“လူတိုင်းကသာ စည်းကမ်းတွေကို ချိုးဖောက်နေကြမယ်ဆိုရင် ဂိုဏ်းရဲ့ လုပ်ထုံးလုပ်နည်းတွေက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ”
ထိုအမျိုးသမီးကျင့်ကြံသူက လုံယီကို မျက်စောင်းတစ်ချက်ထိုးရင်း သရော်လိုက်သည်။
တောက်….
လုံယီမှာ ဘာမှပြန်မပြောနိုင်တော့ပေ။ ဆက်လက်ပြောဆိုနေပါက ကိုယ့်ကိုကိုယ် အရှက်ခွဲရာသာ ရောက်တော့မည်ကို သိသဖြင့် ထပ်မံ၍ မကြိုးစားတော့ရန် ဆုံးဖြတ်လိုက်သည်။
အမှန်စင်စစ် သူ လဲလှယ်၍ရသော အခြားပစ္စည်းတစ်ခု ရှိသေးသည်။ ၎င်းမှာ သူ၏ အဆိပ်
ပါရမီကို မြှင့်တင်ပေးနိုင်သည့် အရိုးဆွေးမြက်ပင်။ သို့သော် ဤပါရမီမှာ လက်ရှိတွင် အသုံးမဝင်သလောက် ဖြစ်နေသဖြင့် လုံယီအနေဖြင့် ခက်ခက်ခဲခဲ ရရှိထားသော အကျိုးဆောင်မှတ်များကို အလဟဿ အကုန်အကျမခံလိုပေ။
တပည့်တောင်ထိပ်ကို အရင်ပြန်ပြီး ယို့ချင်းယီ ဒါမှမဟုတ် ရုံရွှယ်ကျန်းတို့မှာ အကြံကောင်းရှိမလား မေးကြည့်ရမယ်။
လုံယီက စိတ်ပျက်လက်ပျက် တွေးတောလိုက်မိသည်။ အလောင်းထိန်းချုပ်ခြင်းဂိုဏ်း၏ ပြင်ပတပည့်များထဲတွင် သူနှင့် အနည်းငယ် ရင်းနှီးသည်ဆို၍ သူတို့နှစ်ဦးသာ ရှိသည်။
လုံယီသည် ကောင်တာမှ အမျိုးသမီးနှင့် အဆင်မပြေဖြစ်ပြီးနောက် ထွက်ခွာရန် ပြင်လိုက်
စဉ်မှာပင် တန်းစီစောင့်ဆိုင်းနေသော တပည့်အမျိုးသားတစ်ဦး ရှေ့သို့ တက်လှမ်းလာသည်။
ထိုသူကို မြင်လိုက်ရသောအခါ လုံယီအပေါ် အေးစက်ခက်ထန်နေခဲ့သော အမျိုးသမီးမှာ ရုတ်တရက်ဆိုသလို မျက်နှာပြောင်းလဲသွားကာ ပြုံးရွှင်သွားတော့သည်။ ၎င်းမှာ စီချွမ်ဇာတ်ပွဲမှ မျက်နှာဖုံးလဲသည့် အတတ်ပညာကဲ့သို့ပင် အံ့သြစရာ ကောင်းလှသည်။
“အို... စီနီယာအစ်ကိုကြီးချောင်ပါလား။ မတွေ့တာတောင် ကြာပြီနော်”
“အလုပ်တစ်ခု လက်စသတ်နေရတာနဲ့ ထင်ထားတာထက် ပိုကြာသွားလို့ ဂျူနီယာညီမလေး ချန်ဆီကို မလာဖြစ်တာပါ”
ထိုတပည့်က နွေးထွေးစွာ ပြန်လည်နှုတ်ဆက်လိုက်သည်။
“ဘာများ လဲလှယ်ချင်လို့လဲရှင်”
“အရင်ဆုံး နဂါးကတိုးပင်တစ်ပင်လောက် လဲချင်ပါတယ်”
ထိုစကားကို ကြားလိုက်ရချိန်တွင် တံခါးဝသို့ ရောက်လုနီးပါးဖြစ်နေသော လုံယီသည် ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်ပြီး နောက်သို့ လှည့်ကြည့်မိသည်။
