ထိုအချိန်တွင် ဝိညာဉ်ပင်လယ်၏ ရေပြင်ထက်ရှိ ကျွန်းငယ်လေးတစ်ကျွန်းပေါ်၌။
သွေးနေဝန်းဓားဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးမှ "စီနီယာအစ်ကိုယဲ့… ဒါ အစ်ကိုလိုက်ရှာနေတဲ့ ရှန်မိုလားခင်ဗျာ"
သူ ရိုသေစွာ မေးမြန်းလိုက်သည်။
ယဲ့ယန် မျက်မှောင်ကြုတ်လိုက်ပြီး
"ခေါင်းမော့စမ်း"
ဒူးထောက်နေသော ကျင့်ကြံသူမှာ အမြန်ခေါင်းမော့လိုက်ပြီး
"ကျွန်တော့်ကို အသက်ချမ်းသာပေးပါ… ကျွန်တော်က သာမန် လေလွင့်ကျင့်ကြံသူတစ်ယောက်ပါ"
သူ နာကျင်စွာ အော်ဟစ်တောင်းပန်တော့သည်။
ယဲ့ယန်၏ မျက်မှောင်မှာ ပို၍ပင် ကြုတ်သွားသည်။
"မင်းနာမည်က ရှန်မိုလား"
"ဟုတ်ကဲ့… ဟုတ်ကဲ့… ကျွန်တော့်နာမည်က ငယ်ငယ်ကတည်းက ရှန်မိုပါ"
ယဲ့ယန် နှာခေါင်းရှုံ့လိုက်ပြီး
"မင်းက ဒီနာမည်နဲ့ ထိုက်တန်တယ်လို့ ထင်နေတာလား"
သူ လက်ကို ပေါ့ပေါ့ပါးပါးလေး ဝှေ့ယမ်းလိုက်ပြီး အမိန့်ပေးလိုက်သည်။
"သတ်လိုက်တော့"
"ဟုတ်ကဲ့ပါ"
သွေးနေဝန်းဓားဂိုဏ်း ကျင့်ကြံသူမှ ဓားတစ်ချက်တည်းဖြင့် ပိုင်းချလိုက်ရာ လူကောင်းတစ်ယောက်၏ ခေါင်းသည် လေထဲသို့ မြောက်တက်သွားတော့၏။
ထို့နောက် ယဲ့ယန်မှ
"ဂိုဏ်းချုပ်ဆီက သတင်းဘာမှ မရသေးဘူးလား"
ဘေးရှိ ဂိုဏ်းဝင်မှာ
"ဘာသတင်းမှ မရသေးပါဘူးခင်ဗျာ"
ယဲ့ယန်မှာ အသက်ကို ခပ်ဖွဖွ ရှူထုတ်လိုက်ပြီး
"ငါရှာခိုင်းထားတဲ့ ရှန်မိုရော ဘယ်လိုလဲ… မင်းတို့ သုံးယောက်တောင် မိလာပြီးပြီ… တစ်ယောက်မှ ငါရှာနေတဲ့သူ မဟုတ်ဘူး"
ကျင့်ကြံသူမှ
"ကျွန်တော်တို့ ဖမ်းမိထားတဲ့ နဂါးပုန်းကျွန်းက ကျင့်ကြံသူ အားလုံးကို စစ်မေးပြီးပါပြီ… ရှန်မိုဆိုတဲ့ ကျင့်ကြံသူအကြောင်း ကြားဖူးတဲ့သူတောင် အတော်လေး ရှားပါတယ်… ဒါပေမဲ့ ယင်းထျန်းဟောက်ရဲ့ ယုံကြည်ရတဲ့ လက်အောက်ငယ်သား တစ်ယောက်ကတော့ ကျွန်းရှင်က ရှန်မိုဆိုတဲ့ ကျွန်းရှင်လေးတစ်ယောက်နဲ့ ဆုံဖူးတယ်လို့ ပြောပါတယ်"
ယဲ့ယန် ခေါင်းတစ်ချက် ညိတ်လိုက်သည်။
