အဆုံးမဲ့နတ်ဆိုးနယ်မြေကြီးသည် ယွမ်လု၏ နယ်မြေကြီးဆယ်ခုအနက်မှ တစ်ခု ဖြစ်သည်။ ၎င်းက ယွမ်တောင်နှင့်နီးကပ်ပြီး ၎င်း၏နယ်မြေကလည်း အကန်အသတ်မဲ့ ကျယ်ပြော၏။
လုမင်က တည်နေရာရွှေ့ပြောင်းခြင်းအစီရင်ပေါ်သို့ တက်လှမ်းလာပြီး ရှေးဟောင်းနေမင်း မြင့်မြတ်နယ်မြေရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီရင်သို့ ဦးစွာ သွားရောက်ခဲ့သည်။ ထိုမှတဆင့် အဆုံးမဲ့နတ်ဆိုးနယ်မြေသို့ ပျံသန်းသွားလေသည်။
ယွမ်တောင်၏ နယ်မြေကိုးခုထဲတွင် ရှေးဟောင်းနေမင်းမြင့်မြတ်နယ်မြေက အဆုံးမဲ့နတ်ဆိုးနယ်မြေနှင့် အနီးဆုံး ဖြစ်သည်။
ဆယ်ရက်ကျော် ပျံသန်းပြီးနောက် နတ်ဆိုးချီများက တဖြည်းဖြည်း ထူထပ်လာခဲ့သည်။ ထို့နောက် လုမင်သည် သူ့ရှေ့တွင် မြေပြင်ကို ဖြတ်၍ စီးဆင်းနေသော မြစ်ကြီးတစ်စင်းကို မြင်လိုက်ရ၏။
ဒါက ယွမ်တောင်နှင့် အဆုံးမဲ့နတ်ဆိုးနယ်မြေကို ပိုင်းခြားထားသော အဆုံးမဲ့နတ်ဆိုးမြစ် ဖြစ်သည်။ ၎င်းက မည်မျှရှည်လျားသလဲ မသိရသော်လည်း အနည်းဆုံး မိုင်ရှစ်ထောင်ခန့် ကျယ်ဝန်းပေသည်။ သို့ရာတွင်၊ ထူးဆန်းသည်က အဆုံးမဲ့နတ်ဆိုးမြစ်၏ မြစ်ရေမှာ အနက်ရောင်များ ဖြစ်သည်။
အဆုံးမဲ့နတ်ဆိုးမြစ်ကို ဖြတ်ကျော်နိုင်မှသာ အဆုံးမဲ့နတ်ဆိုးနယ်မြေသို့ ရောက်ရှိနိုင်လိမ့်မည်။
လုမင်က မရပ်တန့်ခဲ့ပေ။ သူက လေထဲသို့ ပျံတက်လာပြီး အဆုံးမဲ့နတ်ဆိုးမြစ်၏ တစ်ဖက်ကမ်းသို့ ပျံသန်းသွားသည်။
အဆုံးမဲ့နတ်ဆိုးမြစ်က နတ်ဆိုးစွမ်းအင် ကြွယ်ဝကာ ထူးဆန်းသော သားရဲတွေကို မွေးဖွားပေးခဲ့သည်။ တချို့က အလွန်စွမ်းအားကြီး၏။
ဤသားရဲများတွင် သိပ်သည်းသော နတ်ဆိုးစွမ်းအင်များ ပြည့်နှက်နေသည်။ အဆုံးမဲ့နတ်ဆိုးနယ်မြေတွင် သူတို့ကို နတ်ဆိုးသားရဲများဟု ခေါ်ကြလေသည်။
မြစ်ကိုဖြတ်ကူးနေစဉ်မှာ လုမင်က အခက်အခဲတချို့နှင့် ကြုံတွေ့ခဲ့ရပြီး နတ်ဆိုးသားရဲများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ သို့သော်လည်း လုမင်က သူတို့အားလုံးကို ကျော်ဖြတ်ခဲ့၏။ လုမင်အတွက် အန္တရာယ်အရှိဆုံးအချိန်မှာ သိုင်းဧကရာဇ်နယ်ပယ်မှ ငါးမန်းကြီးတစ်ကောင်နှင့် ရင်ဆိုင်ခဲ့ရချိန် ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့်၊ လုမင်က သူ၏ အရှိန်အဝါများကို ဖုံးကွယ်ရန် နတ်အရှိန်အဝါကျင့်စဉ်ကို အသုံးပြုပြီး လွတ်မြောက်နိုင်ခဲ့သည်။
