လုယန် နည်းနည်းအံ့အားသင့်သွားသည်။ မိန်းကလေးကျင့်ကြံသူများပြည့်နေသည့် လသံလွင်နန်းတော်လိုနေရာမျိုးတွင် လက်နက်သွန်းဆောင် ရှိနေမည်ဟုထင်မထား။ ပုံမှန်အားဖြင့် လက်နက်သွန်းလုပ်ငန်း လုပ်လိုသည့်မိန်းကလေးမျိုး မရှိသလောက်ရှားသည်။
မိန်းကလေးကျင့်ကြံသူများသည် ကျင့်စဉ်ပညာလိုက်စားကြသလို လှပကြော့ရှင်းမှုကိုလည်း အလေးထားသည်။ ဥပမာ၊ အရိုးရိုင်းလို တူလွှဲယမ်းနေသည့် မိန်းကလေးမျိုး လီဟော်ရန်လို ခန္ဓာကိုယ်အစိတ်အပိုင်း ခွဲထုတ်သည့် မိန်းကလေးမျိုး လုယန် တစ်ခါမှမမြင်ဖူး။
"အကိုလုယန်၊ မိန်းကလေးတွေ လက်နက်သွန်းကြတာကို ထူးဆန်းတယ်လို့မြင်လား"
ထူးဆန်းသည့် လုယန်အကြည့်ကို လန်ထင်သတိထားမိသည်။ သူ့အတွေးကိုလည်း ရိပ်စားမိသည်။
"မမြင်ပါဘူး မမြင်ပါဘူး"
လုယန်က အားနာသည့်အပြုံးဖြင့် ပြန်ဖြေသည်။
"အဲလိုမြင်ရင်လည်း သိပ်တော့မဆန်းပါဘူး။ အပြင်လောကမှာ လက်နက်သွန်းတဲ့ မိန်းကလေးကျင့်ကြံသူတွေ သိပ်မရှိဘူးလေ။ ဒါပေမယ့် ကျွန်မတို့ လနန်းဆောင်မှာတော့ ထူးခြားချက်တွေရှိတယ်"
"ထူးခြားချက်..."
"သံလွင်ပင်တွေလေ"
လုယန်နားမလည်သေးမှန်း သိသဖြင့် လန်ထင်က တောအုပ်ငယ်တစ်ခုဆီ ခေါ်သွားသည်။ အပြင်လောကတွင်ရောင်းလျှင် ဈေးနှုန်းခေါင်ခိုက်နေမည့် သံလွင်ပင်များ အပြည့်ရှိသည်။
သံလွင်တောအုပ်သို့ မဝင်မီပင် မာကျောသည့်အရာနှစ်ခု ရိုက်ခတ်သံများကို လုယန်ကြားရသည်။
ထို့နောက် သံလွင်ပင်များကို အလှည့်ကျခုတ်လှဲနေသည့် လနန်းတော်တပည့်များကို သူမြင်ရသည်။ အားလုံး ပင်းပန်းနေသည်။ အသက်ကိုမောပန်းစွာ ရှူရှိုက်နေသည်။ ချွေးများအဆက်မပြတ်စီးကျနေသည်။ အပြင်ပန်းကြည့်လျှင် ဝမ်းရေးခက်သည့် နတ်သမီးများနှင့် တူနေသည်။
လုယန် သတိထားမိသည်။ သံလွင်ပင်ကို သူတို့ခုတ်လိုက်ချိန်တွင် ပြတ်ရှရာတစ်ခု ပေါ်လာသည်။ ထို့နောက် လုံးဝမရှိခဲ့သလို ပြန်ပျောက်သွားသည်။ သူတို့အားလုံး သစ်ပင်များကို မမောနိုင်မပမ်းနိုင် မနားတမ်းခုတ်ဖြတ်နေရသည်။