"သွား… မင်းတို့ အလုပ်ကို ဆက်လုပ်ကြ"
"ဟုတ်ကဲ့ပါခင်ဗျာ"
ယဲ့ယန်မှာ နောက်ထပ် သက်ပြင်းတစ်ချက် ချလိုက်ပြီး သူ၏ နားထင်ကို ပွတ်လိုက်မိသည်။
မြစိမ်းရောင် ဂူဗိမာန်ထဲကို သူ စတင်ဝင်ရောက်လာစဉ်က နဂါးပုန်းကျွန်းက ကျင့်ကြံသူတစ်ဦးကို သူ သတ်ခဲ့ဖူးပြီး ထိုသူ့ဆီကနေ အမှတ်မထင် သိလိုက်ရသည်မှာ ထိုနေရာတွင် ရှန်မိုဆိုသည့် နာမည်နှင့် ကျွန်းရှင်လေးတစ်ယောက် ရှိနေသည်ဆိုတာပင်။
ရှန်မိုဆိုတဲ့ နာမည်က သူ့အတွက်တော့ အိပ်မက်ဆိုးတစ်ခုလိုပါပဲ။ ရှန့်ရွှမ်း နယ်ပယ်ကို ရောက်လာပြီးတဲ့နောက် ရှန်မိုနဲ့ နောက်တစ်ခါ ပြန်ဆုံဖို့ လမ်းမရှိတော့ဘူးလို့ သူ ထင်ထားခဲ့တာ။ ဒါပေမဲ့ အဲဒီနာမည်ကို ပြန်ကြားလိုက်ရတဲ့ အခိုက်အတန့်မှာပဲ ကြီးမားတဲ့ အရိပ်မည်းကြီးက သူ့နှလုံးသားကို နောက်တစ်ကြိမ် လွှမ်းမိုးသွားပြန်တယ်။
ဒီရှန်မိုမှာ သူသိသည့် ရှန်မို မဟုတ်လောက်ဘူးဟု ယဲ့ယန် သံသယဝင်မိသည်။
နာမည်တူနေတာပဲ ဖြစ်ဖို့ များပါတယ်။ ဘာပဲဖြစ်ဖြစ် ရှန်မိုလို နာမည်မျိုးက အတော်လေး အတွေ့ရများတာပဲ မဟုတ်လား။
သို့သော် သတိထားသည့်အနေနှင့် "ရှန်မို" နာမည်ရှိသူ မှန်သမျှကို လိုက်ရှာရန် သူ့လက်အောက်ငယ်သားများကို အမိန့်ပေးထားခဲ့ခြင်း ဖြစ်သည်။
အထူးသဖြင့် နဂါးပုန်းကျွန်းမှ ကျင့်ကြံသူတွေထဲမှာပေါ့။ အခုအချိန်အထိ "ရှန်မို" သုံးယောက်ကို ကွပ်မျက်ပြီးပြီဖြစ်သော်လည်း သူသိသည့်သူ တစ်ယောက်မှ မပါသေးပေ။
"သူ တကယ် မဟုတ်ပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ..." ယဲ့ယန်မှာ မည်းနက်နေသည့် ပင်လယ်ပြင်ကြီးကို ငေးကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
"မင်းက ဘာလို့ သက်ပြင်းချနေတာလဲ… အဲဒါ တကယ် ရှန်မို ဖြစ်နေရင်ရော ဘာဖြစ်လဲ… သူ့ရဲ့ အစွမ်းက မင်းထက် သာရင်သာမယ်… ဒါပေမဲ့ မင်းရဲ့ နောက်ကွယ်မှာ သွေးနေဝန်းဓားဂိုဏ်းနဲ့ မိုးကြိုးငါးတန်တောင်ဂိုဏ်း ရှိနေတာပဲ… ဒါ့အပြင် နတ်ဆိုးအရှင်သခင်ကြီးကလည်း မကြာခင် နိုးထလာတော့မှာလေ"
