ကျောက်ကျန့်ထင်မှ တည်ကြည်လေးနက်စွာ ကြေညာလိုက်သည်။
"ကျွန်တော် အလောင်းကဏ္ဍအပေါ် သစ္စာရှိဖို့ ကျိန်ဆိုပါတယ်… နောင်တမရှိဘဲ သေပျော်ပါတယ်"
ရှိလု ခေါင်းညိတ်လိုက်၏။
"အစီအရင်ကို အသက်သွင်းလိုက်တော့"
"ဟုတ်ကဲ့"
ကျောက်ကျန့်ထင်က ပြန်လည်ခေါင်းညိတ်လိုက်သည်။
စုန့်ကျန့်ဖေး၏ မျက်နှာမှာ ဖြူဖျော့နေသည်။
"အားလုံးပဲ... ဒါ ငါတို့ သေရမယ့်နေရာပဲ"
လျိုယွမ်ထျန်းမှာ ခါးသီးစွာ ပြုံးလျက်
"ဂူဗိမာန်ထဲက အခြေအနေက ဒီလိုမျိုးမှန်း သိခဲ့ရင် ဒီရှုပ်ထွေးတဲ့ကိစ္စထဲ ငါ ဘယ်တော့မှ ပါဝင်မှာ မဟုတ်ဘူး"
ကျန်းချန်းဟိန်းလည်း သက်ပြင်းချလိုက်သည်။
"မြစိမ်းရောင် ဂူဗိမာန်က ဒီလောက်အထိ အန္တရာယ်များလိမ့်မယ်လို့ ဘယ်သူ ခန့်မှန်းနိုင်မှာလဲ"
ပုံမှန်အတိုင်းဆိုလျှင် တိတ်ဆိတ်နေတတ်သော ဝေကျင်းချန်ပင်လျှင် တိုးတိုးလေး ရေရွတ်လိုက်၏။
"ဒါက ကံကြမ္မာပဲ… ရှောင်လို့မရဘူး"
"ဒီအချိန်မှာ ဘယ်သူမှ ငါတို့ကို မကယ်နိုင်တော့ဘူး"
စုန့်ကျန့်ဖေး သက်ပြင်းချရုံသာ တတ်နိုင်သည်။
ရုတ်တရက် ကောင်းကင်ယံမှ မည်းနက်သော အလင်းတန်းတစ်ခု ကျဆင်းလာ၏။
ဝေါင်း!
နဂါးတစ်ကောင်၏ ဟိန်းဟောက်သံမှာ ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။
ကျောက်ကျန့်ထင်မှာ နေရာတင် တောင့်ခဲသွားလေ၏။ ဘေးနားရှိ တပည့်များမှာ သူ့ကို နားမလည်နိုင်စွာ ကြည့်နေကြသည်။ နောက်တစ်ခဏတွင် ကျောက်ကျန့်ထင်၏ နဖူးပေါ်၌ ပါးလွှာသော အနီရောင်မျဉ်းကြောင်းတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရပြီး သွေးများ ထိုနေရာမှ စိမ့်ထွက်လာတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သွေးများမှာ စီးကြောင်းအလိုက် ပန်းထွက်လာ၏။ သူ၏ ဇီဝစွမ်းအားနှင့် ဝိညာဉ်မှာ နဂါးနက် ကတ်ကြေး၏ လက်ချက်ဖြင့် အပိုင်းပိုင်း ပြတ်သွားခဲ့ပြီ ဖြစ်သည်။
ဗုန်း။
ကျောက်ကျန့်ထင်၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။ ထိုအခါမှသာ မိုးကြိုးငါးတန်တောင်ဂိုဏ်းမှ တပည့် နှစ်ဆယ်ကျော်မှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။ အရာအားလုံးမှာ အလွန်မြန်လွန်းလှသည်။ ဘယ်သူမှ တုံ့ပြန်ဖို့တောင် အချိန်မရလိုက်ပေ။
ရှိလုသည် ကောင်းကင်ယံသို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။ ထိုအခါ လေထဲတွင် ရပ်နေသော လူငယ်တစ်ဦးကို သူ ချက်ချင်း မြင်လိုက်ရသည်။
