လင်းန်ရဲ့ ပါးစပ်ကနေ တန်ဖိုး ဆိုတဲ့ စကားလုံးကို ကြားလိုက်ရတော့ ရက်ဒ်ရဲ့ ခန္ဓာကိုယ်က ချက်ချင်း တင်းမာသွားတယ်။
သူက ကွီစီ့ဆီကို အလိုလို လှမ်းကြည့်လိုက်မိတယ်။
လင်းန်က "နွေဦး ထွန်ယက်စိုက်ပျိုးတာကို ကူညီပေးဖို့နဲ့ မင်းတို့ဆီမှာရှိတဲ့ ဂျုံမျိုးစေ့တွေကို ငှားပေးဖို့ပါပဲ" လို့ ရှင်းပြလိုက်တယ်။
ရက်ဒ် အနည်းငယ် အံ့သြသွားတယ်။ "ဟင် ဒီလောက်လေးပဲလား"
ဒူးကပ်စ်မျိုးနွယ်ကနေ အသစ်ခန့်အပ်လိုက်တဲ့ နယ်စားအသစ်ဆိုတော့ အခွင့်ကောင်းယူပြီး လွန်ကဲတဲ့ တောင်းဆိုမှုတွေ လုပ်လာမယ်လို့ သူ အစက ထင်ထားခဲ့တာလေ။
ဥပမာအားဖြင့် ကွီစီကို ကျွန်အဖြစ် သိမ်းယူတာမျိုးပေါ့။
လင်းန်က ခေါင်းညိတ်ပြလိုက်တယ်။ "ဒီလောက်လေးပါပဲ"
ရက်ဒ်က ထပ်ပြီး တိတ်ဆိတ်သွားတယ်။ သူ့ရဲ့ ရွှေရောင် မျက်လုံးတွေက အကျိုးအပြစ်ကို ချင့်ချိန်နေသလို ရွေ့လျားနေတယ်။
ကွီစီက ဝင်မရှုပ်ဘဲ ရက်ဒ်ဘေးမှာ ငြိမ်ငြိမ်လေး ထိုင်ကာ တိတ်တဆိတ် စောင့်ဆိုင်းနေတယ်။
ရက်ဒ်က လင်းန်ကို ကြည့်ပြီး "နွေဦး ထွန်ယက်စိုက်ပျိုးတာ ပြီးတဲ့အထိ ကျွန်တော်တို့ ကူညီပေးပါ့မယ်၊ ပြီးရင်တော့ ဒီကနေ ထွက်သွားပါမယ်" လို့ ပြောလိုက်တယ်။
လင်းန်က "ကိစ္စမရှိပါဘူး" လို့ ပြန်ဖြေတယ်။
စကားပြောတာ ပြီးသွားတော့ လင်းန်က ဦးချိုလေးကို ကိုင်ပြီး အိမ်အပြင် ထွက်သွားတယ်။
ရက်ဒ်ရဲ့ ပါးစပ်က အနည်းငယ် ဟသွားပြီး တစ်ခုခု ပြောချင်ပေမဲ့ တုံ့ဆိုင်းသွားတယ်။
အဲဒါ သူ့ရဲ့ ဦးချိုလေး မဟုတ်ဘူးလား။
ရက်ဒ်က ကွီစီ့ကို ကြည့်ပြီး "ငါ သတိလစ်နေတဲ့ ဒီရက်ပိုင်းအတွင်း ဘာတွေများ ဖြစ်ခဲ့သေးလဲ" လို့ မေးလိုက်တယ်။
ကွီစီက မီးဖိုထဲ မီးပြန်မွှေးရင်း "တောခွေးအုပ် တစ်ကြိမ် လာသွားတာကလွဲရင် တခြား ထူးထူးခြားခြား ဘာမှ မဖြစ်ပါဘူး" လို့ ဖြေတယ်။
ကိုယ့်အိမ်ကိုယ့်ယာလို ရင်းနှီးနေတဲ့ လှုပ်ရှားမှုတွေနဲ့ပဲ။
သူမ တစ်ခုခုကို သတိရသွားပြီး ဆက်ပြောတယ်။ "အော် အရှင်သခင် လင်းန် နင့်ကို မကယ်ခင်ကတည်းက ငါတို့ အသက်ကို ကယ်ပေးတဲ့ ကျေးဇူးဆပ်တဲ့အနေနဲ့ နွေဦးထွန်ယက်ချိန်မှာ ကူညီပေးမယ်လို့ ငါ ကတိပေးထားပြီးသား"