လင်းတုံထျန်းမှ လှောင်ပြောင်လိုက်သည်။
ရှောင်ဖန်ကလည်း သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်၏။
"အစ်ကိုလင်း ပြောတာ မှန်တယ်… ငါတို့မှာ အင်အားကြီး ဂိုဏ်းတွေရဲ့ အရှိန်အဝါ ရှိနေတာပဲ… ရှန်မိုက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ လက်သီးနှစ်လုံးက လက်မောင်းလေးဖက်ကို မယှဉ်နိုင်ပါဘူး… ငါတို့မှာ လူအများကြီး ရှိနေတာပဲကိုး"
ယဲ့ယန်၏ မျက်မှောင်မှာ အပြင်းအထန် ကြုတ်သွားသည်။
"ဒါဆိုရင် ရှုံထျန်းရှင်းတို့က ကျောက်စိမ်းတံတားဆီကနေ ဘာလို့ ပြန်မလာသေးတာလဲ… သူတို့က နတ်ဆိုးအရှင်သခင်ကြီး နိုးထလာတာကို သက်သေခံဖို့ သွားကြတာလေ… ဘာလို့ သတင်းမလာတာလဲ" လင်းတုံထျန်းနှင့် ရှောင်ဖန်တို့ တိတ်ဆိတ်သွားကြ၏။ ၎င်းမှာ ကျိုးကြောင်းဆီလျော်သော အချက်ပင်။ အကယ်၍ အရာအားလုံး စီစဉ်ထားသည့်အတိုင်း ဖြစ်လာမည်ဆိုလျှင် အခုလောက်ဆို ပွက်လောရိုက်နေလောက်ပြီ။
ဒါ နတ်ဆိုးအရှင်သခင်ကြီး တစ်ပါး မဟုတ်ပါလား။ သူ နိုးထလာခြင်းက မြစိမ်းရောင် ဂူဗိမာန်တစ်ခုလုံးကို တုန်ခါသွားစေဖို့ လုံလောက်သင့်သည်။ သို့သော်လည်း... ဘာလှုပ်ရှားမှုမှ မရှိသေးပေ။ တိုးတိုးတိတ်တိတ် သတင်းလေးတောင် မကြားရ။
ယဲ့ယန်မှည နဂါးသင်္ချိုင်းရှိရာ လားရာဘက်သို့ လှည့်ကြည့်လိုက်သည်။
"ငါတို့တွေ ကြိုတင်ပြင်ဆင်မှုတွေ စလုပ်ထားတာ ပိုကောင်းမယ် ထင်တယ်"
"ဘာပြင်ဆင်မှုလဲ”
လင်းတုံထျန်းနှင့် ရှောင်ဖန်တို့ ပြိုင်တူ မေးလိုက်ကြသည်။
"ဆုတ်ခွာဖို့ ပြင်ဆင်မှုပေါ့"
ယဲ့ယနိ သက်ပြင်းချလိုက်၏။
သူ စကားပြောပြီးသည်နှင့် သူ၏ အသံလွှင့်ကျောက်စိမ်းမှာ ပြင်းထန်စွာ တုန်ခါလာတော့သည်။
ထို့နောက် ရှုံထျန်းရှင်း၏ ထိတ်လန့်နေသော အသံလည်း ထွက်ပေါ်လာသည်။
"အခုချက်ချင်း ဆုတ်ကြတော့… အလောင်းပုန်ကန်မှုအရှင်သခင်က စီစဉ်ထားတဲ့အတိုင်း နိုးထမလာနိုင်ဘူး… သူ့ရဲ့ လက်အောက်ခံ နတ်ဆိုးဧကရာဇ် နှစ်ပါးပဲ ပြန်လာနိုင်ခဲ့တယ်" "အမာခံတပည့်တွေကို ချက်ချင်းစုပြီး မြစိမ်းရောင် ဂူဗိမာန်ထဲကနေ ဆုတ်ခွာဖို့ ပြင်ကြ"