ထိုနေရာတွင် အသစ်ရောက်ရှိလာသော တပည့်အမျိုးသားမှာ နက်ပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ်ရှည်ရှည်၊ ရုပ်ရည်ချောမောကာ နူးညံ့သိမ်မွေ့သော အမူအရာ ရှိသည်။ အသက် ၂၀ ခန့်သာ ရှိဦးမည်ဟု ခန့်မှန်းရသည်။
စီနီယာအစ်ကိုကြီးချောင်ဟု ခေါ်ဝေါ်ခြင်းခံရသူ ထိုလူငယ်က “ငါ့ရဲ့ ဂျူနီယာညီမလေးကို ပေးဖို့ အစာရှောင်ဆေးလုံးတစ်လုံးလောက် လိုနေတာ။ အခုချိန်မှာ တစ်ယောက်ယောက်ကသာ အဲ့ဒါကို လဲပေးနိုင်ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ” ဟု သူ့ဘာသာ ရေရွတ်လိုက်သည်။
လုံယီ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ဤစီနီယာအစ်ကိုကြီးချောင်ဆိုသူမှာ တကယ့်ကို လူလည်တစ်ယောက်ပင် ဖြစ်သည်။ လုံယီသည် ဆေးလုံးများဟု ကပ်ထားသော အခြားသစ်သားကောင်တာတစ်ခုသို့ လျှောက်သွားလိုက်ပြီး တာဝန်ကျအမျိုးသမီးထံမှ ပစ္စည်းလဲလှယ်ရေး စာအုပ်ငယ်ကို တောင်းခံလိုက်သည်။
ဤကောင်တာမှ အမျိုးသမီးမှာ အစောပိုင်းက ဂျူနီယာညီမလေးချန်နှင့်ယှဉ်လျှင် များစွာ ပိုမိုယဉ်ကျေးပျူငှာလှသည်။ ဆေးလုံးလဲလှယ်ရေး စာအုပ်ငယ်မှာလည်း အဝါရောင် စာရွက်စာတမ်းလေးပင်။ ၎င်းကို ဖွင့်လိုက်သောအခါ အစပိုင်းတွင် အလွတ်ဖြစ်နေသော်လည်း စာမျက်နှာများပေါ်တွင် စာသားများ တဖြည်းဖြည်း ပေါ်ထွက်လာတော့သည်။
အဆင့်နိမ့် ချီစုပ်ယူခြင်းဆေးလုံး - ကျင့်ကြံခြင်းအစောပိုင်းအဆင့်ရှိ တပည့်များ၏ ပင်ပန်းခက်ခဲလှသော ကျင့်ကြံမှုကို တစ်ရက်မှ သုံးရက်အထိ လျှော့ချပေးနိုင်သည်။ သွေးကြောများကို မထိခိုက်စေရန် နှစ်ရက်လျှင် တစ်လုံးသာ သောက်သုံးသင့်သည်။ ကျင့်ကြံခြင်းအစောပိုင်းအဆင့်တွင် ရရှိနိုင်ပြီး၊ တစ်ပုလင်းလျှင် ဆေးလုံး ၁၀ လုံး ပါဝင်ကာ အကျိုးဆောင်မှတ် ၁၀ မှတ် ပေးရမည်။
အဆင့်နိမ့် ဝိညာဉ်နိုးကြားဆေးလုံး - ကျင့်ကြံသူ၏ ချီစွမ်းအားကို လျင်မြန်စွာ ပြန်လည်ပြည့်ဖြိုးစေသည်။ ကျင့်ကြံခြင်း ပထမအဆင့်တွင် အသက်ရှူနှုန်း အကြိမ် ၃၀ အတွင်း ၈၀ ရာခိုင်နှုန်း၊ ဒုတိယအဆင့်တွင် ၅၀ ရာခိုင်နှုန်းနှင့် တတိယအဆင့်တွင် ၃၀ ရာခိုင်နှုန်းအထိ ပြန်လည်ဖြည့်တင်းပေးနိုင်သည်။ အချိန်တိုအတွင်း တစ်လုံးသာ သောက်သုံးနိုင်သည်။ ကျင့်ကြံခြင်းအစောပိုင်းအဆင့်တွင် ရရှိနိုင်ပြီး၊ တစ်လုံးလျှင် အကျိုးဆောင်မှတ် ၈ မှတ် ပေးရမည်။