ရက်ဒ်ရဲ့ ထူထဲတဲ့ မျက်ခုံးတွေ ပင့်တက်သွားတယ်။
ကွီစီက ကြိုပြီး ကတိပေးထားခဲ့တာပေါ့။
ဒါဆို လင်းန် ဆိုတဲ့ ဒီနယ်စားက သူ့ကို ထပ်ပြောနေစရာ လိုသေးလို့လား။
သူ့ဆီက ခွင့်ပြုချက် ရဖို့များလား။
ချက်ချင်းပဲ ကွီစီက သူမနဲ့ ရက်ဒ်ကို လင်းန် ကယ်တင်ခဲ့ပြီးနောက်ပိုင်း ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြတယ်။
အဆုံးသတ်မှာ ကွီစီက "ရက်ဒ်၊ အရှင်သခင် လင်းန်က လူကောင်းပါ" လို့ ထပ်ဖြည့်ပြောလိုက်တယ်။
ရက်ဒ်က အသံတစ်ချက်ပြုပြီး လက်ခံလိုက်တယ်။
...
ညမှောင်လာတဲ့အခါ။
လင်းန်က အိမ်နဲ့ မလှမ်းမကမ်းမှာ လမ်းလျှောက်ထွက်လာတယ်။
သားကောင် တစ်ကောင်ကောင်များ ရမလားဆိုပြီး သူ့ရဲ့ အကြည့်တွေက ပတ်ဝန်းကျင်ကို အဆက်မပြတ် ဝေ့ဝဲနေတယ်။
လင်းန်ပဲဖြစ်ဖြစ်၊ ကွီစီ ဒါမှမဟုတ် ရက်ဒ်ပဲဖြစ်ဖြစ် အားလုံးက အစားအစာ လိုအပ်နေတာကိုး။
မဟုတ်ရင် မနက်ဖြန်အတွက် စိတ်ပိုင်းဆိုင်ရာရော ခန္ဓာကိုယ် ခွန်အားပါ ကျဆင်းသွားလိမ့်မယ်။
အချိန်အတန်ကြာ ရှာဖွေပြီးပေမဲ့ လင်းန် ဘာမှ မတွေ့ရဘူး။
တောကြက်တွေ၊ တောယုန်တွေဆိုတာ ဝေလာဝေး၊ ကြွက် တစ်ကောင် ဒါမှမဟုတ် မြွေဟောက် တစ်ကောင်တောင် မမြင်ရဘူး။
သူ ပြန်လှည့်မလို့ လုပ်နေတုန်းမှာပဲ တကျီကျီ အသံလေးတစ်ခု လင်းန်ရဲ့ နားထဲ ရောက်လာတယ်။
လင်းန်ရဲ့ အကြည့်က အသံထွက်လာရာဆီ ချက်ချင်း ရောက်သွားတယ်။ ဒူးလောက်ရှိတဲ့ ထူထပ်နေတဲ့ မြက်ရိုင်းတောလေးထဲကနေ ထွက်လာတာပဲ။
သူက ခြေလှမ်းကို ရှေ့တိုးပြီး ဖြည်းဖြည်းချင်း လျှောက်သွားလိုက်တယ်။
နည်းနည်းလောက် ရှာကြည့်လိုက်တော့ မြက်ပင်တွေကြားထဲမှာ အစာရှာနေတဲ့ ကျစ်ကျစ်လျစ်လျစ် ပုံစံရှိတဲ့ မီးခိုးနဲ့ အညိုရောင်စပ် ငှက်ငယ်လေး တစ်ကောင်ကို တွေ့လိုက်ရတယ်။
[ငုံး] - ပျံသန်းနိုင်သည်၊ အသားက နူးညံ့ပြီး အရသာရှိသည်၊ ပရိုတင်းဓာတ် မြင့်မားစွာ ပါဝင်ပြီး အဆီဓာတ် နည်းပါးကာ တခြား အာဟာရဓာတ် အမျိုးမျိုး ပါဝင်သည်။