လုမင်က မိုင်ရှစ်ထောင်အကွာအဝေးကို ဖြတ်ကျော်ပြီး အဆုံးမဲ့နတ်ဆိုး နယ်မြေကြီးသို့ အမှန်တကယ် ရောက်ရှိရန် သုံးရက်ကြာခဲ့လေသည်။
"သိပ်သည်းလိုက်တဲ့ နတ်ဆိုးစွမ်းအင်" အဆုံးမဲ့နတ်ဆိုး နယ်မြေကြီးရှိ နတ်ဆိုးချီက အလွန်သိပ်သည်းကြောင်း လုမင် တွေ့ရှိခဲ့ရသည်။
စင်စစ်တွင်၊ နတ်ဆိုးချီဆိုသည်က မိုးနှင့်မြေ၏ စွမ်းအင်တစ်မျိုး ဖြစ်သည်။ ကျင့်ကြံသူများက စုပ်ယူပြီး သန့်စင်၍ရ၏။ သို့သော်လည်း နတ်ဆိုးကျင့်စဉ်များကို မလေ့ကျင့်ထားလျှင် စုပ်ယူပြီး သန့်စင်ရန် အလွန်ခက်ခဲလိမ့်မည်။ ကောင်းကင်နှင့်မြေပြင်၏ ယွမ်ချီစွမ်းအင်ကို စုပ်ယူခြင်းထက် အများကြီး နှေးကွေးသည်။
သို့သော်လည်း တစ်စုံတစ်ယောက်က နတ်ဆိုးပညာကို လေ့ကျင့်ထားလျှင် နတ်ဆိုးချီကို စုပ်ယူခြင်းက ရေထဲမှ ငါးတစ်ကောင်ကဲ့သို့ ဖြစ်လိမ့်မည်။ သူတို့၏ ကျင့်ကြံမှုအမြန်နှုန်းက ပိုမိုမြန်ဆန်မည် ဖြစ်သည်။
ထို့ကြောင့် အဆုံးမဲ့နတ်ဆိုးနယ်မြေကြီးက နတ်ဆိုးကျင့်ကြံသူများအတွက် နိဗ္ဗာန်ဘုံတစ်ခုပင်။ ဤနေရာရှိ ကျင့်ကြံသူအများစုမှာ နတ်ဆိုးအတတ်ပညာများကို ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့က နိယာမအမျိုးမျိုးကို နားလည်နိုင်သော်လည်း သူတို့၏ သူတော်စင်စွမ်းအားမှာတော့ နတ်ဆိုးချီများ ပါဝင်သည်။
'အဆုံးမဲ့နတ်ဆိုးနယ်မြေကြီးမှာ နတ်ဆိုးတိုင်းပြည်တွေ ထောင်ချီပြီးရှိတယ်လို့ ဆိုကြတယ်။ အဲဒီထဲမှာ အစွမ်းထက်ဆုံး နတ်ဆိုးတိုင်းပြည် နှစ်ခုရှိပြီး ထာဝရနတ်ဆိုးတိုင်းပြည်ကလည်း တစ်ခုအပါအဝင်ပါပဲ' လုမင်က သူ့စိတ်ထဲမှ စဉ်းစားရင်း ရှေ့ကို ခရီးဆက်ခဲ့လေသည်။
အဆုံးမဲ့နတ်ဆိုးနယ်မြေကြီးတွင် မရေမတွက်နိုင်သော နတ်ဆိုးတိုင်းပြည်များ ရှိသည်။ ၎င်းတို့ကို အဆင့်နိမ့်နတ်ဆိုးတိုင်းပြည်၊ အလယ်အလတ်အဆင့် နတ်ဆိုးတိုင်းပြည်၊ အဆင့်မြင့်နတ်ဆိုးတိုင်းပြည်နှင့် အထူးနတ်ဆိုးတိုင်းပြည်များအဖြစ် ခွဲခြားထားသည်။
