ရှီလွမ်းတစ်ယောက် တုန်လှုပ်ခြောက်ခြားကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်းက ဘယ်သူလဲ သူငယ်… ဘယ်သူတော်စင်ရဲ့ အမွေခံလဲ"
"ကျိုယင်လား… ဒါမှမဟုတ် ရူးန်ဧကရာဇ်လား… သိုင်းဘိုးအေကြီးလား… မီးလျှံဧကရာဇ်လား… နတ်ဘုရားဖီးနစ်လား ဒါမှမဟုတ် လူသူကင်းမဲ့တဲ့ဒေသရဲ့ အရှင်သခင်ကြီးလား… ဒါမှမဟုတ် တခြားသူတော်စင် တစ်ပါးပါးရဲ့ အမွေခံလား"
ရှန်မို ဘာမှပြန်မပြောဘဲ အသာအယာ ပြုံးလိုက်ရုံသာ ပြုသည်။
သူတော်စင်ရဲ့ အမွေခံမှ ဖြစ်မှာလား။
သူ လက်ကို အနည်းငယ် လှုပ်ရှားလိုက်သည်။
ကိုးဘုံငရဲရေခဲမီးလျှံနှင့် ကိုးမိုးကောင်ကင် နတ်ဘုရားထစ်ချုန်းမီးလျှံတို့သည် ရှီလွမ်၏ ဦးခေါင်းဆီသို့ တဖြည်းဖြည်း ချဉ်းကပ်သွားသည်။
နတ်ဆိုးမျိုးနွယ်စုဝင် အလောင်းကောင်မျိုးနွယ်စုသည် သာမန်မဟုတ်သော လမ်းစဉ်ကို ကျင့်ကြံကြသည်ဖြစ်ရာ ၎င်းတို့၏ နတ်ဆိုးအနှစ်သာရမှာ ဦးခေါင်းအတွင်း၌ တည်ရှိသည်။
ထို့ကြောင့်ပင် ၎င်းတို့သည် ခန္ဓာကိုယ်၏ ကျန်အစိတ်အပိုင်းများကို ဖောက်ခွဲဖျက်ဆီးနိုင်စွမ်း မြင့်မားသော လက်နက်များကဲ့သို့ ပစ်ပေါက်နိုင်ကြခြင်း ဖြစ်သည်။
"ငါ့ကို ပြန်ရှင်သန်အောင် ကူညီပေးမယ်ဆိုရင် မင်းလိုချင်တာ အကုန်ပေးမယ်"
ရှီလွမ်က စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်သည်။
သူ့အတွက်မူ ဦးခေါင်းသည် အရာအားလုံးပင်။
ဦးခေါင်းသာ ဆုံးရှုံးသွားပါက သူ အမှန်တကယ်ပင် သေဆုံးသွားမည်ဖြစ်ပြီး မည်သည့်အခါမျှ ပြန်လည်ရှင်သန်နိုင်တော့မည် မဟုတ်ပေ။
နတ်ဆိုးသူတော်စင်တစ်ပါးပင်လျှင် သူ့ကို ကယ်တင်နိုင်မည်မဟုတ်။
"ငါ့အတွက်တော့ မင်းရဲ့ တစ်ခုတည်းသော တန်ဖိုးက ငါ့ရဲ့ ထာဝရမီးလျှံတွေအတွက် အာဟာရဖြစ်ဖို့ပဲ"
ရှန်မို အေးအေးဆေးဆေး ပြောလိုက်သည်။
ရှီလွမ်မှာ အံကို တင်းတင်းကြိတ်ကာ နာကြည်းစွာ ကျိန်ဆဲလေသည်။
"မင်းလို ယုတ်ညံ့တဲ့ လူသားမျိုးနွယ်ကများ… ငါ့ရဲ့ဖခင် နတ်ဆိုး... က မင်းကို လက်စားချေမှာ သေချာတယ်… မင်း…"
သူ စကားမဆုံးခင်မှာပင် သူ၏ ဦးခေါင်းသည် ကိုးဘုံငရဲရေခဲမီးလျှံ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။
သူ၏ ကျန်ရှိသော စကားလုံးများသည် အသံ ထပ်မထွက်ဘဲ အော်ဟစ်ညည်းညူသံများအဖြစ် ပြောင်းလဲသွားပြီး ထို့နောက် ငြိမ်သက်သွားသည်။
