လနန်းတော်ခရီးသည် လုယန်အတွက် အချည်းအနှီးမဖြစ်။ လနန်းတော်တပည့်များ ပုဆိန်ခုတ်ပညာ၊ ခန္ဓာသန့်စင်ပညာများတတ်ထားကြောင်း သူလုံးဝမရိပ်မိ။ နူးညံ့သည့်ခန္ဓာကိုယ်ထဲတွင် ကြီးမားသည့်အင်အားကို ဖုံးကွယ်ထားကြသည်။
လန်ထင်နှင့် သုံးလေးကြိမ်သာ သူယှဉ်ပြိုင်ခဲ့ဖူးသည်။ အကြိမ်တိုင်းလည်း အပေါ်ယံလောက်ဖြင့်သာ ရပ်ခဲ့သည်။ ထို့ကြောင့် လန်ထင်ကို ခန္ဓာသန့်စင်ပညာကျင့်ကြံပြီး ကြီးမားသည့်စွမ်းအားပိုင်ဆိုင်သူဖြစ်ကြောင်း သူသတိမထားမိ။
လနန်းတော်၏စည်းမျဉ်းများ ထိုမျှပွင့်လင်းမည်ဟုလည်း ထင်မထားခဲ့။ ချစ်ရေးချစ်ရာကိစ္စများကို လုံးဝချုပ်ချယ်မထား။
ကျွေးယွဲ့ဘိုးဘေးသည် ရေရှည်အမြင်ရှိပြီး စိတ်ဓာတ်ပွင့်လင်းသူဖြစ်ပုံရသည်။
တကယ်လေးစားစရာကောင်းသည်။
"ဒါနဲ့...ခန္ဓာသန့်စင်ပညာအကြောင်း ငါသိပ်မလေ့လာဖူးသေးဘူးပဲ"
လုယန် ကိုယ့်အကြောင်းကိုယ်ပြန်တွေးကြည့်သည်။ ဓားပညာနှင့် မှော်ပညာများကိုသာ အဓိကလေ့လာခဲ့သည်။ ခန္ဓာသန့်စင်ပညာမလေ့လာခဲ့။
"ငါတို့ထာဝရမျိုးဆက်က ခန္ဓာသန့်စင်ပညာသင်ဖို့ သိပ်မလိုဘူးလေ။ ထာဝရအရိယဖလသန္ဓေရလာတာနဲ့ ငါတို့ရုပ်ခန္ဓာက ခန္ဓာကျင့်ကြံသူတွေထက် ပိုပြီးမာကျောလာမှာ။ နင်ခန္ဓာကျင့်ကြံသူဖြစ်လာရင်တောင် ခန္ဓာဖောက်ခွဲပညာသုံးရတယ်ဆိုရင် သာမန်ကျင့်ကြံသူနဲ့ ဘာထူးတော့မှာလဲ"
နတ်မယ်က အားနည်းချက်အားသာချက်များကို သေချာပြောပြသည်။
"နင့်ခန္ဓာကိုယ်က သိပ်မကြံခိုင်သေးဘူးထင်ရင် အခုချက်ချင်း ထာဝရအရိယဖလသန္ဓေ ငါပေးမယ်လေ။ ဘယ်လိုလဲ"
နတ်မယ်က ကမ်းလှမ်းသည်။ လုယန်ခေါင်းငြိမ့်လက်ခံသည်နှင့် သူချက်ချင်းထုတ်ပေးဖို့ အသင့်ဖြစ်နေသည်။
"နေပါစေ"
လုယန် ငြင်းသည်။ သူ့ရည်မှန်းချက်က အမယွမ်နှင့် နတ်မယ်လို မသေမျိုးအဆင့်ရောက်ဖို့ဖြစ်သည်။ ထာဝရအရိယဖလသန္ဓေယူလိုက်လျှင် သိက္ခာမရှိသည့် လီဟော်ရန်လို့ မသေမျိုးတစ်ဝက်အဆင့်သာဖြစ်မည်။
(စုယိယန်၏ အကာအကွယ်ရထားခြင်းကို ဆိုလိုဟန်ရှိသည်)
လုယန်ငြင်းလိုက်သဖြင့် နတ်မယ် နည်းနည်းစိတ်ပျက်သွားပြီး သူ့ဘာသာရေရွတ်သည်။
"လက်ခံလိုက်လို့ ဘာဖြစ်သွားမှာမို့လဲ။ တကယ်သူစိမ်းဆန်တဲ့ကောင်"
လသံလွင်နန်းတော်က ကျယ်ပြန့်သည်။ လန်ထင်နှင့်လုယန် တစ်နေကုန်အချိန်ဖြုန်းသည့်တိုင် အစိတ်အပိုင်းလေးတစ်ခုလောက်သာ လည်ပတ်နိုင်သည်။
"အကိုလု၊ ဒါဆို မနက်ဖြန်မှတွေ့မယ်နော်"
လန်ထင်က လုယန်ကို ဧည့်သည်ဆောင်သို့ လိုက်ပို့ရင်း ပြုံး၍ပြောသည်။
"မနက်ဖြန်မှတွေ့မယ်"
ညရောက်လာပြီဖြစ်သည်။ အထက်ကောင်းကင်နေမင်းကို လဝန်းက အစားထိုးနေရာယူလာသည်။ လစွမ်းအားများ ပိုတိုးလာသည်။
ညအချိန်သည် လနန်းတော်တပည့်များ ကျင့်စဉ်ဝင်ကြသည့် အရေးကြီးဆုံးအချိန်ဖြစ်သည်။ ထို့ကြောင့်လည်း လန်ထင်က လုယန်ကို နှုတ်ဆက်၍ ပြန်သွားခြင်းဖြစ်သည်။
"လစွမ်းအား.."
