အရိုးရိုင်းနှင့် လန်ထင်တို့ လုယန်ကို ကူညီဖို့ပြင်ထားခဲ့သည်။ သို့သော် သူတို့မလှုပ်ရှားမီပင် လုယန်က ဓားစွမ်းရည်များ ဆက်တိုက်ပြပြီး နှလုံးမဲ့ဂိုဏ်းအကြီးအကဲကို အဆုံးသတ်လိုက်သည်။
ယခု နှလုံးမဲ့ဂိုဏ်းအကြီးအကဲ၏ဦးခေါင်းက မျက်လုံးအပြူးသားဖြင့် သူတို့ကို စိုက်ကြည့်နေသဖြင့် မှင်သက်မိနေကြသည်။
နှစ်ယောက်လုံးက အဖြစ်အပျက်ကို တစ်ယောက်တစ်လှည့်ရှင်းပြကြသည်။ လုယန် နားလည်သွားသည်။
"ဒါဆို မင်းတို့က ဒီလူကိုမနိုင်လို့ ငါ့ကိုခေါ်လိုက်တာပေါ့"
"ဆင့်ခေါ်တာက ကျုပ်တို့အရိုင်းမျိုးနွယ်ရဲ့ စွမ်းအားအကြီးဆုံး ဝိညာဉ်ပြောင်းအဆင့်ဘိုးဘေးကိုပါ"
အရိုးရိုင်းက စကားအမှန်ပြင်ပေးသည်။
လုယန် သူ့နဖူးသူလက်ဖြင့်အုပ်လိုက်သည်။ သေဟန်ဆောင်ပညာသင်စဉ်ကအဖြစ်ကို ပြန်သတိရလာသည်။ နတ်မယ်ကို ဆရာအဖြစ်သတ်မှတ်ခဲ့ရသည်။ ထို့ကြောင့် သူ့ဝါစဉ်အဆင့် မြင့်တက်သွားသည်။ ရှေးဟောင်းအရိုင်းမျိုးနွယ်နှင့် အဆင့်တူဖြစ်သွားသည်။
နတ်မယ်အတည်ပြောခဲ့မှန်း ယခုမှနားလည်လာသည်။
ရှေးဟောင်းအရိုင်းမျိုးနွယ်သည် နတ်မယ်ကျိန်စာတိုက်ခဲ့သည့် လူသားများဖြစ်သည်။ ထိုအမြင်ဖြင့်ကြည့်လျှင် ယခုသူလည်း ရှေးဟောင်းအရိုင်းမျိုးနွယ်အဖွဲ့ဝင် တကယ်ဖြစ်နေသည်။
အတိအကျပြောရလျှင် ရှေးဟောင်းအရိုင်းမျိုးနွယ်၏ ဝါအကြီးဆုံး အစစ်မှန်ဆုံး မျိုးနွယ်ဝင်တစ်ယောက်ဖြစ်သည်။
အရိုးရိုင်း၏မူလဝိညာဉ်က လောကတွင် ကျန်နေသေးသည့် အရိုင်းမျိုးနွယ်ဘိုးဘေးတို့၏စွမ်းအားကို ဆင့်ခေါ်သည်။ အရိုင်းမျိုးနွယ်ဘိုးဘေးတို့သည် သမိုင်းဝင်လူသားများဖြစ်နေပြီး သူတို့ဝိညာဉ်အပိုင်းအစများသာ လောကတွင် ဝေ့ဝဲကျန်ရစ်ခဲ့သည်။
အရိုးရိုင်း၏မူလဝိညာဉ်က သူတို့စွမ်းအားတစ်ပိုင်းတစ်စကိုသာ ဆင့်ခေါ်နိုင်သည်။
ယခုသူက အရိုင်းမျိုးနွယ်ဘိုးဘေးလည်းဖြစ် သက်ရှိထင်ရှားရှိနေသူလည်းဖြစ်၍ တိုက်ရိုက်ဆင့်ခေါ်ခံရခြင်းဖြစ်သည်။
"အကိုက ကျုပ်တို့အရိုင်းမျိုးနွယ်ဘိုးဘေးဆိုတာ ကျုပ်လုံးဝမသိခဲ့ဘူး အကိုလု"
အရိုးရိုင်းက စကားလုံးသေချာသတိထားပြောသည်။ လုယန်အပေါ် လေးစားမှုအပြည့်ထားသည်။
လန်ထင်ကလည်း လုယန်ကို တအံ့တဩကြည့်နေသည်။ တာအိုလမ်းစဉ်ဂိုဏ်းတပည့်တစ်ယောက်နှင့် အတူရှိလျှင် တကယ်အမြင်ကျယ်ရသည်။
လုယန် "..."
