"ဝုန်း" ဟဲကောင်းက လွင့်စဉ်သွားခဲ့သည်။ လုမင်က သူ့နောက်သို့ လျင်မြန်စွာလိုက်သွားပြီး ကောင်းကင်ဧကရာဇ်၏ဓားဖြင့် အဆက်မပြတ် ခုတ်ထစ်လိုက်၏။
ဤအချိန်တွင် ကောင်းကင်ဧကရာဇ်ဓား၏ စွမ်းအားက ဟဲကောင်း၏ဓားထက် ကျော်လွန်သွားခဲ့သည်။
လူအများက အံ့အားသင့်သွားကြသည်။ ကောင်းကင်ဧကရာဇ်ဓား၏စွမ်းအားက ကြောက်စရာကောင်းလွန်း၏။ ယခင်က သူဟာ ဓား၏စွမ်းအားကို အပြည့်အဝ မထုတ်ဖော်ခဲ့ပေ။ ယခုတော့ ဟဲကောင်းကိုပင် အမှန်တကယ် ဖိနှိပ်ထားခဲ့ပြီ ဖြစ်သည်။
ကျောက်ဓားက တရိပ်ရိပ် လှုပ်ရှားနေသည်။ ဓားအလင်းများကလည်း ဟဲကောင်းဆီသို့ ဆက်လက်ခုတ်ချနေ၏။
ဟဲကောင်းက အံကြိတ်ပြီး ဧကရာဇ်လက်နက်ကို ထိန်းချုပ်လိုက်သည်။ ငွေဓားကို လျင်မြန်စွာ ကြီးထွားလာစေပြီး ခုတ်ချလိုက်တော့သည်။
ကျောက်ဓားနှင့် ငွေရောင်ဓားတို့ ထိပ်တိုက်တွေ့သောအခါ မီးပွားများက နေရာအနှံ့ လွင့်စင်သွားခဲ့သည်။ ငွေရောင်ဓားပေါ်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့၏။ တစ်ဖက်မှာတော့ ကျောက်ဓားပေါ်တွင် ခြစ်ရာ အနည်းငယ်မျှပင် မရှိပေ။
ဟဲကောင်းက ထိတ်လန့်စွာဖြင့် အဆက်မပြတ် ဆုတ်သွားသည်။ လုမင်ကလည်း နောက်မှ အနီးကပ်လိုက်နေရင်း ဓားဖြင့် အဆက်မပြတ် ခုတ်ချ၏။
ဟဲကောင်းက သူ့ဓားကို ဝှေ့ယမ်းရင်း ခုခံနေရုံမှတပါး အခြား ဘာမျှမလုပ်နိုင်ရှာပေ။
"ထန်... ထန်... ထန်..." သူတို့နှစ်ယောက်က ဆက်လက်တိုက်ခိုက်နေပြီး ကောင်းကင်ယံမှာ အဆက်မပြတ် တုန်ခါနေသည်။ ခဏအတွင်းမှာပင်၊ သူတို့နှစ်ယောက်က တိုက်ခိုက်မှု ဆယ်ခုကျော် ဖလှယ်ခဲ့ကြပြီးပြီ။ သူတို့၏ အမြန်နှုန်းက အံ့မခန်း ဖြစ်သည်။
အားနည်းသော ကျင့်ကြံသူအချို့က အရိပ်နှစ်ခုကိုသာ မြင်နိုင်ပေသည်။
"ချွမ်း..." ဆယ်ချက်ကျော် ထိပ်တိုက်ရင်ဆိုင်ပြီးနောက် ဟဲကောင်း၏လက်ထဲမှ ငွေရောင်ဓားက အပိုင်းပိုင်း ကျိုးပဲ့သွားခဲ့သည်။
စစ်မှန်သော ဧကရာဇ်လက်နက်တစ်ခုက ထိုကဲ့သို့ပင် ကွဲကြေသွားခဲ့ပြီ။
"ဝှစ်..." လုမင်က ဓားဖြင့် ထပ်မံခုတ်ချသည်။ ဟဲကောင်းက သူ့ရင်ထဲမှ နာကျင်မှုကိုလျစ်လျူရှုရင်း ဧကရာဇ်လက်နက် ဒိုင်းတစ်ခုဖြင့် ခုခံလိုက်၏။
"ဝုန်း..." နောက်ထပ် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ဧကရာဇ်လက်နက်ဒိုင်းက လွင့်စဉ်သွားပြီး ဟဲကောင်းကို ပြန်လည်ဝင်ဆောင့်မိရာ သွေးတစ်ပွက် အန်ထွက်လာတော့သည်။