အလောင်းကောင်မျိုးနွယ်စု၏ နတ်ဆိုးအရှင်သခင် ရှီလွမ်သည် လုံးဝဥဿုံ ချေမှုန်းဖျက်ဆီးခြင်း ခံလိုက်ရပြီ ဖြစ်သည်။
လုံးဝ သေဆုံးသွားလေပြီ။
သူ၏ဦးခေါင်းကို သန့်စင်လိုက်သည့် ခဏမှာပင် ရှေးဦးဆင်ဖြူတော် ရုပ်သွင်တော်ပေါ်မှ တာအိုအမှတ်အသားများသည် အရှိန်အဟုန်ဖြင့် မြင့်တက်လာ၏။
လေးဆယ့်သုံးခု။
လေးဆယ့်ငါးခု။
လေးဆယ့်ရှစ်ခု။
ငါးဆယ့်ငါးခု။
နောက်ဆုံးတွင် ခုနစ်ဆယ်၌ ရပ်တန့်သွားသည်။
သို့သော် အမှတ်အသားများသည် သိသိသာသာ တိုးပွားနေဆဲ ဖြစ်သည်။
ရှီလွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးကို အပြည့်အဝ သန့်စင်ပြီးသွားပါက တာအိုအမှတ်အသား တစ်ရာပင် ကျော်လွန်သွားနိုင်သည်။
ရှန်မို စိတ်ရှည်လက်ရှည် တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်လက် သန့်စင်နေသည်။
အချိန်များ ကုန်ဆုံးသွားသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် နောက်ထပ် သုံးလ ကုန်လွန်သွားခဲ့၏။
ချန်ချင်း ဂူဗိမာန်၏ အပြင်ဘက်တွင်
ရှန့်ပိုင်နှင့် ယင်းစန်းဟွာတို့၏ အဖွဲ့သည် သိသိသာသာ ပင်ပန်းနွမ်းနယ်နေကြပြီး အပြန်လမ်းသို့ ရောက်နေကြသည်။
ရုတ်တရက် ယင်းစန်းဟွာ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
သူ ပတ်ဝန်းကျင်ရှိ နတ်ဆိုးမြေပြင်ကို လှည့်ပတ်ကြည့်လိုက်သည်။
ဤမြေပြင်မှာ သန့်စင်ခြင်း မပြုရသေးပေ။ နတ်ဆိုးအငွေ့အသက်များ ထူထပ်ညှို့မှိုင်းနေဆဲဖြစ်ရာ သူ့ကို အလွန်အမင်း သက်သောင့်သက်သာ မရှိဖြစ်စေသည်။
သူ ပြီးခဲ့သည့် ရက်များအတွင်း ဤနေရာသို့ အခေါက်ခေါက်အခါခါ လာခဲ့ဖူးသဖြင့် ဤခံစားချက်ကို ကောင်းကောင်း မှတ်မိနေ၏။
သို့သော်လည်း လွန်ခဲ့သော ခဏကပင် နတ်ဆိုးအငွေ့အသက်များ အလိုအလျောက် ဆုတ်ခွါသွားသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
တစ်စုံတစ်ယောက်က နတ်ဆိုးအငွေ့အသက်၏ အရင်းအမြစ်ကို တိုက်ရိုက် ဖျက်ဆီးလိုက်သကဲ့သို့ပင်။
ရှန့်ပိုင်မှာ ဆင်ဖြူတော်မျိုးနွယ်စုမှ ဖြစ်သဖြင့် အာရုံခံနိုင်စွမ်း ပိုမို ထက်မြက်သည်။
လွန်ခဲ့သော ခဏက အရာအားလုံး မှောင်မည်းနေသော်လည်း ယခုမူ လျင်မြန်စွာပင် ဖြူဖွေးလာနေသည်။
ဤအရှိန်အဟုန်မှာ သန့်စင်ရာမြေ၏ နတ်ဆိုးနှိမ်နင်းရေး ကိရိယာများကို အသုံးပြု၍ သန့်စင်သည်ထက်ပင် အဆပေါင်းများစွာ ပိုမိုမြန်ဆန်နေသည်။
