အပြာရောင်အဖွဲ့မှာ အနီရောင်ဘက်ကို ကြားဖြတ်တားဆီးနေသည့် ကျင့်ကြံသူများ ဖြစ်ကြသည်။
အရေအတွက် နည်းပါးသော်လည်း ၎င်းတို့တစ်ဦးချင်းစီ၏ အစွမ်းမှာမူ ကြောက်ခမန်းလိလိပင်။ သို့သော် အနီရောင်အဖွဲ့ဘက်တွင် လူအင်အား အသာစီးရနေသည်။ အပြာရောင်အဖွဲ့မှ အစွမ်းကုန် ကြိုးစားတားဆီးသော်လည်း ၎င်းတို့ကို လုံးဝ ပိတ်ဆို့ထားနိုင်ခြင်း မရှိပေ။
ရှန်မို မျှော်လင့်ထားသည့်အတိုင်း မကြာမီမှာပင် အနီရောင်အလင်းတန်း အချို့သည် အဓိကအုပ်စုမှ ခွဲထွက်ကာ အသိုက်ဆီသို့ အပြင်းအထန် ဦးတည်လာကြသည်။
သူ နှုတ်ခမ်းကို တစ်ချက်သပ်လိုက်၏
ကြည့်ရသည်မှာ သူကိုယ်တိုင် ပါဝင်ပတ်သက်ရတော့မည့်ပုံပင်။
"တုန်းရွှမ်ဂိုဏ်းက ချွဲငှက်ဥတွေကို ခိုးမယ့် ငါတို့စီမံကိန်းကို တစ်နည်းနည်းနဲ့ သိသွားတာပဲ… ဟဲဟဲ... ဒါပေမဲ့ ဆုတ်ယုတ်နေတဲ့ သူတို့အင်အားလေးနဲ့ ငါတို့ ရှောက်ယန် စံအိမ်တော်ကို တားနိုင်မယ် ထင်နေတာလား… ရယ်စရာပဲ"
"ဟဲဟဲ... တုန်းရွှမ်ဂိုဏ်းကလည်း သူတို့ ဆုတ်ယုတ်နေတာကို ကောင်းကောင်းသိပါတယ်.. သူတို့က ငါတို့ရဲ့ ဥခိုးတဲ့အစီအစဉ်ကို ဖျက်လိုဖျက်ဆီး လုပ်ချင်ရုံတင်ပါ… ငါတို့ရဲ့ ဘိုးဘေးက ဒါကို ကြိုတင်တွက်ဆပြီးသားပဲ"
"စကားများမနေနဲ့တော့… အသိုက်ထဲဝင်ပြီး ဥတွေကို မြန်မြန်ယူ… မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုက အထူးကဲဆုံး ကျင့်ကြံသူက ချွဲငှက်ကို နာရီဝက်ပဲ ထိန်းထားပေးနိုင်မှာ"
အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်သည့် ရှောက်ယန် စံအိမ်တော်မှ ကျင့်ကြံသူ သုံးဦးသည် အသိုက်၏ အစွန်းသို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။ သတင်းရရှိထားသည့်အတိုင်းပင် အသိုက်အတွင်း၌ ကြီးမားသော ဥကြီး သုံးလုံး ရှိနေ၏။
လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်က ရှောက်ယန် စံအိမ်တော်၏ ဘိုးဘေးသည် မန်ချန်း တောင်တန်းအတွင်းသို့ မတော်တဆ ရောက်ရှိလာရာမှ ချွဲငှက်ဥ သုံးလုံးကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်း တစ်ရာကျော်ကြာ စီစဉ်ပြီးနောက် ယခုမှသာ ဥခိုးယူမည့် စီမံကိန်းကို စတင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုသုံးဦးကို ပို၍ အံ့အားသင့်စေသည်မှာ ဥတစ်လုံးမှာ ပေါက်နေပြီဖြစ်ပြီး ခေါင်းလေးတစ်ခေါင်းမှာ ထွက်ပြူနေခြင်းပင်။ ၎င်း၏ မျက်လုံးများမှာတော့ ပိတ်နေဆဲ ဖြစ်သည်။ ထိုအချိန်တွင်မှ သူတို့သည် အသိုက်အတွင်းရှိ အနက်ရောင် ဝတ်စုံဝတ် လူငယ်တစ်ဦးကို သတိပြုမိလိုက်ကြသည်။ သူ၏ ရင်ဘတ်တွင် ရှည်လျားသော ဒဏ်ရာတစ်ခု ရှိနေပြီး သူသည် အသိုက်အတွင်း၌ လဲလျောင်းနေရင်း သူတို့ကို စိတ်ဝင်တစား ကြည့်နေသည်။
