[ပညာရှိ ဟုတ်လား]
ဧကရီက မေးခွန်းထုတ်လိုက်သည်။
"ဟုတ်တယ်။ လူအများစုက သူ့ကို အဲ့ဒီလိုခေါ်ကြတယ်လို့ သူပြောတာပဲ"
လီယောင်းက ပြောလိုက်သည်။
"ဒါပေမဲ့ သူ့စကားကိုတော့ အတည်ယူလို့ရမယ်မထင်ဘူး။ သူကြည့်ရတာ သိပ်ပြီး အဆင်ပြေနေတဲ့ပုံ မပေါ်ဘူး"
လီယောင်းက ထပ်လောင်းပြောဆို လိုက်သည်။
ဧကရီသည် သူမ၏မေးစေ့ကို ကိုင်ကာ နက်နက်နဲနဲ စဉ်းစားနေမိသည်။
ဘယ်သူကများ ကိုယ့်ကိုကိုယ် ပညာရှိလို့ခေါ်ရဲမှာလဲ။
ကောင်းကင်ဘုံလောကတွင် နတ်ဘုရားနယ်ပယ်သည် ကျင့်ကြံခြင်း၏ အထွတ်အထိပ်နှင့် အစွမ်းအထက်ဆုံးအဆင့်ဟု လူသိများသည်။ နတ်ဘုရားတစ်ပါးသည် နိယာမတစ်ခုကို အပြည့်အဝ ကျွမ်းကျင်သွားပြီဖြစ်ရာ ကောင်းကင်ဘုံလမ်းစဉ်၏ ကန့်သတ်ချက်များအတွင်း ဘာမဆို လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။
သို့သော် ဒဏ္ဍာရီတစ်ခုလည်း ရှိနေပြန်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် မိမိ၏ နိယာမကို အပြည့်အဝ ကျွမ်းကျင်ရုံသာမက ၎င်းကို ကျော်လွန်အောင် လုပ်နိုင်ပါက ပညာရှိအဆင့်သို့ တက်လှမ်းနိုင်သည်ဟူ၍ပင်။ ဧကရီသည် ထိုဇာတ်လမ်းကို တစ်ခါမျှ မယုံကြည်ခဲ့ဖူးပေ။ တည်ရှိမှုအားလုံးကို တည်ဆောက်ထားတဲ့ နိယာမတွေကို ဘယ်လိုလုပ် ကျော်လွန်နိုင်မှာလဲ။ နိယာမကို ကျော်လွန်သည်ဆိုပါက ကောင်းကင်ဘုံလမ်းစဉ်နှင့် အဆင့်တူဖြစ်သွားမည်ဟု ဆိုလိုခြင်းပင်။
အကယ်၍ ထိုအမျိုးသမီးက သူမကိုယ်သူမ ပညာရှိဟု ခေါ်ရဲသည်ဆိုပါက သူမသည် အမှန်တကယ်ပင် ထိုနယ်ပယ်တွင် ရှိနေနိုင်သည်။ မည်သူမျှ ထိုအမည်နာမကို အလကားသက်သက် အသုံးမပြုဝံ့ကြပေ။ ဧကရီ သက်ပြင်းချလိုက်မိသည်။
ရန်သူတွေက ဘယ်အချိန်ကစပြီး ဒီလောက်အထိ အစွမ်းထက်သွားကြတာလဲ။
[ပြီးတော့ သူက ညည်းကို သူ့ရဲ့ဖန်တီးမှုလို့ ပြောတယ် ဟုတ်လား]ဧကရီက မေးမြန်းလိုက်သည်။
"ဟုတ်တယ် သူက တကယ်ကို ရူးနေတာ"
ဧကရီသည် အတွေးနက်နေမိသည်။ သူမ၏ ပြည့်စုံသော ဖန်တီးခြင်းနိယာမနှင့်ပင် လီယောင်း
ကဲ့သို့သော သူတစ်ဦးကို ဖန်တီးရန်မှာ မဖြစ်နိုင်ပေ။
ဒါက ပညာရှိတစ်ဦးရဲ့ စွမ်းအားလား။
သို့သော် သူမ ပြန်လည်စဉ်းစားကြည့်ပြီး ခေါင်းခါယမ်းလိုက်သည်။ အကယ်၍ သူမသာ ထိုမျှ အစွမ်းထက်ပါက လက်ပါးစေများကို စေလွှတ်နေမည့်အစား သူမကိုယ်တိုင် ဤနေရာသို့ လာရောက်ပေလိမ့်မည်။
သူမကိုယ်တိုင် မလာနိုင်ခြင်းမှာ သတင်းကောင်းပင်။ ဆိုလိုသည်မှာ သူမသည် ကောင်းကင်ဘုံလမ်းစဉ်၏ စည်းမျဉ်းများဖြင့် ချည်နှောင်ခြင်း ခံထားရဆဲပင်။ သို့သော် နိယာမမှတစ်ဆင့် လီယောင်းနှင့် ဆက်သွယ်နိုင်သည်အထိ သူမ ဘယ်လောက်အတိုင်းအတာအထိ စွမ်းဆောင်နိုင်တာလဲဟူသည်မှာ မေးခွန်းထုတ်စရာပင်။
[သူ့ပုံစံက ဘယ်လိုလဲ]
ဧကရီက မေးလိုက်သည်။
"အင်း..."