"ဘာတွေ ဖြစ်ကုန်တာလဲ"
ရှန့်ပိုင် တစ်ယောက် မှင်တက်သွားသည်။
သူ တစ်ယောက်တည်းတင် မဟုတ်ဘဲ ထောင်နှင့်ချီသော အခြားအဖွဲ့များမှာလည်း ထပ်တူပင် ခံစားနေရသည်။
နတ်ဆိုးမြေပြင်၏ အလွန်တွင် အထူးကဲဆုံး နယ်ပယ်သို့ ရောက်ရှိထားကြသော ရှီမန်ချန်ချင်းနှင့် ရှန့်ဟိန်းတို့သည် ကောင်းကင်ယံ၌ ရပ်တန့်လျက် အောက်ဘက်ရှိ နတ်ဆိုးမြေပြင်ကို ငုံ့ကြည့်နေကြသည်။
နတ်ဆိုးမြေပြင် ပြန့်နှံ့မသွားစေရန် ၎င်းတို့နှစ်ဦးမှာ သူတို့၏ အရှိန်အဝါများကို အမြဲတမ်း ဖြန့်ကျက်ထားကြသူများ ဖြစ်သည်။
ထို့ကြောင့်လည်း အပြောင်းအလဲကို ၎င်းတို့က အာရုံအခံနိုင်ဆုံး ဖြစ်လေ၏။
"နတ်ဆိုးမြေပြင်က သူ့အလိုလို ကျုံ့ဝင်နေပြီ"
ရှန့်ဟိန်းမှ အံ့အားသင့်စွာ ပြောလိုက်သည်။
မျက်စိမှိတ် အနားယူနေသော ရှီမန်ချန်ချင်းသည် ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး သူ၏ အကြည့်များတွင် အံ့သြရိပ်များ ဖြတ်ပြေးသွားသည်။
"ဘာဖြစ်တာလဲ… နတ်ဆိုးအငွေ့အသက်ရဲ့ အရင်းအမြစ်က ပျောက်ကွယ်သွားတာလား"
ရှန့်ဟိန်းမှ ရှီမန်ချန်ချင်းဘက် လှည့်ကာ မေးလိုက်သည်။ "မင်း ဘယ်လိုထင်လဲ"
သူ ရှန့်ဟိန်းကို တစ်ချက်ကြည့်ပြီး ခပ်အေးအေးပင် ပြောလိုက်သည်။
"ဖြစ်နိုင်တာကတော့ နတ်ဆိုးအရှင်သခင် ပုန်းကွယ်သွားပြီး နတ်ဆိုးအငွေ့အသက်တွေကို ထပ်မထုတ်လွှတ်တော့တာပဲ ဖြစ်မယ်"
သူ့ မျက်လုံးကြီးများတွင် အံ့သြရိပ်များ ယှက်သန်းသွားသည်။
"ထူးဆန်းတာပဲ… ပြန်လည်ရှင်သန်ခါနီးဖြစ်တဲ့ အလောင်းကောင်မျိုးနွယ်ရဲ့ နတ်ဆိုးအရှင်သခင်က ဘာလို့ ရုတ်တရက် ပုန်းသွားရတာလဲ… ငါတို့ ရောက်နေတာကို သိသွားလို့လား"
"ဟဲဟဲ… ငါ့နာမည်က အရှိန်အဝါ ရှိနေသေးတာပဲ"
ရှီမန်ချန်ချင်းမှာ စကားစပင် ပျောက်သွားသည်။
ခဏအကြာတွင် သူ ထပ်ဖြည့်ပြောလိုက်သည်။ "နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုတော့ ရှိသေးတယ်"
"နတ်ဆိုးအရှင်သခင်က သူ့အလိုလို သေဆုံးသွားတာမျိုးပေါ့"
သူ ခေတ္တရပ်ပြီးမှ
"ဒါပေမဲ့ အဲဒီဖြစ်နိုင်ခြေကတော့ သိပ်နည်းလွန်းပါတယ်"
ရှန့်ဟိန်းကလည်း ထိုစကားကို အပြည့်အဝ ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
ဂုဏ်သရေရှိလှသော အလောင်းကောင်မျိုးနွယ်စု၏ မ
