စစ်ယင်ကြောင့် ရွှီနင်သည် ကျိဖုန်းပြည်နယ်တွင် တစ်မဟုတ်ချင်း နာမည်ကျော်ကြားသွားလေသည်။ လူအများအပြားမှာ ရွှီနင်ဟူသောအမည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။
၎င်းတို့ စုံစမ်းကြည့်လိုက်သောအခါ ရွှီနင်မှာ ယွဲ့လန်ဂိုဏ်းမှ မီရှင်းယယ်၏ တပည့်ဖြစ်ကြောင်း သိလိုက်ရသည်။ သူ၏ သိုင်းပါရမီမှာ ကြောက်ခမန်းလိလိ ကောင်းမွန်လှပြီး ယွဲ့လန်ဂိုဏ်းအတွင်း၌လည်း အရှိန်အဝါ အလွန်ကြီးမားနေပြီ ဖြစ်သည်။
အားကျသူအများအပြားမှာ ရွှီနင်ကို ကိုယ်တိုင်မြင်တွေ့ရန် မိုင်ပေါင်းထောင်ချီဝေးသော ယွဲ့လန်ဂိုဏ်းသို့ ခရီးနှင်လာကြသော်လည်း ရွှီနင်မှာ ဂိုဏ်းတွင် ရှိမနေသဖြင့် စိတ်ပျက်ခဲ့ကြရသည်။
ထိုအချိန်တွင် ရွှီနင်သည် ရှောင်ဟေးကို စီးနင်းကာ ပြည်နယ်တစ်ဆယ့်ခုနစ်ခု၏ တောင်ဘက်အကျဆုံးနေရာဖြစ်သော ချွင်းကူပြည်နယ်သို့ အပြင်းနှင်နေပြီ ဖြစ်သည်။ အဆုံးမဲ့ပင်လယ်ချောက်နက်ကြီး၏ အခြားတစ်ဖက်မှ ရန်သူများမှာ မကြာခင် ရောက်လာတော့မည်ကို သိရှိထားရာ မိမိကိုယ်ကိုယ် ကာကွယ်နိုင်ရန် ခွန်အားများကို ထပ်မံမြှင့်တင်ရပေဦးမည်။
…
ချွင်းကူပြည်နယ်၊ ယွင်ဖုန်းရေကန်…
ဤနေရာသည် တစ်နှစ်ပတ်လုံး မည်းမှောင်သော တိမ်တိုက်များနှင့် မိုးသက်မုန်တိုင်းများ ဖုံးလွှမ်းနေတတ်သည်။ မြစ်များ၊ ရေကန်များနှင့် ရွှံ့နွံတောများသည် အဆုံးမဲ့ ကျယ်ပြောလှသည်။
လူအချို့သည် ယွင်ဖုန်းရေကန် အလယ်ဗဟိုတွင် တစ်စုံတစ်ခုကို ရှာဖွေနေကြသည်။ ထိုသူတို့ထဲတွင် အမျိုးသားရော အမျိုးသမီးပါ ပါဝင်ပြီး ဝတ်စုံအမျိုးမျိုး ဝတ်ဆင်ကာ လက်နက်အသီးသီးကို ကိုင်ဆောင်ထားကြသည်။ ၎င်းတို့သည် ရွှံ့နွံထဲ၌ မြေပြင်ပေါ် လမ်းလျှောက်နေသကဲ့သို့ ပေါ့ပါးစွာ လှုပ်ရှားနေကြသည်။
“ရှာတွေ့ပြီဗျို့” အနက်ရောင်ကျောက်တုံးကို ကိုင်ထားသော အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦးမှာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ သူ၏လက်ထဲမှ အနက်ရောင်ကျောက်တုံးသည် တစ်စုံတစ်ခုအား အာရုံခံမိသကဲ့သို့ မှိန်ဖျဖျ အလင်းတန်းများ ဖြာထွက်နေလေသည်။