အဆင့်နိမ့် အစာရှောင်ဆေးလုံး - ၁၀ ရက်တိုင်တိုင် အစာမစားဘဲ နေနိုင်စေသည်။ သို့သော်လည်း ချီနှင့် သွေးခမ်းခြောက်မှုကို ဖြစ်ပေါ်စေနိုင်သည်။ ကျင့်ကြံခြင်းအစောပိုင်းအဆင့်တွင် ရရှိနိုင်ပြီး တစ်လုံးလျှင် အကျိုးဆောင်မှတ် ၁၀ မှတ် ပေးရမည်။
အလယ်အလတ်အဆင့် ဝိညာဉ်နိုးကြားဆေးလုံး - ချီစွမ်းအားကို အလွန်လျင်မြန်စွာ ပြန်လည်ဖြည့်တင်းပေးသည်။ ကျင့်ကြံခြင်း စတုတ္ထအဆင့်တွင် အသက်ရှူနှုန်း ၃၀ အတွင်း ၇၀
ရာခိုင်နှုန်းအထိ ပြန်လည်ဖြည့်တင်းပေးနိုင်သည်။ ကျင့်ကြံခြင်း အလယ်အလတ်အဆင့်တွင် ရရှိနိုင်ပြီး တစ်လုံးလျှင် အကျိုးဆောင်မှတ် ၃၀ ပေးရမည်။
ဝိညာဉ်ပြုစုဆေးလုံး - သွေးကြောများကို ပြုစုပျိုးထောင်ပေးပြီး အတွင်းဒဏ်ရာများကို ကုသပေးသည်။ ကျင့်ကြံခြင်း အလယ်အလတ်အဆင့်တွင် ရရှိနိုင်ပြီး တစ်လုံးလျှင် အကျိုးဆောင်မှတ် ၅၀ ပေးရမည်။
လုံယီသည် စာအုပ်ငယ်ကို အသာအယာ လှန်လှောကြည့်ရှုရင်း မသေမျိုးလမ်းစဉ်ဆိုင်ရာ ဗဟုသုတများကို လေ့လာလိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် သူ ပိုင်ဆိုင်ထားသော တစ်ခုတည်းသော အကျိုးဆောင်မှတ် ၁၀ မှတ်ကို အသုံးပြု၍ အစာရှောင်ဆေးလုံးတစ်လုံးနှင့် လဲလှယ်လိုက်တော့သည်။
လုံယီသည် အစာရှောင်ဆေးလုံးကို လဲလှယ်ပြီးနောက် စီနီယာအစ်ကိုကြီးချောင်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။
စီနီယာအစ်ကိုကြီးချောင်၏ နက်ပြာရောင် ဝတ်စုံက သူသည် ဂိုဏ်း၏ အမွေခံတပည့်တစ်ဦးဖြစ်ပြီး ချီစွမ်းအားကျင့်ကြံခြင်း၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသူဖြစ်ကြောင်း ညွှန်ပြနေသည်။ သူသည် ရုပ်ရည်သန့်ပြန့်ကာ မျက်နှာပေါက် တိကျပြတ်သားသူဖြစ်ပြီး ညာဘက်ပါးပြင်မှ လည်ပင်းအထိ မှဲ့ခုနစ်လုံးမှာ မျဉ်းတစ်ကြောင်းတည်းနီးပါး တန်းနေသည်မှာ အလွန်ပင် ထူးခြားလှသည်။
သူ့ကို အနီးကပ် လေ့လာကြည့်ရှုရင်း လုံယီ၏ စိတ်ထဲတွင် တင်းကြပ်သွားရသည်။ ထိုသူ၏ အရှိန်အဝါမှာ တည်ငြိမ်အေးဆေးနေပြီး သာမန်လူတစ်ယောက်ကဲ့သို့ပင် ထင်မှတ်ရသည်။ သို့သော် သာမန်ထက် သာလွန်သော အာရုံခံစားမှုရှိသည့် လုံယီမှာမူ ထိုအေးချမ်းမှု၏ နောက်ကွယ်တွင် နက်နဲလှသော စွမ်းအားများ ကိန်းအောင်းနေသည်ကို ခံစားမိနေသည်။ ထိုစွမ်းအားများ ပေါက်ကွဲထွက်လာပါက မည်မျှအထိ ပြင်းထန်မည်ကို ခန့်မှန်းရခဲလှသည်။