ခန့်ညားထည်ဝါသော အရှိန်အဝါနှင့် နတ်ဘုရားကဲ့သို့သော ပုံရိပ်ပင်။
ရှိလုမှာ ထိတ်လန့်ခြင်းမျိုး မဟုတ်ဘဲ ဝမ်းသာသွားရသည်။
ကျောက်ကျန့်ထင်ကို ချက်ချင်း သတ်နိုင်သည့် ဤမျှသော ခွန်အားမျိုးမှာ တောင်ပိုင်းဒေသ၏ ထိပ်တန်းပါရမီရှင်များနှင့် ယှဉ်နိုင်နေပြီဖြစ်သည်။ အကယ်၍ ဤလူကိုသာ ဖမ်းမိပါက ရရှိမည့် ဇီဝစွမ်းအားမှာ နိဗ္ဗာန်အဆင့် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာနှင့် ညီမျှပေလိမ့်မည်။
အစီအရင်အတွင်းမှ အဖမ်းခံထားရသော ကျင့်ကြံသူများ အားလုံးမှာလည်း အပေါ်သို့ မော့ကြည့်လိုက်ကြ၏။
စုန့်ကျန့်ဖေးနှင့် အခြားသူများမှာ အလွန်အမင်း တုန်လှုပ်သွားကြသည်။ သူတို့ တစ်ချက်ကြည့်ရုံနှင့် ရှန်မိုကို ချက်ချင်း မှတ်မိကြပါသည်။
သို့သော် ရှန်မို၏ ခွန်အားမှာ... ကျောက်ကျန့်ထင်ကို ချက်ချင်း သတ်နိုင်သည့်အဆင့်အထိ တကယ်ပဲ မြင့်တက်သွားတာလား။
ထိုသူမှာ မိုးကြိုးငါးတန်တောင်ဂိုဏ်း၏ ဂိုဏ်းချုပ် ကျောက်ကျန့်ထင် မဟုတ်ပါလား။
ယင်းထျန်းဟောက်နှင့် အဆင့်တူသော အားကောင်းသည့် ပုဂ္ဂိုလ်ကြီးဖြစ်သည်။ သူ၏ ဓမ္မအမှတ်အသားမှာ အနည်းဆုံး (၆၀) မျှ ရှိ၏။
သို့သော် ရှန်မို၏ ဓမ္မအမှတ်အသားမှာ အများဆုံး အစိတ် သို့မဟုတ် သုံးဆယ်လောက်သာ ရှိရမည် မဟုတ်ပါလား။ သူတို့ထက် အရင် မြစိမ်းရောင် ဂူဗိမာန်ထဲကို ဝင်သွားခဲ့တဲ့ အချိန်အတွင်းမှာ သူ့ဆီမှာ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ။
လျိုယွမ်ထျန်း တိုးတိုးလေး ရေရွတ်လိုက်သည်။
"မိတ်ဆွေရှန်က မြစိမ်းရောင် ဂူဗိမာန်ထဲမှာ ရတနာတစ်ခုခု ရခဲ့တာ ဖြစ်နိုင်တယ်… ဘာပဲဖြစ်ဖြစ် သူက ရွှေရောင်စာမျက်နှာကို ပိုင်ထားတာပဲလေ"
ကျန်းချန်းဟိန်း ခေါင်းညိတ်ကာ
"ဒါက ဖြစ်နိုင်ခြေ အတော်များပါတယ်"
သို့သော် ဝေကျင်းချန်မှာ သဘောမတူပေ။
"မြစိမ်းရောင် ဂူဗိမာန်ထဲမှာ ရတနာတွေ ရှိနေရင်တောင် ဓမ္မအမှတ်အသား နှစ်ဆယ်ပဲရှိတဲ့ ကျင့်ကြံသူတစ်ယောက်က အမှတ်အသား ခြောက်ဆယ်ရှိတဲ့သူကို သတ်နိုင်အောင် လုပ်ပေးနိုင်တဲ့ ရတနာဆိုတာ မရှိပါဘူး… မိတ်ဆွေရှန်က ဒီအစွမ်းမျိုးကို အစကတည်းက ပိုင်ဆိုင်ထားတာလို့ ယုံကြည်တယ်… သူက ငါတို့ကို ထုတ်မပြခဲ့တာပဲ ဖြစ်မယ်"
