အလယ်ပိုင်းတိုက်နယ်နှင့် မြောက်ပိုင်းအေးခဲနယ်မြေကြားတွင် နှင်းဖုံးတောင်တန်းများက အရှေ့နှင့်အနောက်သွယ်တန်းနေသည်။ အမြဲတမ်းနှင်းထူထပ်စွာကျပြီး နေရောင်ကိုမြင်ရခဲသည်။
"နာမည်ကျော် မဟာနှင်းတောင်တန်းဆိုတာ ဒါလား"
လုယန် တောင်ခြေတွင်ရပ်လျက် အထက်သို့မော့ကြည့်သည်။ ဝေ့ဝဲကျနေသည့် နှင်းပွင့်နှင်းချပ်များနောက်တွင် မြင့်မားသည့်နှင်းဖြူတောင်တန်းကြီးက ငြိမ်သက်စွာလဲလျောင်းနေသည်။
"အဲလောက်လည်း နာမည်မကျော်ပါဘူး။ ဒီနေရာက အရမ်းခေါင်တော့ လာချင်တဲ့လူ မရှိသလောက်ပဲ"
လန်ထင်က ရယ်သည်။
တမင်နှိမ့်ချပြောခြင်းသာဖြစ်သည်။ လသံလွင်နန်းတော်သည် သူတော်စင်တစ်ဝက်ဂိုဏ်းဟု ဆိုနိုင်သည်။ အပြင်လောကနှင့် သိပ်အဆက်အဆံမရှိ။ အပြင်လောကမှလူများ လာအကူအညီတောင်းခြင်း၊ လောကကိစ္စများ ဖြေရှင်းခြင်း၊ လမ်းမှန်ဂိုဏ်းများနှင့်တွေ့ဆုံခြင်း၊ မသေမျိုးဂိုဏ်းများ တွေ့ဆုံခြင်း စသည့်ကိစ္စအားလုံး တောင်ခြေရှိ ဆက်သွယ်ရေးခန်းမမှတစ်ဆင့်သာ ကိုင်တွယ်ဖြေရှင်းသည်။
သို့သော် လသံလွင်နန်းတော်သို့ ကြားခံမလိုပဲ ဝင်ရောက်နိုင်သည့်အခြေအနေမျိုးလည်း ရှိပါသည်။ ယခု လန်ထင်က လုယန်ကို တောင်ပေါ်သို့ခေါ်လာသည့် အနေအထားမျိုးဖြစ်သည်။ ထိုအဖြစ်မျိုးကို 'နောက်ဖေးတံခါးမှဝင်သည်'ဟု ရည်ညွှန်းလေ့ရှိသည်။
အကွေ့အကောက်တောင်တက်လမ်း၏ တစ်ဘက်တစ်ချက်တွင် ဖြူဖွေးသည့် လူတစ်ရပ်ခန့်သစ်ပင်ငယ်များ မကြာခဏတွေ့ရသည်။ လက်ရာမြောက်သည့် ပန်းချီကားတစ်ချပ်နှင့်တူသည်။
"ဒါတွေက သံလွင်ပင်တွေလား"
သဘာဝအတိုင်းပေါက်သည့် သံလွင်ပင်ကို လုယန်ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ အပြင်လောကတွင် သံလွင်ကိုင်း သံလွင်ခက်များသာ တွေ့ရသည်။
သံလွင်ပင်တို့သည် မဟာနှင်းတောင်တန်းပေါ်တွင်သာ ပေါက်သည်။ တစ်ခြားနေရာများတွင် မရှင်သန်နိုင်။ ဘယ်လို မှော်ပညာမျိုးသုံးသည်ဖြစ်စေ သက်တမ်းဆွဲဆန့်မထားနိုင်။