“ရှာတွေ့ပြီလား” အစိမ်းရောင်ဝတ်စုံနှင့်လူ၏ အော်သံကြောင့် ပတ်ဝန်းကျင်၌ ရှာဖွေနေသူများ အားလုံး စုရုံးလာကြသည်။ အနားသို့ ရောက်လာသောအခါ ၎င်းတို့လက်ထဲရှိ အနက်ရောင်ကျောက်တုံးများမှာလည်း ရူးသွပ်စွာပင် အလင်းတန်းများ တဖျတ်ဖျတ် လက်လာတော့သည်။
“ကောင်းတယ်... ကောင်းတယ်...” လူတိုင်း စိတ်လှုပ်ရှားနေကြသည်။
“ငါတို့ ကြိုးစားရကျိုးနပ်ပြီ... နောက်ဆုံးတော့ ပင်လယ်နီမိစ္ဆာသခင်ရဲ့ အမွေအနှစ်နယ်မြေကို ရှာတွေ့ခဲ့ပြီပဲ” မုတ်ဆိတ်ဗလပွနှင့် လူသန်ကြီးတစ်ဦးက ဝမ်းသာအားရ ဆိုလိုက်လေသည်။
ထိုသူသည် အရပ်နှစ်မီတာကျော် မြင့်မားပြီး လက်ပြတ်အင်္ကျီကို ဝတ်ဆင်ထားရာ တောင့်တင်းသော ကြွက်သားများနှင့် ဖုထွက်နေသော သွေးကြောများမှာ အားအင်အပြည့်ရှိနေကြောင်း ပြသနေသည်။ ကျောပေါ်တွင်မူ ထက်မြက်သော ပုဆိန်ကြီးတစ်လက်ကို လွယ်ထားလေသည်။ ပုဆိန်မျက်နှာပြင်ပေါ်တွင် ထူးဆန်းသော လိုင်းများ ထွင်းထုထားပြီး ကြောက်မက်ဖွယ် ဖိအားတစ်ခုကို ထုတ်လွှတ်နေရာ ၎င်းမှာ တာအိုလက်နက်တစ်ခုဖြစ်ကြောင်း ထင်ရှားလှပေသည်။
“ပင်လယ်နီမိစ္ဆာသခင်က သူ့အမွေအနှစ်ကို ချန်ထားခဲ့တာ ကြာလှပြီ... ဒီနှစ်တွေထဲမှာ တစ်ယောက်ယောက်များ ဝင်သွားခဲ့သေးလားမသိဘူး” လူသန်ကြီးအနားရှိ အမျိုးသမီးတစ်ဦးက စိုးရိမ်တကြီး ပြောလိုက်သည်။
“အဲဒါတော့ ငါလည်း မသိဘူး” လူသန်ကြီးက ခေါင်းခါပြလိုက်သည်။
“ဒါပေမဲ့ တစ်ယောက်ယောက် ရောက်ခဲ့ရင်တောင် အဓိကရတနာကိုတော့ ယူသွားနိုင်မှာ မဟုတ်ဘူး... မဟုတ်ရင် ဒီအနက်ရောင်ကျောက်တုံးက အာရုံခံမိမှာ မဟုတ်ဘူးလေ”
“ဟုတ်သားပဲ” ထိုသူ၏စကားကြောင့် ကျန်သူများမှာလည်း ပို၍ စိတ်လှုပ်ရှားသွားကြသည်။
“ဒါဆိုရင် မြန်မြန်လှုပ်ရှားကြစို့” အချို့မှာ စိတ်မရှည်နိုင်တော့ပေ။
“ကောင်းပြီ”
လူသန်ကြီးက ပြန်ပြောလိုက်သည်။ သူသည် ကျောပေါ်မှ ပုဆိန်ကြီးကို ဖြုတ်ပြီး ဝှေ့ယမ်းလိုက်ရာ ဘေးမှလူများမှာ အမြန်ဖယ်ပေးလိုက်ကြရသည်။ သူသည် ပုဆိန်အတွင်းသို့ ချီစွမ်းအင်နှင့် ဂုဏ်သတ္တိစွမ်းအားကို ထည့်သွင်းကာ ရွှံ့နွံထဲသို့ ရုတ်တရက် ခုတ်ပိုင်းချလိုက်သည်။