လုယန် လဝန်းကိုမော့ကြည့်သည်။ သူ့အတွက်တော့ နေစွမ်းအားလည်းမလို လစွမ်းအားလည်းမလိုအပ်။ ထိုစွမ်းအားနှစ်မျိုးအပြောင်းအလဲကို သူသိပ်အရေးမစိုက်။
ကဗျာတစ်ပုဒ်ရွတ်သင့်မရွတ်သင့် သူတွေးနေစဉ် သေးသေးကွေးကွေး လနန်းတော်တပည့်တစ်ယောက် မဝံ့မရဲချဉ်းကပ်လာသည်။ နည်းနည်းရှက်နေဟန်ရှိသည်။
"အကိုလုယန်"
"မင်းကဘယ်သူလဲ"
"ကျွန်မနာမည် ပိုင်ယဲ့ပါ။ လနန်းတော်က တပည့်တစ်ယောက်ပါ"
ပိုင်ယဲ့က ရှက်စနိုးဟန်ဖြင့် ခေါင်းငုံ့နေရာမှ လုယန်ကို တစ်ချက်မော့ကြည့်သည်။
"အကိုလုယန်၊ နတ်ဆိုးနယ်မြေနဲ့ အရှေ့ပင်လယ်ခရီးမှာ အကိုကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြောပြလို့ရမလား"
ထိုမျှဝေးလံသည့် အရပ်များဆီ သူမရောက်ဖူး။ လုယန်နှင့်ပတ်သက်သည့် ပုံပြင်များသူကြားရသည်။ လုယန်သည် စွမ်းအားကြီးပြီး နေရာစုံရောက်၍ အတွေ့အကြုံစုံသူတစ်ယောက်ဟု သူတွေးမိသည်။
ယခု လူကိုယ်တိုင် တွေ့ခွင့်ရပြီဖြစ်၍ သူ့ပုံပြင်များကို နားထောင်ချင်သည်။
"မင်းက ကျင့်စဉ်ဝင်ရဦးမှာ မဟုတ်လား"
လန်ထင်လို နန်းတော်တပည့်အားလုံးက ယခုလိုအချိန်ကို အခွင့်ကောင်းယူ၍ ကျင့်ကြံနေကြသည်။
"တစ်ရက်လောက် မကျင့်ကြံဖြစ်တာ သိပ်ကိစ္စမရှိပါဘူး"
ပိုင်ယဲ့က ရယ်ကျဲကျဲဖြင့်ပြောသည်။ ဖော်ရွှေသည့် လုယန်အမူအရာကြောင့် ပို၍စိတ်သက်သာရာရသွားဟန်ရှိသည်။
လုယန် ခဏစဉ်းစားသည်။ သူလည်း တစ်ခြားဘာမှလုပ်စရာမရှိ။ ပုံပြင်ပြောရလျှင်လည်း မဆိုးလှ။ ထုတ်ပြော၍မရသည့် အပိုင်းများကို ကျော်သွားလိုက်ရုံသာရှိသည်။ ဥပမာ နတ်ဆိုးနယ်မြေတွင် ကျန်းလျန်ယိကို ပြန်အသက်သွင်းခဲ့သည့်ကိစ္စမျိုး။
"ကောင်းပြီလေ"
ပိုင်ယဲ့ကို အတူထိုင်ဖို့ ဖိတ်ခေါ်၍ သူ့ဇာတ်လမ်းများကို ဖြေးဖြေးချင်းစပြောသည်။
"ဘယ်ကနေစပြောရမလဲ။ အင်း..ဟုတ်ပြီ။ ဂိုဏ်းတာဝန်ခန်းမကို ဒုတိယအကြိမ် တာဝန်တစ်ခု သွားယူတဲ့အချိန်ကနေစမယ်။ ယူရတဲ့တာဝန်က ကျားနတ်ဆိုးတစ်ကောင်ကို နှိမ်နှင်းဖို့ပါ..."