လင်းန် မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး သူ့ရဲ့ လှုပ်ရှားမှုတွေကို တတ်နိုင်သမျှ နှေးကွေးလိုက်ကာ အသံမထွက်အောင် အစွမ်းကုန် ထိန်းလိုက်တယ်။
လေးကိုဆွဲ၊ မြားကိုတပ်ပြီး ငုံးကို ချိန်ရွယ်လိုက်တယ်။
ငုံးလေးက လင်းန်ရဲ့ လှုပ်ရှားမှု အသံသဲ့သဲ့လေးကို ကြားသွားပုံရတယ်။ သူ့ရဲ့ ခေါင်းသေးသေးလေးက ပုန်းလိုက် ရမ်းလိုက်နဲ့ ဖြစ်နေပြီး ဝိုင်းစက်နေတဲ့ မျက်လုံးလေးတွေက ပတ်ဝန်းကျင်ကို သွက်သွက်လက်လက် အကဲခတ်နေတယ်။
ရွှီး။
မီးခတ်ကျောက်မြားက လျင်မြန်စွာ ပစ်ထွက်သွားပြီး ငုံးကို တိတိကျကျ သွားစိုက်တယ်။
[အမဲလိုက်ခြင်း အတွေ့အကြုံ တစ်မှတ် တိုးလာပါသည်]
ကျီ။
ငုံးရဲ့ ပါးစပ်ကနေ စူးရှတဲ့ အသံလေးတစ်ခု ထွက်ပေါ်လာတယ်။
ငုံးက အတောင်ပံတွေကို ဖြန့်ပြီး မြက်ခင်းထဲမှာ အကြိမ်အနည်းငယ် ရုန်းကန်လိုက်ပြီးနောက် ငြိမ်သက်သွားကာ အမွေးသေးသေးလေး တချို့ လေထဲ လွင့်ကျလာတယ်။
လင်းန်က ရှေ့ကို ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်သွားပြီး ငုံးကို ကောက်ယူကာ အလေးချိန်ကို ခန့်မှန်းကြည့်ရာ သုံးကျပ်သား ဝန်းကျင်လောက်ပဲ ရှိတယ်။
သူတို့ သုံးယောက်အတွက် သိပ်မများလှဘူး။
ဒါပေမဲ့ ဘာမှ မရှိတာထက်တော့ ပိုကောင်းပါသေးတယ်။
အိမ်ထဲက ကွီစီက အသံကို ကြားသွားပုံရပြီး အမြန် ထွက်လာတယ်။
လင်းန်ရဲ့ လက်ထဲက ငုံးကို မြင်တော့ သူမက ဝမ်းသာအားရနဲ့ "ဆူဖြိုးနေတဲ့ ငုံးလေးပါလား၊ အရှင်သခင် လင်းန် ဒါကို ကျွန်မ ချက်လိုက်ရမလား" လို့ မေးတယ်။
လင်းန်က ခေါင်းညိတ်ပြီး ငုံးကို ကွီစီ့ဆီ ကမ်းပေးလိုက်တယ်။
မြစ်ဆီကို အမြန်လျှောက်သွားတဲ့ ကွီစီ့ကို ကြည့်ရင်း လင်းန် ခဏလောက် တုံ့ဆိုင်းသွားပေမဲ့ အနောက်ကနေ လိုက်သွားဖို့ပဲ ရွေးချယ်လိုက်တယ်။
ညမမှောင်သေးပေမဲ့ တောခွေးအုပ်က မနေ့ကတင် ရောက်လာခဲ့တာလေ။
လင်းန်က ရွာကနေ ရလာတဲ့ ဒီလို အရည်အချင်းရှိတဲ့ လယ်သမားနဲ့ စဖိုမှူးလေးကို တောခွေးတွေ အစားခံရမှာမျိုး အဖြစ်မခံနိုင်ဘူး။
ငုံးကို သေချာ သန့်စင်ပြီးနောက် လင်းန်နဲ့ ကွီစီတို့ အိမ်ဆီ ပြန်လာကြတယ်။