ရွှံ့နွံများသည် နှစ်ခြမ်းကွဲသွားကာ ရေကန်အတွင်းပိုင်းအထိ လမ်းပွင့်သွားလေသည်။ ကွဲထွက်သွားသော ရွှံ့နွံများမှာ နေရာ၌ပင် ငြိမ်သက်နေပြီး ပြန်လည်ပိတ်ဆို့ခြင်း မရှိတော့ချေ။ “လျှို့ဝှက်နယ်မြေကို သွားစူးစမ်းကြရအောင်” လူသန်ကြီးက အရင်ဆုံး ခုန်ဝင်သွားပြီး ကျန်သူများကလည်း အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြလေသည်။ နောက်ဆုံးလူ ဝင်သွားပြီးနောက်မှသာ ရွှံ့နွံများမှာ ဖြည်းဖြည်းချင်း ပြန်လည်စေ့သွားပြီး ရေကန်မျက်နှာပြင်မှာ ယခင်ကကဲ့သို့ ပြန်လည်ငြိမ်သက်သွားတော့သည်။
“ချွင်းကူပြည်နယ်၊ ယွင်ဖုန်းရေကန်... ရောက်ခါနီးပြီပဲ”
ရွှီနင်သည် ယခုအခါ ရှောင်ဟေး၏ကျောပေါ်တွင် ထိုင်နေလေသည်။
အဝေးမှ ကြည့်လိုက်လျှင်ပင် ယွင်ဖုန်းရေကန်ရှိ မြစ်များနှင့် ရွှံ့နွံများမှာ တစ်ဆက်တည်းဖြစ်ကာ အဆုံးမရှိ ပြန့်ကားနေသည်ကို မြင်နိုင်ပေသည်။ အပေါ်ယံမှ မည်းမှောင်နေသော တိမ်တိုက်များမှာပင် ဖော်ပြမရသော ဖိအားတစ်ခုကို ပေးစွမ်းနေသည်။
ရှောင်ဟေး အနည်းငယ် ထိတ်လန့်နေသည်ကိုလည်း ရွှီနင် ခံစားမိသည်။
“မကြောက်နဲ့”
ရွှီနင်က ရှောင်ဟေး၏ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ ရွှီနင်၏ နှစ်သိမ့်မှုအောက်တွင် ရှောင်ဟေးမှာ အတော်လေး ငြိမ်သက်သွားခဲ့သည်။
ယွင်ဖုန်းရေကန်ထဲသို့ ပျံသန်းဝင်ရောက်လာပြီးနောက် ရွှီနင်သည် အောက်ဘက်ရှိ ရွှံ့နွံနှင့် ရေကန်ထဲတွင် မရေမတွက်နိုင်သော ကြောက်မက်ဖွယ်ရာ အရှိန်အဝါများကို အာရုံခံမိလိုက်သည်။
“အဆုံးမဲ့ပင်လယ်ချောက်နက်ကြီးနဲ့ ဆက်နေတဲ့ ချွင်းကူပြည်နယ်ဆိုတော့လည်း ဟုတ်တာပေါ့... ဒီနေရာက နံပါတ်တစ် အန္တရာယ်ဒေသဖြစ်တဲ့အတိုင်း နေရာတိုင်းမှာ ဘေးအန္တရာယ်တွေ ရှိနေတာပဲ”
ရွှီနင်သည် သန်မာသည်ဆိုသော်ငြား အမှားအယွင်းမရှိစေရန် သတိထား၍ ဂရုစိုက်ရပေမည်။
သူက လက်ကောက်ဝတ်ကို လှုပ်လိုက်ရာ အနက်ရောင်ကျောက်တုံးတစ်တုံးမှာ သူ၏ လက်ထဲတွင် ပေါ်လာသည်။
လျှို့ဝှက်နယ်မြေ တည်နေရာကို သိနိုင်ရန်အတွက် ဤကျောက်တုံးကို ဖုန်းချန်ကောထံမှ ရယူထားခြင်း ဖြစ်သည်။
ဖုန်းချန်ကော၏ ပြောပြချက်အရ လျှို့ဝှက်နယ်မြေဝင်ပေါက်မှာ ခန့်မှန်းရခက်ပြီး ဤကျောက်တုံးကို ကိုင်ဆောင်ထားမှသာ အာရုံခံနိုင်မည် ဖြစ်သည်။ ရွှီနင်သည် အမှန်တရားဆေးပြားကို သုံး၍ ဖုန်ချန်ကောထံမှ လျှို့ဝှက်နယ်မြေအကြောင်း သတင်းအချက်အလက်များစွာ ရရှိထားပြီး ဖြစ်သည်။
ရှူး...