ထိုစကားကို ကြားသောအခါ အခြားသူ သုံးဦးမှာ ခေတ္တမျှ တိတ်ဆိတ်သွားကြသည်။ ၎င်းမှာ ကျိုးကြောင်းဆီလျော်လှ၏။
ရတနာမှာ မည်မျှပင် အစွမ်းထက်ပါစေ၊ ချက်ချင်းကြီး အဆင့်ကျော်သွားအောင် မလုပ်ပေးနိုင်ပေ။ ရတနာဆိုသည်မှာ ရတနာသာဖြစ်ပြီး ၎င်းကို အသုံးပြုမည့် ကျင့်ကြံသူ လိုအပ်သည်။ သာမန်လူတစ်ယောက်ကို သူတော်စင်လက်နက် ပေးလိုက်လျှင်ပင် ၎င်းမှာ သံတုံးတစ်တုံးကဲ့သို့သာ ဖြစ်နေပြီး အသုံးမပြုနိုင်ပေ။ ၎င်း၏ အစွမ်းအပြည့်အဝကို ထုတ်ဖော်ဖို့ဆိုလျှင် ပို၍ပင် မဖြစ်နိုင်ပေ။
"ငါ စိုးရိမ်တာက"
ကျန်းချန်းဟိန်း ခပ်တိုးတိုး ပြောလိုက်သည်။
"ညီအစ်ကိုရှန်က အဲဒီ အလောင်းကဏ္ဍက နတ်ဆိုးကို အနိုင်တိုက်နိုင်ပါ့မလား ဆိုတာပဲ… မမေ့နဲ့ဦးနော်… ယင်းထျန်းဟောက်ကလည်း သူကိုယ်သူ အစွမ်းထက်တယ်လို့ ထင်ခဲ့တာပဲ… ဒါပေမဲ့ အဲဒီနတ်ဆိုးက သူ့ကို အကွက်အနည်းငယ်အတွင်းမှာတင် သတ်လိုက်ပြီး သူ့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကိုပါ ဝါးမြိုပစ်ခဲ့တာ"
စုန့်ကျန့်ဖေးနှင့် လျိုယွမ်ထျန်းတို့ နှစ်ဦးစလုံး စိတ်မအေး ဖြစ်သွားကြသည်။
အမှန်ပင်။
ကျောက်ကျန့်ထင် သန်မာသည်မှာ ဟုတ်သော်လည်း အကယ်၍ အဖမ်းခံထားရသော ကျင့်ကြံသူအားလုံး စုပေါင်းလုပ်ဆောင်မည်ဆိုပါက သူ့ကို အနိုင်ယူရန် အခွင့်အရေး ရှိကောင်းရှိနိုင်သည်။
စစ်မှန်သော ထိတ်လန့်စရာမှာ... အလောင်းကဏ္ဍမှ ထိုနတ်ဆိုးပင် ဖြစ်သည်။ အကယ်၍ ၎င်းကို မတွန်းလှန်နိုင်ပါက သူတို့ထဲက ဘယ်သူမှ အသက်ရှင်လျက် ထွက်သွားနိုင်မည် မဟုတ်ပေ။ အဆိုးဆုံးအနေနှင့် ရှန်မို ကိုယ်တိုင်လည်း အသက်ရှင်မည် မဟုတ်ပေ။
သူတို့နှင့် ရင်းနှီးသောကြောင့် ထိုကဲ့သို့သော ရလဒ်မျိုးကို သူတို့ မမြင်လိုကြပေ။
"ဟားဟားဟား… နောက်ထပ် ကျင့်ကြံသူတစ်ယောက်က ငါ့ဆီကို တည့်တည့်လာပို့တာပဲ… အကောင်းဆုံးပဲ"
ရှိလု ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ထို့နောက် ရုတ်တရက် သူသည် မြေပြင်ပေါ်သို့ အလောင်းအချို့ကို အန်ထုတ်လိုက်သည်။ ထိုအလောင်းများသည် လွန်ခဲ့သော ခဏလေးကမှ သူ ဝါးမြိုခဲ့သော ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့အထဲတွင် နဂါးပုန်းကျွန်း၏ ကျွန်းရှင်ချုပ် ယင်းထျန်းဟောက်လည်း ပါဝင်သည်။