ထာဝရနတ်ဆိုးတိုင်းပြည်က အထူးနတ်ဆိုးတိုင်းပြည်တစ်ခုပင်။ ၎င်းက ဟဲမိသားစုနှင့် ဟန်မိသားစုကဲ့သို့ မဟာဧကရာဇ်အဆင့် အင်အားစုများထက်ပင် အင်အားကြီးသည်။ သူတို့က နှစ်ပေါင်းများစွာကတည်းက တည်ရှိနေခဲ့ခြင်းပင်။
ထာဝရနတ်ဆိုးတိုင်းပြည်၏ တိုင်းပြည်ရတနာကို ငှားရမ်းရန်က အမှန်တကယ် မလွယ်ကူနိုင်ပါ။ ဦးစွာ ထာဝရနတ်ဆိုးတိုင်းပြည်၏ အထက်ပုဂ္ဂိုလ်များနှင့် သိကျွမ်းနိုင်ရန် ကြိုးစားရမည် ဖြစ်သည်။ သို့မှသာ ထာဝရနတ်ဆိုးခေါင်းတလားကို ငှားယူနိုင်လိမ့်မည်။
လုမင်က ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူပြီး ဝိညာဉ်အသိကို ပို့လွှတ်လိုက်သည်။ မြေပုံတစ်ခုက သူ့စိတ်ထဲတွင် ပေါ်လာ၏။
ဒါက အဆုံးမဲ့နတ်ဆိုး နယ်မြေကြီး၏ မြေပုံ ဖြစ်သည်။
၎င်းက မဟာဧကရာဇ်ဝူရှန်းမှ လုမင်ကို ပေးအပ်ခဲ့သော မြေပုံပင်။ မဟာဧကရာဇ်အဆင့် ပုဂ္ဂိုလ်ကြီးအနေဖြင့် သူ့တွင် အဆုံးမဲ့နတ်ဆိုးနယ်မြေကြီး၏ မြေပုံတစ်ခုရှိတာ မဆန်းပါ။
မြေပုံပေါ်တွင် နတ်ဆိုးတိုင်းပြည် ထောင်ပေါင်းများစွာ၏ နယ်မြေများ ပေါ်လာသည်။
လုမင်က ခဏတာ စောင့်ကြည့်ပြီးနောက် လေထဲသို့ ပျံတက်သွားပြီး အဝေးသို့ ပျံသန်းသွားလေသည်။
"ဝုန်း... ဝုန်း" ခဏတာ ပျံသန်းပြီးနောက် လုမင်က သူ့ရှေ့တွင် ပေါက်ကွဲသံများကို ကြားလိုက်ရသည်။ သူ့ရှေ့တွင် လူတစ်စုက တိုက်ခိုက်နေကြ၏။
လူဆယ်ယောက်ကျော်က ဝိုင်းဖွဲ့ တိုက်ခိုက်နေပြီး နတ်ဆိုးစွမ်းအင်များလည်း ဖြာထွက်နေသည်။
ခဏအကြာတွင်၊ တိုက်ခိုက်သူများက နှစ်ဖက်ကွဲသွားကြသည်။ သို့သော်လည်း တစ်ဖက်က ပိုအားကောင်းကြောင်း ထင်ရှားပေသည်။ ဓားအလင်းများ လက်ဖြာသွားတိုင်း လူတစ်ယောက် သေဆုံးကြရသည်။
ခဏအတွင်းမှာပင် တစ်ဖက်က အားလုံး သေဆုံးသွား၏။
ကျန်သူများက အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ထားကာ နတ်ဆိုးဓားများကို ကိုင်ဆောင်ထားကြသည်။ သူတို့၏ မျက်လုံးများမှာတော့ ရက်စက်ကြမ်းကြုတ်မှုတို့ ပြည့်နှက်နေပေသည်။