လုယန်တွေ့ကြုံခဲ့သည့် ကိစ္စများက အမျိုးအစားစုံလင်သည်။ လျှို့ဝှက်ရမည့်ကိစ္စများကို ချန်လှပ်ထားခဲ့သည့်တိုင် တစ်ညတည်းဖြင့် အကုန်ပြောပြနိုင်မည်မဟုတ်။
ပိုင်ယဲ့က စိတ်ဝင်တစားနားထောင်သည်။ သူ့မျက်လုံးများအရောင်တောက်နေသည်။ လုယန်အပေါ် လေးစားမှုလည်း ပိုတိုးလာသည်။ ထိုဇာတ်လမ်းများသည် ကျင့်ကြံသူတစ်ယောက်တည်း၏ အတွေ့အကြုံများဟုပြောလျှင် တကယ်ယုံဖို့ခက်လှသည်။ လသံလွင်နန်းတော်မှ တပည့်အားလုံး၏ အတွေ့အကြုံများအားလုံးပေါင်းလျှင်ပင် ထိုမျှမများလောက်။
"ကဲ၊ ဒီနေ့ ဒီလောက်နဲ့ပဲ နားကြစို့။ ဆက်ပြောနေရင် မိုးလင်းတော့မယ်"
လုယန်က ပြုံး၍ပြောသည်။ တစ်ညလုံး သူပြောပြခဲ့သည်။ ယခု အရုဏ်တက်ချိန် နီးနေပြီဖြစ်သည်။ ဆက်ပြောနေလျှင် ဆုံးနိုင်တော့မည်မဟုတ်။
ပိုင်ယဲ့ ဆက်နားထောင်လိုဟန်ရှိသည်။ သို့သော် အချိန်က အတော်လွန်နေသည်။
"မနက်ဖြန်ညရော ဆက်ပြောလို့ရမလား အကိုလုယန်"
"မင်းနားထောင်ချင်ရင် ပြောပြရမှာပေါ့"
လုယန် ပြုံး၍ပြောသည်။ လနန်းတော်မှ ဤတပည့်လေးကို သူအတော်သဘောကျသည်။
သူ့စကားကြောင့် ပိုင်ယဲ့ပျော်ရွှင်သွားပြီ နှုတ်ဆက်၍ ထွက်သွားသည်။
"ဒါဆို မနက်ဖြန်မှတွေ့မယ် အကိုလုယန်"
ကောင်းကင်အလင်းရောင် အပြည့်အဝမပေါ်သေးသဖြင့် လုယန် အခန်းထဲသို့ပြန်ပြီး ဝိညာဉ်စုမှော်စက်ဝန်းပေါ်တွင် ထိုင်သည်။ ပါးစပ်ကိုဟ၍ ဝိညာဉ်စွမ်းအင်များကို စုပ်ယူသည်။
ရသမျှစက္ကန့််မိနစ်တိုင်း ကျင့်စဉ်စွမ်းအားတိုးဖို့ သူကြိုးစားသည်။ အလွန်ပင်ပန်းသည့် အလုပ်ဖြစ်သည်။
သိစိတ်နယ်မြေသို့ဝင်၍ နတ်မယ်နှင့်လည်း အချိန်ဖြုန်းသည်။
"နတ်မယ်၊ နှင်းထဲမှာ ကစားရအောင်"
နတ်မယ်က နှုတ်ခမ်းစူသည်။ အခုမှ သူနှင့်လာကစားသည့်လုယန်ကို အလိုမကျ။ လုယန်နာမည်ရေးထားသည့် နှင်းလူရုပ်ဖြင့် လုယန်ကို ပစ်ပေါက်သည်။
"ဟွန်း၊ နင်က အခုမှလာတယ်ပေါ့"
နှင်းလူရုပ်ပေါ်မှစာလုံးများကို သေချာမဖတ်ရသေးမီ နှင်းလူလွင့်ပျံလာသည်ကို မြင်ရသဖြင့် လုယန် အမြန်ရှောင်သည်။ လှုပ်ရှားမှုက မြန်လွန်းသဖြင့် အရိပ်ခွဲတစ်ခုပင် နေရာတွင်ကျန်ခဲ့သည်။
သို့သော် လွတ်အောင်မရှောင်နိုင်ပါ။
