ထိုခဏတွင် အကြီးအကဲ လေးဦးစလုံးမှာ ရှန်မိုကို အထင်ကြီး လေးစားသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
ချန်နန်ရွှမ်မှာ အစောပိုင်းက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အသေးစိတ် ပြန်လည် ပြောပြထားပြီးဖြစ်သည်။ တာအိုအမှတ်အသား နှစ်ဆယ်စီရှိသော နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူ သုံးဦးကို တစ်ချက်တည်းဖြင့် သတ်နိုင်ခဲ့သဖြင့် ရှန်မို၏ အစွမ်းမှာ အနည်းဆုံး အမှတ်အသား ခြောက်ဆယ် သို့မဟုတ် ထို့ထက်မက ရှိရမည်ဖြစ်ရာ မည်သည့် ပထမတန်းစား ဂိုဏ်းတွင်မဆို မဏ္ဍိုင်တစ်ခုအဖြစ် ရပ်တည်နိုင်စွမ်း ရှိသည်။ သာ၍ အထင်ကြီးစရာ ကောင်းသည်မှာ ရှန်မိုသည် ချွဲငှက်နှင့် မိတ်ဆွေဟောင်းများကဲ့သို့ စကားပြောနိုင်ခြင်းပင်။ ယင်းကသာ ၎င်းတို့၏ လေးစားမှုကို အမှန်တကယ် ရရှိစေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့ တစ်ဦးမျှ မောက်မာစွာ မပြုမူကြဘဲ ရှန်မိုကို မိမိတို့ထက် သာလွန်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ် မှတ်ယူထားကြသည်။
"ကျွန်တော်ကတော့ တုန်းရွှမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ပိုင်ချွမ်းလျို ပါ… မိတ်ဆွေကို တွေ့ရတာ ဝမ်းသာပါတယ်"
"ကျွန်တော်ကတော့ တုန်းရွှမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီး ရှီဖျင် ပါ… မိတ်ဆွေကို တွေ့ရတာ ဝမ်းသာပါတယ်" "ကျွန်တော်က ရှီခွမ် ပါ..."
"ကျွန်တော်က မိုင်ကျန့်ဖုန်း ပါ..."
တစ်ဦးချင်းစီ မိတ်ဆက်ပြီးနောက် ဂိုဏ်းချုပ် ပိုင်ချွမ်းလျိုမှ
"မိတ်ဆွေရဲ့ နာမည်ကို သိခွင့်ရှိမလား"
"ရှန်မို ပါ"
ပိုင်ချွမ်းလျို လက်အုပ်ချီလိုက်ကာ
"ဒီနေရာက စကားပြောဖို့ မသင့်တော်ပါဘူး… ကျွန်တော်တို့ ဂိုဏ်းဌာနချုပ်ကို ကြွပြီး အေးအေးဆေးဆေး စကားပြောကြမလား ခင်ဗျာ"
"ရတာပေါ့"
ရှန်မို ခေါင်းညိတ်လိုက်သည်။
...