နတ်ဆိုးချီ၏ လွှမ်းမိုးမှုကြောင့် နတ်ဆိုးကျင့်ကြံသူများက ထူးဆန်းသော စရိုက်လက္ခဏာများ ရှိကြသည်။
သူတို့ထဲတွင် တချို့က ရက်စက်ကြမ်းကြုတ်ကြပြီး တချို့ကလည်း အကြမ်းဖက်တတ်၏။ သို့သော်လည်း သူတို့အားလုံးမှာ တူညီသော အချက်တစ်ခု ရှိသည်။ နတ်ဆိုးကျင့်ကြံသူများက စိတ်နူးညံ့တဲ့သူများ မဟုတ်ပေ။ သူတို့က စိတ်မြန်ပြီး အကြင်နာတရား ကင်းမဲ့သည်။
"ဒီကောင်တွေရဲ့ သိုလှောင်လက်စွပ်တွေကို သိမ်းလိုက်၊ မြန်မြန်လုပ်" ခေါင်းဆောင်တစ်ဦးက သတ်ဖြတ်ခံရသူများ၏ သိုလှောင်လက်စွပ်များကို သိမ်းယူရန် အော်ဟစ်လိုက်သည်။
"ခေါင်းဆောင်၊ ဟိုမှာ လူငယ်တစ်ယောက်ရှိတယ်" တစ်စုံတစ်ယောက်က လုမင်ကိုမြင်ပြီး အေးစက်စက်ဖြင့် လှမ်းကြည့်လိုက်သည်။
"ဟားဟားဟား၊ အပိုဝင်ငွေရတော့မှာပါလား။ သူ့ကိုသတ်လိုက်" ခေါင်းဆောင်က ရယ်မောလိုက်၏။
"ဝှစ်... ဝှစ်..." လျှပ်တစ်ပြက်အတွင်းမှာပင်၊ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူ ခုနစ်ယောက်၊ ရှစ်ယောက်က လုမင်ကို ဝိုင်းထားလိုက်ကြသည်။
"ကောင်လေး၊ မင်းရဲ့သိုလှောင်လက်စွပ်ကို လွှဲပေးလိုက်စမ်း။ ဒါဆိုရင် မင်းရဲ့အလောင်းကို အကောင်းအတိုင်း ထားခဲ့ပေးမယ်" ဝတ်စုံနက်ဝတ် လူတစ်ဦးက အေးစက်စက် ပြောလိုက်သည်။
လုမင်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်၏။ အဆုံးမဲ့နတ်ဆိုး နယ်မြေကြီးသို့ ရောက်ရှိသည်နှင့် လုယက်ခံရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သူ မလာခင်က အဆုံးမဲ့နတ်ဆိုးနယ်မြေကြီးဟာ ရှုပ်ထွေးလွန်းသည်ဟု သူကြားဖူးသည်။ နတ်ဆိုးကျင့်ကြံသူအများစုက တိုက်ခိုက်ရတာကို နှစ်သက်ကြပြီး အချင်းချင်း သတ်ဖြတ်ကြတာဟာ အဖြစ်များသောအရာပင်။ ယနေ့မှ ဒါဟာ အမှန်ဖြစ်ကြောင်း သူမြင်လိုက်ရသည်။
သို့သော်လည်း ဤလူများထဲတွင် အသန်မာဆုံးက တောက်ပသော သူတော်စင်နယ်ပယ်တွင်သာ ရှိသည်။ ကျန်သူများမှာက သူတော်စင်တစ်ပိုင်းများ ဖြစ်၏။ သူတို့က သူ့ကို လုယက်ရန် ကြိုးစားခြင်းမှာ ကိုယ့်ကိုယ်ကိုယ် အလွန်အမင်း တွက်ဆထားကြခြင်းပင်။