ယဲ့ယန်၏ မျက်နှာမှာ တည်ကြည်သွားတော့သည်။ ထင်ထားသည့်အတိုင်းပင်။
အစီအစဉ်များမှာ အပြောင်းအလဲများကို ဘယ်တော့မှ မမီပေ။
နိုးထလာသည့် နတ်ဆိုးဧကရာဇ် နှစ်ပါးမှာလည်း အတွင်းပင်လယ်၏ ပါရမီရှင်များကို မယှဉ်နိုင်မှာ သေချာသည်။
ရှုံ့ထျန်းရှင်းသည် ယဲ့ယန်အား သွေးနေဝန်းဓားဂိုဏ်း၏ အမာခံတပည့်များကို ခေါ်ကာ ဆုတ်ခွါရန် ညွှန်ကြားနေ၍ သာမန်တပည့်များကို စွန့်ပစ်ဖို့ ရည်ရွယ်နေသည်မှာ ရှင်း၏။
သို့သော် ယဲ့ယန်မှာလည်း ဝန်မလေးလှပေ။ သူ ဒါမျိုး အရင်ကလည်း အကြိမ်ကြိမ် လုပ်ဖူးသည်။
ယဲ့ယန် သူ၏ ဂျူနီယာညီငယ် နှစ်ဦးကို ခေါ်လိုက်ပြီး အမာခံတပည့်များကို တိတ်တဆိတ် စုစည်းကာ ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။
မဆုတ်ခွါမီ နောက်မှ လိုက်လာမယ့်သူများအတွက် လက်ဆောင်တစ်ခုတော့ ချန်ထားဖို့ လိုအပ်ပါသည်။
ဤနေရာတွင် စုပုံနေသော အလောင်းများကို အသုံးပြုပြီး မိမိကိုယ်ကိုယ် ဖောက်ခွဲသည့် အစီအရင်တစ်ခု တည်ဆောက်နိုင်၏။ တစ်စုံတစ်ယောက်မှ စစ်ဆေးရန် အနားကို ကပ်လာသည်နှင့် အလောင်းများက ဓမ္မအမှတ်အသား ၆၀ ရှိသည့် နိဗ္ဗာန်အဆင့် ကျင့်ကြံသူကိုပင် သတ်နိုင်သည်အထိ ပြင်းထန်သော စွမ်းအားနှင့် ပေါက်ကွဲသွားပါလိမ့်မည်။
မကြာမီမှာပင် ယဲ့ယန်နှင့် အခြား အမာခံအဖွဲ့ဝင်များ ဆုတ်ခွာရန် အသင့်ဖြစ်နေလေပြီ။
ဂိုဏ်းတစ်ခုအတွင်း၌ အမာခံတပည့်ဟု ခေါ်ထိုက်သူ လူအနည်းငယ်သာ ရှိ၏။
ယဲ့ယန် ဂူအဝင်ဝသို့ ဦးတည်သွားရန် ပြင်နေစဉ်မှာပင် လူနှစ်ဦးမှာ ရေပြင်ကို ဖြတ်ကျော်ပြီး လေထဲသို့ ပျံတက်လာကြသည်။ ယဲ့ယန်၏ ဘေးရှိ သွေးနေဝန်းဓားဂိုဏ်း ကျင့်ကြံသူများ အားလုံးမှာ သူတို့၏ ဓားများကို ဆွဲထုတ်လိုက်ကြပြီး ရောက်လာသူများကို အေးစက်သော မျက်နှာများဖြင့် စိုက်ကြည့်နေကြသည်။