ပိန်လှီသော ကျင့်ကြံသူမှ နှာခေါင်းရှုံ့ကာ
"ကြည့်ရတာ မန်ချန်း တောင်တန်းထဲ လျှောက်သွားရင်း ချွဲငှက်ရဲ့ သားကောင်ဖြစ်သွားတဲ့ အဆင့်နိမ့်ကောင်လေး တစ်ယောက် ထင်တယ်"
"တကယ့်ကို သေမင်းကို သွားခေါ်နေတာပဲ… ဒီတောင်တန်းတွေထဲမှာ ရှေးဟောင်းသားရဲတွေ ပြည့်နေပြီး လူသူလည်း မရှိသလောက်ပဲ… ဒါကို သူက တစ်ယောက်တည်း ဝင်ရဲတယ်ပေါ့"
အမျိုးသမီး ကျင့်ကြံသူမှ ဥများရှိရာသို့ တိုက်ရိုက် လျှောက်သွားသည်။
"သူ့ကို ဂရုမစိုက်နဲ့… ဒီအတိုင်း ထားခဲ့လိုက်… ငါတို့က ကယ်တင်ရှင် လုပ်ဖို့ လာတာမဟုတ်ဘူး"
သို့သော် ထွားကြိုင်းသော ကျင့်ကြံသူမှာ ရှန်မိုကို အကြိမ်အနည်းငယ် ထပ်မံကြည့်ရှုပြီးနောက် သူ၏ မျက်လုံးများမှာ လောဘဖြင့် တောက်ပလာသည်။ "နေဦး... သူဝတ်ထားတဲ့ ချပ်ဝတ်တန်ဆာကို ကြည့်လိုက်ဦး.. တကယ့်ကို ထူးခြားတယ်နော်… နဂါးအရှိန်အဝါတွေ ထွက်နေပြီး နဂါးကြေးခွံတွေကလည်း တစ်ခုနဲ့တစ်ခု စေ့စပ်နေတာပဲ"
ပိန်လှီသော ကျင့်ကြံသူနှင့် အမျိုးသမီးမှာလည်း သူ့ကို ထပ်မံ ကြည့်ရှုလိုက်ကြရာ အကြည့်များကို လွှဲဖယ်နိုင်ခြင်း မရှိတော့ပေ။
နဂါးကြေးခွံများ။
နဂါးအရှိန်အဝါများ။
ဤချပ်ဝတ်တန်ဆာသည် အဆင့်မြင့်သည့်အရာ ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
အနည်းဆုံးတော့ အဆင့်နိမ့် သူတော်စင်လက်နက်တစ်ခု ဖြစ်ရမည်။
သူတို့၏ လောဘစိတ်များ ချက်ချင်း ထကြွလာသည်။
သူတော်စင်လက်နက်။
၎င်းတို့မှာ ရှောက်ယန် စံအိမ်တော်၏ အထူးချွန်ဆုံး ပါရမီရှင်များ မဟုတ်သော နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြရာ တစ်သက်လုံး ထိုသို့သော လက်နက်မျိုးကို ကိုင်ခွင့်ရမည် မဟုတ်ကြောင်း သိထားကြသည်။
ယခုမူ ၎င်းမှာ သူတို့ရှေ့တွင် ရှိနေပြီ။
ထို့အပြင် ၎င်းကို ဝတ်ဆင်ထားသော လူငယ်မှာလည်း ပြင်းထန်စွာ ဒဏ်ရာရထားရာ ခုခံနိုင်စွမ်း မရှိသည်မှာ သေချာသည်။
ဒါဟာ သူတို့အတွက် အလကားရတဲ့ လာဘ်ပင်။
"ကောင်လေး… အဲဒီ သူတော်စင်လက်နက်ကို ပေးလိုက်စမ်း… ဒါဆိုရင် မင်းအသက်ကို ငါ ချမ်းသာပေးကောင်း ပေးနိုင်လိမ့်မယ်"
ထွားကြိုင်းသော ကျင့်ကြံသူမှ ယုတ်မာစွာ ရယ်မောရင်း ပြောလိုက်သည်။