အလောင်းထိန်းချုပ်ခြင်းဂိုဏ်းရှိ ချီစွမ်းအားကျင့်ကြံခြင်းအဆင့်ရှိသည့် မည်သည့်ကျင့်ကြံသူမျှ သူ့ကို ဤကဲ့သို့သော ခံစားချက်မျိုး မပေးခဲ့ဖူးချေ။ ယခင်က အကဲဖြတ်ပွဲမှ စောင့်ရှောက်သူများပင်လျှင် ဤမျှ မပြင်းထန်ပေ။ စောင့်ရှောက်သူဝမ်နှင့် စောင့်ရှောက်သူခုံတို့မှာ ရှေ့ဆက်တိုးတက်ရန် မျှော်လင့်ချက်မရှိတော့သော အမွေခံတပည့်များဖြစ်ကြပြီး ချီစွမ်းအားကျင့်ကြံခြင်း၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသူများဖြစ်ကြောင်း လုံယီ သိရှိထားသည်။ သို့သော် ဤစီနီယာအစ်ကိုကြီးချောင်မှာမူ သူတို့ထက် သိသိသာသာ ပိုမိုအစွမ်းထက်နေပုံပင်။
စီနီယာအစ်ကိုကြီးချောင်က “ဂျူနီယာညီမလေးချန်... ငါ့ကို ပြဒါးနီတစ်ပေါင်၊ နိုးထခြင်းမြက်သုံးပင်နဲ့ အနှစ်ငါးရာသက်တမ်းရှိတဲ့ ဝိညာဉ်ဂျင်းဆင်းနှစ်မြစ်လောက် ထပ်ပေးပါဦး” ဟု ပြောလိုက်သည်။
ထို့နောက် သူသည် အနက်ရောင် အိတ်ငယ်လေးတစ်အိတ်ကို ကမ်းပေးလိုက်ရာ လုံယီမှာ အလွန်ပင် အားကျသွားမိသည်။ ၎င်းမှာ သိုလှောင်အိတ်ဖြစ်ကြောင်း သိနေသောကြောင့်ပင်။ ဝိညာဉ်အာရုံတိုးတက်လာပြီးနောက် လုံယီသည် မြစ်နားတွင် သူ့ကိုလိုက်လံလုပ်ကြံခဲ့သော အမျိုးသမီးကျင့်ကြံသူ၏ သိုလှောင်အိတ်ကို ဖွင့်ရန် ကြိုးစားခဲ့သော်လည်း ကျဆုံးခဲ့ရသဖြင့် အခြားနည်းလမ်းများကိုသာ စဉ်းစားနေရဆဲပင်။
“စုစုပေါင်း အကျိုးဆောင်မှတ် ၆၅၃ မှတ် ကျသင့်ပါတယ်ရှင်”
ယခင်က ခက်ထန်ခဲ့သော ဂျူနီယာညီမလေးချန်မှာ ယခုအခါ ပြုံးရွှင်စွာဖြင့် သိုလှောင်အိတ်နှင့် တပည့်တိုကင်ပြားကို စီနီယာအစ်ကိုကြီး ချောင်ထံ ပြန်လည်ပေးအပ်လိုက်သည်။
စီနီယာအစ်ကိုကြီး ချောင်မှာ စစ်ဆေးခြင်းပင် မပြုလုပ်ဘဲ အိတ်ကို သိမ်းဆည်းလိုက်သည်။ ထိုသို့သော ယုံကြည်မှုကို မြင်လိုက်ရသောအခါ ဂျူနီယာညီမလေးချန်၏ အပြုံးမှာ ပိုမိုတောက်ပလာတော့သည်။
စီနီယာအစ်ကိုကြီး ချောင်သည် လှည့်ထွက်လာပြီး လုံယီ၏အနားသို့ ချဉ်းကပ်လာကာ “ဒီက ဂျူနီယာညီလေး... မင်းရဲ့ ချီနဲ့ သွေးအခြေအနေက တကယ့်ကို အထင်ကြီးစရာကောင်းတာပဲ။ သာမန် လူသားစစ်သည်တော်တွေထက်တောင် အများကြီး သာလွန်နေတယ်။ ငါ့ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်ကိုတောင် သတိရမိသွားစေတယ်...”