ရွှမ်လိပ်ကန်။
ယင်းမှာ အရှေ့ပြည်နယ်၏ အနောက်ဘက်ဒေသတွင် ပြန့်ကျဲနေသော ရေကန်ပေါင်းများစွာထဲမှ တစ်ခုဖြစ်သည်။ ကျယ်ပြောလှပြီး စိတ်ဝိညာဉ်စွမ်းအားများ ကြွယ်ဝလှသောကြောင့် ဤနေရာသည် တုန်းရွှမ်ဂိုဏ်း၏ ဌာနချုပ်အဖြစ် နှစ်ပေါင်း တစ်သောင်းကျော်တိုင် တည်ရှိနေခဲ့ခြင်း ဖြစ်သည်။ အထက်ကောင်းကင်ယံမှနေ၍ ရှန်မို ရေကန်ကြီးကို ငုံ့ကြည့်လိုက်သည်။ ရေမျက်နှာပြင်ပေါ်တွင် လှိုင်းကြက်ခွပ်လေးများ ထနေပြီး ကျူပင်များမှာ လေထဲတွင် ယိမ်းနွဲ့နေကာ ရေငှက်များမှာလည်း ပျော်မြူးနေကြ၏။ ရွှမ်လိပ်ကန်ကို ပတ်လည်ဝိုင်းထားသော ဝါးအဆောက်အအုံပေါင်းများစွာကို တည်ဆောက်ထားသည်။ တစ်ချက်ကြည့်ရုံဖြင့် ဤအဆောက်အအုံများကို အစီအရင်တစ်ခု၏ ပုံစံအတိုင်း တည်ဆောက်ထားခြင်းဖြစ်ကြောင်း ရှန်မို သိလိုက်၏။ ယင်းကို ဂိုဏ်း၏ အကာအကွယ် အတားအဆီးအဖြစ် အသုံးပြုရန် အစီအရင် ပညာရှင်တစ်ဦးက တည်ဆောက်ထားခြင်း ဖြစ်ပေလိမ့်မည်။ အကယ်၍ ကျူးကျော်သူများ ပေါ်လာပါက အဆောက်အအုံများနှင့် ရေကန်အောက်ခြေတွင် ဝှက်ထားသော အစီအရင်မှာ ချက်ချင်း အသက်ဝင်လာလိမ့်မည် ဖြစ်သည်။
"မဆိုးဘူး… အစီအရင်ကို တကယ့်ကို သေသပ်လှပအောင် ခင်းကျင်းထားတာပဲ"
ရှန်မို သဘောကျစွာ ခေါင်းညိတ်လိုက်သည်။
ပိုင်ချွမ်းလျိုနှင့် အခြားသူများမှာ မှင်တက်သွားကြပြီး စိတ်ထဲမှ တုန်လှုပ်သွားကြသည်။
ဤအနက်ရောင် ဝတ်စုံဝတ် ကျင့်ကြံသူသည် ၎င်းတို့၏ အစီအရင်ကို တစ်ချက်ကြည့်ရုံဖြင့် ထိုးဖောက်မြင်ရသည်။
သူသည်လည်း အစီအရင် ပညာရှင်တစ်ဦး ဖြစ်ရမည်။
"နန်ရွှမ်၊ ချန်လင်… တခြား အကြီးအကဲတွေကို သွားခေါ်လိုက်ဦး"
ပိုင်ချွမ်းလျိုမှ ညွှန်ကြားလိုက်သည်။
ချန်နန်ရွှမ်နှင့် ချန်လင်က ခေါင်းညိတ်ကာ
"နားလည်ပါပြီ"
ပိုင်ချွမ်းလျို ရှန်မိုဘက်သို့ လှည့်ကာ ပြုံးလျက်
"မိတ်ဆွေ… ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"
တုန်းရွှမ်ဂိုဏ်း၏ ပင်မခန်းမကြီးမှာ တောင်ဘက်တွင် တည်ရှိသည်။ တံခါးစောင့် တပည့်များသည် ဂိုဏ်းချုပ် ပိုင်ချွမ်းလျိုကို မြင်သည်နှင့် ရိုသေစွာ အလေးပြုကြ၏။ မကြာမီမှာပင် ကျော့ရှင်းသော အမျိုးသမီးတပည့်လေးတစ်ဦးသည် အငွေ့တထောင်းထောင်းထနေသော လက်ဖက်ရည်ကို ယူဆောင်လာပြီး ရှန်မို၏ ဘေးတွင် ယဉ်ကျေးစွာ ရပ်နေသည်။ ပိုင်ချွမ်းလျို၊ ရှီဖျင်နှင့် အခြားသူများသည်လည်း ၎င်းတို့၏ နေရာအသီးသီးတွင် ထိုင်လိုက်ကြပြီး ရှန်မိုနှင့် ပေါ့ပေါ့ပါးပါး စကားပြောနေကြသည်။
