စမ်းသပ်မှုမျိုးစုံ အခက်အခဲမျိုးစုံ သူဖြတ်ကျော်ခဲ့ဖူးသည်။ မသေမျိုးတိုက်ပွဲများကြားမှ ရှင်သန်နိုင်ခဲ့သည်မှာ တစ်ကြိမ်နှစ်ကြိမ်မက။ သို့သော် ထိုကဲ့သို့ မိန်းမလှများဝိုင်းအုံနေသည့်အဖြစ်မျိုး တစ်ခါမှမကြုံဖူး။
ပထမတစ်ချက်က သူ့တွေ့ကြုံခဲ့သည့် ဖြစ်ရပ်များကို လူသိများသည်။ ကျင့်ကြံသူတစ်ယောက်အတွက် တစ်သက်လုံးနေလျှင်ပင် သူ့အတွေ့အကြုံမျိုး တစ်ခုလောက်ရဖို့မလွယ်။
နောက်တစ်ချက်က ဝစီပိတ်ဇွဲကောင်းကောင်းဖြင့် ကြော်ငြာထုတ်ခဲ့သောကြောင့်ဖြစ်သည်။ အပိုစကားတန်ဆာဆင်၍ သို့မဟုတ် မဟုတ်မမှန်အချက်အလက်များ ဆွဲထည့်၍ လုယန်ကို ပြည့်စုံသည့်ပုံရိပ်တစ်ခုဖြစ်အောင် ဖန်တီးခဲ့သည်။
ဝစိပိတ်စကားများကို အတည်ယူ၍မရမှန်းသိကြသော်လည်း "တာအိုလမ်းစဉ်ဂိုဏ်းဒဏ္ဍာရီ၊ လုယန်ဇာတ်လမ်းကို" အထပ်ထပ်အခါခါ ကြားရသဖြင့် ဇာတ်လမ်းထဲမှလုယန်ကို လုယန်အစစ်နှင့် အလိုလိုပေါင်းစပ်မိကြသည်။
"ဘာလုပ်ရမှန်းမသိ ဖြစ်နေပြီလား။ ဒါဆို ငါနတ်မယ်ဖြေရှင်းပေးပါ့မယ်"
နတ်မယ်က အမကြီးလေသံဖြင့်ပြောသည်။
သို့သော် လုယန် သူ့စကားကိုမယုံရဲဘဲ ခပ်အေးအေး ပြန်မေးသည်။
"ဒီလိုအခြေအနေမျိုး ခင်ဗျားကြုံဖူးလို့လား"
"ကြုံဖူးတာပေါ့။ ဘာလို့မကြုံဖူးရမှာလဲ။ အရင်တုန်းက သားအမိမြစ်ကို ငါဖန်တီးတဲ့အချိန်မှာ မိန်းကလေးကျင့်ကြံသူတွေအများကြီး ငါ့ဆီလာပြီးအရိုအသေပြုကြတယ်။ မြစ်ရဲ့ကောင်းချီးအတွက် ဆုတောင်းကြတယ်။
သူတို့ကို သားသမီးတွေချီးမြှင့်ဖို့ တောင်းဆိုကြတယ်။ အဲဒါ ဒီအခြေအနေနဲ့ သိပ်မကွာပါဘူး"
...တစ်ခြားစီပါပဲ နတ်မယ်ရယ်...