ငါလည်း ငါ့အကြောင်းငါ အခုမှသိတာပါကွာ...
"ညီမလန်ထင်၊ မတွေ့ရတာကြာပြီနော်"
လုယန် ပြုံး၍ပြောလိုက်သည်။ လန်ထင်နှင့် နောက်ဆုံးတွေ့ခဲ့သည်မှာ ပင်လယ်တာအိုသခင် ပေါ်လာပြီး ကျင့်ကြံမှုလောကမှ အဆင့်မြင့်ပုဂ္ဂိုလ်များ ဖန်ဝူယာကို အရိုအသေလာပေးချိန်ကဖြစ်သည်။
လန်ထင် ပြုံးလိုက်သည်။ အစိမ်းရောင်ဝတ်စုံ၊ တိုက်ပွဲကြောင့် မျက်နှာပေါ်ဖရိုဖရဲကျနေသည့် ဆံနွယ်စများဖြင့် သူ့ပုံစံက တစ်မျိုးတစ်မည် ဆွဲဆောင်မှုရှိနေသည်။
"မတွေ့တာကြာပေမယ့် အကိုလုရဲ့သတင်းတွေကို ကျွန်မကြားပါတယ်။ အရှေ့ပင်လယ်မှာ နဂါးဘိုးဘေးကိုကယ်ခဲ့လို့ သူကအကို့ကို မျက်နှာသာပေးတယ်။ နန်းမြို့တော်မှာ ယဲ့မုန်ယင်အတွက် ပြိုင်ဘက်ကင်းကဗျာတစ်ပုဒ်စပ်ပေးတယ်။
စတုတ္ထမင်းသားပုန်ကန်တာကို သတင်းပို့တယ်။ ဓားမျှော်စင်အဓိပဓိနဲ့ အမယွမ်ကျိကို ဓားမျှော်စင်မှာ ကယ်ခဲ့တယ်။ ယင်ထန်မသေမျိုးကို အချိန်ဆွဲပြီး ထိန်းထားခဲ့တယ်တဲ့.."
နောက်ဆုံးစကားကြားချိန်တွင် လုယန်ထိတ်လန့်သွားသည်။ ဘာကြောင့် ဇာတ်လမ်းက ထိုသို့ဖြစ်နေသည်မသိ။
မှန်တော့လည်းမှန်သည်။ ယွမ်မုန်မုန်က ယွမ်ကျိနာမည်သုံးပြီး ယင်ထန်အလောင်းနှင့် တိုက်ခိုက်ခဲ့သည်။ နောက်ပိုင်းတွင် ယွမ်မုန်မုန်နှင့်ယွမ်ကျိက ထိုအကြောင်း အရေးစိုက်ပြီးရှင်းမပြခဲ့ကြ။ ထို့ကြောင့် အမယွမ်ကို သူကယ်တင်ခဲ့သည်ဟု သတင်းပေါက်သွားခြင်းဖြစ်သည်။
"အားလုံးက ကောလဟာလတွေပါ"
လုယန် ခြောက်ကပ်ကပ်ရယ်လိုက်သည်။ ထိုသတင်းမှန်ပါသည်ဟုမပြောရဲ။ ထိုကိစ္စများထဲမှတစ်ချို့ကို နတ်မယ်က ဝင်ပူးကပ်ပြီးလုပ်ခဲ့ပါသည်ဟုလည်း ထုတ်မပြောရဲ။
သို့သော် လန်ထင်နှင့် အရိုးရိုင်းက ထိုစကားကို လုယန်ကိုယ့်ကိုယ်ကိုနှိမ့်ချပြောနေခြင်းဟု မြင်သည်။ ထို့ကြောင့် လုယန်ကို ပို၍ပင်လေးစားလာကြသည်။