လီယောင်းက စဉ်းစားဟန်ဖြင့် မေးစေ့ကို ကိုင်လိုက်သည်။
"ရှင့်ရဲ့ ပုံစံနဲ့ နည်းနည်းဆင်တယ်"
"အခု ပြန်စဉ်းစားကြည့်တော့ ရှင့်ရဲ့ စကားပြောပုံကလည်း သူ့နဲ့ တော်တော်တူတာပဲ"
သူမက ထပ်ဖြည့်ပြောလိုက်သည်။
ဧကရီသည် သူမကိုယ်တိုင် အသုံးပြုနေသော စကားပြောဆိုနိုင်သည့် စွမ်းအားမှာ အထူးအဆန်းမဟုတ်ကြောင်း တွေးတောမိသည်။ အခြားသော နတ်ဘုရားတိုင်းလည်း ဤသို့ အလွယ်တကူ လုပ်ဆောင်နိုင်ရာ ကိုယ့်ကိုကိုယ် ပညာရှိဟု ခေါ်ဆိုသူတစ်ဦးအတွက် ဤသည်မှာ မဆန်းကြယ်ပေ။
ငါနဲ့ ပုံစံတူတယ်ဆိုတာက ဘာကိုဆိုလိုချင်တာလဲ။
သူမနှင့် လီယောင်း နှစ်ဦးစလုံးအပေါ်တွင် အမြင်အာရုံ လှည့်စားမှုတစ်ခု ရှိနေသည်ကို သူမ သတိပြုမိထားသည်။ ပြင်ပလူတစ်ဦး၏ အမြင်တွင် သူတို့နှစ်ဦးမှာ တစ်ပုံစံတည်း တူညီနေသော်လည်း သူတို့အချင်းချင်း မြင်တွေ့ရသော ပုံစံမှာမူ ကွဲပြားခြားနားနေသည်။ ထို့ကြောင့် ရန်သူသည် သူမနှင့် တူသည်ဟု လီယောင်း ပြောဆိုခြင်းမှာ အမှန်စစ်စစ် ရန်သူသည် လီယောင်းနှင့် တစ်ပုံစံတည်း တူညီနေခြင်းကို ဆိုလိုခြင်းဖြစ်ကြောင်း ဧကရီက အချက်အလက်များကို ဆက်စပ်ကြည့်ရင်း နားလည်လိုက်သည်။
ထို့နောက် သူမ ခေါင်းခါယမ်းလိုက်သည်။
ဤကဲ့သို့ မြင့်မားသော အဆင့်အတန်းများတွင် ရုပ်အသွင်အပြင်မှာ ဘာမျှ အဓိပ္ပာယ်မရှိပေ။ လူတစ်ဦးသည် မိမိ၏ ရုပ်သွင်ကို စိတ်ကြိုက် ပြောင်းလဲနိုင်သည်။ ထို့ကြောင့် ဤအရာမှာ လှည့်ကွက်တစ်ခုသာ ဖြစ်နိုင်ပြီး သူမကိုယ်သူမ လီယောင်း၏ ဖန်တီးရှင်ဟု အမည်တပ်ထားသဖြင့် လှည့်ကွက်ကို ပိုမိုပီပြင်စေရန် လီယောင်း၏ ရုပ်သွင်ကို အသုံးချခြင်းသာ ဖြစ်ပေလိမ့်မည်။
ဧကရီ သက်ပြင်းချလိုက်မိသည်။ အခြေအနေများမှာ တကယ်ကို ပိုမိုရှုပ်ထွေးလာခဲ့သည်။ မသေမျိုးလောကတွင် ရန်သူများက သူတို့ကို စောင့်ကြိုနေကြပေလိမ့်မည်။ ထိုပညာရှိဆိုသူကို အထင်သေး၍ မရနိုင်တော့ပေ။
[နေပါဦး သူက နင့်ကို နောက်ထပ် နှစ်ပေါင်း သန်းချီကြာမှ တွေ့ရမယ်လို့ မျှော်လင့်ထားတာလို့ ပြောခဲ့တယ် ဟုတ်လား]