အမှန်စင်စစ် ၎င်းတို့သည် ရှန်မို၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သည့်ဂိုဏ်းက ဖြစ်ကြောင်းကို သိမ်မွေ့စွာ စုံစမ်းနေကြခြင်းပင်။ သို့သော် ရှန်မိုမှာ ၎င်းတို့၏ ရည်ရွယ်ချက်ကို ကောင်းကောင်းသိသဖြင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လုံးဝ ထုတ်မပြောပေ။
ခဏအကြာတွင် ပုံရိပ်အချို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။ ဦးဆောင်လာသူ အနည်းငယ်မှာ ဆံပင်ဖြူများဖြင့် တည်ငြိမ်သော ခြေလှမ်းများ ရှိကြရာ တုန်းရွှမ်ဂိုဏ်း၏ အခြားသော အကြီးအကဲများ ဖြစ်ကြသည်မှာ ထင်ရှားသည်။
"တံခါးတွေ ပိတ်လိုက်"
ပိုင်ချွမ်းလျိုမှ အမိန့်ပေးလိုက်သည်။
ပင်မခန်းမကြီး၏ တံခါးများ ပိတ်သွားပြီး စုစုပေါင်း အကြီးအကဲ ဆယ်ဦး နေရာယူလိုက်ကြသည်။ ထိုနေရာတွင် နေခွင့်ရသည့် တပည့်များမှာ ချန်နန်ရွှမ်နှင့် ချန်လင်တို့ နှစ်ဦးသာ ရှိသည်။
"ဂိုဏ်းချုပ်… ကျွန်တော်တို့ကို ဘာလို့ ဒီကို ခေါ်လိုက်တာလဲဗျ"
ငယ်ရွယ်ပုံရသော အကြီးအကဲတစ်ဦးမှ မေးလိုက်သည်။
"ပြီးတော့ ဒီအနက်ရောင် ဝတ်စုံဝတ် ကျင့်ကြံသူက ဘယ်သူလဲ။ရ… သူ့ကို ဘာလို့ ပင်မခန်းမထဲကို ပေးဝင်ထားတာလဲ"
အခြား အကြီးအကဲတစ်ဦးမှ မေးခွန်းထုတ်သည်။
ပိုင်ချွမ်းလျို လက်ကာလိုက်ကာ
"နန်ရွှမ်… မင်းပဲ ရှင်းပြလိုက်ပါ… အတိအကျ ပြော… ဘာကို ပြောရမယ်၊ ဘာကို မပြောရဘူးဆိုတာ သိတယ်မလား"
စကားပြောနေစဉ်တွင် သူ ချန်နန်ရွှမ်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။
ချန်နန်ရွှမ် ခေါင်းညိတ်ပြပြီး မန်ချန်း တောင်တန်းတွင် ဖြစ်ပျက်ခဲ့သမျှကို အစမှ အဆုံးအထိ ပြန်လည် ပြောပြလိုက်သည်။ သို့သော် မပြောသင့်သည့် အချက်များဖြစ်သော ရှန်မိုနှင့် ချွဲငှက်တို့၏ သဘောတူညီချက်မျိုးကိုမူ တစ်လုံးမျှ ထုတ်မပြောပေ။
သူ ပြောပြီးသွားသောအခါ အကြီးအကဲများ အတော်ကြာအောင် တိတ်ဆိတ်သွားကြသည်။ ၎င်းတို့ ရှန်မိုကို ကြည့်သည့် အကြည့်မှာ လုံးဝ ပြောင်းလဲသွားပြီး ခန့်ညားထိတ်လန့်သော အကြည့်များ ဖြစ်သွား၏။