"ဒါနဲ့...ငါဒီကိုရောက်လာတော့ ငါ့ကိုယ်ပိုင်မဟုတ်တဲ့ စွမ်းအားအပိုတစ်ခုရလာတာကို ခံစားမိတယ်။ အဲဒါဘယ်လိုဖြစ်တာလဲ မင်းတို့သိလား"
ထို့ကြောင့်သာမဟုတ်လျှင် သူ့ဓားပညာဘယ်လောက်လှည့်ကွက်များပြီး မြန်ဆန်သည်ဖြစ်စေ နှလုံးမဲ့ဂိုဏ်းအကြီးအကဲကို ထိုမျှမြန်မြန် ရှင်းပစ်နိုင်ခဲ့မည်မဟုတ်။
အရိုးရိုင်း အတော်အံ့အားသင့်သွားသည်။
"တိုက်ဆိုင်လိုက်တာ၊ ကျုပ်ရဲ့မူလဝိညာဉ်က အကို့ကိုယ်ထဲရောက်သွားတာကို ကျုပ်လည်းခံစားမိလိုက်တယ်"
"...ညီလေးအရိုးရိုင်း၊ ဘိုးဘေးဆင့်ခေါ်ထားတာကို မင်းပြန်ရုတ်သိမ်းလိုက်ပါလား"
"ဪ..ဟုတ်သားပဲ"
ဘိုးဘေးဆင့်ခေါ်မှုကို အရိုးရိုင်းပြန်ရုတ်သိမ်းလိုက်သည်။ သူ့မူလဝိညာဉ်က လုယန်ကိုထဲမှ ပျံထွက်လာပြီး အရိုးရိုင်းကိုယ်ထဲသို့ ရောက်သွားသည်။
"ဘာလို့ မင်းဆင့်ခေါ်တဲ့နည်းက ခေါ်လိုပဲရပြီး ပြန်ပို့လို့မရတာလဲကွာ"
ဂိုဏ်းသို့ချက်ချင်းပြန်ပြီး လောင်မုန်ကို သူအရူးလုပ်ချင်သေးသည်။
လုယန်ချက်ချင်းမပြန်နိုင်သည်ကို သိရသဖြင့် လန်ထင်မျက်လုံးများ အရောင်လက်လာသည်။
"အကိုလု အလောတကြီး ပြန်ဖို့မလိုရင် ကျွန်မတို့ လသံလွင်နန်းတော်ကို လိုက်လည်ပါလား။ ကျွန်မတို့ချင်း ကျင့်စဉ်အတွေးအမြင်တွေ ဆွေးနွေးဖလှယ်လို့ရတာပေါ့"
လက်ရှိတွင် လုယန်ဘာမှအရေးတကြီးလုပ်စရာမရှိပါ။
"ဒါပေမယ့် လသံလွင်နန်းတော်ကို ယောက်ျားတွေဝင်လို့မရဘူးမဟုတ်လား"
"အဲလိုတင်းကြပ်တဲ့စည်းကမ်းမျိုးမရှိပါဘူး"
လန်ထင်က ပြုံး၍ပြောသည်။
လုယန် ပြန်စဉ်းစားသည်။ တစ်ဘက်က ထိုသို့ဖိတ်ခေါ်လာသည်ကို ငြင်းလိုက်လျှင် ရိုင်းရာကျမည်ထင်သည်။
ထို့ပြင် ဒဏ္ဍာရီလသံလွင်နန်းတော်ကိုလည်း သူတကယ်ရောက်ဖူးချင်သည်။