"သေစမ်း" လုမင်က ကြိမ်းမောင်းလိုက်ပြီး ကျောက်ဓားထဲမှ စွမ်းအင်များကို ရူးသွပ်စွာ အသက်သွင်းလိုက်သည်။
ကျောက်ဓားပေါ်ရှိ အလင်းရောင်က ပိုမိုတောက်ပလာပြီး အငွေ့အသက်များကလည်း ပိုမိုအားကောင်းလာ၏။
အသက်အန္တရာယ် အငွေ့အသက်ကို ခံစားမိဟန်ဖြင့် ဟဲကောင်း၏ မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ သူက ဟဲမိသားစု၏ မဟာဧကရာဇ်ထံသို့ အသည်းအသန် ထွက်ပြေးတော့သည်။
"မဟာဧကရာဇ်အရှင်၊ ကျုပ်ကို ကယ်ပါဦး" ဟဲကောင်းက အော်ဟစ်လိုက်သည်။
သို့သော်လည်း နောက်အခိုက်တွင်၊ လုမင်က ဓားအလင်းတစ်ခုကဲ့သို့ လိုက်မီလာပြီး ဟဲကောင်းကို ထိုးခုတ်လိုက်သည်။
ကျောက်ဓားကို ကောင်းကင်ဧကရာဇ်၏ခန္ဓာမှ ခွဲထုတ်ပြီး လုမင်ကိုယ်တိုင် ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းက စွမ်းအားကြီးသော်လည်း အကန့်အသတ် ရှိ၏။ သို့တိုင်၊ ၎င်း၏စွမ်းအားကို အကန့်အသတ်ထိ တွန်းပို့လိုက်သောအခါ ဟဲကောင်းကို ခြိမ်းခြောက်နိုင်ရန် လုံလောက်ပေသည်။
သို့သော်လည်း ဤအခိုက်တွင်၊ ဟဲမိသားစု၏ မဟာဧကရာဇ်က မျက်မှောင်ကြုတ်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
"ဝုန်း..." ဤခြေလှမ်းအောက်တွင် မိုးနှင့်မြေက ပြင်းထန်စွာ တုန်ခါသွား၏။ ကြီးမားသော ခြေထောက်ကြီးတစ်ဖက်က ကောင်းကင်မှ ဆင်းသက်လာပြီး လုမင်ထံသို့ နင်းချလိုက်တော့သည်။
"ရွံစရာကောင်းလှချေလား" ဟွမ်လင်၊ လုံချန်နှင့် အခြားသူများက အော်ဟစ်လိုက်ကြသည်။
ကြီးကျယ်ခမ်းနားသော မဟာဧကရာဇ်တစ်ပါးက အန္တိမသူတော်စင်တစ်ဦးသာဖြစ်သည့် လုမင်ကို တိုက်ခိုက်ခဲ့သည်။ ထို့ထက်၊ တိုက်ပွဲအတွင်းတွင် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်၏။ ၎င်းက အလွန်စက်ဆုပ်ဖွယ်ကောင်းသည်။
"ဝုန်း... ဝုန်း... ဝုန်း" ဧရာမခြေထောက်ကြီးကို စွမ်းအင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ၎င်းက နတ်ဘုရားတစ်ပါး၏ ခြေထောက်ကြီးကဲ့သို့ပင်။ ကောင်းကင်မှ ခြေထောက်ကြီး ကျဆင်းလာချိန်တွင် လုမင်က သူ့ပတ်ဝန်းကျင် ဟင်းလင်းပြင် အေးခဲသွားသလို ခံစားလိုက်ရသည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြောင့် လုမင်မှာ အသက်ရှူရန် ခက်ခဲလာတော့သည်။
"ခုတ်စေ" လုမင်က အော်ဟစ်လိုက်သည်။ သူက ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ဧရာမခြေထောက်ကြီးကို ခုတ်ချလိုက်၏။