ခန္ဓာကိုယ်အလျင်စလို လွှဲမပေးလိုက်မိသည်ကို လုယန်ကျေးဇူးတင်မိသည်။ မဟုတ်လျှင် ဘယ်လိုအရှုပ်အထွေးများ ဖြစ်လာမည်မသိ။
တစ်ခြားဘာလုပ်ရမှန်းမသိသဖြင့် ထိုမြင်ကွင်းကို မှော်ဖန်လုံးဖြင့် မှတ်တမ်းယူထားဖို့ တွေးလိုက်သည်။ လောင်မုန်ပါမလာသည်က ဝမ်းနည်းစရာကောင်းသည်။ သို့သော် ဂိုဏ်းသို့ပြန်ရောက်၍ ထိုမှတ်တမ်း သူ့ကိုပြလိုက်လျှင် နည်းနည်းတော့သူစိတ်ဖြေသာမည်ထင်သည်။
သူ့ညီအကိုအတွက် လုယန် အမြဲတမ်းသေချာစဉ်းစားပေးသည်။
ယခု အခြေအနေက ကိုယ်တိုင်လည်းမဖြေရှင်းတတ်။ နတ်မယ်ကိုလည်းအားကိုးမရ။ သို့သော် လန်ထင်က တကယ်အားကိုးရသည်။
"ကဲပါ၊ အားလုံး ခဏနေကြပါဦး။ အကိုလုက ဒီမှာရက်ကြာကြာနေဦးမှာပါ။ နောက်ရက်တွေမှာ သူနဲ့စကားပြောဖို့ အချိန်တွေအများကြီးရှိပါသေးတယ်။
ဒီတော့ ဒီလိုဝိုင်းအုံပြီး သူအခက်တွေ့အောင်လုပ်မနေကြပါနဲ့တော့"
လန်ထင် အသံကျယ်ကျယ် ဖျောင်းဖျလိုက်သဖြင့် ဂိုဏ်းတပည့်များ တဖြေးဖြေးထွက်သွားကြသည်။
လုယန် တွေးရကြပ်သွားသည်။ ဤလနန်းတော်တွင် သူရက်ကြာကြာနေရဦးမည့်သဘောရှိသည်။ ဘာကြောင့် အချိန်ဆွဲလိုက်သည်မသိ။
လန်ထင်က လက်နှစ်ဘက်အမြန်ဆုပ်၍ ပြောသည်။
"တောင်းပန်ပါတယ် အကိုလု၊ ဒီလိုပြောမှပဲ သူတို့ထွက်သွားမှာလေ"
လန်ထင်က လုယန်အမူအရာ အသာခိုးကြည့်၍ နည်းနည်းရှက်နေဟန်ဖြင့် ဆက်ပြောသည်။
"အကိုလုယန် ဒီမှာနည်းနည်းကြာကြာနေဖို့ အဆင်မပြေဘူးလား။ ကျွန်မက ပြောလိုက်ပြီးမှ အကိုလုက နှစ်ရက်လောက်နဲ့ပြန်သွားရင် ကျွန်မစကားက...
ဒါပေမယ့် စိတ်မပူပါနဲ့။ ကျွန်မတို့လနန်းတော်မှာ ကျင့်စဉ်အထောက်အပံ့တွေ မရှားပါးဘူး။ အကိုလုကျင့်ကြံဖို့ လိုအပ်တာရှိရင် ကျွန်မ...ကျွန်မတို့ ပေးနိုင်ပါတယ်"
ဤအခြေအနေရောက်လာပြီဖြစ်၍ လုယန်ဆက်နေရုံသာ ရှိတော့သည်။
မည်သို့ဆိုစေ သူသည် ကျင့်ကြံရာတွင် နေရာရွေးလေ့မရှိ။ ဘယ်နေရာမဆို အဆင်ပြေသည်။
"အကိုနေရမယ့်နေရာကို အရင်လိုက်ပို့ပေးမယ်နော်"
အကြံအောင်သွားပြီဖြစ်၍ လန်ထင်က ချက်ချင်းစီစဉ်သည်။