"ဒါဆိုရင်တော့ ညီမထောင်ကို ဒုက္ခပေးရတော့မှာပေါ့"
နှစ်ယောက်သား လွတ်လပ်စွာပြောဆိုရယ်မောနေသည်ကိုကြည့်၍ အရိုးရိုင်းစိတ်ထဲ နည်းနည်းလူရာမဝင်သလို ခံစားရသည်။
"ဒီနှလုံးမဲ့အကြီးအကဲရဲ့ဝိညာဉ်ကို ဘယ်သူရသင့်လဲ"
အရိုးရိုင်း မေးလိုက်သည်။ သူနှင့်လန်ထင်သည် ဂိုဏ်းမစ်ရှင်တစ်ခုကို ပြိုင်တူလက်ခံထားမိကြသည်။ ထိုဝိညာဉ်ကို ဘယ်ဂိုဏ်းက ပိုင်ဆိုင်သင့်မှန်း စည်းစားမရ။
"ဒါကလွယ်ပါတယ်"
ကွမ်းရှန်ဟိုင်၏ဝိညာဉ်အား ကျန်းပင်းကန်း ခွဲဝေသည့်နည်းကို သူမြင်ဖူးသည်။ ထိုအပိုင်းနှင့်ပတ်သက်၍ သူအတွေ့အကြုံရှိသည်။
သူ့ကိုယ်ပိုင်သွေးစက်တစ်ချို့ ဓားသွားပေါ်သို့ချပြီး မှော်မန္တာန်တစ်ချို့တွဲကပ်လိုက်သည်။ ထို့နောက် ခေါင်းပြတ်ထဲတွင်ပုန်းနေသည့် နှလုံးမဲ့ဂိုဏ်းအကြီးအကဲ၏ဝိညာဉ်ကို ဆွဲထုတ်သည်။
ထိုဝိညာဉ်အော်ဟစ်နေသည်ကို အရေးမစိုက်ဘဲ ဓားဖြင့်ခုတ်သည်။ ဝိညာဉ်သုံးပါး လိပ်ပြာခုနစ်ခု ကွဲထွက်သွားသည်။ လန်ထန်ကို ဝိညာဉ်သုံးခုပေးသည်။ အရိုးရိုင်းက လိပ်ပြာခုနစ်ခုရသည်။
"အကိုလုယန်က ဘာမှမယူတော့ဘူးလား"
လန်ထင်ကမေးသည်။ မည်သို့ဆိုစေ လုယန်က အများဆုံးအားစိုက်ခဲ့သူဖြစ်သည်။
လုယန် လက်ခါပြသည်။ နတ်မယ်၏ကျိုးဆောင်မှတ်များကို သူအချိန်မရွေး ယူသုံးနိုင်သည်။ ချမ်းသာသည်။ ဝိညာဉ်တစ်ခုလောက်ကို အရေးမစိုက်။ စုစည်းခြင်းအဆင့်ဝိညာဉ်သည် သိပ်လည်းတန်ဖိုးမရှိလှ။
ထို့နောက် တစ်စုံတစ်ခုသတိရလာဟန်ဖြင့် အရိုးရိုင်းကို သတိပေးသည်။
"အဲ...ညီလေးမုန်၊ ဂိုဏ်းကိုပြန်ရောက်ရင် ငါဘယ်လိုကူညီခဲ့တယ်ဆိုတာတော့ အကိုတိုင်ကို သေချာပြောပေးပါ။ ဒါမှ သူငါ့အပေါ် အမြင်ပိုကြည်လာမှာ"
"ရပါတယ်"
"ကဲ..သွားစို့ ညီမလန်ထင်"
...