"ဝုန်း" ကောင်းကင်ကို တုန်ခါသွားစေသည်အထိ ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာတော့သည်။ လုမင်၏ ဓားအလင်းက ပြိုလဲမသွားမီ ခဏမျှသာ ခံခဲ့သည်။ ဧရာမခြေထောက်ကြီးက အံ့မခန်း အမြန်နှုန်းဖြင့် ဆက်လက်ကျဆင်းလာ၏။
လုမင်က ကျောက်ဓားဖြင့် သူ့ရှေ့တွင် အလျားလိုက် ခုခံပေးလိုက်ရသည်။ ဧရာမခြေထောက်ကြီးက ကျောက်ဓားကို နင်းချလိုက်သော်၊ လုမင်၏ ခန္ဓာကိုယ်လည်း ကြယ်ကြွေသကဲ့သို့ မြေပြင်ပေါ်ကို ပြုတ်ကျသွားတော့သည်။
"ဝုန်း..." မိုင်တစ်ထောင်အတွင်းရှိ မြေပြင်က ပြင်းထန်စွာ တုန်ခါပြီး ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။ လုမင် ကျဆင်းသွားသော နေရာတည့်တည့်မှာတော့ နက်ရှိုင်းပြီး မှောင်မိုက်နေသော တွင်းကြီးတစ်ခု ပေါ်လာ၏။
"လုမင်..." ဟွမ်လင်၊ လုံချန်နှင့် အခြားသူများလည်း တုန်လှုပ်စွာ အော်ဟစ်လိုက်ကြသည်။
လုမင်က မဟာဧကရာဇ်တစ်ပါး၏ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရခြင်း ဖြစ်သည်။
၎င်းက မဟာဧကရာဇ်တစ်ပါး ဖြစ်၏။ ကောင်းကင်ဧကရာဇ်တစ်ပါးသာ မပေါ်ပေါက်ခဲ့လျှင် မဟာဧကရာဇ်များက အထွတ်အထိပ် တည်ရှိမှုများ ဖြစ်လိမ့်မည်။
ယွမ်တောင်တစ်ခုလုံးတွင် လူဘယ်နှဦးက မဟာဧကရာဇ်တစ်ပါး၏ တိုက်ခိုက်မှုကို ခုခံနိုင်မည်နည်း။ အထွတ်အထိပ် အစစ်အမှန်ဧကရာဇ်များပင် သေဆုံးရလိမ့်မည်။
"ဆရာ" ရှန်းရှန်း၏ မျက်ဝန်းအိမ်တွင် မျက်ရည်များ ပြည့်နှက်သွားသည်။ သူမ ငိုတော့မည်။
"ဝုန်း... ဝုန်း..." မြင့်မားသော ကောင်းကင်ယံ၏ အဆုံးမဲ့ လေဟာနယ်အတွင်းမှာတော့ ပေါက်ကွဲသံများ ထွက်ပေါ်နေဆဲ ဖြစ်သည်။ ဒါက ဦးလေးခုန်းပင်။
ဦးလေးခုန်းက ထျန်းလော့မဟာဧကရာဇ်နှင့် တိုက်ခိုက်နေဆဲပင် ဖြစ်သည်။
မရေမတွက်နိုင်သော မျက်လုံးများက မည်းမှောင်နေသော တွင်းပေါက်ကို စိုက်ကြည့်လိုက်ကြသည်။
လုမင် သေဆုံးသွားပြီလော။
မဟာဧကရာဇ်တစ်ပါးက သူ့ခွန်အားကို အများကြီးမသုံးလျှင်ပင် အန္တိမသူတော်စင်တစ်ပါးအတွက် အသက်ရှင်ရန် နည်းလမ်းမရှိပါ။
"ဝှစ်..." ဟဲကောင်းက ရက်စက်ကြမ်းစွာပြုံးရင်း တွင်းဝင်ပေါက်သို့ ရောက်လာခဲ့သည်။
"ခွေးကောင်လေး၊ မင်းမှာ ကောင်းကင်ဧကရာဇ်ဓားရှိရင်တောင် ဘာဖြစ်သေးသလဲ။ နောက်ဆုံးမှာတော့ မင်းက အန္တိမသူတော်စင်နယ်ပယ်က ပုရွက်ဆိတ်တစ်ကောင်အဆင့်ပဲ ရှိသေးတာ...၊ ဒီလောက်နဲ့ ငါ့ဟဲမိသားစုကို ရင်ဆိုင်ဝံ့တယ်၊ မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ" ဟဲကောင်းက လှောင်ပြောင်လိုက်သည်။