မန်ချန်း တောင်တန်းမှာ အရှေ့ပြည်နယ်တွင် အကြီးဆုံးနှင့် ရှေးအကျဆုံး တောင်တန်းကြီး ဖြစ်သည်။ ၎င်း၏ နယ်မြေအတွင်း အုပ်စိုးသူ သားရဲဘုရင်များမှာ လွတ်လပ်စွာ ကျက်စားနေကြသည်။ ချွဲငှက်ပင်လျှင် တောင်တန်းကြီး၏ နက်ရှိုင်းသော နေရာတွင် ပို၍ အစွမ်းထက်သော သားရဲကြီးနှင့် တိုက်ပွဲရှုံးနိမ့်ပြီးမှ အပြင်ဘက်ပိုင်းသို့ ရောက်လာခြင်းဖြစ်သည်ဟု ဆိုကြသည်။ မန်ချန်း တောင်တန်းမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသဖြင့် အထူးကဲဆုံး နယ်ပယ်ရှိ ကျင့်ကြံသူများတောင် အထဲသို့ နက်နက်ရှိုင်းရှိုင်း မဝင်ရဲကြပေ။ သို့သော် ဤအနက်ရောင် ဝတ်စုံဝတ် ကျင့်ကြံသူမှာ ထိုနေရာတွင် အချိန်အတော်ကြာအောင် နေထိုင်နိုင်ရုံတင်မက ချွဲငှက်၏ ခင်မင်မှုကိုပင် ရရှိထားသည်။ သူသည် သာမန်လူ မဟုတ်သည်မှာ သေချာလှ၏။
တုန်းရွှမ်ဂိုဏ်း၏ အကြီးအကဲများသည် ယခုအခါ ရှန်မို၏ အစွမ်းနှင့် စရိုက်ကို လုံးဝ ယုံကြည်သွားကြပြီ ဖြစ်သည်။ ထို့အပြင် ရှောက်ယန် စံအိမ်တော်ကို ဖျက်ဆီးခြင်းမှာလည်း ဂိုဏ်း၏ အဓိက အကျိုးစီးပွားနှင့် ကိုက်ညီနေသည်။ ၎င်းတို့၏ ရည်မှန်းချက်များမှာ တူညီနေသဖြင့် သဘာဝကျစွာပင် ပူးပေါင်းကြလိမ့်မည်။
ပိုင်ချွမ်းလျို လေးနက်စွာ မတ်တပ်ရပ်လိုက်ပြီး
"မိတ်ဆွေ ရှန်… တုန်းရွှမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် တစ်ယောက်အနေနဲ့ ကျွန်တော်တို့ ဂိုဏ်းရဲ့ အကာအကွယ်ပေးမယ့် အထူး အကြီးအကဲ တစ်ယောက်အဖြစ် ဆောင်ရွက်ပေးဖို့ ခင်ဗျားကို ဖိတ်ခေါ်ပါတယ်"
"သာမန် အကာအကွယ်ပေးသူ မဟုတ်ဘဲ ကောင်းကင်အဆင့် အကာအကွယ်ပေးသူ အဖြစ်ပါ"
ဂိုဏ်းအများစုတွင် 'အကာအကွယ်ပေးသူ' သို့မဟုတ် 'အထူး အကြီးအကဲ' ဆိုသည့် ရာထူးများ ရှိကြသည်။ ဤရာထူးမှာ ဂိုဏ်း၏ တရားဝင် အဆင့်အတန်းများ၏ ပြင်ပတွင် ရှိပြီး ဂိုဏ်းဝင်အစစ်အမှန်များအဖြစ် မသတ်မှတ်ထားပေ။ သို့သော် ၎င်းတို့သည် လစဉ် ချီးမြှင့်ငွေများ ရရှိကြပြီး ဂိုဏ်းတွင် ဘေးဒုက္ခ ကြုံလာချိန်များ၌ ကူညီပေးရလေ့ ရှိ၏။ ပုံမှန်အားဖြင့် ထိုသူများသည် အလွန် အစွမ်းထက်ကြသည်။ အချို့သော အစွမ်းထက် ကျင့်ကြံသူများသည် ဂိုဏ်းငယ်လေးများစွာတွင် ထိုကဲ့သို့သော