော ရေထိန်းဇွန်ဘီမှာ လုချွမ်းနှင့် အခြားဇွန်ဘီရုပ်သေးများက တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိဘဲ ခပ်အေးအေးပင် ရပ်နေကြသည်ကို မြင်သောအခါ ဒေါသမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး ဆက်တိုက်ဆိုသလို ဟိန်းဟောက်နေတော့သည်။ ၎င်း၏အောက်ဘက်ရှိ ရေဝဲကြီးမှာ ပိုမိုကြီးမားလာပြီး လှိုင်းတံပိုးများမှာလည်း ကမ်းစပ်သို့ ရိုက်ခတ်လာကာ ကုန်းပေါ်သို့ တက်ရောက်တိုက်ခိုက်မည့် အသွင်သဏ္ဌာန်ရှိနေသည်။
"ကောင်းပြီ... ကောင်းပြီ... မင်းကတော့ တော်တော်လေး စိတ်မရှည်ဖြစ်နေပုံပဲ။ ဒါဆိုရင်တော့ ငါ့ရဲ့ ဇွန်ဘီရုပ်သေးပဲ ဖြစ်လိုက်တော့"
သတိပြန်ဝင်လာသော လုချွမ်းသည် ရေထိန်းဇွန်ဘီကို စူးစိုက်ကြည့်ရင်း သူ၏နှုတ်ခမ်းထက်တွင် ပြုံးယောင်သန်းသွားခဲ့ပြီး လှုပ်ရှားမှုကို အလျင်အမြန် စတင်လိုက်သည်။
ဝုန်း...
မျက်တောင်တစ်ခတ်အတွင်းမှာပင် လုချွမ်း၏ ဝိညာဉ်စွမ်းအားများသည် မြစ်ရေအဟုန်ကဲ့သို့ ပြင်းထန်စွာ စီးဆင်းထွက်ပေါ်လာခဲ့ပြီး ရေထိန်းဇွန်ဘီကို ချက်ချင်းပင် လွှမ်းမိုးသွားခဲ့သည်။
လုချွမ်း၏ လက်ရှိဝိညာဉ်စွမ်းအားဖြင့်ဆိုလျှင် အဆင့် ၅ ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီတစ်ကောင်ကို တိုက်ရိုက်ထိန်းချုပ်ပြီး ဇွန်ဘီရုပ်သေးအဖြစ် ပြောင်းလဲပစ်ရန်မှာ အခက်အခဲမရှိပေ။ ထို့ကြောင့် ဤရေထိန်းဇွန်ဘီမှာ အဆင့် ၆ သို့ ရောက်ရှိမနေသရွေ့ ၎င်းကို ထိန်းချုပ်ရန်မှာ ပြဿနာမဟုတ်သည်မှာ သေချာလှသည်။
အကယ်၍ ၎င်းသာ အဆင့် ၆ ဖြစ်နေမည်ဆိုပါက မသေနိုင်သူ ၁ ၏ တိုက်ခိုက်မှုကြောင့် ဤမျှအလွယ်တကူ ဒဏ်ရာရရှိသွားမည် မဟုတ်ချေ။
လုချွမ်း၏ ဝိညာဉ်စွမ်းအားများက ရေထိန်းဇွန်ဘီ၏ စိတ်အာရုံအတွင်းသို့ ကျူးကျော်ဝင်
ရောက်သွားချိန်တွင်မှ အစောပိုင်းက ဒေါသတကြီးဖြစ်နေသော ထိုသတ္တဝါမှာ အခြေအနေကို သတိပြုမိသွားခဲ့သည်။
"ဝူး... ဝူး... ဝူး..."
