မကြာမီမှာပင် အပြင်တပည့်များကြားတွင် ကောလာဟလတစ်ခု အလွန်အမင်း ပျံ့နှံ့လာတော့သည်
“လယ်သမားသား လုံယီက စစ်သေနာပတိချုပ်ကြီးရဲ့ သမီးတော် ယို့ချင်းယီကို ချစ်နေတာတဲ့။ သူတို့ စေ့စပ်တော့မယ်လို့တောင် ပြောနေကြတယ်။ ဒါပေမဲ့ လုံယီက အဆင့်နိမ့်ပါရမီရှင်လေ။ ယို့ချင်းယီကတော့ ထိပ်တန်းအဆင့်ပါရမီရှင်ကြီး...”
ဆင်းရဲသားကောင်လေးနှင့် သူဌေးသမီးလေးတို့၏ ဇာတ်လမ်းမှာ မည်သည့်ကမ္ဘာတွင်မဆို လူပြောအများဆုံး အကြောင်းအရာ ဖြစ်နေတတ်သည်။ လူတိုင်းတွင် သူတစ်ပါးအတင်းအဖျင်းကို စပ်စုလိုသော သဘာဝ ရှိကြသည်။
မကြာမီ ထိုကောလာဟလမှာ ပိုမိုပျံ့နှံ့သွားပြီး ပုံစံအမျိုးမျိုး ပြောင်းလဲကုန်တော့သည်။ အချို့က ယို့ချင်းယီသည် လုံယီနောက်သို့ တကောက်ကောက်လိုက်နေပြီး သူမ၏ မိသားစုအာဏာကို သုံးကာ လုံယီကို လက်ခံခိုင်းနေသည်ဟု ပြောကြသည်။ အချို့ကမူ လုံယီတွင် ထူးခြားသော ပါရမီတစ်ခု ရှိနေသဖြင့် ယို့ချင်းယီမှာ သူ့ကို မခွဲနိုင်မခွာရက် ဖြစ်နေရသည်ဟုပင် ပြောဆိုလာကြသည်။
ထိုသတင်းများ ပျံ့နှံ့သွားပြီးနောက် တစ်စုံတစ်ယောက်သည် ယို့ချင်းယီကို မျက်ရည်ဝိုင်းလျက် တောင်ထိပ်တွင် တစ်ယောက်တည်း ရပ်ကာ အဝေးသို့ ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်ဟု ဆိုကြပြန်သည်။
ထင်ထားသည့်အတိုင်းပင် ထိုနေ့မနက်တွင် လုံယီသည် ယို့ချင်းယီကို သွားရောက်ခေါ်ယူသောအခါ မည်သည့်တုံ့ပြန်မှုမျှ မရရှိတော့ချေ။ သူမ ထိုနေရာတွင် မရှိသကဲ့သို့ပင် တိတ်ဆိတ်နေတော့သည်။ သို့သော် လုံယီ၏ ထက်မြက်လှသော အာရုံခံစားမှုအရ ယို့ချင်းယီမှာ ဂူအတွင်း၌ ရှိနေဆဲဖြစ်ကြောင်း အသေအချာ သိရှိနေသည်။
ခဏမျှ စဉ်းစားပြီးနောက် လုံယီမှာ အကြောင်းရင်းကို နားလည်သွားသည်။ သူမသည် အခြေအမြစ်မရှိသော စွပ်စွဲချက်များမှ ကင်းဝေးစေရန် သူ့ကို တမင်ရှောင်ဖယ်နေခြင်းပင်။
မိန်းကလေးတွေဆိုတာ မိန်းကလေးတွေပါပဲလား။ အရှက်အကြောက်ကလည်း ကြီးလိုက်တာ။
လုံယီမှာ မတတ်နိုင်သလို ခေါင်းကိုသာ ခါလိုက်မိသည်။ သူ၏ စိတ်ထဲတွင်မူ ထိုကိစ္စကြောင့် ထိခိုက်ခံစားရခြင်း မရှိလှပေ။ အမှန်တကယ်တော့ သူသည် သူမအပေါ် ရည်ရွယ်ချက်မရှိခဲ့သလို လှပသော မိန်းကလေးနှင့် အတူတူ လမ်းမလျှောက်ရတော့သဖြင့် အနည်းငယ် နှမြောမိရုံမျှသာ ဖြစ်သည်။