မကြာမီ တွဲဆက်တည်ဆောက်ထားသည့် ဧည့်သည်ဆောင်များဆီ ရောက်လာကြသည်။ ဧည့်သည်အိမ်တော်ဝင်း တစ်ခုချင်းစီတွင် သံလွင်ပင်တစ်ပင်စိုက်ထားသည်။ အိမ်တံခါးမှထွက်သည်နှင့် သို့မဟုတ် ပြတင်းတစ်ပေါက်ဖွင့်လိုက်သည်နှင့် ရတနာနှင့်တူသည့် သံလွင်ပင်များကို တွေ့မြင်နိုင်သည်။
လက်ရှိတွင် တစ်ခြားဘယ်ဧည့်သည်မှမရှိသဖြင့် လုယန်ကို ပထဆုံးဧည့်သည်အိမ်တော်တွင် နေရာပေးသည်။
ဧည့်သည်ဆောင်က ရှေးဆန်သည့်အငွေ့အသက်ရှိသည်။ ခြံဝင်းနှင့်ခေါင်မိုးတွင် နှင်းလွှာများထူထဲစွာ စုပုံနေသဖြင့် ထူးခြားသည့် အလှတစ်မျိုး ထပ်ဖြည့်ထားသလိုဖြစ်နေသည်။
အခန်းထဲတွင် ဝိညာဉ်စုမှော်စက်ဝန်းတစ်ခု ရှိနေသည်။ စုစည်းခြင်းကျင့်ကြံတစ်ယောက်အတွက်ပင် လုံလောက်ပေလိမ့်မည်။
တစ်ခုတည်းသောချို့ယွင်းချက်က အခန်းထဲတွင် ကြေးမုံမှန်များ မျက်နှာချေဘူးများ စသည့် ယောက်ျားနှင့်မအပ်စပ်သည့် ပစ္စည်းများရှိနေခြင်းပင်ဖြစ်သည်။ ဤဧည့်ဆောင်သည် မိန်းကလေးကျင့်ကြံသူများအတွက် တည်ဆောက်ထားခြင်းဖြစ်သည်။
ယောက်ျားကျင့်ကြံသူများ လက်ခံထားရမည့်ကိစ္စကို သူတို့တစ်ခါမှ မစဉ်းစားဖူးကြ။
"ကျွန်မ ဒါတွေကို အခုချက်ချင်းသိမ်းလိုက်ပါမယ်"
လန်ထင်က အားနာနာဖြင့်ပြောသည်။ လုယန်ကိုဖိတ်ခေါ်ဖို့သာ တွေးခဲ့သည်။ သင့်တော်သည့်အခန်းမရှိသည့်ကိစ္စ သူမတွေးမိခဲ့။
"ရပါတယ်။ ဒီအတိုင်းပဲထားလိုက်ပါ"
လန်ထင်ကို သူဒုက္ခမပေးလို။ ကြေးမုံနှင့်မျက်နှာချေမိတ်ကပ်များက မှန်ခုံပေါ်တွင်ရှိနေသည်။ သူလည်းမလိုအပ်။ အနှောက်အယှက်လည်းမဖြစ်။ ထို့ကြောင့် ဘာမှပြောနေဖို့မလို။
မိန်းကလေးခန်းဆောင်လိုနေရာမျိုးတွင် နေဖူးသည်မှာ ပထမဆုံးလည်းမဟုတ်။ အစကတည်းက သူ့သိစိတ်နယ်မြေကို နတ်မယ်က လက်ဝါးကြီးအုပ်ပြီး ကြွကြွရွရွ တန်ဆာဆင်ထားသည်။ နတ်မယ်၏ခန်းဆောင်နှင့်ယှဉ်လျှင် လနန်းတော်ဧည့်ခန်းများက အတော်အဆင်ပြေသေးသည်။
ယခု နတ်မယ်က မဟာပဲဝါနိုင်ငံတော်တည်ထောင်ဖို့ ကြိုးစားနေသဖြင့် သိစိတ်နယ်မြေကို နန်းတော်ပုံစံ တည်ဆောက်ထားသည်။ မဟုတ်လျှင် သူ့သိစိတ်နယ်မြေက ကြွရွနူးညံ့သည့်အနေအထား ဆက်ရှိနေလိမ့်ဦးမည်။