"ဟုတ်တယ်။ နှင်းတောင်တန်းတစ်ခုလုံး သံလွင်ပင်တွေအပြည့်ပဲ။ ဒဏ္ဍာရီအရ လွန်ခဲ့တဲ့ နှစ်သုံးသိန်းက ရှေးဟောင်းမသေးမျိုးတွေ တိုက်ခိုက်ကြတယ်။ ကြယ်ကမ္ဘာတွေကို တိုက်နယ်တွေအဖြစ် ဖန်တီးတယ်။ လမင်းကနေ အခုမြင်နေရတဲ့ မဟာနှင်းတောင်တန်းဖြစ်လာတယ်တဲ့"
"နတ်မယ်၊ အဲဒါအမှန်ပဲလား"
လုယန် အတည်ပြုချက်တောင်းသည်။
"ဟုတ်လောက်တယ်။ တောင်ခြေက မြေဆီမြေသားပုံစံအရ ဒါဟာ တကယ်လကမ္ဘာပဲ။ အရင်တုန်းက သံလွင်ပင်တွေဟာ လကမ္ဘာမှာပဲပေါက်တာ။ ကျောက်စိမ်းယုန်တွေက သစ်ပင်တွေအောက်မှာ တွင်းတူးပြီးနေလေ့ရှိတယ်။
ကိုးဆမသေမျိုးက ကျောက်စိမ်းယုန်တွေမွေးထားဖို့ လကမ္ဘာကို မကြာခဏသွားဖမ်းတယ်။ ယင်ထန်မသေမျိုးကလည်း ငါ့မီးဖိုအတွက်ထင်းလိုရင် ကောင်းကင်ခွဲပုဆိန်ယူပြီး လကမ္ဘာက သံလွင်ပင်တွေ သွားခုတ်ပေးတယ်။
နင့်ကိုပြောပြမယ်။ သံလွင်ပင်ကထင်းနဲ့ချက်တဲ့ အစားအသောက်တွေက အနံ့အရမ်းမွေးတယ်။ တစ်ခြားသစ်ပင်တွေလုံးဝလိုက်မမီဘူး"
နှစ်ယောက်သား မဟာနှင်းတောင်တန်းပေါ်သို့ ဖြေးဖြေးချင်း တက်ကြသည်။ မဟာနှင်းတောင်က မီတာသုံးသောင်းကျော်မြင့်သည်။ ကျင့်ကြံမှုလောကတွင် အမြင့်ဆုံးဖြစ်သည်။ သာမန်ကျင့်ကြံသူများ မတက်နိုင်ကြ။
လုယန်နှင့် လန်ထင်က ဝိညာဉ်ပြောင်းအဆင့်များဖြစ်၍ တောင်တက်ရသည်မှာ မြေပြန့်တွင်လမ်းလျှောက်ရသည်နှင့် မခြားလှ။
တောင်ထိပ်သို့ရောက်ခါနီးလေ သံလွင်ပင်များ ပိုထူထပ်လာလေဖြစ်သည်။ အပင်လည်း ပိုရှည်လာသည်။ အတော်များများက ဆယ်မီတာကျော်မြင့်သည်။
ကြီးမားကျယ်ပြန့်သည့် ကျောက်သားပြင်တစ်ခုပေါ်တက်ပြီးနောက် တောင်တန်းများကြားမှ သန့်စင်သည့်အဖြူရောင်နန်းတော်ကို မြင်ရသည်။ ရင်သပ်ရှုမောဖွယ် မသေမျိုးဘုံတစ်ခုနှင့် ပမာတူသည်။ လူအများပြောနေကြသော်လည်း လာလည်ခဲသည့် လသံလွင်နန်းတော်ပင်ဖြစ်သည်။
လန်ထင်က လုယန်ကို လနန်းတော်ဂိတ်တံခါးဆီ ခေါ်သွားသည်။ ယောက်ျားတစ်ယောက် ချဉ်းကပ်လာသည်ကိုမြင်သည်နှင့် တံခါးစောင့်မိန်းကလေးနှစ်ယောက် ဆတ်ခနဲခေါင်းမော့လာပြီး လက်နက်ကိုယ်စီကိုင်၍ တားဆီးရန်ပြင်သည်။
လန်ထင် အကျိုးအကြောင်းရှင်းပြရန် ပြန်နေစဉ်မှာပင် ထိုမိန်းကလေးများက လုယန်မျက်နှာကို သေချာကြည့်၍ မဝံ့မရဲအကဲစမ်း၍မေးသည်။