"ဒါကဘာလဲ"
"ကျွန်မတို့ရဲ့ ဂိုဏ်းတည်ဘိုးဘေးကျွေ့ယွဲ့ လက်ဆင့်ကမ်းခဲ့တဲ့ ဓလေ့တစ်ခုပါ။ ရှေးဟောင်းခေတ်က ယင်ထန်မသေမျိုးဟာ သံလွင်ပင်တွေကို ပုဆိန်နဲ့ ခဏခဏခုတ်ခဲ့တယ်လို့ ပြောကြတယ်။ ဘာကြောင့်ဆိုတာတော့ သေချာမသိဘူး။ ရှေးဟောင်းမသေမျိုးတစ်ယောက်ရဲ့ လုပ်ရပ်တိုင်းက နက်နဲတဲ့အဓိပ္ပါယ်ရှိတယ်လို့ ကျွေ့ယွဲ့ဘိုးဘေးက ယုံကြည်တယ်။
ဒါဟာ ကျင့်ကြံနည်းတစ်ခုဖြစ်ရမယ်တဲ့။ ဒါကြောင့် သံလွင်ပင်တွေပုဆိန်နဲ့ခုတ်ပြီး လေ့ကျင့်တာကို သူတိုက်တွန်းအားပေးခဲ့တာ"
"ဟုတ်တယ်။ သံလွင်ပင်တွေက ပုဆိန်ခုတ်တဲ့ဒဏ်ကို အတော်ခံနိုင်ရည်ရှိတယ်။ တစ်ချက်တည်းနဲ့ပြတ်အောင်မခုတ်နိုင်ရင် ပုဆိန်ခုတ်ရာကပြန်ပျောက်သွားတယ်"
လန်ထန်က ရှက်ပြုံးပြုံး၍ ပြောသည်။
"အားလုံးက သံလွင်ပင်တွေကို ပုဆိန်နဲ့လွှဲခုတ်နေကြရတာ။ ဒီတော့ တူထုပြီးလက်နက်သွန်းရတဲ့အလုပ်က ကျွန်မတို့အတွက် မထူးဆန်းတော့ပါဘူး။ တူထုပြီးလက်နက်သွန်းဖို့ စွမ်းအားအများကြီးလိုတော့ သံလွင်ပင်ခုတ်ရင်းနဲ့ လေ့ကျင့်ရတာပေါ့"
လုယန် ခေါင်းငြိမ့်ရန်ပြင်နေစဉ် အတွေးတစ်ခု ရုတ်တရက်ဝင်လာသည်။ သံလွင်ပင်ခုတ်သည့်အလုပ်က လနန်းတော်၏ ဓလေ့တစ်ခုဆိုလျှင် လန်ထင်လည်း ခုတ်ခဲ့ဖူးသည့်သဘောဖြစ်သည်။
သံလွင်ပင်ခုတ်ခဲ့သည်ဆိုလျှင် ပေါ့ပါးလူးလွန့်နေသည့် ဖဲကြိုးသုံးပြီး သူနေ့တိုင်းတိုက်ခိုက်နေသည်မှာ သဘာဝကျလေသလော...
"အမလန်ထင်၊ အကိုလုယန်"
လန်ထင်နှင့်လုယန် အတူလျှောက်လာသည်ကိုမြင်သည်နှင့် သစ်ပင်ခုတ်နေသည့်တပည့်များ ကြည်လင်ရွှင်ပြသွားသည်။
သို့သော် လုယန်နားသို့ရောက်လာချိန်တွင် သူတို့တုံ့ဆိုင်းဆိုင်းဖြစ်သွားသည်။ ဆက်တိုးမလာရဲတော့။
အချိန်အတော်ကြာအောင် သံလွင်ပင်မားကို သူတို့ခုတ်နေခဲ့ကြသည်။ ချွေးများစိုရွှဲနေသည်။ ထိုအခြေအနေမျိုးနှင့် လုယန်နားသို့ကပ်လျှင် သိက္ခာကျမည်မဟုတ်လော...