မီးဖိုရှေ့မှာ။
ငုံးကို မြေအိုးထဲမှာ ပြုတ်ထားတယ်။
တဖျောက်ဖျောက်။
[ထုတ်လုပ်ခြင်း အတွေ့အကြုံ တစ်မှတ် တိုးလာပါသည်]
လင်းန်က သူ့လက်ဝါးလောက်ရှိတဲ့ သစ်သားတုံးတွေကို မီးခတ်ကျောက်ဓားနဲ့ ထွင်းထုနေတယ်။
သစ်သားလွှာတွေ တစ်ခုပြီးတစ်ခု ကွာကျလာပြီး တဖြည်းဖြည်းနဲ့ သစ်သားပန်းကန်လုံး တစ်လုံးရဲ့ အကြမ်းဖျင်း ပုံသဏ္ဍာန် ပေါ်လာတယ်။
သူ့ဘေးမှာ ကွီစီက ပြီးစီးသွားတဲ့ သစ်သားပန်းကန်လုံးကို သေချာ စစ်ဆေးကြည့်ရှုနေတယ်။
သူမက "တွေ့လား ရက်ဒ်၊ ငါ ပြောသားပဲ အရှင်သခင် လင်းန်က သာမန်လူ မဟုတ်ပါဘူးလို့" လို့ အားတက်သရော ပြောတယ်။
ရက်ဒ်က ခေါင်းညိတ်လိုက်တယ်။ တကယ်ကို နည်းနည်း အံ့သြသွားတာပဲ။
သူ အရင်က လင်းန်လို နယ်စားမျိုး တစ်ခါမှ မမြင်ဖူးခဲ့ဘူးလေ။
သစ်သားပန်းကန်လုံး သုံးလုံး လုပ်ပြီးသွားချိန်မှာ မြေအိုးထဲက ငုံးပြုတ်ကလည်း အိကျက်နေပြီ။
ကွီစီက ငုံးခြေထောက် နှစ်ချောင်းကို ဖယ်ယူပြီး ပန်းကန်လုံး တစ်လုံးထဲ ထည့်လိုက်တယ်။ ပြီးတော့ ခပ်ဖြူဖြူ ဟင်းရည် ပန်းကန်ဝက်လောက် ထည့်ကာ လင်းန်ဆီ ယူလာပေးတယ်။
သူမက ရိုရိုသေသေနဲ့ "အရှင်သခင် လင်းန်" လို့ ခေါ်လိုက်တယ်။
ဘေးမှာ ထိုင်နေတဲ့ ရက်ဒ်ကတော့ ဘာမှ ထူးခြားတဲ့ အမူအရာ မပြဘူး။
လွတ်လပ်တဲ့ နိုင်ငံသားတွေ ဖြစ်တဲ့အတွက် တခြား နယ်စားတွေ ဒါမှမဟုတ် အဆင့်အတန်း မြင့်တဲ့လူတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့ကလည်း အရှင်သခင် လို့ပဲ ခေါ်ကြတာကိုး။
လင်းန်က အားနာမနေတော့ဘူး။ "အတူတူ စားကြတာပေါ့"
ရက်ဒ် ပိုပြီး အံ့သြသွားတယ်။
လွတ်လပ်တဲ့ နိုင်ငံသား အများစုက နယ်စားတစ်ယောက်နဲ့ အလုပ်ရှင် အလုပ်သမား ဆက်ဆံရေးမျိုးပဲ ရှိတာဖြစ်ပြီး အိမ်တော်မှာ ချည်နှောင်ခံထားရတဲ့ လယ်သမားတွေနဲ့ အရမ်းကို ကွာခြားတယ်။
ဒါပေမဲ့ သူတို့ရဲ့ စိတ်နေစိတ်ထားက လယ်သမားတွေလိုပဲ ဖြစ်နေဆဲပါ။ နယ်စားကို အမြဲ အလုပ်အကျွေးပြုရပြီး နယ်စားရဲ့ အဆင့်အတန်းက အရာအားလုံးထက် မြင့်မြတ်တယ်လို့ ခံယူထားကြတာ။
