ရက်ဒ်နဲ့ ကွီစီတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ကွီစီက နားလည်သဘောပေါက်စွာနဲ့ မှိုင်းညို့နေတဲ့ မီးခိုးရောင် သိုးမွေးဝတ်ရုံထဲကနေ အဝါနဲ့အညိုစပ် အဝတ်အိတ်လေး တစ်လုံး ထုတ်ယူလိုက်တယ်။
ကွီစီက အဝတ်အိတ်လေးကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး လင်းန်ဆီ လျှောက်လာကာ မြေပြင်ပေါ် ထိုင်ချပြီး အိတ်ကြိုးကို ဖြေလိုက်တယ်။
ရွှေဝါရောင် ဂျုံစေ့တွေက လင်းန်ရဲ့ မြင်ကွင်းထဲ ဝင်ရောက်လာတယ်။
[ဆူဖြိုးသော ဂျုံစေ့] - စိုက်ပျိုးရေးအတွက် အသုံးပြုနိုင်ပြီး ဖွဲနုချွတ်ပြီးနောက် ဂျုံယာဂု၊ ပေါင်မုန့်နဲ့ တခြား အစားအစာတွေ ပြုလုပ်နိုင်သည်။
ကွီစီက "အရှင်သခင် လင်းန်၊ ဒါတွေက ဂျုံမျိုးစေ့တွေပါ။ တစ်ဧကကို ပေါင်နှစ်ဆယ်နှုန်းနဲ့ဆိုရင် ဧကဝက်ကျော်လောက် စိုက်လို့ရမယ်" လို့ ပြောလိုက်တယ်။
ပေါင်သုံးဆယ်လောက်ရှိတဲ့ ဂျုံမျိုးစေ့တွေကို ရက်ဒ်က ကျောပေါ်မှာ တစ်ချိန်လုံး သယ်လာခဲ့ပေမဲ့ သူကတော့ ပုံမှန်ပါပဲ။
ဒီလောက် တောင့်တင်းတဲ့ ခန္ဓာကိုယ် ရှိနေတော့လည်း ဒဏ်ရာတွေ မြန်မြန်သက်သာလာတာ မဆန်းပါဘူး။
လင်းန် စကားပြောမလို့ လုပ်တုန်းမှာပဲ အိတ်ရဲ့ ထောင့်တစ်နေရာကို အကြည့်ရောက်သွားရာ အဲဒီမှာ ပိုသေးတဲ့ အဝတ်အိတ်လေး တစ်လုံး ရှိနေတယ်။
သူ လှမ်းယူပြီး ဖွင့်ကြည့်လိုက်တော့ အညိုရင့်ရောင် ဘဲဥပုံ မျိုးစေ့လေး တစ်ဆုပ်ကို တွေ့လိုက်ရတယ်။
[ဝါစေ့] - စိုက်ပျိုးရန်၊ ဆီကြိတ်ရန်နှင့် အခြား ကိစ္စများအတွက် အသုံးပြုနိုင်သည်။
လင်းန် မျက်ခုံးပင့်သွားပြီး "ဝါစေ့တွေပါလား၊ ဒါတွေက ဘယ်ကရလာတာလဲ" လို့ မေးလိုက်တယ်။
ကွီစီက အံ့သြတကြီးနဲ့ "အရှင်သခင် လင်းန်၊ ဒါတွေက ဝါစေ့မှန်း ဘယ်လိုလုပ် သိတာလဲ" လို့ ပြန်မေးတယ်။
လင်းန် ပြန်ဖြေမလို့ လုပ်တုန်း ရက်ဒ်က စတင် ရှင်းပြတယ်။
သူက "အရင်က တောင်ပေါ်မှာ အမဲလိုက်ရင်း သာသနာပြု တစ်ယောက်ကို ကယ်ခဲ့ဖူးတယ်။ အဲဒီအတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ သာသနာပြုက ဒီဝါစေ့အိတ်လေးကို လက်ဆောင်ပေးခဲ့တာပါ"