ယနေ့ ဟောပြောပို့ချမည့်သူမှာ အကြီးအကဲဟဲဖြစ်ပြီး အဆောင်အတတ်ပညာအကြောင်းကို ဆွေးနွေးမည် ဖြစ်သည်။ သူသည် ယခင်က လုံယီတို့ကို မိုးခေါ်အတတ်သင်ကြားပေးခဲ့သူဖြစ်ပြီး ထူးထူးခြားခြားနှင့် စည်းကမ်းမလိုက်နာတတ်သော အကြီးအကဲတစ်ဦးလည်း ဖြစ်သည်။
ဧည့်သည်တော်ကြိုဆိုရေးတောင်ထိပ်ပေါ်တွင် တပည့်များအားလုံး တစ်နေကုန်နီးပါး စောင့်ဆိုင်းနေခဲ့ကြသော်လည်း အကြီးအကဲဟဲ၏ အရိပ်အယောင်ကိုမျှ မတွေ့ရချေ။
“ဘာလို့ အကြီးအကဲဟဲ ရောက်မလာသေးတာလဲ သူ အိပ်ပျော်နေတာများလား”
“သွားစမ်းပါကွာ... သူက မင်းလိုလူမျိုးလို့ ထင်နေတာလား”
လူတိုင်း ဇဝေဇဝါဖြစ်နေစဉ်မှာပင် တစ်စုံတစ်ယောက်က တောင်ပေါ်သို့ အသည်းအသန် ပြေးတက်လာပြီး အော်ဟစ်လိုက်သည်။
“အကြီးအကဲဟဲ တောင်ခြေမှာ လူကယ်နေရတယ် စီနီယာအစ်ကိုကြီးတွေနဲ့ အစ်မကြီးတွေ အုပ်စုလိုက် ဒဏ်ရာရလာကြလို့တဲ့”
ဘာ...
လုံယီနှင့် အခြားသူများမှာ ထိတ်လန့်သွားကြပြီး တောင်ခြေသို့ အပြေးအလွှား ဆင်းသွားကြတော့သည်။ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိသောအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် လူတိုင်း မှင်တက်သွားကြပြီး စိတ်ထဲတွင် အေးစက်သော ခံစားချက်တစ်ခု ထိုးတက်လာခဲ့သည်။
သွေးအိုင်ထဲတွင် နစ်နေသော လူနာတင်စင် ဒါဇင်ပေါင်းများစွာမှာ တောင်ခြေရှိ ကွင်းပြင်ကျယ်ကြီးပေါ်တွင် ဖရိုဖရဲ ရှိနေကြသည်။ ထိုစင်များပေါ်ရှိ နက်ပြာရောင်ဝတ်စုံဝတ် တပည့်များ၏ ထက်ဝက်ခန့်မှာ အသက်ဝိညာဉ် ကင်းမဲ့နေကြပြီဖြစ်သည်။
ကျန်ရှိနေသူများမှာလည်း တစ်ကိုယ်လုံး သွေးချင်းချင်းနီနေကြသည်။ အချို့မှာ ဗိုက်ပွင့်
ထွက်နေပြီး အချို့မှာ ခြေလက်များ ပြတ်တောက်နေကာ အချို့မှာမူ ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ကျွမ်းထားသကဲ့သို့ မည်းမှောင်နေတော့သည်။ အော်ဟစ်ညည်းတွားသံများနှင့် ငိုရှိုက်သံများမှာ ကွင်းပြင်တစ်ခုလုံးတွင် ပျံ့လွင့်နေပြီး ဝမ်းနည်းကြေကွဲမှုများဖြင့် ပြည့်နှက်နေသည်။
“နာတယ်... အရမ်းနာတယ်။ ငါ ဆက်မခံစားနိုင်တော့ဘူး... ငါ့ကို သတ်ပေးကြပါ။ သတ်လိုက်ကြပါတော့”
“ငါ့ခြေထောက်... ငါ့ခြေထောက်... ငါ့ခြေထောက် ဘယ်ရောက်သွားပြီလဲ”