မျက်နှာမှနှင်းများကိုသုတ်၍ သူရှကကိုးရှက်ကန်းပြုံးသည်။
"ကျုပ်က ခင်ဗျားလိုမဟုတ်ဘူးလေးနတ်မယ်။ လောကအတွေ့အကြုံ သိပ်မစုံသေးဘူး။ အခုမှ လနန်းတော်ကိုရောက်ဖူးတာဆိုတော့ လှည့်ပတ်ပြီးကြည့်ရတာပေါ့"
လုယန်၏ စကားကြွယ်မှုကြောင့် နတ်မယ်၏နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားသည်။
"ဒီလနန်းတော်က ဘာတွေများအဲလောက်ထူးဆန်းနေလို့လဲ။ မသေမျိုးတစ်ယောက်လောက်တောင်မရှိဘူး။ ငါနားမှာပဲ သစ္စာရှိရှိနေပါ။ ဒီနေရာထက် အများကြီးသာတဲ့ မသေမျိုးအစစ်တွေရဲ့ ဖန်တီးမှုတွေကို နင်မြင်စေရမယ်လို့ အာမခံတယ်"
"ကောင်းပါပြီ ကောင်းပါပြီ၊ နတ်မယ်ရဲ့အစွမ်းအစကို ကျုပ်ယုံကြည်ပါတယ်။ ကဲ...ကျုပ်တို့ ဘာကစားကြမလဲ"
အမှန်အတိုင်းပြောရလျှင် နတ်မယ်ကို အဖော်ပြုဖို့သက်သက် သူလာခြင်းမဟုတ်။ နှင်းတောထဲတွင် သူမကစားခဲ့ရသည်မှာ အတော်ကြာပြီဖြစ်သည်။ နှင်းများကလည်းအတော်ထူသည်။ သူ့အတိတ်ဘဝတွင်သာ တွေ့ခဲ့ဖူးသည်။ သို့သော် ထိုစဉ်ကလည်း သူကစားဖို့ စိတ်မပါခဲ့။
"နှင်းလူတွေလုပ်ရအောင်။ နှင်းလူရုပ်တစ်ခုတည်းဆို ပျော်စရာမကောင်းဘူး"
အထီးကျန်နေသည့် နှင်းလူရုပ်ကို လက်ညှိုးထိုး၍ နတ်မယ်အကြံပြုသည်။
"ဘယ်သူ့အရုပ်လုပ်မလဲ"
"သိစိတ်နယ်မြေမှာ ငါတို့နှစ်ယောက်ပဲရှိတာလေ။ နင့်အရုပ်ကိုလုပ်ရမှာပေါ့"
နတ်မယ်က နှင်းလုံးများ ချက်ချင်းစတင်ဖန်တီးသည်။
လုယန်လည်း ဝင်ကူသည်။
...
"မနေ့ညက ကောင်းကောင်းနားခဲ့ရရဲ့လား အကိုလုယန်"
လန်ထန်က မနက်စောစောရောက်လာသည်။
လုယန် စဉ်းစားသည်။ မနေ့ညက သူလုံးဝနားခဲ့ရသည်မထင်မိ။ ပထမဆုံး ပုံပြင်ပြောရသည်။ နှင်းလူရုပ်လုပ်ရသည်ကလည်း အချိန်အတော်ကုန်သည်။ အနားယူသည်ဟူသည့်စကားနှင့် လုံးဝမအပ်စပ်။
ယခု သိစိတ်နယ်မြေတွင်ရှိနေသည့် 'လုယန်'နှင်းလူရုပ်သည် သူနှင့်နတ်မယ်တို့၏ အထူးလက်ရာဖြစ်သည်။
"နားခဲ့ရပါတယ်"
"ကောင်းတာပေါ့"
လန်ထင်စိတ်သက်သာရာရသွားသည်။ မနေ့ညက လနန်းတော်ညီအမများ သူ့နောက်ကွယ်တွင် လုယန်ကို လာတွေ့ပြီး ရင်းနှီးမှုယူမည်ကို စိုးရိမ်ခဲ့ရသည်။ ယခုကြည့်ရသလောက် သူစိုးရိမ်နေခဲ့သည်မှာ ဘာမှအဓိပ္ပါယ်မရှိ။
***