လုမင်က ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။ လူအများက ဆွံ့အသွား၏။ လုမင်က မဟာဧကရာဇ်တစ်ပါးကို သတ်ချင်နေသေးသည်။
"ဒီကောင်လေးက အတော်လေး ရည်မှန်းချက်ကြီးတာပဲ၊ ဒါပေမဲ့ မင်းတို့ကြားမှာ ခွန်အားကွာခြားမှု ကြီးမားမှုမရှိရင် မဟာဧကရာဇ်တစ်ပါးကို သတ်ဖို့ မလွယ်ဘူး" မဟာဧကရာဇ်ဝူရှန်းက လျှောက်လာပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။
ထို့နောက် အလင်းရောင်တစ်ချက်လက်သွားပြီး ဦးလေးခုန်း ပေါ်လာ၏။
"ဦးလေးခုန်း၊ ခင်ဗျား အဆင်ပြေရဲ့လား" လုမင်က စိုးရိမ်တကြီး မေးလိုက်သည်။
ဦးလေးခုန်းက ဒဏ်ရာများမှ မသက်သာသေးသော်လည်း ထျန်းလော့ မဟာဧကရာဇ်နှင့် တိုက်ခိုက်ခဲ့ရသည်။ ထို့ကြောင့် လုမင်ဟာ အလွန်စိုးရိမ်မိလေသည်။
"စိတ်မပူပါနဲ့၊ ငါအဆင်ပြေတယ်" ဦးလေးခုန်းက နူးညံ့သိမ်မွေ့သော အပြုံးဖြင့် ပြုံးပြပြီး အဘိုးအိုတစ်ယောက်၏ အခြေအနေကို ပြန်ရောက်သွားခဲ့သည်။ သူတို့သာ ဦးလေးခုန်း၏ လှုပ်ရှားမှုကို မမြင်ဖူးဘူးဆိုလျှင် ဦးလေးခုန်းက ကြောက်စရာကောင်းသော မဟာဧကရာဇ်ကြီးတစ်ပါးဟု မြင်စရာအကြောင်းမရှိပေ။
ဦးလေးခုန်းက ကြာကြာမနေခဲ့ပါ။ သူက စကားအနည်းငယ်သာပြောပြီး ထွက်သွားခဲ့သည်။
ထို့နောက် မဟာဧကရာဇ် ဝူရှန်းလည်း ထွက်ခွာသွား၏။ သူတို့အားလုံး ဒဏ်ရာရနေကြပြီး အမြန်ဆုံး ပြန်လည်အင်အားဖြည့်ရန် လိုအပ်သည်။
ဟွမ်လီ၊ ဟွမ်လင်၊ လုံချန်နှင့် ကျန်သူများကတော့ လုမင်ကို ခေါ်ဆောင်သွားကာ ကြီးကျယ်ခမ်းနားသော ပွဲတော်တစ်ခု ကျင်းပခဲ့ပေသည်။ ပွဲတော်တွင် စားသောက်ရင်း အရိပ်ကျောက်တုံးကို ထုတ်ယူပြီး ဟဲမိသားစု၏ မဟာဧကရာဇ်ကို လုမင် ရိုက်နှက်နေသော မြင်ကွင်းအား အရသာခံ ကြည့်ရှုခဲ့ကြသည်။
နောက်ထပ် ရက်အနည်းငယ်ကြာသောအခါ လုမင်ထံကို လာရောက်လည်ပတ်လိုသူများက ယွမ်တောင်မြင့်မြတ်သောကျောင်းတော်သို့ ရောက်လာကြ၏။
သူတို့အားလုံးက လုမင်နှင့် မိတ်ဆွေဖွဲ့လိုသူများဖြစ်ကြောင်း ထင်ရှားသည်။
ဥပမာအားဖြင့် ရှေးဟောင်းနေမင်း မြင့်မြတ်နယ်မြေရှိ ခရမ်းရောင်မီးလျှံအိမ်တော်နှင့် တစ်ခုတည်းသော နတ်နန်းတော်၏ ကျွမ်းကျင်သူများပင်။
လုမင်တွင် ကောင်းကင်ဧကရာဇ်၏ခန္ဓာကိုယ်နှင့် မဟာဧကရာဇ်တစ်ပါး၏ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် တာ့လော့ကောင်းကင်ဂိုဏ်းကို ကြောက်စရာမလိုပေ။ ဟုတ်သည်၊ ထိုအကြောင်းရာအပြင် သူတို့က လုမင်နှင့် သီးခြား မိတ်ဆွေဖွဲ့ရန် ဆန္ဒရှိကြသည်။