"ရှင်က တာအိုလမ်းစဉ်ဂိုဏ်းက အကိုလုယန်လား"
လုယန် ခေါင်းငြိမ့်လိုက်သည်။ ထိုမိန်းကလေးနှစ်ယောက် ကြည့်နေပုံက တစ်ခုခုမူမမှန်ကြောင်း အာရုံခံမိသည်။
ဆိုးဝါးသည့်ကံကြမ္မာကို လန်ထင်စိတ်ထဲ ကျိန်ဆဲမိသည်။ လုယန်ကို အလည်ခေါ်၍ ရင်းနှီးမှုယူဖို့သာ သူတွေးခဲ့သည်။ လသံလွင်နန်းတော်တွင် လုယန်ဘယ်လောက် နာမည်ကြီးသည်ကို သူမေ့နေသည်။
"နန်းမြို့တော်က မုန်သခင်လေးရော ရှင်နဲ့အတူပါသလား"
မိန်းကလေးနှစ်ယောက်က ဘေးပတ်လည်ကို မျက်စိဝေ့ကြည့်သည်။ စိတ်ဓာတ်ခိုင်မာ၍ မိန်းမများနှင့် ဝေးဝေးရှောင်ပြီး ကျင့်စဉ်လမ်းတွင်စိတ်နှစ်ထားသည့် နာမည်ကျော်ဗြဟ္မဏပုဂ္ဂိုလ်ကို မြင်ချင်ကြသည်။
"သူကျင့်ကြံတာ အရေးကြီးတဲ့အချိန်ရောက်နေလို့ လိုက်မလာနိုင်ဘူး"
မှန်သည်။ မုန်ကျင်းကျိုးသည် လက်ရှိတွင် မိန်းမများနှင့်ဝေးဝေးနေဖို့ အရေးကြီးဆုံးဖြစ်သည်။ မိန်းမလှများပြည့်နေသည့် လသံလွင်နန်းတော်လို့ နေရာမျိုးသည် သူနှင့်မအပ်စပ်။
"ဪ...အဲလိုလား။ ဝင်သွားပါ အကိုလု"
လန်ထက်ကို ဘာမှမေးမြန်းမနေဘဲ တံခါးစောင့်မိန်းကလေးများက လုယန်ကို ဝင်ခွင့်ပေးလိုက်သည်။
လန်ထင်ပြောသလိုပင် လနန်းတော်စည်းမျဉ်းများက ထင်သလောက်မတင်းကြပ်လှ။
သို့သော် တင်းကြပ်ခြင်းမတင်းကြပ်ခြင်းသည် လာလည်သူအပေါ်မူတည်သည်။ တာအိုရှင်ဝစီပိတ်လိုလူမျိုးကို ထိုသို့ကြိုဆိုကြမည်မဟုတ်။
လုယန်ကို ခေါ်လာမိသည့်အတွက် လန်ထင်နောင်တရလာသည်။ သူ့ဇာတိမြို့သို့ ခေါ်သွားခဲ့လျှင် ပိုကောင်းလိမ့်မည်။
သို့သော် တံခါးဝသို့ရောက်နေပြီဖြစ်၍ နောက်ပြန်လှည့်မရတော့။
လနန်းတော်အတွင်းပိုင်းမှ အရာအားလုံး ငွေဖြူရောင်သန်းနေသည်။ တံစက်မြိတ်များ သစ်ပင်များပေါ်တွင် ထူးထဲသည့်နှင်းလွှာများ ဖုံးလွှမ်းနေသည်။
လသံလွင်နန်းတော်သည် ထိုနှင်းလွှာများကို ရှင်းလင်းနိုင်စွမ်းရှိပါသည်။ သို့သော် နန်းတော်တည်ထောင်သူ ကွေ့ယွဲ့(လမင်းသမီး)သခင်မက ထိုပတ်ဝန်းကျင်မျိုးသည် လစွမ်းအားကျင့်ကြံဖို့ သင့်တော်သည်ဟု ယုံကြည်ခဲ့သည်။