ယဲ့ယန် ထိုအမျိုးသားကျင့်ကြံသူ၏ မျက်နှာကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားတော့သည်။ နောက်ထပ် တစ်ခဏလေးတောင် မစဉ်းစားတော့ပေ။ သူ၏ စိတ်အာရုံကို ချက်ချင်း ထုတ်ဖော်လိုက်ပြီး ဇီဝသွေးအနှစ်သာရကို လောင်ကျွမ်းစေကာ သွေးလွတ်နည်းစနစ်ကို အသုံးပြုလိုက်တော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ အရိပ်ပင်မကျန် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ပတ်ဝန်းကျင်ရှိ သွေးနေဝန်းဓားဂိုဏ်း ကျင့်ကြံသူများမှာ ကြောင်တောင်တောင်ဖြင့် တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်နေကြသည်။
ဘာဖြစ်သွားတာလဲ။ သူ ထွက်ပြေးသွားတာလား။
ရှန်မိုလည်း ခဏမျှ မှင်တက်သွားရသည်။ ခဏတာလေး မြင်လိုက်ရရုံမျှဖြစ်သော်လည်း ထိုကျင့်ကြံသူ၏ မျက်နှာကို သူ ရှင်းလင်းစွာ မြင်လိုက်ရသည်။
ခန့်ညားပြီး အေးစက်သော မျက်နှာ။
၎င်းမှာ သူ၏ မိတ်ဆွေဟောင်း ယဲ့ယန် မဟုတ်ပါလား။
ယဲ့ယန် ဤမျှ မြန်မြန် ထွက်ပြေးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အသက်တစ်ရှူစာအတွင်းမှာတင် စိတ်အာရုံကို ထုတ်ဖော်၊ ဇီဝသွေးကို အသုံးချပြီး လွတ်အောင် ပြေးသွားသည်မှာ ရှန်မိုပင် တုံ့ပြန်ဖို့ အချိန်မရလိုက်ပေ။
"သတ်ပစ်”
ပိန်ပိန်ရှည်ရှည် သွေးနေဝန်းဓားဂိုဏ်း ကျင့်ကြံသူတစ်ဦးမှ ခပ်တိုးတိုး ဟိန်းဟောက်လိုက်သည်။ ကျန်ရှိနေသောသူများမှာလည်း အတူတူ ရှေ့သို့ ပြေးဝင်လာကြသည်။ ပျံလွှားဓားများနှင့် သွေးရောင် အလင်းတန်းများမှာ အရပ်မျက်နှာ အားလုံးမှ တိုးဝင်လာတော့၏။ ကောင်းကင်ကြီး တစ်ခုလုံးကို ဖုံးလွှမ်းသွားမည့်အလားပင်။
ဟူရှင်းယွဲ့သည် ချက်ချင်းပင် မြေအောက်နက်နဲ သူတော်စင်ဝိညာဉ် အကာအကွယ်ဒိုင်းကို ထုတ်ဖော်လိုက်သည်။ သို့သော် ရှန်မိုကမူ လက်ကို ခါရုံသာ ပြု၍ ဟင်းလင်းပြင် ရှေးဟောင်းဓားမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာတော့သည်။
ရှန် ရှန် ရှန်!