သူ၏ မျက်ဝန်းများထဲတွင် အတိတ်ကို ပြန်လည်တမ်းတနေသော အရိပ်အယောင်များ ယှက်သန်းသွားသည်။
ထို့နောက် သူသည် လွှသွားကဲ့သို့ အနားစောင်းများပါရှိသော အစိမ်းရောင် ဝိညာဉ်ဆေးပင်တစ်ပင်ကို သူ၏လက်ထဲတွင် ထုတ်ဖော်လိုက်သည်။ လုံယီကလည်း ထိုနည်းတူပင် အစာရှောင်ဆေးလုံးထည့်ထားသော ဆေးပုလင်းကို ကမ်းပေးလိုက်တော့သည်။
“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီးချောင်”
လုံယီက ကျေးဇူးတင်ရှိကြောင်း ဖော်ပြသည့်အနေဖြင့် အနည်းငယ် ဦးညွှတ်လိုက်သည်။
“ဒါက ဘာမှ မဟုတ်ပါဘူးကွာ”
ချောင်ရှောက်ကျဲက ပြုံးလျက် လက်ကာပြကာ ငြင်းပယ်လိုက်သည်။
သူတို့နှစ်ဦးမှာ စကားအများကြီး မပြောဖြစ်ကြဘဲ အသီးသီး လမ်းခွဲထွက်ခွာခဲ့ကြသည်။
တပည့်တောင်ထိပ်သို့ ပြန်ရောက်သောအခါ လုံယီသည် ရုံရွှယ်ကျန်းမှာလည်း သူနှင့် မနီးမဝေးသော နေရာသို့ ပြောင်းရွှေ့လာကြောင်း သိလိုက်ရသည်။
“ညီအစ်ကိုရုံ... စီနီယာအစ်ကိုကြီးချောင်ဆိုတဲ့လူကို သိလား”
လုံယီက ထိုစီနီယာ၏ ရုပ်ရည်သွင်ပြင်နှင့် အထူးသဖြင့် ညာဘက်ပါးပြင်ပေါ်ရှိ မှဲ့ခုနစ်လုံးအကြောင်းကို ရှင်းပြလိုက်သည်။
“မှဲ့ခုနစ်လုံးဆိုရင်တော့ ဒါ ချောင်ရှောက်ကျဲပဲ အမှားမရှိနိုင်ဘူး”
ရုံရွှယ်ကျန်း၏ မျက်နှာမှာ တည်ကြည်သွားပြီး “ဒီလူက သာမန်လူမဟုတ်ဘူးဗျ။ ငါးနှစ်အတွင်းမှာတင် ဂိုဏ်းရဲ့ အမွေခံတပည့် ဖြစ်လာခဲ့တာ။ ဒါဟာ အလောင်းထိန်းချုပ်ခြင်းဂိုဏ်း သမိုင်းတစ်လျှောက်မှာ အမြန်ဆုံးပဲ။ ကြားဖူးတာတော့ သူက အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းနိုင်နေပြီဆိုပေမဲ့ နောင်ကျရင် ပိုပြီး မြင့်မားတဲ့ အဆင့်တွေအထိ ချိုးဖောက်တက်လှမ်းနိုင်ဖို့အတွက် သူက လက်ရှိ ကျင့်ကြံမှုကို အတင်းအဓမ္မ ဖိနှိပ်ပြီး စွမ်းအားတွေ စုဆောင်းနေတာတဲ့။ အကယ်၍ ဒီဂိုဏ်းထဲမှာ နောင်တစ်ချိန်မှာ ရွှေရောင်အမြုတေအဆင့်ကို ရောက်နိုင်မယ့်သူ ရှိတယ်ဆိုရင် သူက တစ်ယောက်အပါအဝင်ပဲ။ သူက ဂိုဏ်းချုပ်ကြီးပြီးရင် အလားအလာအရှိဆုံးသူလို့တောင် သတ်မှတ်ခံထားရတာ”
“သြော်...”