ရက်ဒ်က ဆက်ပြောတယ်။ "သူက ဒီမျိုးစေ့တွေက အရမ်း တန်ဖိုးကြီးတယ်လို့ ပြောတယ်။ အဲဒါကြောင့် စိုက်လိုက်ရင် ပျက်စီးသွားမှာစိုးလို့ မစိုက်ရဲဘဲ သိမ်းထားတာ"
လင်းန် ခေါင်းညိတ်လိုက်တယ်။
သာသနာပြု ပြောတာ မှန်ပါတယ်။ ဘယ်ကရလာမှန်း မသိတဲ့ ဒီဝါစေ့ တစ်ဆုပ်က တကယ်ကို တန်ဖိုးကြီးလှတယ်။
ကာလဒီ အင်ပါယာက လီနင်နဲ့ သိုးမွေးလို အထည်အလိပ် ကုန်ကြမ်းတွေကိုပဲ အဓိက ထုတ်လုပ်တာဖြစ်ပြီး ဘယ်နိုင်ငံကမှ ဝါဂွမ်း စိုက်ပျိုးတယ်ဆိုတာကို လင်းန် မကြားဖူးဘူး။
လီနင်ရဲ့ ကြမ်းတမ်းတဲ့ အထိအတွေ့နဲ့ သိုးမွေးရဲ့ ဈေးကြီးမှုတို့နဲ့ ယှဉ်ရင် ဝါဂွမ်းက သက်တောင့်သက်သာ ရှိပြီး အနွေးဓာတ်လည်း ကောင်းကောင်း ပေးနိုင်တယ်။
ဝါစိုက်ပျိုးနည်း နည်းပညာကိုသာ သိထားရင် မြေဆီသြဇာ ထက်သန်ဖို့ အရမ်းကြီး မလိုသလို စိုက်ပျိုးရတာလည်း မခက်ခဲတဲ့အတွက် တွက်ခြေကိုက်တယ်။
ဒါ့အပြင် ဝါဂွမ်းက ဆေးဆိုးရ လွယ်ကူပြီး အရောင်အသွေး ပုံစံမျိုးစုံကို ပိုမို ကြွယ်ဝစွာ ဖန်တီးနိုင်တယ်။
သာမန်ပြည်သူတွေပဲဖြစ်ဖြစ်၊ မှူးမတ်တွေပဲဖြစ်ဖြစ် အားလုံးအတွက် ဆွဲဆောင်မှု ရှိပြီး အရမ်းကို ဝယ်ယူချင်ကြမှာ သေချာတယ်။
သူသာ ဝါဂွမ်းတွေကို အကြီးအကျယ် စိုက်ပျိုးနိုင်ပြီး လှပနွေးထွေးတဲ့ အဝတ်အထည်တွေ ထုတ်လုပ်ကာ နေရာအနှံ့ ရောင်းချနိုင်မယ်ဆိုရင်တော့...
ဒါက ပြီးဆုံးနိုင်မှာမဟုတ်တဲ့ ကြီးမားတဲ့ ဓနဥစ္စာ အရင်းအမြစ်ကြီးပဲ။
နည်းနည်း စိတ်လှုပ်ရှားသွားတဲ့ အတွေးတွေကို ထိန်းချုပ်လိုက်ပြီး လင်းန်က လက်တွေ့ အခြေအနေကို စတင် စဉ်းစားလိုက်တယ်။
အိတ်လေးထဲမှာ ဝါစေ့ ငါးဆယ် ခြောက်ဆယ်လောက်ပဲ ပါတာဆိုတော့ သိပ်မများလှဘူး။
ဝါပင် ကြီးထွားဖို့ အနည်းဆုံး နှစ်ဝက်လောက် အချိန်ယူရမှာဖြစ်ပြီး ရိတ်သိမ်းချိန်က တော်တော်လေး ကြာရှည်တယ်။
လက်ရှိ အခြေအနေအရ အကြီးအကျယ် စိုက်ပျိုးဖို့ဆိုတာ တကယ်ကို ခက်ခဲလှတယ်။
ဒါပေမဲ့ ဝါစေ့ အရေအတွက် များလာအောင် လင်းန်က အရင်ဆုံး စိုက်ပျိုးထားလို့တော့ ရတယ်။
ဆုံးဖြတ်ချက် ချပြီးတာနဲ့ လင်းန်က ကွီစီကို အဲဒီ မျိုးစေ့တွေ လုံခြုံအောင် သိမ်းထားဖို့ မှာလိုက်တယ်။
မြေရိုင်းပြင်က ကြွက်တွေ၊ ရှဉ့်တွေ လာခိုးစားမှာကို ကာကွယ်ဖို့လေ။
...