နတ်ဆိုးအရှင်သခင်မှာ သူ့အလိုလို ဘယ်လိုလုပ် သေဆုံးနိုင်ပါ့မလဲ။
သူ ပုန်းကွယ်နေခြင်းသာ ဖြစ်ရမည်။
နတ်ဆိုးအငွေ့အသက်ကို ထိန်းချုပ်ထားပြီး ချန်ချင်း ဂူဗိမာန်မှ လွတ်မြောက်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေခြင်းသာ ဖြစ်လိမ့်မည်။
"မိစ္ဆာမြေပြင်က စပြီး ကျုံ့ဝင်နေပြီ"
"ချန်ချင်း ဂူဗိမာန် ပတ်ဝန်းကျင် မိုင်တစ်သောင်းအတွင်းကို ပိတ်ဆို့ထားလိုက်… ဘယ်သူ့ကိုမှ အဝင်အထွက် မပေးနဲ့"
"ငါးတစ်ကောင် ဖြတ်သွားရင်တောင် အကြေးခွံတွေကို ခွာကြည့်လိုက်… တစ်ခုခု ပုန်းကွယ်နေသလားဆိုတာ ငါတို့ သိရမယ်"
ရှန့်ဟိန်းမှ အမိန့်များကို လျင်မြန်စွာ ထုတ်ပြန်လိုက်သည်။
သူ၏ ဟိန်းဟောက်သံကြီးမှာ ချန်ချင်း ဂူဗိမာန်၏ မိုင်တစ်သောင်း ပတ်လည်အတွင်း ပဲ့တင်ထပ်သွားသည်။
"ဟုတ်ကဲ့ပါ"
သန့်စင်ရာမြေ၏ ကျင့်ကြံသူအားလုံးက တစ်သံတည်း ပြန်လည် ထူးကြလေသည်။
ရှန့်ပိုင်မှ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။ "အကြေးခွံခွာရုံတင်လား… ငါ့အထင်တော့ အူတွေကိုပါ ထုတ်ပြီး မီးထဲပစ်ထည့်သင့်တာ… ဒါမှ အဲဒီငါးထဲမှာ မိစ္ဆာအငွေ့အသက်တွေ ဝှက်ထားသလားဆိုတာ သေချာမှာ… ဘိုးဘေးကြီးရဲ့ နည်းလမ်းက အခုထိ သိပ်မပြတ်သားသေးဘူး"
ဘေးတွင် ရပ်နေသော ယင်းစန်းဟွာကတော့ မျက်လုံးအစုံကို လှလှပပလေး တစ်ချက် စောင်းကြည့်လိုက်လေသည်။
ရှန့်ဟိန်း၏ အသံက ကျင့်ကြံသူအားလုံး၏ စိတ်ဓာတ်ကို တက်ကြွစေသည်။
နတ်ဆိုးမြေပြင်ကြီး ရှိနေသည်မှာ တစ်နှစ်နီးပါး ရှိခဲ့ပြီဖြစ်ပြီး အလုံးစုံ သန့်စင်ဖို့ဆိုသည်မှာ အလှမ်းဝေးနေခဲ့သည်။
ယခုမူ နောက်ဆုံးတွင် အဆုံးသတ်ကို မြင်တွေ့လာရပြီ ဖြစ်သည်။
ကျင့်ကြံသူများမှာ စိတ်လှုပ်ရှားစွာဖြင့် စကားတပြောပြော ရှိနေကြသည်။
ဂူဗိမာန်အတွင်း တစ်စုံတစ်ခု ပြောင်းလဲသွားပြီး မိစ္ဆာအငွေ့အသက်များ ပြန်လည်ဆုတ်ခွာကာ မိစ္ဆာမြေပြင် ကျုံ့သွားခြင်း ဖြစ်ရမည်။
ဂူဗိမာန်အတွင်းရှိ ချောက်နက်ကြီး၏ အောက်ခြေတွင်မူ။
တောက်ပလှသော မျက်လုံးအစုံတို့ ရုတ်တရက် ပွင့်လာသည်။
ထိုအလင်းတန်းများသည် ကျောက်တောင်နံရံကို ထိုးဖောက်သွားပြီး နက်ရှိုင်းသော တွင်းနှစ်တွင်း ဖြစ်ပေါ်စေသည်။
ထိုအလင်းမှာ အချိန်အတော်ကြာသည့်တိုင် မှေးမှိန်မသွားဘဲ စူးရှတောက်ပနေဆဲ ဖြစ်သည်။