၎င်းသည် သေရေးရှင်ရေး ရန်သူနှင့် ရင်ဆိုင်ရသကဲ့သို့ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ စိတ်အာရုံအတွင်းသို့ မဖိတ်ခေါ်ဘဲ ကျူးကျော်ဝင်ရောက်လာမှုကို အစွမ်းကုန် ခုခံနေခဲ့သည်။
ထိုအတောအတွင်း သောင်းကျန်းနေသော ရေထိန်းဇွန်ဘီသည် ပတ်ဝန်းကျင်ရှိ ရေထုကို မထိန်းချုပ်နိုင်အောင်ပင် လှုံ့ဆော်လိုက်ရာ ရေမျက်နှာပြင်ထက်တွင် ရေလှိုင်းများ အဆက်မပြတ် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် မြစ်ရေပြင်တစ်ခုလုံးမှာ ဝဲဂယက်များ ထလာပြီး ပြင်းထန်သော မုန်တိုင်းတစ်ခု ဆိုက်ရောက်တော့မည့်အလား ချောက်ချားဖွယ် ကောင်းလှသည်။
ရုန်းရင်းဆန်ခတ် ဖြစ်နေသော မြစ်ရေပြင်အလယ်တွင် ရေထိန်းဇွန်ဘီထံမှ ကြမ်းတမ်းလှသော အရှိန်အဝါများမှာလည်း ဆက်တိုက်ဆိုသလို ဖြာထွက်နေခဲ့သည်။
လုချွမ်း၏ ဝိညာဉ်စွမ်းအားက ပေးသော ဖိအားကြောင့် ရေထိန်းဇွန်ဘီမှာ ရူးသွပ်လုမတတ် ဖြစ်သွားခဲ့ပြီး လီမြစ်ပြင်ကြီးကိုလည်း ကမောက်ကမ ဖြစ်စေခဲ့သည်။ အားနည်းသော ဆင့်ကဲပြောင်းလဲထားသည့် ငါးသားရဲအမြောက်အမြားမှာ ဗိုက်ဖြူလန်လျက် ရေမျက်နှာပြင်ပေါ်သို့ ပေါ်လာကြပြီး အသက်ကို အသည်းအသန် ရှူနေကြရသည်။
သို့သော် လုချွမ်း၏ ဝိညာဉ်စွမ်းအားမှာ များစွာ သာလွန်နေသဖြင့် ရေထိန်းဇွန်ဘီ၏ ရုန်းကန်နေသော ဝိညာဉ်စွမ်းအားကို လုံးဝနှိမ်နင်းရန်မှာ အချိန်အများကြီး မကြာလိုက်ချေ။ ထို့နောက်တွင် သူသည် ကျူးကျော်မှုကို စတင်လိုက်ပြီး ရေထိန်းဇွန်ဘီ၏ စိတ်အာရုံအတွင်း၌ အမှတ်အသားတစ်ခုကို ရိုက်နှိပ်လိုက်သည်။
သူ၏ အသက်ရှင်သေဆုံးမှုကို အခြားသူတစ်ဦးက ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရှိသွားသောအခါ ရေထိန်းဇွန်ဘီသည် မျှော်လင့်ချက်မဲ့စွာ ဟိန်းဟောက်လိုက်ပြီး လုချွမ်း၏ ထိန်းချုပ်မှုမှ လွတ်မြောက်ရန်အတွက် ရေအောက်မြစ်ကြမ်းပြင်သို့ ဗီဇအရ ဆုတ်ခွာရန် ကြိုးပမ်းခဲ့သည်။
ကံမကောင်းစွာဖြင့် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ လုချွမ်း၏ ဝိညာဉ်စွမ်းအားမှာ ထိန်းမနိုင်သိမ်းမရသော ရေကြီးမှုတစ်ခုကဲ့သို့ ရေထိန်းဇွန်ဘီ၏ ဝိညာဉ်စွမ်းအားကို နှိမ်နင်းပြီးနောက်မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျူးကျော်မှုကို အပြီးသတ်နိုင်ခဲ့ကာ ဖျက်ဆီး၍မရသော အမှတ်အသားတစ်ခုကို စိတ်အာရုံထဲတွင် ရိုက်နှိပ်နိုင်ခဲ့သည်။
ရုတ်ချည်းဆိုသလိုပင် ခန္ဓာကိုယ်တစ်ဝက်မှာ ရေထဲသို့ နစ်မြုပ်နေပြီဖြစ်သော ကြမ်းတမ်းလှသည့် ရေထိန်းဇွန်ဘီမှာ ခေတ္တမျှ ငြိမ်သက်သွားခဲ့သည်။ ထို့နောက် ၎င်း၏ ရေထိန်းစွမ်းရည်ကြောင့်ပင် လှိုင်းထန်နေသော မြစ်ရေပြင်မှာလည်း ချက်ချင်းပင် ပြန်လည်တည်ငြိမ်သွားခဲ့သည်။
မပြတ်တမ်း ထွက်ပေါ်နေသော ရေပတ်သံများ၏ နေရာတွင် တိတ်ဆိတ်မှုက အစားထိုးဝင်
ရောက်လာခဲ့ပြီး ရုန်းရင်းဆန်ခတ် ဖြစ်နေသော လှိုင်းတံပိုးများမှာလည်း တဖြည်းဖြည်း ငြိမ်သက်သွားခဲ့တော့သည်။
ရေအောက်တွင် တစ်ဝက်တစ်ပျက် နစ်မြုပ်နေသော ရေထိန်းဇွန်ဘီသည် ယခုအခါ လုချွမ်း၏ ဇွန်ဘီရုပ်သေးအဖြစ်သို့ အသွင်ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ အစောပိုင်းက ဒေါသတကြီး နီရဲနေခဲ့သော ၎င်း၏ မျက်ဝန်းများသည်လည်း ယခုအခါ ငြိမ်သက်နေသော ရေပြင်ပမာ တည်ငြိမ်သွားခဲ့သည်။