ရှန်မို လှမ်းကြည့်လိုက်ရာ ထိုအလောင်း တစ်ခုချင်းစီမှာ အသက်ရှင်စဉ်က အနည်းဆုံး ဓမ္မအမှတ်အသား ငါးဆယ်ကျော်ရှိသော နိဗ္ဗာန်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်ကို ချက်ချင်း သတိပြုမိလိုက်၏။ ရှင်းလင်းနေသည်မှာ ဤအလောင်းကဏ္ဍ နတ်ဆိုးသည် အလောင်းများကို သန့်စင်ရာတွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ သေဆုံးပြီးနောက်တွင်ပင် ထိုအလောင်းများ၏ ခွန်အားမှာ အကြီးအကျယ် ကျဆင်းသွားခြင်း မရှိပေ။
"မင်းက ငါ့ကို အာဟာရအဖြစ် သုံးမလို့လား"
"ငါ အကြံပေးပါရစေ… အရာအားလုံးကို ဝါးမြိုဖို့ ကြိုးစားတာက မင်းရဲ့ ပျက်စီးခြင်းကိုပဲ ဖြစ်စေလိမ့်မယ်"
ရှန်မို ခပ်ဖွဖွ ရယ်လိုက်သည်။
ဤရှိလုမှာ တကယ်ကို စိတ်ကူးယဉ်နေခြင်းပင်။
ရုတ်တရက် သူသည် အလံငယ်လေးတစ်ခုကို ရှေ့သို့ ပစ်လွှတ်လိုက်သည်။ ထိုအလံသည် မြေပြင်ပေါ်သို့ ကျရောက်သွားသောအခါ တောင်ကြီးတစ်လုံးကဲ့သို့ လေးလံလှပြီး မြေကြီးကို ပြင်းထန်စွာ တုန်ခါသွားစေသည်။ ဝါဂွမ်းရောင် အလင်းတန်းများမှာ အလွှာလိုက် ထွက်ပေါ်လာပြီး တစ်နယ်လုံးကို လွှမ်းခြုံသွားတော့၏။
ထိုဝါဂွမ်းရောင် အလင်းတန်းအတွင်း ရှိနေသော ကျင့်ကြံသူ အားလုံးမှာ ချက်ချင်းပင် စိတ်ဓာတ်များ ပြန်လည် တက်ကြွလာကြသည်။
သူတို့၏ ခန္ဓာကိုယ် အနက်ရှိုင်းဆုံးပိုင်းမှနေ၍ အဆုံးမဲ့သော ခွန်အားများ ပေါက်ကွဲထွက်လာသကဲ့သို့ပင်။
ဝိညာဉ်စွမ်းအားနှင့် သွေးစွမ်းအင်များမှာ မကြုံစဖူးသော အရှိန်ဖြင့် ပြန်လည် ပြည့်ဖြိုးလာကြသည်။ သူတို့၏ ကိုယ်ခံပညာ နည်းစနစ်များ၏ စွမ်းအားမှာပင် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ တိုးတက်လာပုံရသည်။
"ဒါ ဘယ်လို ရတနာမျိုးလဲ"
စုန့်ကျန့်ဖေး မှင်တက်သွားရသည်။ အစွမ်းမြှင့်တင်ပေးသည့် အကျိုးသက်ရောက်မှုမှာ အလွန်ပင် ကြောက်စရာကောင်းလှသည်။
ကျန်းချန်းဟိန်းမှ တည်ကြည်စွာဖြင့်
"ငါ အဲဒါကို ကြားဖူးတယ် ထင်တယ်… အဲဒါ မြစိမ်းရောင် အထွတ်အထိပ်ပညာရှင် အသုံးပြုခဲ့ဖူးတဲ့ အထူး ရတနာတွေထဲက တစ်ခုဖြစ်တဲ့ ရွှမ်ဟွမ် တိုက်ပွဲနဂါး အလံတော်ပဲ"
လျိုယွမ်ထျန်း၏ မျက်နှာမှာ ဝင်းပသွားသည်။
"ဒါ မိတ်ဆွေရှန် ရွှေရောင်စာမျက်နှာကနေတစ်ဆင့် ရခဲ့တဲ့ ရတနာ ဖြစ်ရမယ်… မြန်မြန် ဒီအခွင့်အရေးကို သုံးပြီး အချုပ်အနှောင်တွေကို ဖြတ်ပြီး အစီအရင်ကို အတွင်းပိုင်းကနေ တိုက်ခိုက်ကြစို့"