လင်းန် ဒီကမ္ဘာကို ရောက်လာတာ ရှစ်ရက်မြောက်နေ့ ရှိပြီ။
အဝေးက အရှေ့ဘက် မိုးကုတ်စက်ဝိုင်းမှာ အလင်းရောင် တစ်စ ပေါ်လာတယ်။
သစ်သားအိမ် အပြင်ဘက်က မြေရိုင်းပြင်မှာ လူသုံးယောက် အလုပ်လုပ်နေကြတယ်။
လင်းန်က ကျောက်ပေါက်ပြားနဲ့ မြေရိုင်းပြင်ကို ထွန်ယက်နေပြီး ကွီစီက ပေါင်းသင်နေတယ်။
တစ်ချိန်တည်းမှာပဲ ခြေခွင်နေတဲ့ ရက်ဒ်က ဦးချိုလေးကို ကိုင်ပြီး သားကောင် ရှာနေတယ်။
ဂျုံစေ့ ပေါင်သုံးဆယ်က တစ်ဧကခွဲလောက်၊ ခန့်မှန်းခြေ စတုရန်းမီတာ တစ်ထောင်လောက်ကို စိုက်လို့ရတယ်။
လင်းန်နဲ့ ကွီစီတို့ နှစ်ရက်လုံးလုံး အလုပ်လုပ်ခဲ့ပေမဲ့ စတုရန်းမီတာ နှစ်ရာလောက်ပဲ ထွန်ယက်နိုင်သေးတယ်။
ကာလဒီ အင်ပါယာရဲ့ နွေဦး ထွန်ယက်ချိန်က ပုံမှန်အားဖြင့် မတ်လနှောင်းပိုင်းကနေ ဧပြီလအထိ ကြာမြင့်တတ်တယ်။
အခုမှ မတ်လဆန်းပိုင်းပဲ ရှိသေးတော့ အချိန် ရပါသေးတယ်။
လင်းန်က ပေါက်ပြားကို တစ်ချက်ပြီးတစ်ချက် မြေကြီးထဲ ပြင်းပြင်းထန်ထန် ပေါက်ချပြီး ရှေ့ကို တွန်းကာ မြေသားတွေကို အပေါ်ယံဆီ လှန်တင်လိုက်တယ်။
[စိုက်ပျိုးခြင်း အတွေ့အကြုံ တစ်မှတ် တိုးလာပါသည်]
နေ့ဝက်လောက် အလုပ်လုပ်ပြီးတဲ့နောက် ကျယ်ပြန့်လာတဲ့ ထွန်ယက်ပြီးသား မြေကွက်ကို လင်းန် လှည့်ကြည့်လိုက်တယ်။
ခေါင်းပေါ်က နေကို သတိထားမိလိုက်ရာ ဘယ်အချိန်ကတည်းကန်း မသိ၊ ဖြူဝင်းနေတဲ့ နေမင်းက တည့်တည့်ကို ရောက်နေပြီ။
သူ ပတ်ဝန်းကျင်ကို ရှာကြည့်လိုက်တော့ သိပ်မဝေးတဲ့ နေရာကနေ ခြေခွင်ပြီး ပြန်လျှောက်လာတဲ့ ရက်ဒ်ကို တွေ့လိုက်ရတယ်။
သူ့ရဲ့ ဘယ်ဘက်လက်မှာ လေးကို ကိုင်ထားပြီး ညာဘက်လက်မှာတော့ ဆူဖြိုးနေတဲ့ တောယုန် နှစ်ကောင်ကို ဆွဲလာတယ်။
လင်းန် အနည်းငယ် စိတ်အေးသွားတယ်။ ရက်ဒ်က တကယ့်ကို အတွေ့အကြုံရှိတဲ့ အဆင့် ၃ [မုဆိုး] ပီသပါတယ်။
ညာဘက် ခြေထောက်မှာ မြားဒဏ်ရာရထားလို့ သွားလာလှုပ်ရှားရ ခက်ခဲနေပေမဲ့ သူ့ရဲ့ အမဲလိုက်နိုင်စွမ်းကတော့ ထိခိုက်မှု မရှိပါဘူး။
ပေါင်းပင်တွေကို ပုံနေတဲ့ ကွီစီက ရက်ဒ်လက်ထဲက ယုန်တွေကို မြင်တော့ ဝမ်းသာအားရ ပြုံးလိုက်တယ်။
ကွီစီက သူ့ကို ဆီးကြိုဖို့ လျှောက်သွားတယ်။
ယုန်နှစ်ကောင်ကို လှမ်းယူရင်း ကွီစီက "ရက်ဒ်၊ နင် တောယုန် နှစ်ကောင်တောင် ပစ်လာနိုင်တာပဲ" လို့ ချီးကျူးလိုက်တယ်။