အလားတူလုပ်ဆောင်ခဲ့သော အခြားအင်အားကြီးအင်အားစုအချို့လည်း ရှိခဲ့သေးသည်။
သို့သော်လည်း ကောင်းကင်ဧကရာဇ်၏ခန္ဓာကိုယ်ကို စိတ်ကြိုက်အသုံးပြုလို့မရမှန်း သဘာဝအတိုင်း သူတို့မသိကြပါ။ ၎င်းက စွမ်းအင်သိုလှောင်ရန် လိုအပ်သည်။ ထို့ပြင်၊ ကောင်းကင်ဧကရာဇ်၏ခန္ဓာကိုယ်ရှိ စွမ်းအင်များက ကုန်ဆုံးသွားပြီဆိုတာကိုလည်း သူတို့မသိကြပေ။
လုမင်ကတော့ မည်သူ့ကိုမျှ ငြင်းပယ်ခြင်းမရှိဘဲ အင်အားစုအမျိုးမျိုးမှ အကျော်အမော်များစွာနှင့် တွေ့ဆုံခဲ့သည်။
အင်အားစုများစွာဖြင့် ပူးပေါင်းခြင်းက အနာဂတ်မှာ အသုံးဝင်လိမ့်မည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ လဝက်ကျော်ကြာသွားသည်။
ကောင်းကင်ဧကရာဇ်မြို့တော်က ပြုပြင်နေဆဲပင်။
နောက်ဆုံးတိုက်ပွဲ ပြီးဆုံးကတည်းက ဟန်မိသားစုနှင့် ဟဲမိသားစုတို့က ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားကာ အခြားအင်အားစုများ၏ နယ်မြေများကို ဆက်လက်ကျူးကျော်ခြင်း မပြုတော့ပေ။ ထို့ကြောင့် အင်အားစုများစွာက ပြန်လည်တည်ဆောက်နိုင်ခဲ့ကြသည်။
ဤအချိန်တွင် လုမင်သည်လည်း ယွမ်တောင်မြင့်မြတ်သောကျောင်းတော်မှ ထွက်ခဲ့လေသည်။
အသင်္ချေဖော်ဆောင်ခြင်းမျှော်စင် ပြန်ဖွင့်ပြီဆိုသော သတင်းကို သူကြားသိရသည်နှင့်တပြိုင်နက် ချက်ချင်း ထွက်ခဲ့ခြင်း ဖြစ်သည်။
အသင်္ချေဖော်ဆောင်ခြင်းမျှော်စင်ထဲသို့ ဝင်လာပြီးနောက် တစ်စုံတစ်ယောက်က လုမင်ကို အခန်းတစ်ခန်းသို့ ခေါ်ဆောင်သွားသည်။
"ဘယ်လိုအချက်အလက်တွေ လိုချင်ပါလဲ" ဆံပင်ဖြူ အဘိုးအိုတစ်ယောက်က မေးလိုက်၏။
"ဝိဥာဉ်တစ်ခုကို ပြန်စုစည်းနိုင်တဲ့ နည်းလမ်းတစ်ခုခု ရှိလားဆိုတာ သိချင်ပါတယ်။ ကျွန်တော်မှာ ဒဏ်ရာရနေတဲ့ သူငယ်ချင်းတစ်ယောက်ရှိပြီး သူ့ဝိဥာဉ်လည်း ဒဏ်ရာရနေတယ်" ထို့နောက် လုမင်က ချင်ယွဲ့၏ ဒဏ်ရာလက္ခဏာများကို အသေးစိတ်ဖော်ပြလိုက်လေသည်။
"သိမ်းယူပယ်ဖျက်ခြင်းနိယာမကို ကြုံခဲ့ရပြီး ဝိညာဉ်လည်း ဒဏ်ရာရသွားတာလား" ဆံပင်ဖြူအဘိုးအိုက မျက်မှောင်ကြုတ်လိုက်သည်။
လုမင်၏ နှလုံးသားတွင် လေးလံလာသည်။ အသင်္ချေဖော်ဆောင်ခြင်းမျှော်စင်သည်ပင် မသိပါက ဒုက္ခများလိမ့်မည်။