ထို့ကြောင့် နှင်းများကိုကာကွယ်ဖို့ မှော်အတားအဆီးများ တည်ဆောက်မထား။
"ရှင့်ကို ဆရာ့ဆီအရင်ခေါ်သွားမယ်"
လုယန် နည်းနည်းမျက်နှာပျက်သွားသည်။
လန်ထင်၏ဆရာသည် တာအိုရှင်ဝစီပိတ်နှင့်မျိုးဆက်တူ လက်ရှိလနန်းတော်သခင် လော်ဟုန်ရှားဖြစ်သည်။ အဆင့်မြင့်အကြီးအကဲတစ်ယောက်ဖြစ်သည်။ သို့သော် အဆင့်တူချင်းတွင် လုယန်အနိုင်ယူခဲ့သူလည်း ဖြစ်သည်။
သူနိုင်ခဲ့သည်တော့မဟုတ်။ နတ်မယ်က အနိုင်ယူခဲ့ခြင်းဖြစ်သည်။ လော်ဟုန်ရှားက ပါးစပ်ထဲတွင် သစ်ရွက်အပြည့်ဖြင့် ထွက်သွားရသည်။
တစ်ခြားဂိုဏ်းတပည့်များ လုယန်ပါလာကြောင်း သိသွားမည်စိုးသဖြင့် လန်ထင်က သူ့ဆရာဆီ ချက်ချင်းခေါ်သွားသည်။
သို့သော် သူဘယ်လောက်မြန်မြန်သွားသည်ဖြစ်စေ နန်းတော်လမ်းတစ်လျှောက်တွင်တွေ့သည့် တပည့်တစ်ချို့က နာမည်ကျော်လုယန်ကို ချက်ချင်းမှတ်မိကြသည်။
သူတို့ဘာမှမမေးမြန်းနိုင်ခင် လန်ထင်က လုယန်ကိုအမြန်ဆွဲခေါ်သွားသည်။
"ဆရာ၊ ကျွန်မဘယ်သူ့ကိုခေါ်လာလဲ ကြည့်ပါဦး"
နန်းတော်သခင်အိမ်တော်သို့ရောက်သည်နှင့် လန်ထင် ချက်ချင်းမေးသည်။
"လုယန်လား"
လုယန်ကိုမြင်သည်နှင့် အတိတ်ကရှုံးနိမ့်ခဲ့သည့်အဖြစ်ကို ပြန်သတိရလာပြီး လော်ဟုန်ရှား အနေရခက်သွားသည်။
"နန်းတော်သခင်ကို လုယန်ဂါရဝပြုပါတယ်"
အကြီးအကဲများကို လုယန် အလွန်ရိုသေသည်။ နတ်မယ်ဝင်ပူးကပ်ချိန်မှသာ ဗွေဖောက်ခြင်းဖြစ်သည်။
"ဆရာ၊ အပြင်ကို ဂိုဏ်းတာဝန်တစ်ခုနဲ့ထွက်ရင်း နှလုံးမဲ့ဂိုဏ်းအကြီးအကဲတစ်ယောက်နဲ့ ရင်ဆိုင်ရတယ်။ အကိုလုယန်က ကျွန်မကို လာကယ်တယ်။ ဒါကြောင့် ကျွန်မတို့နန်းတော်ကို လာလည်ဖို့ခေါ်ခဲ့တာ။ အဲဒါအဆင်ပြေတယ်မဟုတ်လား"
လန်ထင်သည် နန်းတော်သခင်၏တပည့်ဖြစ်၍ အသက်ကယ်နည်းလမ်းများရှိပါသည်။ လုယန်ဝင်မကယ်လည်း အသက်အန္တရာယ်တော့မရှိနိုင်။ သို့သော် ထိုကဲ့သို့ ဇာတ်လမ်းမျိုးကို တစ်ခြားလူများ မြင်စေချင်သည်။
လော်ဟုန်ရှား မျက်ခုံးတစ်ချက်တွန့်သွားသည်။ ရောက်လာပြီးမှ အဆင်မပြေဟုပြောလျှင် အဆင်ပြေနိုင်တော့မည်လော...