လင်းန်က နယ်စားတစ်ယောက် ဖြစ်နေရက်နဲ့ သူတို့ကို အတူတူ စားဖို့ ဖိတ်ခေါ်တယ်တဲ့လား။
ဘယ်လောက်တောင် ထုံးစံနဲ့ မညီလိုက်သလဲ။
ကွီစီက "ဟုတ်ကဲ့ပါ အရှင်သခင် လင်းန်၊ အရင်စားပါ" လို့ ပြန်ဖြေတယ်။
မီးဖိုဘေးမှာ ဘာလှုပ်ရှားမှုမှ မရှိဘဲ ထိုင်နေတဲ့ သူတို့နှစ်ယောက်ကို ကြည့်ရင်း လင်းန် ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်တယ်။
သန့်စင်ပြီးတဲ့အခါ ငုံးမှာ အသားနဲ့ အရိုးက နှစ်ကျပ်သား ဝန်းကျင်လောက်ပဲ ရှိလို့ သူတို့ သုံးယောက်အတွက် မလုံလောက်ဘူး။
ဗိုက်နည်းနည်း ပြည့်သွားရုံလောက်ပဲ စားသောက်ပြီးနောက် လင်းန်တို့ သုံးယောက်သား မီးဖိုဘေးမှာ ထိုင်နေကြတယ်။ မီးတောက်တွေက သူတို့ မျက်နှာပေါ်မှာ တဖျပ်ဖျပ် လှုပ်ရှားနေတယ်။
ရက်ဒ်က စကားစလိုက်တယ်။ "လင်းန်... အရှင်သခင်"
အခေါ်အဝေါ်က နားထောင်ရတာ နည်းနည်းတော့ အနေရခက်ပေမဲ့ သူ ကြိုးစားပြီး ခေါ်လိုက်တယ်။
လင်းန်က ရက်ဒ်ကို လှည့်ကြည့်လိုက်ပြီး ကွီစီကလည်း လှမ်းကြည့်တယ်။
ရက်ဒ်က စူးစမ်းချင်တဲ့ မျက်နှာထားနဲ့ "အရှင်သခင် လင်းန်၊ မြို့စားကြီး ဒူးကပ်စ် ခန့်အပ်လိုက်တဲ့ နယ်စားအသစ် တစ်ယောက်အနေနဲ့ အရှင်သခင့်မှာ တကယ်ပဲ ဘာအထောက်အပံ့မှ မရှိဘူးလား" လို့ မေးလိုက်တယ်။
နောက်လိုက်တွေ မရှိ၊ လယ်သမားတွေ မရှိ၊ မျိုးစေ့တွေ မရှိ၊ သင့်တော်တဲ့ သံလယ်ယာသုံး ကိရိယာတောင် မရှိဘူး။
ဒါက နယ်စားတစ်ယောက်နဲ့ လုံးဝကို မတူဘူးလေ။
တစ်နေရာရာကနေ ထွက်ပြေးလာပြီး ဒီမှာ အခြေချ နေထိုင်ဖို့ ကြိုးစားနေတဲ့ ဒုက္ခသည် တစ်ယောက်နဲ့ ပိုတူနေတယ်။
လင်းန်က ဘာမှ မပြောဘဲ လက်ကို လှုပ်ရှားကာ ရင်ဘတ်ထဲကနေ နယ်မြေ ပိုင်ဆိုင်ခွင့် အမိန့်စာလွှာ တစ်ခုကို ထုတ်ယူလိုက်တယ်။
အမိန့်စာလွှာပေါ်မှာ ဓားကြီးနဲ့ ဒိုင်းလွှား ကြက်ခြေခတ်ထားတဲ့ သင်္ကေတ ပါရှိတယ်။
ဒါက ဒူးကပ်စ် မျိုးနွယ်စုရဲ့ သင်္ကေတပဲ။
ဓားကြီးက ဒူးကပ်စ် မျိုးနွယ်စုဟာ ကာလဒီ အင်ပါယာရဲ့ ထက်မြက်တဲ့ ဓားတစ်လက် ဖြစ်တယ်ဆိုတာကို ကိုယ်စားပြုပြီး ဒိုင်းလွှားကတော့ ကာလဒီ အင်ပါယာကို ကာကွယ်ပေးနိုင်တယ်ဆိုတာကို ကိုယ်စားပြုတယ်။