ခဏအကြာတွင်၊ ဆံပင်ဖြူ အဘိုးအိုက ပြောလိုက်သည်။ "ဝိညာဉ်အတွက် ဒဏ်ရာကနေ ပြန်ကောင်းလာဖို့ အရမ်းခက်တယ်။ ဒီအဘိုးကြီးကို မင်းရဲ့သူငယ်ချင်းကို ကြည့်ခွင့်ပေးလို့ရမလား"
"ကောင်းပြီ" လုမင်က ခေါင်းညိတ်လိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ တာ့ယန်ဆေးမီးဖိုကြီး ပေါ်လာ၏။
"ဒါက... တာ့ယန်ဆေးခန်းမရဲ့ တာ့ယန်ဆေးမီးဖိုပါလား။ ကောင်လေး၊ မင်းက ယွမ်တောင်တစ်ခုလုံးကို တုန်လှုပ်စေခဲ့တဲ့ ကစဉ့်ကလျားရဲ့သားတော် လုမင်ပဲ" ဆံပင်ဖြူ အဘိုးအိုက အသင်္ချေဖော်ဆောင်ခြင်းမျှော်စင်၏ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ သူက တာ့ယန်ဆေးမီးဖိုကို တစ်ချက်ကြည့်လိုက်ရုံနှင့် မှတ်မိပေသည်။
"ဟုတ်ပါတယ်" လုမင်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက တာ့ယန်ဆေးမီးဖိုအဖုံးကို ဖွင့်လိုက်ရာ ချင်ယွဲ့၏ခန္ဓာကိုယ်က လွင့်မျောထွက်ပေါ်လာ၏။
လုမင်က အခါအားလျော်စွာ သူတော်စင်ဆေးများကို ချင်ယွဲ့၏ ခန္ဓာကိုယ်အတွင်းသို့ သန့်စင်ပြီး ပျော်ဝင်စေသည်။ ထို့ကြောင့် အချိန်အတော်ကြာသွားသော်လည်း ချင်ယွဲ့၏မျက်နှာမှာ သွေးရောင်လွှမ်းလျက် ပုံမှန်ရှိနေသေးသည်။ ချင်ယွဲ့၏ ခန္ဓာကိုယ်မှ အားကောင်းသော ဆေးရနံ့တစ်မျိုးပင် ထုတ်လွှတ်နေသည်။
ဆံပင်ဖြူ အဘိုးအိုက လက်ကိုဝှေ့ယမ်းလိုက်သောအခါ စွမ်းအားတစ်ခုက ချင်ယွဲ့၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး ဂရုတစိုက် စစ်ဆေးလိုက်သည်။
ခဏအကြာတွင်၊ ဆံပင်ဖြူ အဘိုးအိုက သူ့စွမ်းအားကို ရုပ်သိမ်းလိုက်၏။
"သူ့ရဲ့ဝိညာဉ်က ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာပဲ။ ဒီအဘိုးကြီးသိသလောက်တော့ ယွမ်လုတစ်ခုလုံးမှာ သူ့ရဲ့ဝိညာဉ်ကို ပြန်လည်ကောင်းမွန်စေဖို့ နေရာတစ်ခုက ရတနာတစ်ခုပဲရှိတယ်" ဆံပင်ဖြူ အဘိုးအိုက ပြောလိုက်သည်။
"ဘယ်နေရာလဲ...၊ ဘယ်လိုရတနာလဲ" လုမင် အလွန်ဝမ်းသာသွားသည်။
ချင်ယွဲ့ကို ကယ်တင်နိုင်သရွေ့ မည်သို့သောရတနာဖြစ်စေ၊ ၎င်းကို ရရှိနိုင်ရန် နည်းလမ်းရှာရလိမ့်မည်။
"မိတ်ဆွေလေး၊ အဲဒီရတနာကို ရယူပြီး ဒီကောင်မလေးကို ကယ်တင်ဖို့က မလွယ်ဘူး။ အဲဒီရတနာက အဆုံးမဲ့နတ်ဆိုးနယ်မြေကြီးက အထူးနတ်ဆိုးတိုင်းပြည်ရဲ့ တိုင်းပြည်ရတနာ၊ ထာဝရနတ်ဆိုးခေါင်းတလားပဲ"
"ထာဝရနတ်ဆိုးခေါင်းတလား" လုမင်၏ မျက်လုံးများ အရောင်လက်သွားသည်။