ရှားရှားပါးပါး စိတ်လှုပ်ရှားနေသည့် လန်ထင်ကိုကြည့်၍ လော်ဟုန်ရှား ကျိတ်၍သက်ပြင်းချသည်။ တာအိုလမ်းစဉ်ဂိုဏ်းတပည့်များနှင့် ဝေးဝေးနေဖို့ သူအမြဲသတိပေးခဲ့သည်။ အကျင့်စရိုက်များ ပြောင်းလဲသွားမည်စိုး၍ဖြစ်သည်။
သူ့တပည့်မက သူ့စကားကို အလေးမထားကြောင်း ထင်ရှားနေသည်။
အရွယ်ရောက်ပြီးသည့် သမီးပျိုကို ထိန်းသိမ်းရသည်က တကယ်ခက်သည်။
သို့သော် ဣန္ဒြေကိုထိန်း၍ သူပြောလိုက်သည်။
"သူက မင်းအသက်ကိုကယ်ထားတဲ့ ကျေးဇူးရှိနေတော့ ဒီမှာဧည့်သည်အဖြစ်ထားတာ စည်းကမ်းဖောက်ဖျက်ရာမကျပါဘူး"
ဆရာခွင့်ပြုချက်ရသည်နှင့် လန်ထင် လုယန်ကိုခေါ်၍ အိမ်တော်မှထွက်သည်။
သို့သော် အိမ်တော်၏ ခြံဝင်းတံခါးဖွင့်လိုက်သည်နှင့် နန်းတော်တပည့်များစွာ ဝိုင်းအုံနေသည်ကို မြင်လိုက်ရသည်။ လုယန် မှင်သက်မိသွားသည်။
"အခုမှပဲ နာမည်ကျော်အကိုလုယန်ကို ကျွန်မတို့တွေ့ခွင့်ရတယ်"
"ဟေ့ အတင်းမတွန်းနဲ့လေ၊ အတင်းမတွန်းကြနဲ့"
"အကိုလုယန်၊ ဒီမှာဘယ်လောက်ကြာကြာနေမှာလဲ"
"အကိုလုယန်၊ နဂါးဘိုးဘေးက ဘယ်လိုပုံစံမျိုးလဲ ကျွန်မတို့ကိုပြောပြပါ"
လနန်းတော်တပည့်များက ဒဏ္ဍာရီသူရဲကောင်းလုယန်ကို အတော်စိတ်ဝင်စားနေကြသည်။ လုယန်ရောက်လာသည့်သတင်းက နန်းတော်ထဲတွင် ချက်ချင်းပြန့်နှံ့သွားသည်။
အားလုံးက တံခါးဝကိုပိတ်ဆို့၍ လုယန်အစစ်ကို သူတို့မြင်ဖူးသည့် ပုံတူပန်းချီနှင့် နှိုင်းယှဉ်ကြည့်လိုကြသည်။
ထိုမျှများပြားသည့် မိန်းမလှကျင့်ကြံသူများ ဝိုင်းကြည့်နေသည်ကို တစ်ခါမှမကြုံဖူးသဖြင့် လုယန် ဘာပြောရမှန်းမသိဖြစ်နေသည်။ ရှားရှားပါးပါး ရှက်ရွံ့သည့်အမူအရာမျိုး ပေါ်လာသည်။
***