ဤရေထိန်းဇွန်ဘီကို ထိန်းချုပ်နိုင်လိုက်ခြင်းကြောင့် လုချွမ်း၏ နားလည်သဘောပေါက်မှုမှာလည်း သိသိသာသာ နက်ရှိုင်းလာခဲ့သည်။
အဆင့် ၄ ဆင့်ကဲပြောင်းလဲထားသော ဤဇွန်ဘီသည် ရေထဲတွင် လွတ်လပ်စွာ ကူးခတ်နိုင်သည့် ထူးခြားသော စွမ်းရည်ရှိသည်။ ၎င်း၏ လက်ဖဝါးနှင့် ခြေဖဝါးများတွင် ရေနေကုန်းနေ သတ္တဝါများကဲ့သို့ အရေပြားအမြှေးပါးများ ဖြစ်ပေါ်လာကာ ရေထဲ၌ အကောင်းဆုံး လှုပ်ရှားနိုင်ရန် အထောက်အကူပြုပေးသည်။
မီးလျှံ ၁ နှင့် မြေလျှိုး ၁ တို့ကဲ့သို့ပင် ဤရေထိန်းဇွန်ဘီသည် ရေကို ထိန်းချုပ်နိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားသဖြင့် ရေထဲတွင် အလွန်လျှင်မြန်စွာ လှုပ်ရှားနိုင်ပြီး ကြမ်းတမ်းသည့် ငါးသားရဲများ၏ အရှိန်ထက်ပင် သာလွန်သည်။
"ဒီရေထိန်းရုပ်သေးရှိပြီဆိုတော့ နောင်တစ်ချိန်မှာ ရေနက်ပိုင်းမှာ နေထိုင်တဲ့ အင်အားကြီး သားရဲတွေအကြောင်းကို စိုးရိမ်နေစရာ မလိုတော့ဘူး"
ယခုအချိန်တွင် လုချွမ်း၏ စိတ်ထဲ၌ အတိုင်းအထက်အလွန် ဝမ်းမြောက်ပီတိဖြစ်နေခဲ့သည်။ ရှေ့လျှောက် ရေအောက်တိုက်ပွဲများတွင် ဤရုပ်သေးက ပေးစွမ်းနိုင်မည့် အကျိုးကျေးဇူးများကို ခေတ္တဖယ်ထားဦးတော့ မြစ်အတွင်းရှိ ဆင့်ကဲပြောင်းလဲထားသော ငါးသားရဲများကို ဖမ်းဆီးရာတွင်ပင် ဤရုပ်သေးရှိခြင်းက ကိစ္စရပ်အားလုံးကို များစွာ ပိုမိုလွယ်ကူသွားစေမည်မှာ အသေအချာပင်။
နောက်တစ်ခဏတွင် လုချွမ်း၏ စိတ်အာရုံဖြင့် စေခိုင်းမှုအောက်၌ ရေထိန်းရုပ်သေးသည် မြစ်ကမ်းပါးသို့ အလျင်အမြန် ချဉ်းကပ်လာခဲ့သည်။
"ရေကို ထိန်းချုပ်နိုင်တဲ့ ရုပ်သေး... ရေလှိုင်းတွေကို လှုပ်ခတ်နိုင်စွမ်းရှိတယ်ဆိုတော့... မင်းကို ဒီနေ့ကစပြီး ရေလှိုင်း ၁ လို့ပဲ ခေါ်တော့မယ်"
သူ့ရှေ့မှောက်ရှိ ပြောင်ချောနေသော ရေထိန်းရုပ်သေးကို ကြည့်ရင်း လုချွမ်း၏ မျက်ဝန်းများမှာ လှုပ်ခတ်သွားခဲ့ပြီး ခေတ္တမျှ စဉ်းစားကာ အမည်တစ်ခု ပေးလိုက်သည်။
ခဏအကြာတွင် စိတ်လှုပ်ရှားမှုများ ငြိမ်သက်သွားပြီးနောက် လုချွမ်းသည် ရေလှိုင်း ၁ အား မြစ်အတွင်း၌ စိတ်ကြိုက် လိုက်လံဖမ်းဆီးရန် အမိန့်ပေးလိုက်ပြီး ကျန်ရှိသော ဇွန်ဘီရုပ်သေးများကို ဦးဆောင်ကာ လီမြစ် အခြေစိုက်စခန်းသို့ ပြန်လာခဲ့တော့သည်။
...
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ရာ နှစ်ရက်တာ အချိန်ကာလမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဗီလာ၏ ဒုတိယထပ်ရှိ အိပ်ခန်းအတွင်း၌ ကျိရုရွှယ်သည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် မျက်စိမှိတ်ကာ အာရုံစူးစိုက်နေသည်။ သူမ၏ သေးငယ်သော မျက်နှာထက်တွင် တည်ကြည်လေးနက်သော အရှိန်အဝါများ လွှမ်းမိုးနေခဲ့သည်။
ဖန်သားပြင် အသက်ရှူနည်းစနစ်ကို လေ့ကျင့်ရင်း ပြင်ပစွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေစဉ် ကျိရုရွှယ်သည် အဆင့်တက်လှမ်းတော့မည့် အရေးကြီးသော အချိန်အခါကို အာရုံခံမိလိုက်သဖြင့် သူမ၏ အမူအရာမှာ ချက်ချင်းပင် တင်းမာသွားခဲ့သည်။
သူမ၏ စိတ်ထဲတွင် ဝမ်းသာနေမိသော်လည်း အနည်းငယ်မျှ အမှားအယွင်းမရှိစေရန်အတွက် သူမ၏ အတွင်းဝိညာဉ်စွမ်းအင်များကို လမ်းညွှန်ပေးရင်း အစွမ်းကုန် အာရုံစိုက်နေခဲ့သည်။