တိုက်ခိုက်ဖို့ ရှေ့တိုး၊ ကာကွယ်ဖို့ နောက်ဆုတ်။
ကာလဒီ အင်ပါယာ လွတ်လပ်ရေး ရကတည်းက ဒူးကပ်စ် မျိုးနွယ်စုဟာ အင်ပါယာရဲ့ ဓားနဲ့ ဒိုင်းလွှား ဖြစ်ခဲ့တယ်။
ဒူးကပ်စ် မြို့စားပိုင်နက်ထဲက လူအားလုံးအတွက်တော့ ဒါက သူတို့ရဲ့ နတ်ဘုရားပဲ။
စိတ်ကူးတစ်ချက်နဲ့တင် သူတို့ရဲ့ အသက်ရှင်ခြင်း သေဆုံးခြင်းကို ဆုံးဖြတ်နိုင်တယ်။
ပြီးတော့။
အမြင်စူးရှတဲ့ ရက်ဒ်က အမိန့်စာလွှာပေါ်က သွေးရောင် သဲ့သဲ့လေးကို သတိထားမိလိုက်တယ်။
သွေးရောင်နဲ့ ပတ်သက်ရင် အရမ်း အာရုံခံနိုင်စွမ်း ကောင်းတဲ့ ရက်ဒ်က အဲဒါ သွေးစွန်းထားတဲ့ အရာမှန်း သိလိုက်တယ်။
လင်းန် ဒီနယ်မြေကို မလာခင် တစ်ခုခုတော့ ဖြစ်ခဲ့တာ သေချာတယ်။
လင်းန်က အဲဒါကို ဖွင့်မပြခင်မှာပဲ ရက်ဒ်က ခေါင်းကို ကမန်းကတန်း ငုံ့လိုက်ပြီး "တောင်းပန်ပါတယ် အရှင်သခင် လင်းန်၊ ကျွန်တော် ရိုင်းစိုင်းသွားပါတယ်" လို့ ပြောလိုက်တယ်။
ရက်ဒ်က ဆက်ပြောတယ်။ "အရှင်သခင် လင်းန်၊ ကျွန်တော် အနားယူတာ လုံလောက်ပြီလို့ ထင်ပါတယ်။ ချက်ချင်း စိုက်ပျိုးရေး လုပ်ဖို့က နည်းနည်း ခက်ခဲနေသေးပေမဲ့ လေးနဲ့မြား သုံးပြီး သားရဲတိရစ္ဆာန် တချို့ကိုတော့ အမဲလိုက်ဖို့ ကြိုးစားပေးနိုင်ပါတယ်"
"ဒါဆို အကောင်းဆုံးပဲပေါ့" လင်းန်ရဲ့ မျက်လုံးတွေ တောက်ပသွားတယ်။ အဲဒါက သူ လိုချင်နေတဲ့ အရာပဲလေ။
အမဲလိုက်တာပဲဖြစ်ဖြစ်၊ မြေရှင်းတာပဲဖြစ်ဖြစ် အချိန်ယူရတာချည်းပဲ။
[ကောင်းကင်ဘုံ လက်နက်] တွေ ရှိနေရင်တောင်မှ လင်းန်က အလုပ်နှစ်ခုကို တစ်ပြိုင်နက်တည်း မလုပ်နိုင်ဘူး။
ကွီစီ တစ်ယောက်တည်း စိုက်ပျိုးနိုင်ပေမဲ့ လုပ်ရည်ကိုင်ရည်ကတော့ အရမ်း နိမ့်ကျနေမှာပဲ။
ကွီစီမှာ [စိုက်ပျိုးခြင်း] ကျွမ်းကျင်မှု အဆင့် ၂ ရှိပေမဲ့ ကျွမ်းကျင်မှု အဆင့်ဆိုတာ အလုပ်အပေါ် နားလည်မှုနဲ့ အသိအမှတ်ပြုမှု၊ ပြီးတော့ နှစ်ပေါင်းများစွာက အတွေ့အကြုံတွေပေါ်မှာ အခြေခံပြီး ပေါ်လွင်လာတာလေ။
အပိုင်း ( ၁၅ ) ပြီးဆုံး.
***