ရွှီနင် လျှို့ဝှက်နယ်မြေဝင်ပေါက်ကို ရှာနေစဉ်မှာပင် အောက်ဘက် ရွှံ့နွံတောထဲမှ ရွှံ့များပေကျံနေသော ငါးခေါင်းနှင့် မိစ္ဆာသားရဲတစ်ကောင် ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုမိစ္ဆာသည် သွေးညှီနံ့နံနေသော ပါးစပ်ကြီးကို ဟလိုက်ရာ စီစီရီရီရှိနေသော ချွန်ထက်လှသည့် သွားများကို မြင်တွေ့လိုက်ရသည်။
၎င်းသည် ရက်စက်ကြမ်းကြုတ်သော အသွင်ဖြင့် မီတာတစ်ရာကျော်အထိ ခုန်တက်လာကာ ရွှီနင်နှင့် ရှောင်ဟေးအား တစ်လုပ်တည်း မျိုချရန် ကြိုးစားလေတော့သည်။
ရှောင်ဟေးမှာ အန္တရာယ်ကို အာရုံခံမိပြီး ထိတ်လန့်သွားလေသည်။ ၎င်းသည် ဟင်းလင်းပြင်နယ်ပယ် အလယ်အလတ်အဆင့် မိစ္ဆာသားရဲဖြစ်သော်လည်း ဤငါးခေါင်းမိစ္ဆာနှင့် ရင်ဆိုင်ရချိန်တွင် ၎င်း၏သွေးမျိုးဆက်ထဲမှ ကြောက်ရွံ့မှုကို ခံစားနေရသည်။ ဤငါးခေါင်းမိစ္ဆာမှာ ဟင်းလင်းပြင်နယ်ပယ် အဆင့်မြင့် မိစ္ဆာသားရဲ ဖြစ်နေခြင်းကြောင့်ပင်။
“ဟမ်”
ရွှီနင် ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
ရေစီးပမာဓားသိုင်း... ဖြာထွက်မီးလျှံဓားသိုင်း...
ချက်ချင်းဆိုသလိုပင် လေထုထဲတွင် ဓားတံဆိပ်များစွာ စုစည်းသွားပြီး ငါးခေါင်းမိစ္ဆာကို အပိုင်းပိုင်း ပိုင်းဖြတ်ပစ်လိုက်သည်။
ခုတ်ပိုင်းခံရပြီးနောက်တွင်လည်း ငါးခေါင်းမိစ္ဆာမှာ ချက်ချင်း အသက်မထွက်သေးဘဲ လေထဲ၌ လူးလွန့်နေဆဲပင်။
သို့သော် ၎င်းသည် ရွှံ့နွံမျက်နှာပြင်ပေါ်သို့ ကျသွားသည်နှင့် အခြားသော မိစ္ဆာသားရဲများစွာမှာ ထွက်ပေါ်လာပြီး ၎င်း၏ခန္ဓာကိုယ်ကို ရွှံ့နွံထဲသို့ ဆွဲချကာ ဝိုင်းဝန်းစားသောက်ကြလေတော့သည်။
“တကယ်ကို အန္တရာယ်များတာပဲ” ရွှီနင်၏မျက်လုံးထဲတွင် ထိတ်လန့်မှု အရိပ်အယောင်အချို့ ဖြတ်ပြေးသွားသည်။
“ရှောင်ဟေး...”