အမျိုးသမီး ကျင့်ကြံသူသည် မျက်မှောင်ကြုတ်ကာ
"ဘာလို့ စကားတွေ များနေတာလဲ… သူ့ကို သတ်ပြီး ယူလိုက်ရုံပဲလေ"
ပြောပြောဆိုဆိုဖြင့် သူသည် ရှည်လျားသော ကြိမ်လုံးတစ်ချောင်းကို ထုတ်ယူကာ တောက်လောင်နေသော မီးလျှံများဖြင့် ရိုက်နှက်လိုက်သည်။ ထိုတိုက်ခိုက်မှု တစ်ချက်တည်းဖြင့် သူသည် နိဗ္ဗာန်နယ်ပယ်တွင် တာအိုအမှတ်အသား သုံးဆယ်ရှိသော အစွမ်းရှိကြောင်း သိသာလှသည်။
ရှန်မို အသာအယာ ပြုံးလိုက်ရုံသာ ရှိသည်။ တာအိုအမှတ်အသား သုံးဆယ်ရှိသော နိဗ္ဗာန်နယ်ပယ်။ သူ စိန့်လျှို့ဝှက်ကမ္ဘာသို့ စရောက်စကဆိုလျှင် ဤအစွမ်းမှာ လွှမ်းမိုးနိုင်သော အဆင့်တွင် ရှိနေဆဲ ဖြစ်၏။
သို့သော် ယခုမူ ချွဲငှက်ကြောင့် ရရှိထားသော ဒဏ်ရာများ ရှိနေသေးသော်လည်း... တာအိုအမှတ်အသား သုံးဆယ်မျှသာရှိသော နိဗ္ဗာန်နယ်ပယ် တစ်ဦးမှာ သူ့ကို အနာတရဖြစ်အောင်ပင် မလုပ်နိုင်ပေ။ သူသည် စိတ်ဝိညာဉ်စွမ်းအား သို့မဟုတ် ခုခံရေး ပညာရပ်တစ်ခုခုကိုပင် အသုံးပြုရန် မလိုပေ။ ရွှေရောင် နဂါးအရှိန်အဝါ ချပ်ဝတ်တန်ဆာက သူ့ဘာသာ ခုခံပေးလိမ့်မည်။
ဝူး...
နဂါးဟိန်းသံတစ်ခုမှာ ကောင်းကင်ကို တုန်ဟည်းသွားစေသည်။ တောက်လောင်နေသော ကြိမ်လုံးမှာ ရှန်မို၏ ပေသုံးဆယ်အတွင်းသို့ မရောက်ရှိနိုင်မီမှာပင် မီးပွားများအဖြစ် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားတော့သည်။
အမျိုးသမီး ကျင့်ကြံသူမှာ မယုံကြည်နိုင်စွာဖြင့် မှင်တက်သွား၏။
ရှန်မို၏ လှောင်ပြောင်သော မျက်နှာအမူအရာကို ကြည့်ရင်း သူ၏ ရင်ထဲတွင် မသက်မသာဖြစ်မှုများ ပြင်းထန်စွာ ခံစားလိုက်ရသည်။ တစ်ဖက်တွင်လည်း ပိန်လှီသော ကျင့်ကြံသူနှင့် ထွားကြိုင်းသော ကျင့်ကြံသူတို့၏ လောဘစိတ်မှာ ပိုမို ပြင်းထန်လာသည်။
အလိုအလျောက် ခုခံနိုင်စွမ်း။
ဒါဟာ အမှန်တကယ်ပဲ သူတော်စင်လက်နက် တစ်ခုပဲ။
"သူ့ရဲ့ နယ်ပယ်က ငါတို့ထက် မြင့်နေရင်တောင် ငါတို့ သုံးယောက် ပေါင်းတိုက်ရင် သူ မခံနိုင်ပါဘူး"
ထွားကြိုင်းသော ကျင့်ကြံသူမှ အော်ဟစ်လိုက်ပြီး အနီရောင် ဆေးလုံးတစ်လုံးကို ချက်ချင်း မျိုချလိုက်သည်။
သူသည် သွေးအဆီအနှစ်ကို လောင်ကျွမ်းစေကာ ဓမ္မရုပ်သွင်တော်ကို ထုတ်ဖော်၍ တိုက်ခိုက်မှု တစ်ခု စတင်လိုက်သည်။
ပိန်လှီသော ကျင့်ကြံသူနှင့် အမျိုးသမီးတို့ကလည်း လိုက်ပါ လုပ်ဆောင်ကြ၏။ ရှန်မို၏ နယ်ပယ်မှာ ၎င်းတို့ထက် မြင့်မားနေနိုင်ကြောင်း သူတို့ သဘောပေါက်သွားကြပြီ ဖြစ်သည်။
ဒိုင်း... ဒိုင်း... ဒိုင်း...