"ထွက်သွားစမ်း" လုမင်က ငေါက်လိုက်သည်။ သူ့ထံမှ အန္တိမသူတော်စင်နယ်ပယ် အရှိန်အဝါများ ပေါက်ကွဲထွက်လာ၏။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါဖိအားကြောင့် ဝတ်စုံနက်ဝတ် လူများ၏ မျက်နှာအမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။
"အန္တိမသူတော်စင်... အန္တိမသူတော်စင်ပဲ"
"အကြီးအကဲ... ကျွန်တော်တို့ကို ကျေးဇူးပြုပြီး ချမ်းသာပေးပါ။ မျက်လုံးရှိပါလျက်နဲ့ ကောင်းကင်တိုင်ကို မမြင်နိုင်ခဲ့ဘူး။ ကျွန်တော်တို့ အခုပဲ ထွက်သွားပါ့မယ်"
ဝတ်စုံနက်ဝတ်လူများက ကြောက်ရွံ့တုန်လှုပ်စွာ ပြောလိုက်သည်။ သူတို့အားလုံး သေမတတ် ကြောက်ရွံ့သွား၏။
ဒါက အဆုံးမဲ့နတ်ဆိုး နယ်မြေကြီး၏ နယ်စပ်သာ ရှိသေးသည်။ ပုံမှန်အားဖြင့် ဤနေရာတွင် ကျွမ်းကျင်သူများ ရှိမှာမဟုတ်ပါ။ အန္တိမသူတော်စင်နယ်ပယ် ကျင့်ကြံမှုရှိသော လူငယ်တစ်ယောက်နှင့် ရင်ဆိုင်တိုးမိသည်အထိ သူတို့က အဘယ်ကြောင့် ကံဆိုးရသနည်း။
သူတို့အားလုံး ကသောမျောပါးဖြင့် ထွက်ပြေးသွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားကြတော့သည်။
လုမင်လည်း ခေါင်းယမ်းကာ ပြုံးလိုက်မိသည်။ ထိုကျင့်ကြံမှုဖြင့် လူများကို သတ်ရန် သူ စိတ်မ၀င်စားပေ။
ဤသည်မှာ လုမင်၏ အဆုံးမဲ့နတ်ဆိုး နယ်မြေကြီးသို့ ခရီးစဉ်မှ အခိုက်အတန့်လေးတစ်ခုသာ ဖြစ်သည်။
လုမင်က ဆက်လက်ပျံသန်းသွားသော်လည်း သူ့ကို စိတ်ဓာတ်ကျစေသည်မှာ ဓားပြများနှင့် မကြာခဏ ကြုံတွေ့ရခြင်းပင်။ သူတို့ထဲတွင် တချို့က ကျောင်းမှန်းကန်မှန်း နားမလည်ဘဲ လုမင်ကို တိုက်ခိုက်ချင်ကြသည်။ သို့သော်လည်း သူတို့အားလုံး လုမင်၏လက်ချက်ဖြင့် သေဆုံးခဲ့ကြရပေသည်။
ထို့နောက်မှာတော့ လုမင်က ပျံသန်းနေစဉ် သူ၏ အန္တိမသူတော်စင်နယ်ပယ် ကျင့်ကြံမှုကို ပြသထားခဲ့သည်။ ဓားပြများလည်း လုမင်၏ ကျင့်ကြံမှုကို ခံစားမိပြီး အလျင်အမြန် ထွက်ပြေးသွားကြတော့သည်။
ဆယ်ရက်ကျော် ပျံသန်းပြီးနောက် လုမင်က အဆင့်နိမ့် နတ်ဆိုးတိုင်းပြည်အချို့ကို ဖြတ်ကျော်သွားခဲ့သည်။ ထိုအခါ၊ သူတို့အားလုံးနီးပါးက စစ်မက်ဖြစ်ပွားနေကြောင်း တွေ့ခဲ့ရ၏။