"အန္တိမသူတော်စင်နယ်ပယ်က ပုရွက်ဆိတ်တစ်ကောင်လား။ အဲဒီ အန္တိမသူတော်စင်နယ်ပယ်က ပုရွက်ဆိတ်တစ်ကောင်ရဲ့ ရိုက်နှက်မှုကို ခံခဲ့ရတဲ့သူက ဘယ်သူလဲ" ဟွမ်လင်က လှောင်ပြောင်ပြောဆိုလိုက်၏။
"ဟေ့ကောင်မလေး၊ မင်းက အတော်စကားတတ်နေတယ်ပေါ့။ နောင်ကျရင် မင်းပြောခဲ့တဲ့စကားအတွက် နောင်တရစေမယ်" ဟဲကောင်းက ဟွမ်လင်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ ထို့နောက် ကမ္ဘာ့စွမ်းအားကို လှံတစ်လက်အဖြစ် ဖွဲ့စည်းပြီး မှောင်မိုက်သော တွင်းနက်ထဲသို့ ပစ်ချလိုက်၏။
"ဝှစ်" လှံရှည်က ပင်လယ်ထဲသို့ ကျဆင်းသွားသော ကျောက်ခဲတစ်လုံးပမာ မှောင်မိုက်သော ဂူထဲသို့ ပျံသန်းပျောက်ကွယ်သွားတော့သည်။
"ဟမ်" ဟဲကောင်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး မြေပေါ်သို့ ထပ်မံဆင်းသက်သွားခဲ့သည်။ အောက်ဘက်မှ အခြေအနေကို ရှင်းလင်းစွာ မြင်လိုဟန်ဖြင့် သူ့မျက်လုံးများက တောက်ပလာ၏။
"ဝုန်း..." ထိုစဉ်၊ မြေပြင်က ရုတ်တရက် တုန်ခါသွားပြီး မြည်ဟီးသံများ ထွက်ပေါ်လာသည်။ မြေအောက်တွင် အိပ်စက်နေသော ရှေးဦး သားရဲကြီးတစ်ကောင် နိုးထလာသကဲ့သို့ မြေပြင်က တုန်ဟီးလာတော့သည်။
"နောက်ဆုတ်" ဟဲမိသားစု၏ မဟာဧကရာဇ်ကြီးက မျက်နှာအမူအရာ ပြောင်းလဲသွားကာ အော်ဟစ်လိုက်သည်။
ဟဲကောင်းလည်း တုန်လှုပ်သွားပြီး ကောင်းကင်သို့ ပြေးတက်ရန် ကြိုးစားလိုက်၏။
"ဝုန်း" မြေပြင်က ပေါက်ကွဲသွားပြီး ဖုန်မှုန့်များ လေထဲ ပြည့်နှက်သွားခဲ့သည်။ ထို့နောက်မှာတော့ အနှိုင်းမဲ့ကြီးမားသော ဧရာမလက်ကြီးတစ်ဖက်က တွင်းနက်ထဲမှ ဆန့်ထွက်ကာ ဟဲကောင်းကို ဖမ်းဆုပ်လိုက်တော့သည်။
လက်ကြီးက ကျောက်သားဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ၎င်းက ကောင်းကင်ကို ဖုံးလွှမ်းနိုင်လောက်အောင် ကြီးမားပြီး ကြောက်စရာကောင်းသော အရှိန်အဝါများလည်း ထွက်ပေါ်နေ၏။ လက်တစ်ချောင်းစီက ဟဲကောင်း၏ ဆုတ်ခွာရာ လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားသည်။
ဟဲကောင်းက ကြောက်လန့်တကြားဖြင့် ပြေးလိုသော်လည်း လမ်းမရှိတော့ကြောင်း သိလိုက်ရပေသည်။
သူက အဖမ်းခံရတော့မည့် ပိုးကောင်လေးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီ ဖြစ်သည်။
"ဝှစ်" ဤအချိန်တွင်၊ ဟဲမိသားစု၏ မဟာဧကရာဇ်က လှုပ်ရှားလိုက်သည်။ သူက လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်သောအခါ ဧရာမ လက်ဝါးကြီးက ကျောက်သားလက်ကို ရိုက်ချလိုက်၏။ သူက ဟဲကောင်းကို ကယ်တင်ရန် ကြိုးစားလာခြင်း ဖြစ်သည်။