"အင်း၊ ထာဝရနတ်ဆိုးခေါင်းတလားက ထာဝရနတ်ဆိုးတိုင်းပြည်ရဲ့ ရှားပါးရတနာပဲ။ အဲဒါက ဝိညာဉ်အပေါ် မယုံနိုင်စရာ အကျိုးသက်ရောက်မှုမျိုး ရှိတယ်။ ဒီမိန်းကလေးကို ထာဝရနတ်ဆိုးခေါင်းတလားထဲမှာ ထည့်ထားသရွေ့ သူ့ရဲ့ဝိညာဉ်ဟာ တစ်လအတွင်းမှာပဲ ပြန်ကောင်းလာလိမ့်မယ်"
"ဒါပေမဲ့ ထာဝရနတ်ဆိုးခေါင်းတလားက ထာဝရနတ်ဆိုးတိုင်းပြည်ရဲ့ တိုင်းပြည်ရတနာပဲ။ အဲဒါကို တစ်လလောက်ငှားဖို့က အရမ်းခက်တယ်" ဆံပင်ဖြူ အဘိုးအိုက ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ အကြီးအကဲ" လုမင်က လက်ယှက်ပြပြီး ဆံပင်ဖြူအဘိုးအိုကို ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။ ထို့နောက် သတင်းအချက်အလက်အတွက် ငွေပေးချေပြီး ချင်ယွဲ့ကို တာ့ယန်ဆေးမီးဖိုအတွင်း ပြန်ထည့်လိုက်၏။
သူက အဆုံးမဲ့နတ်ဆိုးနယ်မြေကြီးသို့ အမြန်ဆုံး ခရီးထွက်ရမည်။ သူ အချိန်ကြာလေလေ၊ ချင်ယွဲ့အတွက် ပိုခက်ခဲလေ ဖြစ်သည်။
မည်မျှပင် ခက်ခဲနေပါစေ၊ ချင်ယွဲ့ကို ပြန်ကောင်းလာရန် ကူညီပေးရလိမ့်မည်။
အသင်္ချေဖော်ဆောင်ခြင်းမျှော်စင်မှ ထွက်ခွာပြီးနောက် လုမင်က ယွမ်တောင် မြင့်မြတ်သောကျောင်းတော်သို့ ပြန်ခဲ့သည်။ သူက အားလုံးကို နှုတ်ဆက်ပြီးနောက် အဆုံးမဲ့နတ်ဆိုးနယ်မြေကြီးသို့ အမြန်ဆုံးထွက်ခွာရန် စီစဉ်ထား၏။
သို့သော်လည်း ယွမ်တောင်မြင့်မြတ်သောကျောင်းတော်သို့ ပြန်ရောက်သောအခါ မဟာဧကရာဇ်ဝူရှန်းက ယွမ်တောင်မြင့်မြတ်သောကျောင်းတော်၏ ပါရမီရှင်များကို စုဆောင်းနေကြောင်း ကြားသိခဲ့ရသည်။ သူ့တွင် အရေးကြီးသော ကြေငြာစရာတစ်ခုခု ရှိပုံရပေသည်။
ထို့ကြောင့် လုမင်က လောလောဆယ်တွင် နေခဲ့သည်။ မဟာဧကရာဇ်ဝူရှန်းက ကြေငြာချက်ပြီးမှသာ သူ ထွက်ခွာလိမ့်မည်။
နောက်ရက်အနည်းငယ်အတွင်း ပါရမီရှင်များစွာက ယွမ်တောင် မြင့်မြတ်သောကျောင်းတော်သို့ ပြန်ရောက်လာကြသည်။
သို့သော်လည်း ဟဲမိသားစု၊ ဟန်မိသားစုနှင့် တာ့လော့ကောင်းကင်ဂိုဏ်းတို့၏ ပါရမီရှင်များ မပါဝင်ပေ။
ပဉ္စမမြောက်နေ့တွင် မဟာဧကရာဇ် ဝူရှန်းက ယခင် သူတာအိုတရားဟောရာနေရာတွင် လူတိုင်းကို စုဝေးစေခဲ့သည်။
လုမင်နှင့် အခြားသူများလည်း ရောက်လာကြ၏။
ဤနေရာတွင် လူရာပေါင်းများစွာ ရှိနေတာကို သူတို့ တွေ့ရှိခဲ့သည်။ သို့သော်လည်း ယခင်ကထက် များစွာလျော့နည်းသွားပေသည်။