စကားပြောနေရင်းမှာပင် ငန်းမွှေးနှင့်တူသည် နှင်းပွင့်နှင်းချပ်များ သူ့သိစိတ်နယ်မြေတွင် စတင်ကျဆင်းလာသည်။ နန်းပလ္လင်နှင့် ကြမ်းပြင်ပေါ် ချက်ချင်းဖုံးလွှမ်းသွားသည်။
"ဟား...နှင်းတွေကျနေပြီပဲ"
နတ်မယ် နန်းတော်ပေါ်မှခုန်ဆင်း၍ နှင်းပွင့်များကြားတွင် လူးလှိမ့်နေသည်။ သူ့ရယ်မောသံများ လွင့်ပျံနေသည်။
မမေးလည်း သိသာနေသည်။ နတ်မယ်က ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ နောက်ခံပြောင်းလဲလိုက်ခြင်းဖြစ်သည်။
"ရှောင်ယန်၊ ငါနဲ့အတူ လာကစားပါ"
နတ်မယ်က ကြမ်းပြင်ပေါ်မှ လှမ်းခေါ်သည်။ ခြေနှစ်ချောင်းကို ကန်မြှောက်၍ လုယန်ကို ဖိတ်ခေါ်နေသည်။
လုယန် ချက်ချင်းငြင်းလိုက်သည်။
"မလာတော့ဘူး။ လနန်းတော်ထဲ လှည့်ပတ်ကြည့်ရဦးမယ်"
"ဒါက ဆေးကျိုဆောင်ပါ"
လန်ထင်က လုယန်ကို အနီးအနားမှ အခန်းတစ်ခုဆီ ခေါ်သွားသည်။ အလွန်တည်ငြိမ်သည့် အပူလှိုင်းများ ဆေးကျိုဆောင်မှ ထွက်ပေါ်နေသည်ကို သူခံစားမိသည်။
"ဒီနေရာရဲ့အောက်မှာ မြေသန္ဓေမီးဖိုရှိတယ်။ ဆေးကျိုဆောင်က မြေသန္ဓေမီးတောက်ကို ဆွဲယူပြီး ပင်တိုင်အဖြစ်သုံးတယ်။ အပူရှိန်အားကောင်းအောင် တစ်ခြားမီးတောက်စစ်မျိုးစုံနဲ့ အားဖြည့်တယ်။ ဆေးသန့်စင်တဲ့အခါ အာနိသင်မျိုးစုံ ရဖို့ပေါ့"
လန်ထင်က ရှင်းပြသည်။
"ဒဏ္ဍာရီအရ ဒါဟာသဘာဝမီးဖိုမဟုတ်ဘူးတဲ့။ ရှေးဟောင်းခေတ်က မသေမျိုးမီးဖိုတစ်ခု ဒီနေ့အထိ မီးမစဲသေးတာလို့ပြောကြတယ်"
လန်ထင်က လေးစားရိပ်လွှမ်းသည့်လေသံဖြင့်် ပြောသည်။ နှစ်သုံးသိန်းကြာမငြိမ်းသေးသည့် မသေမျိုးမီးဖို၏စွမ်းအားကို သူအံ့ဩမိသည်။
သိစိတ်နယ်မြေတွင် နှင်းပွင့်နှင်းချပ်များ လက်ဖြင့်ဆုပ်၍ ဆော့ကစားနေသည့်နတ်မယ်က တစ်စုံတစ်ခုအာရုံခံမိဟန်ဖြင့် ရုတ်တရက်လှမ်းပြောသည်။
"အဲ...ဒီမီးဖိုက လကမ္ဘာပေါ်မှာ ငါအသားကင်တုန်းက ကျန်ခဲ့တဲ့မီးဖိုပဲ။ အဲတုန်းက သံလွင်ပင်တွေကို ခေါက်တုံ့ခေါက်ပြန် မသယ်ချင်တော့လို့ ယင်ထန်မသေမျိုးက လကမ္ဘာပေါ်မှာပဲ မီးဖိုပြီး စားသောက်ကြဖို့ အကြံပြုတယ်လေ။
စားတာများလွန်းလို့တောင် ယင်ထန်တို့တွေ သတိလစ်သွားကြတယ်။ သူတို့ကို ငါပဲပြန်သယ်ခဲ့ရတယ်"