ခန္ဓာသန့်စင်မှော်ပညာကို သုံး၍ရကြောင်း အတွေးပေါ်လာချိန်တွင် လန်ထင်က လုယန်ကို အဝေးသို့ဆွဲခေါ်သွားပြီဖြစ်သည်။ သူတို့နှစ်ယောက် သံလွင်တောအတွင်းပိုင်းသို့ လျှောက်လာသည်။ တိမ်ထဲထိထိုးထွက်နေသည့် သံလွင်ပင်ကြီးတစ်ပင်ဆီရောက်မှ သူတို့ရပ်ကြသည်။
လုယန် မော့ကြည့်သည်။ သစ်ပင်ထိပ်ဖျားကို မမြင်ရ။ သစ်ပင်အခြေတွင်ရပ်နေလျှင် မြူမှုန်လောက်သေးငယ်သလို ခံစားရသည်။
"ဒါက သံလွင်ပင်ဘိုးဘေးပဲ။ ကျွန်မတို့ လနန်းတော်မတည်ထောင်ခင်ကတည်းက ရှိခဲ့တာ။ မဟာနှင်းတောင်တန်းပေါ်က သံလွင်ပင်အားလုံး သူ့မျိုးဆက်တွေပဲ။ ကျွန်မတို့ရဲ့ဘိုးဘေးတွေ လေ့လာချက်အရ သံလွင်ဘိုးဘေးဟာ ရှေးဟောင်းခေတ်ကတည်းက ရှိခဲ့တာဖြစ်ဖို့များတယ်တဲ့။ သူ့သက်တမ်းက အရမ်းရင့်နေပြီ"
"နတ်မယ်၊ ဒီသစ်ပင်ရဲ့သက်တမ်းကို ခန့်မှန်းနိုင်လား"
သိစိတ်နယ်မြေတွင် နတ်မယ်က နှင်းလူရုပ်များ တည်ဆောက်ရင်း အလုပ်များနေသည်။ နှင်းလူရုပ်နှစ်ခု ဘေးချင်းယှဉ်ရပ်နေသည်။ နှာခေါင်းနေရာတွင် မုန်လာဥဝါများ၊ လက်နေရာတွင် သစ်ကိုင်းများတပ်ထားသည်။ နှင်းလူရုပ်ပေါ်တွင် နာမည်များရေးထားသည်။ ဘယ်ဘက်အရုပ်ပေါ်တွင် ပဲဝါ။ ညာဘက်အရုပ်ပေါ်တွင် လုယန်။
လုယန်ခေါ်သံကြာင့် အပြင်လောကသို့လှည့်ကြည့်သည်။
"သံလွင်ပင်က အတော်မြင့်တာပဲ"
သူသည်ပင် ထိုမျှမြင့်မားသည့် သံလွင့်ပင်မျိုး တစ်ခါမှမမြင်ဖူး။
"တစ်ခါတုန်းက နှစ်နှစ်သိန်းသက်တမ်းရှိတဲ့ သံလွင်ပင်တစ်ပင် လကမ္ဘာပေါ်မှာမြင်ဖူးတယ်။ ဒီသစ်ပင်လောက်မမြင့်ဘူး။ ဒီသစ်ပင်ရဲ့သက်တမ်းက နှစ်နှစ်သိန်းကျော်မှာတော့သေချာတယ်။
အတိအကျသိချင်ရင်တော့ သစ်ပင်ကိုလှဲချပြီး သစ်ရစ်ဝိုင်းတွေကို ရေတွက်ကြည့်လို့ရတယ်။ ဒါမှမဟုတ် အချိန်မသေမျိုးကိုခေါ်ပြီး ဒီသစ်ပင်ကို မေးခိုင်းလို့ရတယ်"
ဘယ်နည်းလမ်းမှ အလုပ်မဖြစ်နိုင်။
"ဒါပေမယ့် ရှေးဟောင်းခေတ်ကသံလွင်ပင်ပဲ ဖြစ်ဖို့များပါတယ်"
"ဘာလို့လဲ"
"အင်း...ဟင်းချက်ဖို့အတွက် ငါယင်ထန်ကို ထင်းခုတ်ခိုင်းတုန်းက ငါတို့ဟာ ကိုယ့်လုပ်ရပ်ကိုယ် တာဝန်ယူသင့်တယ်လို့ သူ့ကိုပြောတယ်။ သံလွင်ပင်တစ်ပင်ခုတ်ရင် နောက်တစ်ပင်ပြန်စိုက်ခဲ့ဖို့ ငါသူ့ကိုမှာတယ်။