“တောက်... ငါ့ရဲ့ မသေမျိုးလမ်းစဉ်က အဝေးကြီး မရောက်သေးဘူး။ အခုတော့ ငါ့ခန္ဓာကိုယ်က ပျက်စီးသွားပြီ။ ဒီဘဝမှာ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းဖို့ မျှော်လင့်ချက် မရှိတော့ဘူး ငါ နာကျည်းတယ်”
“နေနီဂိုဏ်းက ကောင်တွေ... ငါ လဲ့ဟောင်ကတော့ မင်းတို့နဲ့ တစ်ကမ္ဘာတည်း မနေဘူး”
စီနီယာအစ်ကိုကြီး၊ အစ်မကြီးများ၏ နာကျင်စွာ အော်ဟစ်သံများမှာ နားထဲတွင် ဆက်တိုက်ဆိုသလို မြည်ဟည်းနေသည်။ အကြီးအကဲဟဲနှင့် အခြားသော ဝတ်စုံနက်ဝတ် အကြီးအကဲနှစ်ဦးမှာလည်း တည်ကြည်လေးနက်သော မျက်နှာထားများဖြင့် ရှိနေကြတော့သည်။
ထိုစဉ် အစိမ်းရောင်တောက်ပသော အလင်းတန်းများက သူတို့ကို ဝန်းရံထားပြီး အကြီးအကဲများ၏ လက်ထဲရှိ ဆေးလုံးများသည် ထိုအလင်းတန်းများ၏ အကူအညီဖြင့် ဒဏ်ရာရရှိသူများ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားကာ အရေးပေါ် ကုသမှုများကို လုပ်ဆောင်ပေးနေကြသည်။
“စီနီယာအစ်ကိုကြီးဝေ မဟုတ်လား”
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
လူတိုင်း ထိတ်လန့်တကြားဖြင့် မော့ကြည့်လိုက်ကြပြီး နေရာတစ်ခုသို့ စုပြုံပြေးသွားကြတော့သည်။ ယခုတပည့်သစ်အုပ်စု၏ ခေါင်းဆောင်ဖြစ်သူ၊ အရပ်ရှည်ရှည်၊ မျက်လုံးမှေးမှေးနှင့် ဝေကျန်းမှာလည်း ယခုအခါ လူနာတင်စင်ပေါ်တွင် သွေးအလိမ်းလိမ်းဖြင့် လဲလျောင်းနေရသည်။ သူ၏ မျက်ဝန်းများမှာ အရောင်အဝါ ကင်းမဲ့နေပြီး ပါးစပ်မှလည်း သွေးများ တောက်လျှောက် ထွက်ပေါ်နေသည်။
“ကျွန်မဆီမှာ ဆေးလုံးတချို့ ရှိပါတယ်”
ယို့ချင်းယီမှာ မည်သည့်အချိန်က ရောက်ရှိနေမှန်းမသိဘဲ အနားသို့ ရောက်လာသည်။
သူမသည် အဖြူရောင်ကျောက်စိမ်းဆေးပုလင်းကို အလျင်အမြန် ထုတ်ယူလိုက်ပြီး အဝါရောင်ဆေးလုံးတစ်လုံးကို ဝေကျန်း၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ ဆေးလုံးမှာ ပါးစပ်ထဲရောက်သည်နှင့် အရည်ပျော်သွားပြီး ဆေးအာနိသင်ကြောင့် ခဏအကြာတွင် ဝေကျန်း၏ မျက်ဝန်းထဲ၌ အသက်ဓာတ်အရိပ်အယောင်များ ပြန်လည် ပေါ်ပေါက်လာတော့သည်။
“ကျေး... ကျေးဇူးတင်ပါတယ်”
သူက အားနည်းသောအသံဖြင့် ပြောလိုက်သည်။
“စီနီယာအစ်ကိုကြီးဝေ... ဘာတွေဖြစ်ခဲ့တာလဲ ဘာလို့ အားလုံး ဒီလောက်အထိ ဒဏ်ရာရလာကြတာလဲ”