အရိုးရိုင်းက နှလုံးမဲ့ဂိုဏ်းအကြီးအကဲ၏ ဝိညာဉ်သုံးခုကို ယူလာသဖြင့် တိုင်ပုဖန် အံ့အားသင့်သွားသည်။
အရိုးရိုင်း၏မစ်ရှင်က နှလုံးမဲ့ဂိုဏ်းသဲလွန်စကို စုံစမ်းဖို့သာဖြစ်သည်။ ယခု မထင်မှတ်ဘဲ နှလုံးမဲ့ဂိုဏ်းထိပ်သီးတစ်ယောက်၏ဝိညာဉ်ကို ရလာသည်။ ထင်မှတ်မထားသည့်ရလာဒ်ဖြစ်သည်။
ထိုဝိညာဉ်သုံးခိူ မှတ်ဉာဏ်ရှာဖွေလိုက်လျှင် နှလုံးမဲ့ဂိုဏ်းထိပ်သီးအတော်များများကို ဖမ်းဆီးနိုင်ဖို့သေချာသည်။
"ညီလေးအရိုးရိုင်းက စုစည်းခြင်းအခြေခံအဆင့်ကို ဝိညာဉ်ပြောင်းအခြေခံအဆင့်စွမ်းအားနဲ့ သတ်နိုင်ခဲ့တယ်ပေါ့။ တကယ်လေးစားစရာပဲ"
အရိုးရိုင်း ရယ်နေသည်။ သို့သော် နာမည်ကောင်းတော့မယူ။
"အဲဒါက အမလန်ထင်နဲ့ အကိုလုတို့ ကူညီလို့ပါ။ ကျုပ်က သိပ်ပြီးအားမစိုက်ခဲ့ရပါဘူး"
"ဘယ်လိုဖြစ်ခဲ့တာလဲ။ ငါ့ကိုပြောပြပါဦး"
အခြေအနေကို အရိုးရိုင်း အသေးစိတ်ရှင်းပြလိုက်သည်။ အရေးကြီးသည့်အချိန်တွင် လုယန်ပေါ်လာပြီး လန်ထင်ကိုကယ်ခဲ့ပုံ၊ နှလုံးမဲ့ဂိုဏ်းအကြီးအကဲကို သတ်ဖြတ်ခဲ့ပုံတို့ကို အလေးပေးပြောပြသည်။
တိုင်ပုဖန် သဘောကျသွားသည်။ လုယန်က ဘယ်လိုလုပ် အရိုင်းမျိုးနွယ်ဘိုးဘေးဖြစ်သွားသည်မသိ။
"'အကိုလု'က အံ့ဩစရာတွေလုပ်တတ်သလို ကောင်းတာတွေလည်း အများကြီးလုပ်နိုင်တဲ့ပုံပဲ။ ဒီကိစ္စမှာ သူဒီလောက် အကူအညီပေးခဲ့မယ်လို့ ထင်မထားဘူး"
တိုင်ပုဖန် ပြုံး၍ပြောသည်။
အရင်က လုယန်သည် ကောင်းသည့်အလုပ်များမလုပ်ခဲ့၍မဟုတ်။ သူ့လုပ်ရပ်များကို တိုင်ပုဖန် အကြီးအကျယ် တုန်လှုပ်အံ့ဩခဲ့ရခြင်းသာဖြစ်သည်။ ကောင်းကင်ရုံးတော်ကို ရုတ်တရက်တည်ထောင်၍ နတ်ဆိုးဂိုဏ်းထဲ သူလျှိုဝင်သည်။ ဂိုဏ်းတည်ဘိုးဘေးကို ရုတ်တရက် ရှာတွေ့လာသည်။
ယခုတစ်ကြိမ်ကတော့ ရိုးရှင်းသည့်ကောင်းကျိုးလုပ်ရပ်ကိုသာ လုပ်ခဲ့သည်။
"မင်းပြောတာတွေအားလုံး တကယ်အမှန်လား"
တိုင်ပုဖန် နောက်တစ်ကြိမ် ထပ်အတည်ပြုသည်။
အရိုးရိုင်းက ရိုးသားစွာ ပြန်ဖြေသည်။
"တကယ်အမှန်ပါ။ ကျုပ်ကို ဒီလိုပြောပြဖို့ အကိုလုကမှာလိုက်တာပါ"
***