ဧကရီက မေးမြန်းလိုက်သည်။
"ဟုတ်တယ် အဲ့ဒီလိုမျိုး ပြောသွားတာ"
လီယောင်းက ပြန်ဖြေသည်။
ဧကရီ ပြုံးလိုက်မိသည်။
[အခုတော့ ဘာဖြစ်နေတာလဲဆိုတာ ငါရိပ်မိပြီ]
[ငါ နောက်ဆုံးတော့ အဖြေကို ရှာတွေ့သွားပြီ]
သူမက ပြောလိုက်သည်။
"ရှင် ရှာတွေ့သွားပြီလား။ ကျွန်မလည်း အတူတူပဲ"
"သူက ရူးနေတာပဲ"
[သူက ရှန်းယွီရဲ့ တည်ရှိမှုကို မသိနိုင်ဘူးပဲ]
သူတို့နှစ်ဦးစလုံးက တစ်ပြိုင်နက်တည်း ပြောလိုက်ကြတော့သည်။
"ဟင်"
...
[မင်းရဲ့ စီနီယာအစ်ကိုကြီးလိုမျိုး ထူးခြားချက်တစ်ခုသာ မရှိခဲ့ရင်။ နိယာမတရားတစ်ခုကို မင်းလှမ်းမြင်နိုင်ဖို့အတွက် တကယ်ကို နှစ်ပေါင်းတစ်သန်းလောက် ကြာကောင်းကြာနိုင်တယ်]
ဧကရီက ပြောလိုက်သည်။
"ဟုတ်လို့လား"
လီယောင်းက ပြန်ပြောသော်လည်း သူမက ထိုအချက်ကို သိပ်ပြီး စိတ်ဝင်စားပုံမရချေ။
[မှန်တယ်။ အဲဒီအမျိုးသမီးက မင်းရဲ့ကံကြမ္မာကို တစ်နည်းနည်းနဲ့ ကြိုတင်တွက်ချက်ထားပုံရတယ်]
ဧကရီက ဆက်ပြောသည်။
[ဒါပေမဲ့ သတင်းကောင်းကတော့ မင်းရဲ့စီနီယာအစ်ကိုကြီးဟာ ကောင်းကင်ဘုံလမ်းစဉ်ရဲ့ မျက်စိကွယ်ရာမှာ ပုန်းကွယ်နေနိုင်သလို သူမရဲ့ အာရုံခံစားမှုကနေလည်း ပုန်းကွယ်နေနိုင်တာပဲ။ ဆိုလိုတာက သူမ ကံကြမ္မာကို တွက်ချက်တဲ့အခါ ရှန်းယွီကို ထည့်တွက်လို့မရဘူး။ ဒါက ငါတို့အတွက် အကြီးမားဆုံး အသာစီးရမှုပဲ]
ဧကရီက ရှင်းပြလိုက်သည်။
ရှန်းယွီသာ ရှိနေလျှင် ထိုပညာရှိဆိုသူ၏ တွက်ချက်မှုများမှာ အမြဲတမ်းလိုလို အကြီးအကျယ် လွဲချော်နေပေလိမ့်မည်ဟု ဧကရီက တွေးတောနေမိသည်။ ရန်သူက အင်အားကြီးမားသည်မှန်သော်လည်း ယခုအခါ သူတို့ဘက်ကလည်း ပြန်လည်ရင်ဆိုင်နိုင်စွမ်း ရှိလာပြီဖြစ်သည်။
ထို့နောက် သူမ၏ အမူအရာက တည်ကြည်သွားသည်။ သူမ၏ အင်အားများကို အမြန်ဆုံး ပြန်လည်ရရှိရန် လိုအပ်နေ၏။ မိစ္ဆာနတ်ဘုရားနှင့် အသူရာနတ်ဘုရားတို့ကဲ့သို့ပင် သူမသည်
လည်း ထိုပညာရှိဆိုသူ၏ အသုံးချခြင်းကို ခံခဲ့ရပုံပင်။ သူမ သေဆုံးခဲ့ရခြင်းတွင်လည်း ထိုသူများ ပါဝင်ပတ်သက်နေနိုင်သည်။