မျက်တောင်တစ်ခတ်အတွင်းမှာပင် ပြင်းထန်လှသော တိုက်ခိုက်မှု သုံးခုမှာ သူ့ထံသို့ တိုက်ရိုက် ဦးတည်လာသည်။
မီးလျှံပူ ကြိမ်လုံးရိုက်ချက်။
မိစ္ဆာမီးလျှံ ဝံပုလွေ။
တောက်လောင်နေသော မီးလုံးကြီး။
တိုက်ခိုက်မှု သုံးခုမှာ တစ်ပြိုင်နက်တည်း ကျရောက်လာသည်။
အဆောင်လက်ဖွဲ့များ၊ စိတ်ဝိညာဉ်လက်နက်များ၊ လျှို့ဝှက်ပညာရပ်များနှင့် တိုက်ခိုက်ရေး ကျွမ်းကျင်မှုအားလုံးကို ရှန်မိုအား တစ်ချက်တည်းဖြင့် အသေသတ်ရန် ထုတ်ဖော်လိုက်ကြခြင်း ဖြစ်သည်။
သို့သော် ရှန်မို၏ မျက်နှာအမူအရာမှာ လှောင်ပြောင်မှုများဖြင့်သာ ပြည့်နှက်နေဆဲ ဖြစ်၏။ သူ၏ တာအိုအမှတ်အသား စုစုပေါင်းမှာ နှစ်ရာ့ငါးဆယ်သို့ ရောက်ရှိနေလေပြီ။
ဤအဆင့်နိမ့် ကျင့်ကြံသူ သုံးဦး၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ရန် သူ ခုခံရန်ပင် မလိုပေ။
ချွမ်...
စူးရှသော ဓားသံတစ်ခု ထွက်ပေါ်လာသည်။
ထိုသုံးဦး၏ အပြင်းထန်ဆုံးသော တိုက်ခိုက်မှုများမှာ ချက်ချင်းပင် ချေမှုန်းခြင်း ခံလိုက်ရ၏။
၎င်းတို့မှာ မယုံကြည်နိုင်စွာဖြင့် မှင်တက်သွားကြသည်။ ဘာမှ မလုပ်နိုင်မီမှာပင် အေးစက်သော အာရုံတစ်ခုက သူတို့၏ ရင်ဘတ်များကို ထိုးဖောက်သွားသည်။ သူတို့ ခေါင်းငုံ့ကြည့်လိုက်သောအခါ ရင်ဘတ်အလယ်တွင် ဟောင်းလောင်းပေါက်ကြီးများ ဖြစ်ပေါ်နေသည်ကို ထိတ်လန့်တကြား မြင်တွေ့လိုက်ရသည်။ မှောင်မိုက်မှုနှင့် အေးစက်မှုများက ၎င်းတို့ကို ဝါးမြိုသွားတော့၏။
ဘုတ်...
သုံးဦးလုံး အသက်မဲ့စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။
ဝူး... ဝူး... ဝူး...