ရှန်မိုက လေပူတစ်ချက်ကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်ပြီး သူ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
တောင်တစ်လုံးကဲ့သို့ ကြီးမားသော ရှီလွမ်၏ ခန္ဓာကိုယ်သည် ယခုအခါ လုံးဝ ဝါးမြိုခြင်း ခံလိုက်ရပြီဖြစ်ပြီး သူ့အတွင်း၌ အတိုင်းအဆမရှိသော စွမ်းအင်များအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။
သူ ဂရုတစိုက်နှင့် ပြန်လည်ရေတွက်လိုက်ရာ ရှေးဦးဆင်ဖြူတော် ရုပ်သွင်တော်ပေါ်တွင် တာအိုအမှတ်အသား တစ်ရာ ရှိနေပြီ ဖြစ်သည်။
သူ၏ ရုပ်သွင်တော် ငါးခုလုံးရှိ တာအိုအမှတ်အသား စုစုပေါင်းမှာ တစ်ရာ့ငါးဆယ့်ကိုးခုအထိ ရောက်ရှိသွားပြီ ဖြစ်၏။
ဤအချိန်တွင် ရှန်မိုအနေဖြင့် တာအိုအမှတ်အသား တစ်ရာရှိသော မည်သည့် နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူကိုမဆို အလွယ်တကူ ချေမှုန်းနိုင်သည်။
ထိုကဲ့သို့သော ကျင့်ကြံသူ နှစ်ဦးနှင့် တစ်ပြိုင်နက် ရင်ဆိုင်ရလျှင်ပင် သူ အနိုင်ရရှိရန် အကြွင်းမဲ့ ယုံကြည်ချက် ရှိသည်။
အကယ်၍ အမှတ်အသား တစ်ရာရှိသူ သုံးဦး ပေါ်လာလျှင်ပင် သူသည် အထိအခိုက်မရှိဘဲ နေနိုင်မည်ဟု ယုံကြည်နေဆဲ ဖြစ်၏။
မှန်ပါသည်။
ဒီလိုအခြေအနေမျိုး ဖြစ်လာရန် အတော်လေး ခဲယဉ်းလှသည်။
အဘယ်ကြောင့်ဆိုသော် အမှတ်အသား တစ်ရာရှိသော ကျင့်ကြံသူများမှာ ထိပ်တန်း အင်အားကြီး ငါးခု၏ ခေါင်းဆောင်များ ဖြစ်ကြသောကြောင့်ပင်။
ဥပမာအားဖြင့်ရွှမ်ယင် ဂူဗိမာန်၏ ဂူဗိမာန်သခင်ကြီး ဂူချုံ။
ကောင်းကင်ရူးန်ဂိုဏ်း၏ ဂိုဏ်းချုပ် ကျောက်ကျင်းထျန်း။
မီးလျှံရေနဂါး နန်းတော်၏ နန်းတော်သခင် အောက်ယွဲ့နှင့် တခြားသူများ ဖြစ်ကြသည်။
ထိုကဲ့သို့သော ပုဂ္ဂိုလ်များကို သူ့အား တိုက်ခိုက်ရန် ပေါင်းစည်းစေဖို့မှာ အလွန်တရာ ခက်ခဲလှသော ကိစ္စဖြစ်သည်။
"ထွက်သွားရမယ့် အချိန်ရောက်ပြီ"
ရှန်မို ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။
သူ အသာအယာ ခြေလှမ်းလိုက်သည့်တိုင်အောင် မာကျောသော မြေပြင်မှာ နက်ရှိုင်းသော ခြေရာကြီး ထင်ကျန်ရစ်ပြီး အက်ကွဲသွားသည်။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်တွင်ပင် သူ၏ ခွန်အားကို ကောင်းကောင်း မထိန်းချုပ်နိုင်သေးပေ။
သူ သွားရာလမ်းတစ်လျှောက်တွင် နက်ရှိုင်းသော ခြေရာများ ကျန်ရစ်ခဲ့သည်။