တစ်စုံတစ်ယောက်က မေးလိုက်သည်။
“စကားနည်းနည်းပြောစမ်းပါ။ စီနီယာအစ်ကိုကြီးဝေကို အနားယူပါစေဦး”
အခြားတစ်ဦးက ဝင်ရောက် တားဆီးလိုက်သည်။
အတန်ကြာပြီးနောက် ဝေကျန်းမှာ အခြေအနေ အနည်းငယ် တည်ငြိမ်လာပုံရပြီးမှ စကားစပြောလာသည်။
“မကြာသေးခင်ကမှ ရှေးဟောင်းကျင့်ကြံသူတွေရဲ့ လျှို့ဝှက်နယ်မြေအသစ်တစ်ခုကို တွေ့ရှိခဲ့ကြတယ်။ အဲ့ဒီထဲမှာ ငါတို့က ဝိညာဉ်ကြောတစ်ခုကို ရှာတွေ့ခဲ့တယ်... ဒါပေမဲ့ နေနီဂိုဏ်းကလည်း ဒီသတင်းကို ကြားသွားပြီး ဝိညာဉ်ကြောကို လုယူဖို့အတွက် ငါတို့ကို ချောင်းမြောင်း တိုက်ခိုက်ခဲ့ကြတာ...”
“ဘာ... လျှို့ဝှက်နယ်မြေအသစ်နဲ့ ဝိညာဉ်ကြော ဟုတ်လား”
ဝမ်ဝမ်ပိုင်က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
“တောက်... အဲ့ဒီနေနီဂိုဏ်းက သူခိုးတွေကတော့ တရားလွန်လွန်းနေပြီ”
အခြားသူများမှာ ဝိညာဉ်ကြောသို့မဟုတ် လျှို့ဝှက်နယ်မြေ၏ အရေးပါပုံကို အပြည့်အဝ နားမလည်ကြသော်လည်း နေနီဂိုဏ်း၏ လုပ်ရပ်မှာ အလွန်ပင် ယုတ်မာလှကြောင်း သိရှိနေကြသဖြင့် လူတိုင်းမှာ ဒေါသထွက်နေကြတော့သည်။
ဝှူး... ဝှူး... ဝှူး
ရုတ်တရက်ဆိုသလို ကောင်းကင်ယံတွင် တောက်ပသော အလင်းတန်းများ ပေါ်လာပြန်သည်။ ပုံစံအမျိုးမျိုးရှိသော ပျံသန်းနိုင်သည့် ဝိညာဉ်လက်နက်များမှာ ဖြည်းညှင်းစွာ ဆင်းသက်လာကြပြီး ဝတ်စုံနက်ဝတ် အကြီးအကဲ အမြောက်အမြားမှာ ဒဏ်ရာရရှိသူများကို စတင်ကုသပေးကြတော့သည်။
“သက်ဆိုင်ခြင်းမရှိတဲ့သူတွေ အရင်ဆုံး ထွက်သွားကြပါ။ အကြီးအကဲတွေ ကုသပေးနေတာကို မနှောင့်ယှက်ကြနဲ့...”
ခဏအကြာတွင် စည်းကမ်းထိန်းသိမ်းရေးဌာနမှ တပည့်များရောက်ရှိလာပြီး လူစုခွဲရန်နှင့် အခြေအနေကို ထိန်းသိမ်းရန် တာဝန်ယူဆောင်ရွက်ကြသည်။
လုံယီနှင့် အခြားသူများမှာလည်း နောက်သို့ဆုတ်ခွာပေးခဲ့ကြရပြီး တပည့်တောင်ထိပ်ဆီသို့ ပြန်လာခဲ့ကြသည်။ လမ်းခရီးတွင် သူသည် ရုံရွှယ်ကျန်းနှင့်အတူ ဘေးချင်းယဉ်လျှောက်လာစဉ် ရုံရွှယ်ကျန်း၏မျက်နှာမှာ အလွန်တည်ကြည်လေးနက်နေသည်ကို သတိပြုမိလိုက်သည်။
"လျှို့ဝှက်နယ်မြေအသစ်တစ်ခု ပေါ်လာပြီ။ ဝိညာဉ်ကြောလည်း ပါတယ်ဆိုတော့ အဓိကဂိုဏ်းကြီးတွေကြားက ငြိမ်းချမ်းရေးကတော့ ပျက်တော့မယ်ထင်တယ်..."