ရာထူးများကို တစ်ပြိုင်နက် ရယူထားတတ်၏။ သူတို့၏ အမည်နာမမှာပင် ထိုဂိုဏ်းများအတွက် အကာအကွယ် အဆောင်လက်ဖွဲ့ တစ်ခု ဖြစ်နေတတ်သည်။ သဘာဝကျစွာပင် အကာအကွယ်ပေးသူ အဆင့်အတန်းကို လူသားအဆင့်၊ မြေကမ္ဘာအဆင့်နှင့် ကောင်းကင်အဆင့်ဟူ၍ သုံးမျိုး ခွဲခြားထားသည်။ ရှန်မိုကို ကောင်းကင်အဆင့် အကာအကွယ်ပေးသူအဖြစ် တိုက်ရိုက် ခန့်အပ်လိုက်ခြင်းမှာ ပိုင်ချွမ်းလျိုအနေဖြင့် အမြင့်ဆုံးသော လေးစားမှုကို ပြသလိုက်ခြင်း ဖြစ်ပြီး သူ့အား မျက်နှာသာ အကြီးအကျယ် ပေးလိုက်ခြင်းပင် ဖြစ်သည်။
ဤကဲ့သို့ ကောင်းမွန်သော ကမ်းလှမ်းချက်ကို ငြင်းပယ်စရာ အကြောင်းမရှိသကဲ့သို့ ရှန်မိုသည်လည်း အမှန်တကယ်ပင် ခေတ္တတည်းခိုရန် နေရာတစ်ခု လိုအပ်နေသောကြောင့် အသာအယာ ခေါင်းညိတ်လိုက်ပြီး
"ကောင်းပြီလေ"
ပိုင်ချွမ်းလျိုနှင့် တုန်းရွှမ်ဂိုဏ်း အကြီးအကဲများမှာ ဝမ်းသာအားရ လက်ခုပ်တီးကြပြီး ရှန်မို၏ ဂိုဏ်းအတွင်းသို့ တရားဝင် ဝင်ရောက်လာမှုကို ဂုဏ်ပြုပွဲ ဆင်နွှဲကြသည်။
ချန်နန်ရွှမ်မှာ ခေတ္တ စဉ်းစားပြီးနောက် ပိုင်ချွမ်းလျို အနားနားသို့ ကပ်ကာ တိုးတိုးလေး ပြော၏။ နားထောင်ပြီးနောက် ပိုင်ချွမ်းလျို သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
"အားလုံးပဲ”
ပိုင်ချွမ်းလျိုမှ အသံကို မြှင့်ပြောလိုက်ပြီး အခန်းတွင်းကို တိတ်ဆိတ်သွားစေရန် လက်နှစ်ဖက်ဖြင့် ဖိပြလိုက်သည်။
အားလုံး တိတ်ဆိတ်သွားသောအခါ သူ လေးနက်စွာဖြင့်
"အကာအကွယ်ပေးသူ ရှန်ဟာ ရှောက်ယန် စံအိမ်တော်ကို တိုက်ခိုက်ဖို့ ငါတို့ရဲ့ လျှို့ဝှက်လက်နက်ပဲ… သူ့ရဲ့ အစစ်အမှန်ကို ဘယ်သူမှ မသိစေရဘူး"
"ရှောက်ယန် စံအိမ်တော်ရဲ့ သံသယနဲ့ စုံစမ်းမှုတွေကို ရှောင်လွှဲဖို့အတွက် ငါ အခု ကြေညာတယ်… ဒီနေ့ ဒီနေရာမှာ ရှိနေတဲ့သူ ဘယ်သူမှ အကာအကွယ်ပေးသူ ရှန်ရဲ့ အစစ်အမှန် အဆင့်အတန်းကို ထုတ်မပြောရဘူး" "ပြင်ပကမ္ဘာကိုတော့ သူဟာ လူသားအဆင့် အကာအကွယ်ပေးသူလို့ပဲ ပြောမယ်… ဂိုဏ်းအတွင်းမှာတော့ သူဟာ အမြင့်ဆုံး ကောင်းကင်အဆင့် အဆင့်အတန်းနဲ့ အခွင့်အရေးအားလုံးကို ရရှိခံစားရမယ်"
သူ ပြောပြီးသည်နှင့် အကြီးအကဲများ အားလုံးက သဘောတူ ခေါင်းညိတ်လိုက်ကြသည်။ "ကောင်းလိုက်တဲ့ အကြံ!"