"ဝှစ်" ဟင်းလင်းပြင်က တုန်ခါသွားပြီး မဟာဧကရာဇ် ဝူရှန်း၏ ပုံရိပ် ပေါ်လာသည်။
"မဟာဧကရာဇ်ကို နှုတ်ခွန်းဆက်ပါတယ်" လူတိုင်းက ဦးညွှတ်လိုက်ကြလေသည်။
"ဒီတစ်ခေါက်မှာ ငါက အားလုံးကို စုဝေးစေခဲ့တာက အရေးကြီးတဲ့ကိစ္စတစ်ခု ကြေငြာစရာရှိလို့ပါ။ အဲဒီအချိန်တုန်းက ထျန်းဟော်၊ ဟွင်းထျန်းနဲ့ ငါက ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကို ဘာကြောင့် တည်ထောင်ခဲ့တာလဲဆိုတာကို အားလုံးက သိချင်နေကြမယ်လို့ ငါယုံကြည်တယ်" မဟာဧကရာဇ် ဝူရှန်းက ပြောလိုက်သည်
လူတိုင်း ခေါင်းညိတ်လိုက်ကြ၏။ ဒါက လူတိုင်း၏ နှလုံးသားထဲမှ မေးခွန်းပင်။
"ဒီနေရာမှာ အဓိကအကြောင်းရင်းတွေ အများကြီးရှိပါတယ်။ အဲဒီအထဲက တစ်ခုက မိစ္ဆာနတ်ဘုရားမျိုးနွယ်စုနဲ့ ဆက်စပ်နေတယ်"
"အရင်က တိုက်ပွဲလိုပဲ။ မိစ္ဆာနတိဘုရားမျိုးနွယ်ဟာ ကောင်းကင်လောကနဲ့ ယွမ်လောကကို တိုက်ခိုက်ကျူးကျော်ဖို့ ဘယ်တုန်းကမှ လက်မလျှော့ခဲ့ကြဘူး။ အခုဆိုရင် ကောင်းကင်လောကရဲ့ အခြေအနေဟာ အရမ်းဆိုးရွားနေပြီ။ မိစ္ဆာနတ်ဘုရားမျိုးနွယ်က ယွမ်လုကို တိုက်ခိုက်လာဖို့ အချိန်တစ်ခုပဲ လိုတော့တယ်။ ဒါကြောင့် နောက်ဆုံးတိုက်ပွဲက အနှေးနဲ့အမြန် ပေါ်ပေါက်လာလိမ့်မယ်" မဟာဧကရာဇ် ဝူရှန်းက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
လူတိုင်း၏ နှလုံးသားများ လေးလံသွားကြသည်။ သူတို့၏ မျက်နှာများကလည်း အလွန် လေးနက်သွား၏။
မိစ္ဆာနတ်ဘုရားမျိုးနွယ်နှင့် ယခင်တိုက်ပွဲများအပြီးမှာ မိစ္ဆာနတ်ဘုရားမျိုးနွယ်က မည်မျှကြောက်စရာကောင်းမှန်း လူတိုင်းနားလည်သွားကြသည်။ သို့သော်လည်း ၎င်းက ဒေသတွင်းတိုက်ပွဲတစ်ခုသာ ဖြစ်သေးသည်။
နောက်ဆုံးတိုက်ပွဲဖြစ်ပွားပါက မဟာဧကရာဇ်များ အများအပြားနှင့် ကောင်းကင်ဧကရာဇ်များပင် ရောက်ရှိလာကြမည် ဖြစ်သည်။ သူတို့က မည်သို့တိုက်ခိုက်နိုင်မည်နည်း။
ထိုအချိန်တွင် ယွမ်တောင်သာမကဘဲ ယွမ်လုတစ်ခုလုံး တိုက်ပွဲမှ ရှောင်ထွက်နိုင်မည် မဟုတ်ပေ။ သူတို့က ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲတစ်ခုသို့ ကျရောက်သွားနိုင်ဖွယ်ရှိသည်။
လုမင်က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ သူ့မိသားစုနှင့် သူငယ်ချင်းများကို ကာကွယ်နိုင်သည်အထိ သူ သန်မာလာရမည်။ သူ့စိတ်ထဲတွင် အလျင်စလိုဖြစ်ခြင်း ခံစားလိုက်ရသည်။
***