လုံယီ မမေးရသေးခင်မှာပင် ရုံရွှယ်ကျန်းက ကြိုတင်ရှင်းပြလာသည်။
"လျှို့ဝှက်နယ်မြေဆိုတာ ဘာလဲ"
လုံယီက မေးလိုက်သည်။
"တချို့က ရှေးခေတ်က ပုဂ္ဂိုလ်ကျော်တွေရဲ့ နေထိုင်ရာဂူဗိမာန်တွေကနေ ဖြစ်လာတာ။ တချို့ကျတော့လည်း ပျက်စီးသွားတဲ့ ဂိုဏ်းကြီးတွေရဲ့ တည်နေရာတွေပေါ့။ အဆင့်မြင့် စွမ်းအင်ကာရံမှုတွေနဲ့ ဖုံးကွယ်ထားတာမို့လို့ သာမန်လူတွေ ဝင်လို့မရဘူး။ အချိန်တွေကြာလာပြီး အဲ့ဒီစွမ်းအင်ကာရံမှုတွေ အားနည်းသွားတဲ့အခါမှ ပေါ်လာတတ်တာမျိုးကို ရှေးဟောင်းကျင့်ကြံသူတွေရဲ့ လျှို့ဝှက်နယ်မြေလို့ ခေါ်တာပဲ"
ရုံရွှယ်ကျန်းက ဆက်လက်ရှင်းပြသည်။
"အဲ့ဒီနယ်မြေတွေထဲမှာ ရှားပါးတဲ့ ရတနာတွေ၊ ကျင့်စဉ်အမွေအနှစ်တွေနဲ့ ဝိညာဉ်ကြောတွေပါ ရှိတတ်တယ်။ ဒါတွေကို ပိုင်ဆိုင်ခွင့်ရတာက ဂိုဏ်းတစ်ခုရဲ့ အင်အားကို အကြီးအကျယ် မြှင့်
တင်ပေးနိုင်တာပဲ"
"ဝိညာဉ်ကြောထဲမှာ ဝိညာဉ်ချီတွေကို ထုတ်လွှတ်ပေးနိုင်တဲ့ ဝိညာဉ်ကျောက်တုံးတွေ အမြောက်အမြားရှိတယ်။ အဲ့ဒီကျောက်တုံးတွေကို ရိတ်သိမ်းနိုင်ရင် ဂိုဏ်းရဲ့ ဝိညာဉ်ချီသိပ်သည်းဆကို မြှင့်တင်နိုင်ပြီး ပညာရှင်အသစ်တွေကို ပိုပြီး မွေးထုတ်ပေးနိုင်မှာလေ..."