ရက်ဒ်က "အရင် သန့်စင်ပြီး ချက်လိုက်ကြရအောင်၊ မနေ့ညကလည်း အားလုံး ဝအောင် မစားခဲ့ရသလို ဒီမနက်လည်း ဘာမှ မစားရသေးဘူးလေ" လို့ ပြောတယ်။
"အခုပဲ သွားလုပ်လိုက်မယ်" လို့ ကွီစီက ပြန်ဖြေပြီး လင်းန် အနားကို တမင်ပြေးသွားကာ ရိုရိုသေသေနဲ့ "အရှင်သခင် လင်းန်၊ ကျွန်မတို့ အသားစားရတော့မယ်" လို့ ပြောလိုက်တယ်။
ဒီအချိန်မှာပဲ ရက်ဒ်လည်း ရောက်လာတယ်။
လင်းန်က "မင်းရဲ့ မြားပစ်စွမ်းရည်က အထင်ကြီးစရာပဲ" လို့ ချီးကျူးလိုက်တယ်။
ရက်ဒ် အနည်းငယ် နေရခက်သွားတယ်။ နယ်စားဆီကနေ အခုလို တိုက်ရိုက် ချီးကျူးခံရတာ ဒါ ပထမဆုံးအကြိမ်လေ။
တုတ်ခိုင်တဲ့ လူကြီးက အနည်းငယ် စိုးရိမ်သွားပြီး "အရှင်သခင် လင်းန်... အခုလို ချီးကျူးတာ ကျေးဇူးတင်ပါတယ်" လို့ ပြောတယ်။
မွန်းတည့်ချိန် ရောက်လာတော့ လင်းန်က သိသိသာသာကို ပင်ပန်းလာတယ်။
သူက မြစ်ကမ်းစပ်မှာ ရေသွားသောက်ပြီး ကွီစီ ယုန်တွေ သန့်စင်တာ ပြီးတဲ့အထိ စောင့်ကာ သစ်သားအိမ်ဆီကို အတူတူ ပြန်လာခဲ့ဖို့ ဆုံးဖြတ်လိုက်တယ်။
ကွီစီ ယုန်ချက်တာ ပြီးသွားလို့ အားလုံး ဗိုက်ပြည့်သွားတဲ့အခါ လင်းန်က သိပ်မနားတော့ဘဲ လယ်ထဲမှာ ပြန်ပြီး အလုပ်လုပ်တော့တယ်။
ပေါက်ပြားကို တစ်ချက်ပြီးတစ်ချက် ပေါက်ချရင်း အလုပ်ပြန်စတယ်။
လင်းန်က စိတ်ထဲက တွေးလိုက်ပြီး ဖောက်ထွင်းမြင်ရတဲ့ အချက်အလက်ပြဘုတ်ကို ဖွင့်လိုက်တယ်။
[ကောင်းကင်ဘုံ လက်နက်များ]
[အမည်] - လင်းန်
[အသက်] - ၁၅
[ဆောက်လုပ်ခြင်း - အဆင့် ၀ (၂၇/၁၀၀)]
[စိုက်ပျိုးခြင်း - အဆင့် ၀ (၁၈/၁၀၀)]
[စုဆောင်းခြင်း - အဆင့် ၀ (၈၃/၁၀၀)]
[ထုတ်လုပ်ခြင်း - အဆင့် ၀ (၇၂/၁၀၀)]
[အမဲလိုက်ခြင်း - အဆင့် ၀ (၁၅/၁၀၀)]
[ချက်ပြုတ်ခြင်း - အဆင့် ၀ (၁၁/၁၀၀)]
ရှစ်ရက်လုံးလုံး ဆက်တိုက် ကြိုးစားပြီးနောက် လင်းန်ရဲ့ [ထုတ်လုပ်ခြင်း] နဲ့ [စုဆောင်းခြင်း] အဆင့်တွေက တက်တော့မယ်။
ရက်ဒ်နဲ့ ကွီစီတို့လည်း သစ်သားအိမ်ထဲက ထွက်လာကြပြီး လင်းန်ရဲ့ ပိုပိုပြီး ကျွမ်းကျင်လာတဲ့ ပေါက်ပြားပေါက်တဲ့ လှုပ်ရှားမှုတွေကို ကြည့်ကာ မောင်နှမ နှစ်ယောက်လုံး အနည်းငယ် ငေးမောသွားကြတယ်။
ကိုယ်တိုင် မြေရိုင်းပြင်ကို ထွန်ယက်နေတဲ့ မြင်ကွင်းက နယ်စားတစ်ယောက်ဆီကနေ တကယ် မြင်ရတယ်ပေါ့။