ရွှီနင်က ရှောင်ဟေး၏ အမွေးများကို ထပ်မံပွတ်သပ်ပေးလိုက်ရာ ရှောင်ဟေး၏ တုန်လှုပ်မှုကို ရှင်းလင်းစွာ ခံစားနေရသည်။
“ငါ့ကိုချပေးပြီး မင်းလာခဲ့တဲ့လမ်းအတိုင်း ပြန်သွားတော့”
ရွှီနင်က ပြောလိုက်သည်။
ရှောင်ဟေးက ရွှီနင်နှင့်အတူ ရှိနေချင်ဟန်ဖြင့် တိုးတိုးလေး အော်လိုက်သည်။
ရွှီနင်က ခေါင်းခါပြလိုက်ပြီး “ဒီနေရာက အရမ်းအန္တရာယ်များတယ်... ပိုပြီးကြောက်ဖို့ကောင်းတဲ့ မိစ္ဆာတွေ ပေါ်လာရင် ငါ မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး... ငါတို့ ယွင်ဖုန်းရေကန်ထဲ ရောက်ခါစပဲ ရှိသေးတာဆိုတော့ အပြင်ကို ပြန်ထွက်ဖို့ သိပ်မဝေးသေးဘူး”
“ယွင်ဖုန်းရေကန်ကနေ ထွက်သွားပြီး အနီးနားက ဘေးကင်းတဲ့နေရာတစ်ခုမှာ ငါပြန်ထွက်လာမှာကို စောင့်နေပါ”
ရွှီနင်က ရှောင်ဟေးကို တိုးတိုးလေး မှာကြားလိုက်သည်။
ဒီတစ်ကြိမ်တွင်တော့ ရှောင်ဟေးမှာ ရွှီနင်၏စကားကို နားထောင်ရန် ဆုံးဖြတ်လိုက်ပြီး ရွှီနင်ကို ချပေးကာ ထွက်ခွာသွားတော့သည်။ ရွှီနင်သည် ရှောင်ဟေး ဘေးကင်းစွာ ထွက်ခွာသွားသည်အထိ စောင့်ကြည့်ပြီးမှ အကြည့်လွှဲလိုက်သည်။
အစပိုင်းတွင် ရှောင်ဟေးမှာ အင်အားသုံး၍ ဖမ်းဆီးခဲ့သော မိစ္ဆာသားရဲတစ်ကောင်သာ ဖြစ်သော်လည်း အတူရှိခဲ့သည်မှာ ကြာပြီဖြစ်၍ ၎င်းတို့ကြားတွင် သံယောဇဉ် ရှိနေပြီဖြစ်သည်။ ရွှီနင်သည် ရှောင်ဟေးကို မိမိအတွက်နှင့် အန္တရာယ်ထဲ မတွန်းပို့လိုပေ။
ရှောင်ဟေး ထွက်သွားပြီးနောက် ရွှီနင်သည် ရွှံ့နွံများပေါ်တွင် လမ်းလျှောက်လာခဲ့သည်။ ရွှံ့နွံအောက်ရှိ မိစ္ဆာသားရဲများစွာက သူ့ကို အစာအဖြစ် ချောင်းမြောင်းနေကြသည်ကို သူ သိသဖြင့် ဟင်းလင်းပြင်နယ်ပယ် အဋ္ဌမအဆင့် အစစ်အမှန်စိတ်ဆန္ဒနယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ အရှိန်အဝါကို ထုတ်ဖော်လိုက်ရာ မိစ္ဆာသားရဲများမှာ ကြောက်ရွံ့ပြီး သူ့ကို ရှောင်ရှားသွားကြတော့သည်။
ထို့နောက် ရွှီနင်သည် အနက်ရောင်ကျောက်တုံးကို ကိုင်၍ လျှို့ဝှက်နယ်မြေဝင်ပေါက်ကိုသာ အာရုံစိုက်ရှာဖွေနေခဲ့ရာ ငါးရက်နှင့် ငါးည ကုန်လွန်သွားခဲ့သည်။