နတ်မယ်က ကြွားသည်။
"လူသယ်ဖို့ပဲအာရုံစိုက်နေလို့ မီးငြိမ်းခဲ့ဖို့မေ့သွားတာပါ"
နတ်မယ်က သူ့အမှားကိုပြန်ပြင်သည့်အနေဖြင့် ဆေးကျိုဆောင်အောက်မှ မသေမျိုးမီးဖိုကို ငြိမ်းသတ်ဖို့ပြင်သည်။ လုယန် အမြန်တားလိုက်ရသည်။
"အရှင်မက အမှားကိုမြင်ပြီး အမှန်ပြင်လိုစိတ်ရှိတာ တကယ်လေးစားစရာပါ။ သမိုင်းတစ်လျှောက် အင်ပါယာတစ်ပါးမှာ မြင်ရခဲတဲ့စိတ်ဓာတ်ပါပဲ။
ဒါပေမယ့် နေ့စဉ်ဘဝအတွက် လူသားတွေက မသေမျိုးမီးဖိုကို လိုအပ်နေပါသေးတယ်။ ငြိမ်းသတ်ဖို့မလိုပါဘူး"
"ဒါဆိုလည်း ဟုတ်ပါပြီလေ"
နတ်မယ်သည် တကယ်ဉာဏ်ရည်မြင့်သည့် အုပ်ချုပ်သူဖြစ်သည်။ သမိုင်းထဲမှ အင်ပါယာများလိုမဟုတ်။ သူလုပ်လိုသည့်ကိစ္စကို လူယုံလက်အောက်ခံများက တားဆီးသော်လည်း ဒေါသမထွက်။
"ဒီညာဘက်မှာ တားမြစ်နေရာရှိပါတယ်။ အဲဒီ့ဘက်ကိုတော့ အကိုလုယန် လုံးဝမကပ်ပါနဲ့။ အသက်အန္တရာယ်ဖြစ်မှာစိုးလို့ပါ"
လန်ထင်က ဆေးကျိုဆောင်ညာဘက်သို့ လက်ညှိုးထိုးပြသည်။ သစ်သားတိုင်လုံးများဖြင့် ခမ်းနားစွာတည်ဆောက်ထားသည့် နန်းတော်တစ်ခုရှိသည်။ အဝင်တံခါးက ဆယ်မီတာကျော်မြင့်သည်။
"အဲဒါက ဘယ်လိုနေရာလဲ"
"ရေပူစမ်းပါ။ ပြီးတော့ မြေသန္ဓေမီးဓာတ်လည်း အဲဒီကိုရောက်ပါတယ်။ နန်းတော်တည်ထောင်တဲ့ ဘိုးဘေးတွေက ဒီရေပူစမ်းကိုပါ တည်ဆောက်ခဲ့ကြတာ"
ထို့နောက် လန်ထင်က ဘယ်ဘက်သို့ လက်ညှိုးထိုးပြသည်။
"ဒီဘယ်ဘက်မှာ လက်နက်သွန်းဆောင်ပါ။ လုပ်ငန်းလည်ပတ်တဲ့သဘောတရားကတော့ ဆေးကျိုဆောင်နဲ့အတူတူပဲ။ မြေသန္ဓေမီးတောက်ကိုပဲ သုံးတာပါ"
မြေသန္ဓေမီးတောက်ရှိနေသဖြင့် လနန်းတော်တွင် ဆေးကျိုဆောင်၊ ရေပူစမ်း၊ လက်နက်သွန်းဆောင်များ ဆက်လက်တည်မြဲနေသည်။ တကယ်မြင့်မြတ်သည့် ဖန်တီးမှုဖြစ်သည်။
မြင့်မြတ်မှု(ကုသိုလ်)စွမ်းအားကို ကျင့်ကြံသူသာဆိုလျှင် ထိုမီးတောက်ဖန်တီးမှုတစ်ခုတည်းဖြင့် ကူးဖြတ်ခြင်းအဆင့်သို့ ရောက်နေပြီးဖြစ်မည်။
(**ဗုဒ္ဓဂိုဏ်း၏ကျင့်စဉ်နည်းမျိုးဟု ယူဆပါသည်။ အလှူဒါန၊ ကောင်းမှုကုသိုလ်များပြု၍ ကျင့်ကြံခြင်းဖြစ်သည်)
***