ချက်ချင်းဆိုသလိုပင် နောက်ထပ် ပုံရိပ်နှစ်ခု ရောက်ရှိလာသည်။ ဘယ်ဘက်တွင် အရပ်ရှည်ပြီး ချောမောသော လူငယ်ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ညာဘက်တွင် မျက်နှာဝိုင်းဝိုင်းနှင့် ချစ်စရာကောင်းသော အမျိုးသမီး ကျင့်ကြံသူတစ်ဦး ဖြစ်ကာ ကိုယ်လုံးကိုယ်ပေါက် လှပပြီး ငယ်ရွယ်နုပျိုသော တက်ကြွမှုများ ရှိနေသည်။
"အစ်ကို… အဲဒီ သုံးယောက် သေသွားပြီ" မျက်နှာဝိုင်းဝိုင်းနှင့် မိန်းကလေးမှ အသိုက်အတွင်းရှိ မြင်ကွင်းကို ကြည့်ကာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
လူငယ်ကျင့်ကြံသူမှာလည်း နောက်မှ ကပ်လျက် ပါလာသည်။ ထိုအလောင်းများကို မြင်သောအခါ သူ၏ မျက်နှာမှာ အံ့သြမှုနှင့် ထိတ်လန့်မှုများ ရောယှက်နေသည်။
တုန်းရွှမ်ဂိုဏ်းနှင့် ရှောက်ယန် စံအိမ်တော်တို့မှာ နှစ်ပေါင်း တစ်ထောင်တိုင် ရန်ဘက်များ ဖြစ်ခဲ့ကြရာ ရန်ကြွေးများမှာလည်း ရေတွက်မကုန်နိုင်အောင် ရှိသည်။ သူ ထိုသုံးဦးကို ကောင်းကောင်းသိသည်။ ၎င်းတို့မှာ ရှောက်ယန် စံအိမ်တော်၏ မျိုးဆက်သစ် နိဗ္ဗာန်နယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သို့သော် ယခုမူ ဤနေရာတွင် အလွယ်တကူ သေဆုံးနေကြလေပြီ။ ဒဏ်ရာများကို ကြည့်ရသလောက် ထိုသုံးဦးလုံးမှာ တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။
မိန်းကလေးမှာ ဥကြီး သုံးလုံးကြားတွင် လဲလျောင်းနေသော အနက်ရောင် ဝတ်စုံဝတ် လူငယ်ကို ချက်ချင်း သတိပြုမိသွားပြီး အံ့သြမှုများ ဖြစ်ပေါ်လာသည်။
"ရှင်က ဘယ်သူလဲ... ဘာလို့ ဒီမှာ လဲနေတာလဲ"
ချောမောသော လူငယ်မှာ သူ့ကို အမြန်ပင် နောက်သို့ ဆွဲလိုက်ပြီး ရှန်မိုကို စူးစူးဝါးဝါး ကြည့်လိုက်သည်။ "ခင်ဗျားက ဒီသုံးယောက်ကို သတ်လိုက်တာလား"
ရှန်မိုမှ တည်ငြိမ်စွာဖြင့်
"ဘာလဲ.. မင်းတို့က သူတို့အတွက် လက်စားချေပေးမလို့လား"
လူငယ်၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားပြီး အလျင်အမြန်ပင် ခေါင်းယမ်းလိုက်ကာ ရိုသေစွာဖြင့် အလေးပြုလိုက်သည်။
"မဟုတ်ပါဘူး . မဟုတ်ပါဘူး စီနီယာ… ကျွန်တော်တို့က တုန်းရွှမ်ဂိုဏ်းကပါ… သူတို့ကတော့ ရှောက်ယန် စံအိမ်တော်ကသူတွေပါ"
"ရှောက်ယန် စံအိမ်တော်က ချွဲငှက်ဥတွေကို ခိုးဖို့ လာတာပါ… ကျွန်တော်တို့က သတင်းကို အစောကြီး ရထားလို့ ကြားဖြတ်တားဆီးဖို့ လာခဲ့တာပါ"
"သူတို့ကို သတ်ပေးခဲ့တဲ့အတွက် ကျွန်တော်တို့ တုန်းရွှမ်ဂိုဏ်းက စီနီယာ့ကို အထူးပဲ ကျေးဇူးတင်ပါတယ်"