“ရှာတွေ့ပြီ”
နောက်ဆုံးတွင်တော့ ရွှံ့နွံများ ဝိုင်းရံထားသော ရေကန်ငယ်တစ်ခုအနားသို့ ရောက်သောအခါ လက်ထဲမှ ကျောက်တုံးသည် အလင်းများ လင်းထိန်လာတော့သည်။
“ရှာရတာ တကယ် ပျင်းစရာကောင်းတာပဲ”
ရွှီနင် သက်ပြင်းချလိုက်ပြီး ရေကန်ထဲသို့ ခုန်ဝင်လိုက်သည်။ ရေကန်အောက်ခြေရှိ ရေများမှာ နောက်ကျိနေသဖြင့် ရွှီနင်သည် သူ၏ချီစွမ်းအင်ကို သုံးကာ ခန္ဓာကိုယ်ကို အကာအကွယ် လုပ်ထားလိုက်သည်။
“လျှို့ဝှက်နယ်မြေဝင်ပေါက်နဲ့ နီးနေပြီ”
လက်ထဲမှ ကျောက်တုံးမှာ မှိတ်တုတ်မှိတ်တုတ် မဖြစ်တော့ဘဲ လင်းထိန်နေလေပြီ။
မကြာမီ ရေအောက် မီတာရာဂဏန်းအထိ ဆင်းသွားပြီးနောက်တွင် ရေမဲ့နေသော ဟင်းလင်းပြင်တစ်ခုကို ရွှီနင် တွေ့ရှိလိုက်ရသည်။
ထို့ပြင် ထိုနေရာတွင် လည်ပတ်နေသော ဟင်းလင်းပြင် ဝဲဂယက်တစ်ခုလည်း ရှိနေသည်။
“ဟိုမှာပဲ”
ရွှီနင်သည် တုံ့ဆိုင်းမနေဘဲ ခုန်ဝင်လိုက်သည်။
ဟင်းလင်းပြင် ဝဲဂယက်နှင့် ထိတွေ့လိုက်သည်နှင့် ကြီးမားသော အားတစ်ခုက သူ့ကို အတွင်းသို့ ဆွဲခေါ်သွားပြီး ကိုယ်အလေးချိန်မဲ့သော ခံစားမှုကို ရရှိလိုက်သည်။
ရွှီနင်မှာ ဤခံစားမှုနှင့် မစိမ်းတော့ချေ။ မိစ္ဆာသားရဲကျမ်း၏ လျှို့ဝှက်နယ်မြေထဲ ဝင်စဉ်ကလည်း ဤကဲ့သို့ အတွေ့အကြုံမျိုး ကြုံဖူးသဖြင့် လုံးဝ မထိတ်လန့်တော့ပေ။ ရွှီနင် ဝင်သွားပြီးနောက် ဝဲဂယက်မှာ ပျောက်ကွယ်သွားတော့သည်။ လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်မှာ ခန့်မှန်းရခက်ပြီး လူတစ်ယောက် ဝင်ပြီးသည်နှင့် ပျောက်ကွယ်သွားကာ အခြားတစ်နေရာတွင် ပြန်ပေါ်တတ်လေသည်။
“ဒါ လျှို့ဝှက်နယ်မြေလား” ကိုယ်အလေးချိန်မဲ့သော ခံစားမှု ပြီးဆုံးသွားပြီးနောက် ရွှီနင်သည် ဟင်းလင်းပြင်တစ်ခုသို့ ရောက်ရှိလာသည်။
ထိုနေရာမှာ မီးခိုးရောင် သန်းနေပြီး လေထုထဲတွင် ထူးဆန်းသော စွမ်းအင်လှိုင်းများ လှုပ်ခတ်နေသည်။
“ဒါ ဖုန်ချန်ကော ပြောခဲ့တဲ့ ပထမဆုံးစမ်းသပ်ချက် ခွန်အားစမ်းသပ်မှု ဖြစ်ရမယ်”