သို့သော်လည်း မြေပြင်က တစ်ဖန် တုန်ခါလာသည်။ နောက်ထပ် ဧရာမကျောက်လက်ကြီးတစ်ခုက ဆန့်ထုတ်ပြီး ဟဲမိသားစုဝင် မဟာဧကရာဇ်ကို ထိုးနှက်လိုက်၏။
"ဝုန်း" ဧရာမ ကျောက်လက်သီးက ဟဲမိသားစုဝင် မဟာဧကရာဇ်၏ လက်ဝါးပုံရိပ်ကို ကြေမွသွားစေသည်။
"ဝုန်း" ကျောက်လက်ဝါးကြီးက ဖမ်းဆုပ်လိုက်သည်။ ဟဲကောင်းက အသည်းအသန် ကြိုးစားရုန်းကန်သော်လည်း မလွတ်မြောက်ဘဲ ဖမ်းဆီးခံလိုက်ရ၏။
"ဝုန်း..." မြေပြင်က ပြင်းထန်စွာ တုန်ခါပြီး ပြိုကျသွားသည်။ ထို့နောက် ဧရာမ ကျောက်သားလူတစ်ဦးက မြေပြင်မှ ထရပ်လာတော့သည်။
"အဲဒါ... ကောင်းကင်ဧကရာဇ်ရဲ့ခန္ဓာပဲ" တစ်စုံတစ်ယောက်က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
ယခင်က ကြာပန်းကမ္ဘာကို လူအများအပြား ဝင်ရောက်ခဲ့ပြီး ကောင်းကင်ဧကရာဇ်၏ခန္ဓာကို မြင်ခဲ့ဖူးပေသည်။
အစပိုင်းမှာ ကောင်းကင်ဧကရာဇ်၏ခန္ဓာကို ဟန်ရှင်းဟဲက ထိန်းချုပ်ထားခဲ့သည်။ သို့သော်လည်း ဟင်းလင်းပြင်လမ်းကြောင်းပေါ်လာသောအခါ ကောင်းကင်ဧကရာဇ်၏ခန္ဓာနှင့် ကောင်းကင်ဧကရာဇ်၏ဓားတို့က ဟင်းလင်းပြင်လမ်းကြောင်းကို ဖိနှိပ်ရန် ထွက်သွားပြီး ပျောက်ကွယ်သွား၏။
၎င်းက ဤနေရာတွင် ပေါ်လာမည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ပေ။
လုမင်က ကောင်းကင်ဧကရာဇ်၏ခန္ဓာကို ရရှိခဲ့ခြင်း ဖြစ်မည်လော။
သို့ရာတွင်၊ အဘယ်ကြောင့် လုမင်ဖြစ်ပြီး ဟန်ရှင်းဟဲ မဟုတ်ရသနည်း။ အစပိုင်းမှာ ကောင်းကင်ဧကရာဇ်၏ခန္ဓာကို ထိန်းချုပ်ခဲ့သူက ဟန်ရှင်းဟဲ မဟုတ်တုံလော။
ဟန်မိသားစုမှ ကျွမ်းကျင်သူများ... အထူးသဖြင့် ဟန်မိသားစုမှ မဟာဧကရာဇ်၏ မျက်လုံးများတွင် တောက်ပသော အလင်းများ လင်းလက်လာခဲ့သည်။
"ဒါက..." လုမင်နှင့် သူ့ဘက်ရှိလူများသည်လည်း အံ့အားသင့်သွားကြသည်။
လုမင် ပြုတ်ကျသွားခဲ့သော တွင်းနက်ထဲမှ ကောင်းကင်ဧကရာဇ်၏ခန္ဓာက အဘယ်ကြောင့် ထွက်ပေါ်လာသနည်း။
"ဟဲကောင်း၊ ဒီနေ့ မင်းသေနေ့စေ့ပြီလို့ ငါပြောထားတယ်" ဧရာမ ကျောက်လူသားထံမှ နက်ရှိုင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ သို့သော်လည်း သူ့လေသံအရ စကားပြောသူမှာ လုမင် ဖြစ်လိမ့်မည်။
လူအများအပြား အံ့အားသင့်သွားခဲ့ကြသည်။
လုမင်နှင့် ကောင်းကင်ဧကရာဇ်၏ခန္ဓာက တစ်သားတည်း ပေါင်းစည်းသွားကြပြီ။
***