သူ မချိပြုံး ပြုံးလိုက်မိသည်။
ဤနေရာရှိ ကျောက်တောင်များမှာ နှစ်ပေါင်း သောင်းနှင့်ချီ၍ နတ်ဆိုးအငွေ့အသက်များကို ခံနိုင်ရည်ရှိခဲ့သဖြင့် စိတ်ကူးမယဉ်နိုင်လောက်အောင် သိပ်သည်းမာကျောနေပြီ ဖြစ်သည်။
နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူများပင် အဖြူရောင် အမှတ်အသားအချို့သာ ထင်ကျန်အောင် ပြုလုပ်နိုင်သည်။
သို့သော် ယခုမူ သူ၏ ခွန်အားမှာ အဆမတန် တိုးတက်လာခဲ့ပြီ ဖြစ်ရာ မာကျောလှသော ကျောက်တောင်များကို ရွှံ့နွံများကဲ့သို့ နင်းချေပြီး ခြေလှမ်းတိုင်းတွင် နက်ရှိုင်းသော ခြေရာများ ထင်ကျန်နေခြင်း ဖြစ်သည်။
ရှန်မို ခေတ္တရပ်လိုက်ပြီး သူ၏ ခွန်အားအသစ်နှင့် အသားကျအောင် ညှိယူလိုက်ရာ နောက်ဆုံးတွင် အပြည့်အဝ ထိန်းချုပ်နိုင်သွားသည်။
သူ မြေပြင်ကို အသာအယာ ကန်လိုက်ပြီး ခန္ဓာကိုယ်မှာ လွင့်မျောနေသော တိမ်တိုက်များကဲ့သို့ အထက်သို့ ပျံတက်သွားသည်။
မကြာမီမှာပင် သူသည် ချောက်နက်ကြီး၏ အောက်ခြေမှ ထွက်ခွာလာပြီး ဝိညာဉ်ပင်လယ်ကို ဖြတ်ကျော်လာခဲ့၏။
သို့သော်လည်း သူ ဂူဗိမာန်ဝင်ပေါက်တွင် ရပ်မနေခဲ့ပေ။
ယင်းအစား ဝိညာဉ်ပင်လယ်ကို ဖြတ်ကာ အရှေ့တောင်ဘက်သို့ ဦးတည်လိုက်သည်။
ချန်ချင်း ဂူဗိမာန် ပတ်ဝန်းကျင်တွင် မိစ္ဆာမြေပြင်များ ပေါက်ကွဲထွက်နေသဖြင့် ကျွမ်းကျင်သူ အများအပြားကို ဆွဲဆောင်နေမည်မှာ သေချာသည်။
ထိုသူများထဲတွင် အထူးကဲဆုံး နယ်ပယ်မှ ပုဂ္ဂိုလ်များလည်း ပါဝင်နေနိုင်သည်။
သူ့ထံတွင် ထိပ်တန်းအဆင့် မြင့်မြတ်သော လက်နက် သုံးခုရှိနေသည်မှာလည်း အားလုံး သိသွားလောက်ပြီ ဖြစ်သည်။
ယခုအချိန်တွင် အပြင်သို့ ထွက်သွားခြင်းမှာ အန္တရာယ်ရှိသော နေရာသို့ ခြေလှမ်းလိုက်ခြင်းပင် ဖြစ်သည်။
အထူးကဲဆုံး နယ်ပယ်ရှိ ကျင့်ကြံသူများ၏ ဖြောင့်မတ်မှန်ကန်မှုအပေါ်တွင် သူ၏ အသက်ကို မလောင်းကြေး မထပ်နိုင်ပေ။
ထို့ကြောင့် သူ အခြားလမ်းကြောင်းတစ်ခုမှ ထွက်ခွာမည် ဖြစ်သည်။
ဤနေရာတွင် အခြားထွက်ပေါက်တစ်ခု ရှိကြောင်း သူသိထား၏။
တစ်ချိန်က ရှိထျန်းဟောက် သူ့ထံမှ ထွက်ပြေးခဲ့သည်။ နတ်ဆိုးနဂါး ဝေလငါး၏ နှောင့်ယှက်မှုကြောင့် ရှိထျန်းဟောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ရာ ထိုလမ်းကြောင်းမှာ ဤထွက်ပေါက်ပင် ဖြစ်သည်။
***