ယခင်က မိစ္ဆာသားရဲကျမ်း လျှို့ဝှက်နယ်မြေနှင့် မတူသည်မှာ ဤနေရာအကြောင်းကို သူ ကြိုတင်သိထားခြင်း ဖြစ်သည်။ “ဖုန်ချန်ကော ပြောပြချက်အရ ဒီလျှို့ဝှက်နယ်မြေရဲ့ ပိုင်ရှင်က ဝမ်ရှန့်ပြည်နယ်က ပင်လယ်နီမိစ္ဆာသခင်တဲ့... သူက ဒီအမွေအနှစ်ကို မတော်တဆ ချန်ထားခဲ့တာဆိုပေမဲ့ ပင်လယ်နီမိစ္ဆာသခင်က ဝမ်ရှန့်ပြည်နယ်မှာတောင် အရမ်းကျော်ကြားတဲ့ ပုဂ္ဂိုလ်ကြီးပဲ... သူ မတော်တဆ ချန်ထားခဲ့တာဆိုရင်တောင် ဒီထဲက အမွေအနှစ်တွေက လူတိုင်း မက်မောရတဲ့အရာတွေပဲ... တာအိုနယ်မြေက ဆရာသခင်တွေတောင် စိတ်ဝင်စားကြတယ်”
ရွှီနင်က ဆက်လက် တွေးတောနေလေသည်။ “ပင်လယ်နီမိစ္ဆာသခင်ရဲ့ လျှို့ဝှက်နယ်မြေမှာ စမ်းသပ်ချက် အဆင့်ဆင့် ရှိတယ်... ပထမအဆင့်က ခွန်အား၊ ဒုတိယအဆင့်က စိတ်ဓာတ်၊ တတိယအဆင့်က ပါရမီစစ်ဆေးတာပဲ... တတိယအဆင့်ပြီးရင် နောက်ထပ် စမ်းသပ်ချက်တွေ ရှိသေးပေမဲ့ ဖုန်ချန်ကောကတော့ အောင်မြင်အောင် မလုပ်နိုင်ခဲ့ဘူး”
“ဖုန်ချန်ကောက တတိယအဆင့်မှာတင် ရှုံးနိမ့်ပြီး နယ်မြေထဲကနေ နှင်ထုတ်ခံခဲ့ရတာ... ဒါပေမဲ့ ပထမနှစ်ဆင့်ကို အောင်မြင်ခဲ့တာနဲ့တင် သူက အကျိုးကျေးဇူးတွေ အများကြီး ရခဲ့တယ်... သူက တာအိုနယ်မြေကို ခြေတစ်လှမ်းလှမ်းနိုင်တဲ့ အဆင့်ကို ရောက်ခဲ့ရုံတင်မကဘဲ မိစ္ဆာသွေးဆေးလုံးရဲ့ ဆေးနည်းနဲ့ ဆေးဖော်နည်းစနစ်တွေကိုပါ ရခဲ့သလို ပျက်စီးနေတဲ့ တာအိုလက်နက်တစ်ခုကိုပါ ရရှိခဲ့တာပဲ”
ဝူး... ဝူး... ဝူး...
ထိုစဉ်မှာပင် ရွှီနင်ပတ်ဝန်းကျင်ရှိ ထူးဆန်းသော စွမ်းအင်များ စတင်လှုပ်ခတ်လာသည်။
အနက်ရောင် မြူခိုးများမှာ ချက်ချင်းဆိုသလို စုစည်းလာပြီး မကြာမီမှာပင် ထိုမြူခိုးများအပေါ်၌ ကြောက်မက်ဖွယ် မိစ္ဆာခေါင်းတစ်ခု ဖြစ်ပေါ်လာလေသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် မီးခိုးရောင် ဟင်းလင်းပြင်တစ်ခုလုံး၌ အနက်ရောင်မြူခိုးမိစ္ဆာများ ပြည့်နှက်သွားပြီး ရွှီနင်ကို ဝိုင်းရံထားလိုက်ကြလေတော့သည်။
***