ရွှမ်ဟွမ် တိုက်ပွဲနဂါး အလံတော်၏ အလင်းတန်းမှ စစ်တလင်းတစ်ခုလုံးကို လွှမ်းခြုံသွားသောအခါ ရှန်မိုကိုယ်တိုင်လည်း ကြီးမားသော အစွမ်းမြှင့်တင်မှုကို ခံစားလိုက်ရသည်။ သူသည် နဂါးနက် ကတ်ကြေးကို နောက်တစ်ကြိမ် ထပ်မံ ပစ်လွှတ်လိုက်၏။ ပြင်းထန်ပြီး ကြမ်းတမ်းသော နဂါးနက်နှစ်ကောင်မှာ ကောင်းကင်သို့ ဟိန်းဟောက်တက်သွားကြပြီး ပါးစပ်များကို အကျယ်ကြီး ဖွင့်ကာ အလောင်းများဆီသို့ ပြေးဝင်သွားတော့သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ထိုအလောင်းများမှာ အလယ်တည့်တည့်မှနေ၍ နှစ်ခြမ်း ကွဲသွားကြ၏။ သူတို့၏ ကျန်ရှိနေသော ဇီဝစွမ်းအားများမှာ နေရာတင် အစိပ်စိပ်အမွှာမွှာ ဖြစ်သွားခဲ့ပြီ။
ရှိလု၏ မျက်နှာမှာ အကြီးအကျယ် ပျက်သွားတော့၏။ ထိုအလောင်းများသည် အားနည်းသူများ မဟုတ်ပေ။ သူတို့မှ ပြဿနာ အကြီးအကျယ် ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုသတ္တဝါများမှာ တစ်ကွက်ပင် မခံနိုင်ခဲ့ကြပေ။
"နောက်တစ်ယောက်က မင်းပဲ"
ရှန်မိုက လက်ကို မြှောက်လိုက်ရာ နဂါးနက် ကတ်ကြေးမှာ ရှိလု၏ နောက်ဘက်မှနေ၍ ကပ်ပါလာပြီး သူ့ကို ပိတ်ဆို့လိုက်သည်။
ရှိလု ခပ်တိုးတိုး ဟိန်းဟောက်လိုက်၏။ သူ၏ ကျောဘက်မှ အသားများမှာ နောက်ဘက်မှ တိုက်ခိုက်မှုကို ကာကွယ်ရန် ဧရာမ သွေးဒိုင်းကြီးအဖြစ် ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ ဘယ်ဘက်လက်မောင်းမှ အသားများကို ဧရာမ လှံကြီးတစ်စင်းအဖြစ် ပေါင်းစည်းလိုက်ပြီး ရှန်မိုဆီသို့ တိုက်ရိုက် ပစ်လွှတ်လိုက်သည်။
ထိုအသားလှံမှာ ထူထပ်လှသော နတ်ဆိုးအရှိန်အဝါများနှင့်အတူ လည်ပတ်နေပြီး နာကြည်းနေသော ဝိညာဉ်များနှင့် ငိုကြွေးနေသော သရဲတစ္ဆေများက ဝန်းရံထားသည်။ ၎င်းမှာ မထိမှန်ခင်မှာပင် ကျင့်ကြံသူ အများစု၏ စိတ်ကို နှောင့်ယှက်နိုင်စွမ်းရှိပြီး ကာကွယ်ရန်အတွက် အာရုံစူးစိုက်မှုကို ခက်ခဲစေသည်။ သို့သော် ရှိလုမှာ ရှန်မို၏ မယိမ်းယိုင်သော စိတ်ဓာတ်ကို အထင်သေးခဲ့ပုံရသည်။ နာကြည်းနေသော ဝိညာဉ်များ၏ ငိုကြွေးသံမှာ သူ့အတွက် ဘာမှမဟုတ်ပေ။ ရှန်မို ခပ်တိုးတိုး အော်ဟစ်လိုက်ပြီး ဧရာမ အနီရောင် ပုံရိပ်ကြီး၏ စိတ်အာရုံကို ဆင့်ခေါ်လိုက်သည်။ ၎င်းမှာ စစ်မှန်သောသွေး မြင့်မြတ်သောဘုရင် ခန္ဓာကိုယ်ပင် ဖြစ်သည်။
ဘုန်း!