ရက်ဒ်က မနေနိုင်ဘဲ "ကွီစီ၊ နင်ပြောတာ မှန်တယ်၊ သူက တခြား မြို့စားနယ်စားတွေနဲ့ တကယ်ကို ကွာခြားတယ်" လို့ ပြောလိုက်တယ်။
ကွီစီက ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်" လို့ ထောက်ခံတယ်။
သူမက လက်ထဲက မီးခတ်ကျောက်ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ရှေ့က ပေါင်းပင်တွေ ထူထပ်နေတဲ့ မြေရိုင်းပြင်ဆီ လျှောက်သွားတယ်။
အလားတူပဲ ရက်ဒ်ကလည်း ဦးချိုလေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပြီး ခြေခွင်လျက် လျှောက်သွားတယ်။
အရှင်သခင် လင်းန်တောင် ဒီလောက် ကြိုးစားနေတာ၊ သူငှားရမ်းထားတဲ့ လွတ်လပ်တဲ့ နိုင်ငံသားတွေက ဘယ်လိုလုပ် အပျင်းထူနေလို့ ရပါ့မလဲ။
ညနေဆည်းဆာ အချိန်မှာ။
လင်းန်နဲ့ ကွီစီတို့ ကိရိယာတွေကို သိမ်းဆည်းပြီး အလုပ်သိမ်းဖို့ အဆင်သင့် ဖြစ်နေကြပြီ။
အဝေးကို လှမ်းကြည့်လိုက်တော့ ရက်ဒ်က အမြန်ပြေးလာတာကို တွေ့လိုက်ရတယ်။
သူ့ရဲ့ ပြေးတဲ့ အရှိန်ကို ကြည့်ရတာ ခြေထောက်မှာ မြားဒဏ်ရာရထားတဲ့ သူနဲ့တောင် မတူတော့ဘူး။
"ရက်ဒ်က သားကောင်ကို လိုက်ဖမ်းနေတာလား" ကွီစီက တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ "သူ့ဒဏ်ရာက... သက်သာသွားပြီလား" လို့ မေးလိုက်တယ်။
လင်းန်က ခေါင်းယမ်းလိုက်တယ်။
အဝေးကနေ လင်းန်နဲ့ ကွီစီတို့ ရပ်နေတာကို မြင်တော့ ရက်ဒ်က ညာဘက်လက်ကို အပြင်းအထန် ဝှေ့ယမ်းပြတယ်။
ဒါပေမဲ့ အကွာအဝေးက နည်းနည်း ဝေးလွန်းနေတော့ လင်းန်နဲ့ ကွီစီတို့က သူ့အသံကို မကြားရဘူး။
ကွီစီ မျက်ခုံးပင့်လိုက်ပြီး "သားကောင်တွေ အရမ်းများလို့များ ငါတို့ကို ကူညီပေးဖို့ လှမ်းခေါ်နေတာလား"
သူမက သွားမလို့ လုပ်တုန်းမှာပဲ ရက်ဒ်ရဲ့ နောက်ကနေ ပြေးလိုက်လာတဲ့ ခပ်ဖြူဖြူ ပုံရိပ်အုပ်စုကြီးကို သတိထားမိလိုက်တယ်။
ကွီစီက ကြောက်လန့်တကြား အသက်ပြင်းပြင်း ရှူလိုက်ပြီး "တောခွေးတွေ၊ တောခွေးအုပ်ကြီး လိုက်လာတယ်" လို့ ပြောလိုက်တယ်။
အခုမှပဲ လင်းန်နဲ့ ကွီစီတို့ သဘောပေါက်သွားကြတယ်။
ဘာလို့ ရက်ဒ်က ဒဏ်ရာရနေတာတောင် ဒီလောက် မြန်မြန် ပြေးနိုင်ရတာလဲ ဆိုတာကိုပေါ့။
"အရှင်သခင် လင်းန်၊ သစ်သားအိမ်ဆီ အမြန်ပြန်ကြရအောင်"
အပိုင်း ( ၁၆ ) ပြီးဆုံး.
***