တစ်ချက်ကြည့်ရုံဖြင့် ရှန်မိုမှာ ၎င်းတို့ထက် များစွာ သာလွန်သောအဆင့်တွင် ရှိနေကြောင်း သူ သိနိုင်သည်။ ထို့ကြောင့် သူ တွေဝေမနေဘဲ ရှန်မိုကို စီနီယာဟု ရိုသေစွာ ခေါ်ဆိုလိုက်ခြင်း ဖြစ်သည်။
"တုန်းရွှမ်ဂိုဏ်းလား… နာမည်လေးက ကောင်းသားပဲ"
ရှန်မို ထိုနာမည်ကို ခပ်တိုးတိုး ရေရွတ်ရင်း ရယ်မောလိုက်သည်။
လူငယ်မှာ ထပ်မံ အလေးပြုရင်း
"စီနီယာ၊ ကျွန်တော့်နာမည်က ချန်နန်ရွှမ် ပါ… ဒါကတော့ ကျွန်တော့်ညီမလေး ချန်လင် ပါ"
"စီနီယာ ဒဏ်ရာရထားပုံရပါတယ်… ကျွန်တော်တို့ တုန်းရွှမ်ဂိုဏ်းက စီနီယာ့ရဲ့ ဒဏ်ရာတွေ ပျောက်ကင်းအောင် ကူညီပေးခွင့်ရရင် ဂုဏ်ယူမိမှာပါ"
ရှန်မို သိမ်မွေ့စွာ ပြုံးလိုက်၏။
ဤလူငယ်မှာ အကဲခတ် ကောင်းလှသည်။
တစ်ဖက်တွင် ချန်လင်မှာမူ သူ၏ မျက်လုံးဝိုင်းကြီးများဖြင့် အမြဲတမ်း မျက်တောင်တခတ်ခတ် လုပ်နေသည်။
သူ့ အစ်ကိုမှာ အမြဲတမ်း အကဲခတ် တော်သူဖြစ်သော်လည်း ယခု အနက်ရောင် ဝတ်စုံဝတ် လူစိမ်းတစ်ယောက်ကို ဘာကြောင့် ဤမျှ ရိုသေနေရသည်ကို နားမလည်နိုင် ဖြစ်နေသည်။ စီနီယာဟုပင် ခေါ်နေသေးသည်။
ရှန်မို တည်ငြိမ်စွာ ခေါင်းယမ်းလိုက်ပြီး
"ခဏလောက် ထပ်စောင့်ဦး"
သူ၏ စကားအဆုံးမှာပင် ဝေးကွာသော နေရာမှ ချွဲငှက်ကြီး၏ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။
လေနှင့် မိုးကြိုးများ ထကြွလာပြီး အထူးကဲဆုံး နယ်ပယ် ကျင့်ကြံသူကိုပင် နောက်သို့ လွင့်ထွက်သွားစေသည်။ ထိုကျင့်ကြံသူမှာ တိုက်ပွဲကို ဆက်မတိုက်တော့ပေ။ သူ
အသိုက်ဆီသို့ ဝေးကွာသော နေရာမှ တစ်ချက် ကြည့်လိုက်ပြီးနောက် ခေါင်းယမ်းကာ ကောင်းကင်ယံသို့ ပျံတက်ကာ ပျောက်ကွယ်သွားတော့သည်။
ချွဲငှက်ကြီးမှာ စူးရှစွာ အော်မြည်ရင်း အသိုက်ဆီသို့ လျင်မြန်စွာ ပျံသန်းလာသည်။ ပြန်ရောက်လာသောအခါ ဥ သုံးလုံးလုံး အကောင်းအတိုင်း ရှိနေသည်ကို မြင်ရသဖြင့် ၎င်းမှာ ချက်ချင်းပင် စိတ်အေးသွားလေ၏။
သို့သော် ချန်နန်ရွှမ်နှင့် ချန်လင်တို့မှာမူ ကံမကောင်းကြပေ။ ချွဲငှက်ကြီးမှာ အဆင့် (၁၀) သားရဲတစ်ကောင် ဖြစ်ပြီး အထူးကဲဆုံး နယ်ပယ်ရှိ ကျွမ်းကျင်သူတစ်ဦးနှင့် အလားတူသည်။ ၎င်းတို့မှာ တာအိုအမှတ်အသား နှစ်ဆယ်၊ သုံးဆယ်မျှသာ ရှိသော နိဗ္ဗာနနယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြရာ ချွဲငှက်၏ ဖိအားကို လုံးဝ မခံနိုင်ကြပေ။
သူတို့ ထိုနေရာမှာတင် ဒူးထောက်ကျသွားကြသည်။ ထို့နောက် ဒူးနှစ်ဖက်လုံးမှ သွေးများ ထွက်လာ၏။ ပခုံးပေါ်ရှိ ကြီးမားလှသော ဖိအားကြောင့် ၎င်းတို့မှာ မကြာမီမှာပင် အသားစိုင်များအဖြစ် ဖိခြေခံရတော့မည့်အတိုင်း ခံစားနေရသည်။
***