ဒီသစ်ပင်က ယင်ထန်မသေမျိုးစိုက်ခဲ့တဲ့ သံလွင်ပင်တွေအများကြီးထဲက တစ်ပင်ဖြစ်မှာပါ။ ယင်ထန်မသေမျိုးရဲံကောင်းချီးကြောင့် သူအခုထိအသက်ရှင်နေတာဖြစ်မယ်"
သဘာဝပတ်ဝန်းကျင်ကို ကာကွယ်တတ်သည့် နတ်မယ်၏ခံယူချက်ကို လုယန်လေးစားသွားးသည်။
သူသိထားသလောက် ဘယ်သစ်ပင်မှ နှစ်နှစ်သိန်းသက်တမ်းမရှိ။ သူတို့ရှေ့မှ သံလွင်ဘိုးဘေးသည် ရှေးဟောင်းခေတ်မှသစ်ပင်မဟုတ်လျှင်ပင် သက်တမ်းအရင့်ဆုံးသစ်ပင်ဖြစ်လိမ့်မည်။ သစ်ပင်ဘိုးဘေးအဖြစ် တကယ်ခံယူထိုက်သည်။
သံလွင်တောအုပ်မှ ထွက်လာပြီးနောက် သစ်တောအစွန်တွင် အလွန်ကျယ်ပြန့်သည့်ခြံဝန်းတစ်ခုကို မြင်ရသည်။ လနန်းတော်တပည့်များ ဝီရိယစိုက်၍ ကျင့်ကြံနေသည်။ သူတို့လက်များကို ပူပြင်းသည့် သံမှုန်များထဲ အထပ်ထပ်ထိုးစိုက်သည်။
ဘာမှန်းမသိသည့် အတုံးကြီးတစ်ခုကို တံတောင်ဖြင့်ခွဲသည်။ တောင်းကုန်းငယ်တစ်ခုထမ်း၍ ပြေးသည်။
ထိုမြင်ကွင်းကို လုယန်မြင်ဖူးသလို ခံစားရသည်။ လောင်မုန်လည်း ထိုသို့ပင် ရုပ်ခန္ဓာကျင့်စဉ်ပညာကို လေ့ကျင့်ခဲ့သည်။
"သူတို့ဘာလုပ်နေတာလဲ"
"ရုပ်ခန္ဓာကျင့်စဉ်တာပေါ့"
လန်ထန်က ချက်ချင်းပြန်ဖြေသည်။
"ဪ..."
လသံလွင်နန်းတော်၏ ကျင့်စဉ်နည်းလမ်းသည် အပြင်လောကမိန်းကလေးကျင့်ကြံသူများ၏ ကျင့်စဉ်နည်းများနှင့်မတူ။ မဟာထိပ်တန်းဂိုဏ်းဖြစ်သည့် ညှို့ငင်ဂိုဏ်းတပည့်များပင် ယခုလိုထင်းဖြတ်၍ ခန္ဓာကျင့်ကြံမှု လုပ်ကြမည်မဟုတ်။
"ဒါကလည်း သမိုင်းကြောင်းရှိပါတယ်။ လနန်းတော်တည်ထောင်ပြီး နှစ်တစ်သိန်းအကြာမှာ မဟာရှားက စစ်ပွဲတွေကနေ အနားယူအားမွေးနေတယ်။ ပြည်သူတွေလည်း ပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်ကြရတယ်။
ကျွေးယွဲ့ဘိုးဘေးက တောင်ပေါ်ဆင်းပြီး ခရီးထွက်တယ်။ နောက်တော့ စာအုပ်ဆိုင်တစ်ခုမှာ ပုံမှန်မဟုတ်တဲ့ စာအုပ်ခုနစ်အုပ်တွေ့တယ်။ ဇာတ်လမ်းတွေကွဲပြားပေမယ့် အားလုံမှာတူညီတဲ့အချက်တစ်ခုရှိတယ်။