ဓား၏ ဟိန်းဟောက်သံမှာ ကောင်းကင်ယံ၌ ပဲ့တင်ထပ်သွားသည်။
သွေးနေဝန်းဓားဂိုဏ်း၏ ဓားပညာမှာ ဟင်းလင်းပြင် နတ်ဆိုးသတ်ဓားကျမ်းနှင့် ဘယ်မှာ ယှဉ်နိုင်ပါ့မလား။
သူတို့၏ နည်းစနစ် အားလုံးမှာ ဟင်းလင်းပြင် ရှေးဟောင်းဓားကြောင့် အစိပ်စိပ်အမွှာမွှာ ကြေမွသွားခဲ့လေပြီ။ စက္ကူချပ်များကဲ့သို့ပင်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားမှာ ဝေ့ဝဲဖြတ်သန်းသွားသည်။ နိဗ္ဗာန်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းလိုသော ကျင့်ကြံသူ တစ်ဆယ်ကျော်မှာ မျက်တောင်တစ်ခါခတ်အတွင်း အသတ်ခံလိုက်ရလေပြီ။
ချက်ချင်းပင် အသက်မဲ့ပြီး အသက်ရှူသံများ ပျောက်ကွယ်သွားကြသည်။
ဟူရှင်းယွဲ့၏ မျက်လုံးများမှာ တောက်ပသွား၏။ ဒီလောက်တောင် အစွမ်းထက်တာလား။
သူသည် နိဗ္ဗာန်အဆင့်တစ်ပိုင်း ကျင့်ကြံသူတွေကို နှိမ်နင်းနိုင်သော်လည်း ဤမျှ မစိုက်ထုတ်ရဘဲနှင့်တော့ မလုပ်နိုင်ပေ။
ဟင်းသီးဟင်းရွက်များ လှီးဖြတ်သလိုမျိုးတော့ လုံးဝ မဖြစ်နိုင်ပေ။
သို့သော် ဒီရှန်မိုကတော့ အလွန်အမင်း လွယ်ကူစွာ လုပ်ဆောင်သွားခဲ့သည်။
"ငါ့နောက်က လိုက်ခဲ့"
ရှန်မို တည်ငြိမ်စွာ ပြောလိုက်သည်။
ဟူရှင်းယွဲ့လည်း ခေါင်းညိတ်ပြီး အမြန်လိုက်ပါလာခဲ့၏။
လမ်းခရီးတွင် တွေ့သမျှသော နတ်ဆိုးကျင့်ကြံသူ တစ်ဦးတစ်ယောက်မျှ ရှန်မိုနှင့် တစ်ကွက်ပင် မယှဉ်နိုင်ကြပေ။ အားလုံးမှာ ဟင်းလင်းပြင် ရှေးဟောင်းဓား၏ လက်ချက်ဖြင့် ကျဆုံးသွားကြ၏။ တစ်ရက်အတွင်းမှာပင် သူတို့သည် ဂူ၏ ထွက်ပေါက်သို့ ရောက်ရှိသွားခဲ့ကြသည်။
တစ်ဖက်တွင်မူ ယဲ့ယန်သည် မိုင်တစ်ထောင်ကျော်အကွာသို့ ထွက်ပြေးပြီးမှ နောက်ဆုံးတွင် ရပ်လိုက်တော့၏။ အခုမှသာ သူ၏ ရင်ထဲတွင် ပြည့်နှက်နေသော ထိတ်လန့်မှုများမှာ စတင် ပျောက်ကွယ်သွားတော့သည်။
ရှန်မို! ရှန်မို!
အဲဒါ သေချာပေါက် ရှန်မိုပဲ!
အဲဒီ အရှိန်အဝါ၊ အဲဒီ အကြည့်တွေ၊ အဲဒီ ဖိအားပေးနိုင်တဲ့ ရှိနေမှုတွေ… ရှေးဟောင်းတိုက်ကြီးမှာ သူ မြင်ခဲ့ရတဲ့ ရှန်မိုနဲ့ တစ်ထေရာတည်းပါပဲ။
ယဲ့ယန် ခါးသီးစွာဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဒါ တကယ်ပဲ ရှန်မို ဖြစ်နေတာပဲ... သူ ဘယ်တုန်းက ရှေးဟောင်းတိုက်ကြီးကနေ ရှန့်ရွှမ်း နယ်ပယ်ကို ရောက်လာတာလဲ"
လင်းတုံထျန်းနှင့် ရှောင်ဖန်တို့မှာ တိတ်ဆိတ်နေကြသည်။
သူတို့သည်လည်း ရှန်မိုမှာ ရှန့်ရွှမ်း နယ်ပယ်သို့ ရောက်ရှိနေပြီး မြစိမ်းရောင် ဂူဗိမာန်အတွင်းသို့ပင် ရောက်နေသည်ဆိုသည်ကို မယုံကြည်နိုင် ဖြစ်နေကြသည်။
***