သူမ၏ အပြုံးမှာ ပို၍ ကြောက်မက်ဖွယ်ကောင်းလာတော့သည်။
ငါ့ကို အသုံးချဖို့ ကြိုးစားတဲ့သူတွေကို ငါတကယ် မုန်းတာ။ နင့်ကို ဖမ်းမိတဲ့အခါ ဘာလုပ်ရမလဲဆိုတာ ငါစဉ်းစားနေတာ။ နင့်ကို အပိုင်းအစပေါင်း ဘီလီယံချီအောင် တုံးပစ်လိုက်တာကတော့ အစပျိုးဖို့အတွက် ကောင်းတဲ့အချက်ပဲ။
သူမ တွေးရင်း ပါးစပ်ကို လက်ဖြင့်အုပ်ကာ မျက်နှာနီမြန်းနေမိသည်။
"နေလို့မကောင်းဘူးလား"
ရှန်းယွီက သစ်ပင်မှတစ်ဆင့် မေးလိုက်သည်။
[အာ... မဟုတ်ပါဘူး ငါ အဆင်ပြေပါတယ်]
ရှန်းယွီက သူမကို ကြည့်လိုက်မိသည်။
စောစောက သူ့အမူအရာက ဂျူနီယာညီမလေးနဲ့ တထပ်တည်းပဲ။
သူ တွေးလိုက်မိသည်။
[မင်းတို့ မင်္ဂလာဆောင်ဖို့ပဲ ပြင်ဆင်ကြတော့။ အဲဒီ ပညာရှိအကြောင်းကို သိပ်ပြီး စိတ်မပူနဲ့ဦး။ သူ အခုလောလောဆယ် ဘာမှလုပ်လို့မရသေးဘူး]
ထိုသို့ပြောကာ သူမသည် လီယောင်း၏ ဝိညာဉ်ပင်လယ်အတွင်းသို့ ပျောက်ကွယ်သွားတော့သည်။
တစ်နေရာရာရှိ ရေခဲပြင်များဖြင့်သာ ဖွဲ့စည်းထားသော ကမ္ဘာတစ်ခုတွင် ဖြူစင်သောအဝတ်အစားများ ဆင်မြန်းထားသည့် ဖြူဖျော့ဖျော့ အမျိုးသမီးတစ်ဦးသည် ရေခဲတုံးတစ်ခုပေါ်တွင် တရားမှတ်နေသည်။
သူမ မျက်လုံးများကို ဖွင့်လိုက်သည်။
အင်း... တကယ်ကို ထူးဆန်းတာပဲ။
သူမ တွေးတောနေမိသည်။
ထို့နောက် သူမ သက်ပြင်းချလိုက်မိသည်။ အသူရာနတ်ဘုရား ရှုံးနိမ့်သွားခြင်းမှာ မဆန်းတော့ချေ။ သူသည် အခွင့်အရေးပင် မရခဲ့ခြင်း ဖြစ်သည်။ လီယောင်းသည် ကောင်းကင်ဘုံလမ်းစဉ်၏ နိယာမကို အမှန်တကယ်ပင် လှမ်းမြင်သွားခဲ့ကာ ဤအချက်က အရာအားလုံးကို ပြောင်းလဲသွားစေသည်။
"ဒါတွေအားလုံးက လူတစ်ယောက်အပေါ်မှာပဲ မူတည်နေတာလား"
ထိုသို့ပြောကာ ရှန်းယွီ၏ ရုပ်ပုံလွှာပေါ်နေသော သလင်းလုံးလေးကို သူမ ဖန်တီးလိုက်သည်။ "ပြီးတော့ အဲဒီလူက တကယ်တမ်းကျတော့ တည်ရှိတောင် မနေဘူး"
သူမက စိတ်ပျက်လက်ပျက်ဖြင့် ပြောကာ ထိုသလင်းလုံးကို ချေမွပစ်လိုက်တော့သည်။
***