မိန်းမလှတစ်ယောက် ကျင့်ကြံဖို့အတွက် တောင်ပေါ်ကဆင်းလာတယ်။ မထင်မှတ်ဘဲ အချစ်ဆိပ်မိသွားတယ်။ ဇာတ်လိုက်မင်းသားက မတတ်သာဘဲ အဆိပ်ဖြေပေးရတယ်။ အဲဒီ့မိန်းကလေးက အဓိကဇာတ်လိုက်မင်းသမီးတွေထဲက တစ်ယောက်ဖြစ်လာတယ်။
ဇာတ်လိုက်မင်းသားနဲ့ အချစ်နဲ့အမုန်း ရှုပ်ထွေးမှုတွေ စဖြစ်လာတယ်။ အစပိုင်းမှာ ဇာတ်လိုက်က မထင်မရှားပဲ။ ဒါပေမယ့် သူတဖြေးဖြေးစွမ်းအားကြီးလာပြီး မင်းသမီးနဲ့ထိုက်တန်တဲ့လူ ဖြစ်လာတယ်။
ဒါက စိတ်ကူးယဉ်ဇာတ်လမ်းပေမယ့် အပြင်မှာတကယ်မရှိရင် ဒီလိုဇာတ်လမ်းတွေ ပေါ်မလာနိုင်ဘူးလို့ ဘိုးဘေးကျွေးယွဲ့က ယူဆတယ်။ ဂိုဏ်းကိုပြန်ရောက်တော့ ကျင့်စဉ်နယ်ပယ်တစ်ခု ထပ်တိုးလိုက်တယ်။ ခန္ဓာသန့်စင်ပညာပေါ့။ တပည့်အားလုံး ခန္ဓာသန့်စင်ပညာကို မဖြစ်မနေလေ့ကျင့်ရမယ်လို့ စည်းမျဉ်းသတ်မှတ်တယ်။
ဒါကိုကျင့်ပြီးရင် ကိုယ်တွင်းတည်ဆောက်မှု အားကောင်းလာတယ်။ အချစ်ဆိပ်သက်ရောက်မှုကို တောင့်ခံပြီး ဖြေဆေးရှာဖို့ အချိန်ပိုရလာမယ်လေ။ နန်းတော်တပည့်တွေ သူတို့ခန္ဓာကိုယ်ကို တွေ့ကရာလူကို ထိုးပေးဖို့မလိုတော့ဘူးပေါ့။
ဘိုးဘေးရဲ့ဆုံးဖြတ်ချက်က တကယ်လည်းမှန်တယ်။ တောင်ပေါ်ကဆင်းသွားတဲ့ ရှေ့မျိုးဆက်တစ်ချို့ အချစ်ဆိပ်မိကြတယ်။ ခန္ဓာသန့်စဉ်ပညာသာ လေ့ကျင့်မထားရင် သူစိမ်းယောက်ျားတစ်ယောက်နဲ့ အိပ်ရတဲ့ဘဝရောက်မှာပဲ။
ပြီးတော့ ဘိုးဘေးက နောက်တစ်ချက်ကိုလည်း သေချာစဉ်းစားတယ်။ ပုံပြင်တွေထဲမှာ ဇာတ်လိုက်မင်းသားမင်းသမီးတွေ ချစ်ကြတာတွေ တွေ့ရများတယ်။ ဒါပေမယ့် မင်းသမီးရဲ့ဂိုဏ်းက သဘောမတူလို့ အခက်ကြုံတယ်။
မင်းသားက စွမ်းအားတိုးရလာတော့ မင်းသမီးရဲ့ဂိုဏ်းကို လာတိုက်ခိုက်တယ်ဆိုတာမျိုးတွေလေ။ ဒီတော့ ဘိုးဘေးက စည်းမျဉ်းတစ်ခုထပ်ချလိုက်တယ်။ ကျွန်မတို့ဂိုဏ်းက မိန်းကလေးတစ်ယောက် ယောက်ျားတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ခဲ့ရင် ဂိုဏ်းကလုံးဝမတားရဘူးဆိုတဲ့ စည်းမျဉ်းပေါ့"
လုယန် "..."
မင်းတို့ ဂိုဏ်းတည်ဘိုးဘေးက အတော်ကို ထောင့်စေ့အောင် တွေးတတ်တဲ့လူပဲ....
***