လုံယီမှာ သူ့ကို အလွယ်တကူ ကူညီပေးခဲ့သော စီနီယာအစ်ကိုကြီးချောင်မှာ ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု မထင်ထားမိပေ။
ထို့အပြင် သူ၏ အပြုအမူနှင့် စကားပြောပုံအရ သူသည် ကျင့်ကြံခြင်းတစ်ခုတည်းကိုသာ အာရုံစိုက်ပြီး မိမိကိုယ်ကိုယ် ဗဟိုပြုတတ်သူမျိုး မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ နားလည်မှုအလွန်မြင့်မားသူတစ်ဦး ဖြစ်ကြောင်း သိသာလှသည်။ သူနှင့်ယှဉ်လျှင် ချောင်ရှောက်ကျဲက ဂျူနီယာညီမလေးချန်ဟု ခေါ်ဆိုခဲ့သော ကောင်တာမှ အမျိုးသမီးကျင့်ကြံသူမှာ များစွာ လိုအပ်ချက်ရှိနေပုံပင်။
“အဲ့ဒီ အမျိုးသမီးကျင့်ကြံသူရဲ့ နာမည်က ချန်ရွေ့ချင်းတဲ့။ သူမရဲ့ မိသားစုထဲမှာ ဂိုဏ်းရဲ့ အကြီးအကဲတွေ ရှိနေလို့ သူမက အဲ့ဒီလောက်အထိ မောက်မာနေတာပေါ့။ လူအများကြီး သူမရဲ့ စောင်းမြောင်းပြောဆိုတာတွေကို ခံခဲ့ရပေမဲ့ သည်းခံနေကြရတာ။ ဝိညာဉ်ဆေးဝါးခန်းမမှာ အလုပ်လုပ်ရတာက အေးဆေးပြီး သက်သာတဲ့အလုပ်ဆိုတော့ အဲ့ဒီကို ရောက်လာတဲ့သူတွေက တကယ့် နောက်ခံတောင့်တင်းတဲ့သူတွေချည်းပဲ”
ရုံရွှယ်ကျန်းက ချန်မျိုးနွယ်စုဝင် အမျိုးသမီးအကြောင်းကို ပြောဆိုရာတွင် ထူးဆန်းသော မျက်နှာပေးမျိုးဖြင့် ပြောလိုက်သည်။
“မသေမျိုးဂိုဏ်းတစ်ခုထဲမှာတောင် ဒီလိုကိစ္စတွေ ရှိလိမ့်မယ်လို့ မထင်ထားမိဘူး”
လုံယီက ထိုစကားကို ကြားရသောအခါ ခေါင်းကိုသာ ခါလိုက်မိတော့သည်။
“ကျင့်ကြံသူတွေဆိုတာလည်း လူသားတွေနဲ့ မခြားပါဘူးကွာ။ သူတို့မှာလည်း ခံစားချက်တွေ၊ လိုအင်ဆန္ဒတွေနဲ့ အကျိုးစီးပွားတွေ ရှိနေကြတာပဲ။ သူတို့က တကယ့် မသေမျိုးစစ်စစ်တွေ ဖြစ်မလာသေးသရွေ့ပေါ့”
ရုံရွှယ်ကျန်းက ရယ်မောကာ ပြောလိုက်သည်။
သူ၏ ဂူအိမ်သို့ ပြန်ရောက်သောအခါ လုံယီသည် ခုနက ရရှိလာသော နဂါးကတိုးပင်ကို ထုတ်ယူလိုက်သည်။ သူသည် ကျင့်စဉ်များအောက်ရှိ အရည်အချင်းပြမျက်နှာပြင်ကို ကြည့်လိုက်ပြီး မသေမျိုးလမ်းစဉ် အခြေခံကျင့်စဉ်၏ ဘေးရှိ အပေါင်းလက္ခဏာကို နှိပ်လိုက်တော့သည်။
[ထူးကဲယင်ကျင့်စဉ် (အခြေခံအဆင့် ၀/၂၀၀ + နဂါးကတိုးပင်) → ထူးကဲယင်ကျင့်စဉ် (နှံ့စပ်ကျွမ်းကျင်မှုအဆင့် ၀/၁၀၀၀ + လရောင်နှင်းစက်)]
***