ထို့ထက် လုမင်ကို ပို၍စိတ်ဓာတ်ကျစေသောအရာမှာ၊ ဤအဆင့်နိမ့်နတ်ဆိုးတိုင်းပြည်များတွင် တည်နေရာရွှေ့ပြောင်းခြင်းအစီရင် မရှိခြင်း ဖြစ်သည်။ သူက ကိုယ့်အားကိုယ်ကိုးပြီး ပျံသန်းရုံသာ တတ်နိုင်လေသည်။
နောက်ထပ် ရက်အနည်းငယ် ပျံသန်းပြီးနောက် လုမင်၏ မျက်ခုံးတစ်ချက်လှုပ်သွားသည်။ နတ်ဆိုးတောင်တန်းတစ်ခုကို ဖြတ်ကျော်ပျံသန်းရင်းမှ ရုတ်တရက် ရပ်တန့်လိုက်၏။
သူက နတ်ဆိုးစွမ်းအင်များ မယုံနိုင်စရာကောင်းအောင် သိပ်သည်းသော တောင်ကြားတစ်ခုကို တွေ့ခဲ့ရသည်။
'ဒီလောက်သိပ်သည်းတဲ့ နတ်ဆိုးစွမ်းအင်တွေက ကောင်းကင်ဧကရာဇ်ရဲ့ခန္ဓာကိုအတွက် စွမ်းအင်အချို့ကို စုပ်ယူဖို့ သင့်တော်တယ်' လုမင်က သူ့စိတ်ထဲမှ တွေးလိုက်မိသည်။
ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲတွင် သိုလှောင်ထားသော စွမ်းအင်က ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ။ ၎င်းကို ပြန်လည်ဖြည့်တင်းရန် စွမ်းအင်အမြောက်အမြား လိုအပ်သည်။
ထာဝရနတ်ဆိုးတိုင်းပြည်သို့ ဤခရီးစဉ်၏ အန္တရာယ်များကို သူ မသိရသေးပါ။ သူက ပိုအားကောင်းလေလေ၊ ပို၍ လုံခြုံမှုရှိလေ ဖြစ်သည်။ ကောင်းကင်ဧကရာဇ်၏ခန္ဓာကို စွမ်းအင် တစ်ဆယ်ရာခိုင်နှုန်းအထိ ပြန်လည်ဖြည့်တင်းနိုင်ပါက သူ ပိုပြီးယုံကြည်မှုရှိနိုင်လိမ့်မည်။
လုမင်လည်း လမ်းကြောင်းပြောင်းကာ တောင်ကြားဆီသို့ ဦးတည်လိုက်သည်။
"အူဝူး..." လုမင်က တောင်ကြားအနီးကို ရောက်လာသည်နှင့် သားရဲတစ်ကောင်၏ ဟိန်းဟောက်သံများ ကြားလိုက်ရသည်။ ကြီးမားသော အနက်ရောင် ဝံပုလွေကြီးတချို့က လုမင်ဆီကို ခုန်အုပ်လာကြ၏။
"မဟာသူတော်စင်နယ်ပယ်" လုမင်က ရေရွတ်လိုက်သည်။ ဤဧရာမဝံပုလွေများက မဟာသူတော်စင်နယ်ပယ် ကျင့်ကြံမှုခွန်အား ရှိကြ၏။
"ဝုန်း..." လုမင်က လက်သီးတစ်ချက်ထုတ်ဖော်လိုက်သည်နှင့် ဧရာမဝံပုလွေများ နာကျင်စွာ အော်ဟစ်လိုက်ကြသည်။ ၎င်းတို့က လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားကာ မလှုပ်ရှားနိုင်တော့ပေ။
"ဂါး...." ထိုအချိန်တွင်၊ ကျယ်လောင်သော ဟိန်းဟောက်သံများက တောင်ကြားတွင် ပဲ့တင်ထပ်သွားသည်။
***