ရုံရွှယ်ကျန်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လုံယီမှာ အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။
"ဝိညာဉ်ကြောက ဒီလောက်အရေးကြီးရင် အကြီးအကဲတွေက ဘာလို့ကိုယ်တိုင် မသွားကြတာလဲ တပည့်တွေကိုပဲ ဘာလို့ လွှတ်ပြီး တိုက်ခိုင်းနေတာလဲ"
"ပထမအချက်က လျှို့ဝှက်နယ်မြေ တော်တော်များများမှာ ကျင့်ကြံခြင်းအဆင့် ကန့်သတ်ချက်တွေ ရှိတယ်။ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ထက် မြင့်တဲ့သူတွေ ဝင်ဖို့ခက်တယ်။ ဒုတိယအချက်ကတော့ ငါတို့ဘက်က အင်အားကြီးသူတွေ အချင်းချင်းတိုက်လို့ ထိခိုက်ကုန်ရင် မိစ္ဆာမျိုးနွယ်တွေက အခွင့်ကောင်းယူသွားမှာ စိုးလို့ပဲ။ လူသားဂိုဏ်းကြီးတွေကြားမှာ ချီစွမ်းအားကျင့်ကြံသူတွေရဲ့ ယှဉ်ပြိုင်မှုနဲ့ပဲ အဖြေရှာဖို့ဆိုတဲ့ မရေးမသားထားတဲ့ စည်းကမ်းတစ်ခု ရှိထားကြတယ်"
ရုံရွှယ်ကျန်းက ခေတ္တရပ်ပြီး ထပ်လောင်းပြောလိုက်သည်။
"ဒါပေမဲ့ အကျိုးအမြတ်ကသာ တကယ်ကြီးမားမယ်ဆိုရင်တော့ ဂိုဏ်းရဲ့ အထက်လူကြီးတွေကလည်း အရှက်မရှိ ကိုယ်တိုင် ပါဝင်ပတ်သက်လာမှာပါပဲ..."
"ဒီတစ်ခေါက် ပဋိပက္ခက အရမ်းပြင်းထန်တယ်။ ဒါမျိုးက အတော်လေး ရှားပါးသလို အကြီးအကဲတွေ ပါဝင်မလာတာကလည်း ပထမဆုံးအကြိမ်ပဲ"
ရုံရွှယ်ကျန်းက အဝေးသို့ ငေးကြည့်ရင်း စိုးရိမ်စိတ်များဖြင့် ပြောလိုက်သည်။
"လာမယ့် နှစ်အနည်းငယ်အတွင်းမှာတော့ အေးအေးချမ်းချမ်း ရှိတော့မှာ မဟုတ်ဘူးလို့ ငါ ခံစားနေရတယ်"
ရုံရွှယ်ကျန်း၏ စကားကို ကြားသောအခါ လုံယီလည်း ရုတ်တရက် စိုးရိမ်စိတ်များ ဝင်လာခဲ့သည်။ အပြင်တပည့်တစ်ဦးအနေဖြင့် လက်ရှိတွင် အလုံခြုံဆုံးဖြစ်နေသော်လည်း အတွင်းတပည့်ဖြစ်လာပါက တာဝန်အမျိုးမျိုးကို ထမ်းဆောင်ရမည်ဖြစ်ပြီး လျှို့ဝှက်နယ်မြေထဲတွင် ရန်သူများနှင့် အသက်ဘေးရင်ဆိုင် တိုက်ခိုက်ရပေလိမ့်မည်။
'ဒီကြားကာလလေးမှာ ငါ့ရဲ့ အစွမ်းအစတွေကို အမြန်ဆုံး မြှင့်တင်ထားမှ ဖြစ်မယ်'
"ဟူး... ငါတို့ဂိုဏ်းရဲ့ ကျင့်စဉ်တွေက နေနီဂိုဏ်းရဲ့ ကျင့်စဉ်တွေနဲ့ဆိုရင် အလိုအလျောက် အနှိမ်ခံနေရသလိုပဲ။ ချီစွမ်းအားကျင့်ကြံခြင်း နောက်ဆုံးအဆင့် မရောက်မချင်း စစ်မှန်သော သွေးဂိုဏ်းကိုလည်း အနီးကပ်တိုက်ပွဲမှာ ယှဉ်နိုင်ဖို့ အသာစီးမရဘူး။ မိစ္ဆာမျိုးနွယ်တွေဆိုရင်တော့ ပိုတောင် ကိုင်တွယ်ရခက်သေးတယ်..."
ရုံရွှယ်ကျန်းက နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြန်သည်။
၎င်းကို နားထောင်ရင်း လုံယီမှာ မှင်တက်သွားတော့သည်။
'ဒါဆို ငါက ခက်ခက်ခဲခဲနဲ့ မြစ်ကို ဖြတ်ကျော်လာပြီးမှ အားအနည်းဆုံးဂိုဏ်းထဲကို ဝင်မိတာလား'
***