ဧရာမ အသားလှံမှာ သူ့ကို တည့်တည့် ထိမှန်သွားသည်။ သို့သော် စစ်မှန်သောသွေး မြင့်မြတ်သောဘုရင် ခန္ဓာကိုယ်မှ ထိုစွမ်းအား၏ ထက်ဝက်ကို စုပ်ယူလိုက်သည်။ ကျန်ရှိသော ထက်ဝက်မှာလည်း ရှန်မို၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်နဂါး အရှိန်အဝါ သံချပ်ကာကြောင့် နောက်ထပ် ၄၀ ရာခိုင်နှုန်းခန့် လျော့နည်းသွားပြန်သည်။ မူလ စွမ်းအား၏ ၁၀ ရာခိုင်နှုန်းမျှသာ ရှန်မိုကို အမှန်တကယ် ထိမှန်ခဲ့ခြင်း ဖြစ်သည်။ ထိုမျှလောက်သော ဒဏ်ချက်မှာ သူ့ကို တစ်လှမ်းတောင် နောက်ဆုတ်သွားအောင် မလုပ်နိုင်ပေ။ ၎င်းမှာ အရှိန်ကုန်နေသော မြှားတစ်စင်းကဲ့သို့ အားနည်းလှပေသည်။
"ဘာ"
ရှိလု မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားတော့သည်။
သူသည် ထိုပြင်းထန်လှသော တိုက်ခိုက်မှုအတွက် သူ၏ ဘယ်ဘက်လက်မောင်းကိုပင် စတေးခဲ့ရသော်လည်း ရန်သူကို တစ်လှမ်းတောင် နောက်ဆုတ်သွားအောင် မလုပ်နိုင်ဘူးလား။
ဤလူ၏ ခွန်အားမှာ သူ ထင်ထားသည်ထက် များစွာ သာလွန်နေခဲ့ပြီ။
ချွမ်!
ပြင်းထန်သော ခွန်အားတစ်ခုမှာ သူ၏ နောက်ဘက်ရှိ အသားဒိုင်းကို ထိမှန်သွားသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ၎င်းမှာ ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ပြီ။
"တောက်… ကောင်းပြီ… ငါ ဒီကနေ သွားပြီ"
ရှိလု ခါးသီးစွာ ဆဲဆိုလိုက်ပြီး ထွက်ပြေးရန် ကြိုးစားနေသော မိုးကြိုးငါးတန်တောင်ဂိုဏ်းမှ တပည့်အချို့ကို ဆွဲကာ သူ၏ ပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်သည်။
အသားနှင့် သွေး အမြောက်အမြားမှာ မျက်စိတစ်မှိတ်အတွင်း ဝါးမြိုခံလိုက်ရသည်။ ခြေထောက်နှစ်ဖက်စလုံးမှ အသားနှင့် သွေးများ ရုတ်တရက် ပေါက်ကွဲထွက်သွားပြီးနောက် သူ၏ အရှိန်မှာ အကန့်အသတ်မဲ့ မြင့်တက်သွားတော့၏။ ထို့နောက် သူ တောင်ဘက်အရပ်သို့ အားကုန် သုတ်ခြေတင် ပြေးပါလေတော့သည်။
***