"ဒါ နန်ရွှမ်ရဲ့ အကြံ ဖြစ်ရမယ်… တကယ့်ကို သေသပ်လှပတာပဲ"
"အကာအကွယ်ပေးသူ ရှန်ကို လုံးဝ ဖုံးကွယ်ထားရမယ်… သူ့ကို လူသားအဆင့် အကာအကွယ်ပေးသူအဖြစ် ပြသထားတာဟာ တကယ့်ကို ကောင်းမွန်တဲ့ အကာအကွယ်ပဲ"
"ငါတို့ရဲ့ တန်ပြန်တိုက်စစ်က အချိန်ယူရဦးမှာ… သုံးနှစ်ကနေ ငါးနှစ်လောက် ဖြစ်နိုင်သလို အနှစ်နှစ်ဆယ် သုံးဆယ်လောက်လည်း ကြာနိုင်တယ်… အဲဒီအချိန်အတောအတွင်း အကာအကွယ်ပေးသူ ရှန်အနေနဲ့ ဒီလို သာမန်ပုံစံလေးနဲ့ပဲ သည်းခံပြီး နေပေးပါဦး"
မကြာမီမှာပင် အစည်းအဝေး ပြီးဆုံးသွားပြီး အကြီးအကဲများလည်း လူစုခွဲသွားကြသည်။ ပိုင်ချွမ်းလျှို၏ ညွှန်ကြားချက်အရ ရှန်မိုကို ချန်နန်ရွှမ်နှင့် ချန်လင်တို့က ဝါးအဆောက်အအုံများကြားမှတစ်ဆင့် မြေအောက်နေရာတစ်ခုသို့ ခေါ်ဆောင်သွားကြရာ နောက်ဆုံးတွင် မြေအောက် ကျင့်ကြံခြင်း ခန်းမတစ်ခုသို့ ရောက်ရှိသွားသည်။
ရှန်မို သဘောကျစွာ ခေါင်းညိတ်လိုက်ပြီး
"မဆိုးဘူးပဲ… ကန်အောက်ခြေမှာ ကျင့်ကြံခြင်း ခန်းမကို တိုက်ရိုက် တည်ဆောက်ထားတာ တကယ့်ကို ပါးနပ်တာပဲ"
ချန်နန်ရွှမ်က ရိုသေစွာ ရှင်းပြသည်။ "ကန်အောက်ခြေမှာ အဆင့်အလိုက် ခွဲခြားထားတဲ့ အခန်းပေါင်း ၃၆ ခန်း ရှိပါတယ်… ကောင်းကင်အဆင့် အခန်းတွေကိုတော့ ဂိုဏ်းချုပ်၊ အကြီးအကဲတွေနဲ့ ပင်မတပည့်တွေပဲ ဝင်ခွင့်ရှိတာပါ"
"ကျွန်တော့်ဆရာ ဂိုဏ်းချုပ်က သူ့ရဲ့ ကိုယ်ပိုင်အခန်းကို ဖယ်ပေးပြီး စီနီယာ့ကို ကမ်းလှမ်းလိုက်တာပါ"
ရှန်မို ထပ်မံ ခေါင်းညိတ်လိုက်သည်။
ကြည့်ရသည်မှာ ပိုင်ချွမ်းလျိုသည် လူမှုရေးကို ကောင်းကောင်း နားလည်သူဖြစ်သည်။ သူသည် ရှန်မို၏ အစွမ်းအစကို ကောင်းကောင်း မြင်ထားသဖြင့် ယခုအခါ သူ့အပေါ်တွင် ပုံအော လောင်းကြေးထပ်လိုက်ခြင်းပင် ဖြစ်သည်။
"ကောင်းပြီ… မင်းရဲ့ ဆရာ ဂိုဏ်းချုပ်ကို သွားပြောလိုက်… ငါ တကယ့်ကို စိတ်ကျေနပ်တယ်လို့"
ရှန်မိုမှ အခန်းထဲသို့ ဝင်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါ တံခါးပိတ် ကျင့်ကြံတော့မယ်… ဘယ်သူမှ ငါ့ကို လာမနှောင့်ယှက်စေနဲ့"
"ဟုတ်ကဲ့ပါ စီနီယာ… ကျွန်တော့် ညီမလေးက ဘေးခန်းမှာ စောင့်ကြပ်ပေးပါလိမ့်မယ်"
ချန်နန်ရွှမ် လေးနက်စွာ ပြန်ပြောသည်။
ချန်လင်ကလည်း အားတက်သရော ဝင်ပြော၏။
"စီနီယာ ရှန်… ဘယ်သူမှ စီနီယာ့ရဲ့ အေးချမ်းမှုကို လာမနှောင့်ယှက်စေရဘူးလို့ ကျွန်မ အာမခံပါတယ်"
ရှန်မို စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။
***