လုယန်သည် လနန်းတော်တွင် အတော်ရေပန်းစားသည်။ လန်ထင်က သူ့ကိုဂိုဏ်းနယ်မြေထဲ လှည့်ပတ်လိုက်ပို့သည်။ လနန်းတော်တပည့်များကလည်း လုယန်ကို အလှည့်ကျ လာတွေ့သည်။ နေရာသစ်တစ်ခုသို့ရောက်တိုင်း ဂိုဏ်းတပည့်များ သူ့ဘေးသို့ဝိုင်းအုံလာသည်။
မေးခွန်းမျိုးစုံ မေးသည်။ ရှားပါးမျိုးစိတ်တစ်ခုလို ဆက်ဆံကြသည်။
တကယ်လည်း မှန်သည်။ လသံလွင်နန်းတော်တွင် အမျိုးသားကျင့်ကြံသူဆိုသည်မှာ ရှားပါးမျိုးစိတ်ဖြစ်သည်။
"တော်ကြတော့ တော်ကြတော့။ ကျင့်စဉ်ဝင်ဖို့ အချိန်ရောက်ပြီ။ အာရုံတွေများမနေကြနဲ့"
တည်ငြိမ်သည့်စကားသံတစ်ခု လွင့်ပျံလာသည်။ ဆူညံစွာပြောဆိုနေသည့် ဂိုဏ်းတပည့်များ ငြိမ်ကျသွားသည်။ အပိုးကျိုးကျိုးဖြင့် သူတို့နေရာသိုပြန်သွားပြီး ဆက်၍လေ့ကျင့်ကြသည်။
အပြုံးအရယ်မရှိသည့်မျက်နှာနှင့် မိန်းကလေးတစ်ယောက် လျှောက်လာသည်။ လက်ခလယ်တွင် အနက်ရောင်လက်စွပ်တစ်ကွင်း ဝတ်ထားသည်။
"အမကျင်းဟုန်"
လန်ထင်က ဦးညွှတ်နှုတ်ဆက်သည်။ လုယန်လည်း ဦးညွှတ်အရိုအသေပြုလိုက်သည်။
"အမကျင်းဟုန်ကို ဂါရဝပြုပါတယ်"
ကျင်းဟုန်က ပြန်နှုတ်ဆက်ပြီးနောက် ဆက်ပြောသည်။
"မျိုးဆက်သစ်လုယန်ဆိုတာ မင်းပဲဖြစ်မယ်ထင်တယ်။ ညီမလန်ထင်၊ လုယန်ကို နန်းတော်ထဲ လှည့်ပတ်ပြတဲ့အခါ သိပ်မသိသာပါစေနဲ့။ ဂိုဏ်းတူညီမတွေရဲ့ တာအိုနှလုံးက သိပ်မခိုင်မာသေးဘူး။
ပါရမီရှင်လုယန်ကိုမြင်ရင် စိတ်တွေလှုပ်ရှားလာပြီး ဒီနေ့လေ့ကျင့်တာတွေ အလဟဿဖြစ်သွားနိုင်တယ်"
"နားလည်ပါပြီ"
လုယန်ကို လုံးဝစိတ်မဝင်စားသည့် ကျင်းဟုန်လို ဂိုဏ်းတပည့်များလည်းရှိနေသည်။
ကျင်းဟုန်ထွက်သွားသည်နှင့် လုယန်က တီးတိုးမေးသည်။
"အမကျင်းဟုန်က ငါ့ကိုသိပ်သဘောကျပုံမရဘူးနော်"
လန်ထင်က ပြုံးလျက်
"အမကျင်းဟုန်ကို တစ်မျိုးမထင်ပါနဲ့ အကိုလု။ လူတိုင်းကို အဲလိုပဲဆက်ဆံတာပါ။ သူက လက်နက်သွန်းပညာရှင် တတိယအကြီးအကဲရဲ့ တပည့်လေ။ ကျွန်မထက် ဂိုဏ်းဝင်တာစောတယ်။
အခု ဝိညာဉ်ပြောင်းအလတ်တန်းဆင့် ရောက်နေပြီ။ သူ့ကျင့်စဉ်ပါရမီက အကောင်းဆုံးလို့မဆိုနိုင်ပေမယ့် လုပ်တာကိုင်တာ စေ့စပ်သေချာတယ်။ တည်ကြည်ဖြောင့်မတ်တယ်။ အကြီးအကဲတွေက အလေးထားခဲ့ရတဲ့သူပါ"
လုယန် ခေါင်းငြိမ့်သည်။ ထိုအမစိတ်အလိုမကျဖြစ်စေမည့် အမှားမျိုးလုပ်မထားသဖြင့် စိတ်သက်သာရာရသွားသည်။
ထိုအချိန်တွင် ကျင်းဟုန်က လူမရှိသည့် နေရာတစ်ခုသို့သွားပြီး သူလက်စွပ်ကို အသာပွတ်လိုက်သည်။ လက်စွပ်ထဲမှ လေဟာနယ်သို့ သိစိတ်အာရုံပို့သည်။
"ဆရာ၊ အဆင်ပြေလား"
သူမေးသည်။
သက်ကြီးပိုင်းတစ်ယောက်၏ အောင်မြင်ခံ့ညားသည့် စကားသံတစ်ခု လက်စွပ်လေဟာနယ်ထဲတွင် ပဲ့တင်ထပ်၍ထွက်လာသည်။
"အဆင်ပြေမှာပါ။ ဒီလုယန်က အတော်ထူးဆန်းတယ်။ သူ့မှာ လျှို့ဝှက်ချက်တွေ အများကြီးရှိမယ်လို့ ငါထင်တယ်။ သူနဲ့သိပ်အရောမဝင်နဲ့။ ကံကြမ္မာချင်း မချိတ်ဆက်မိအောင် ဝေးဝေးရှောင်ပါ။ သူနဲ့အရောဝင်လွန်းရင် ငါ့အကြောင်း သူရိပ်မိသွားနိုင်တယ်။
အဲလိုဆို အချိန်မတန်ခင် ငါအပြင်ကိုထွက်ရမယ်။ လာမယ့်မဟာကပ်အတွက် အခက်တွေ့နိုင်တယ်"
...
"ဒါက ကျမ်းစာတိုက်ပါ။ အထဲကို ဝင်ကြည့်ချင်လား"
လန်ထင်ကမေးသည်။ လုယန်ကို နှင်းများဖုံးနေသည့် သစ်သားအဆောက်အဦးဆီ သူခေါ်လာသည်။ နှင်းထုအလေးချိန်ကြောင့် အချိန်မရွေးပြိုကျသွားတော့သယောင် ထင်ရသည်။
သို့သော် နှစ်တစ်သိန်းကြာတည်တံ့ခဲ့သည့် ကျမ်းစာတိုက်သည် နှင်းထုကြောင့်တော့ ပြိုကျလိမ့်မည်မဟုတ်။
"ဝင်ကြည့်စို့လေ"
ကျမ်းစာရေးရသည့် ကိစ္စမျိုးမဟုတ်လျှင် ကျမ်းစာတိုက်လိုနေရာမျိုးသို့ သွားလည်ရသည်ကို သူပျော်သည်။
လနန်းတော်ကျမ်းစာတိုက်က တာအိုလမ်းစဉ်ဂိုဏ်း၏ ကျမ်းစာတိုက်နှင့် သိပ်မကွာလှ။ စုဆောင်းထားသည့် စာအုပ်များသာ ကွာခြားသည်။
ကျမ်းစာအများစု အမျိုးသမီးကျင့်စဉ်ကျမ်းများဖြစ်သည်။ အမျိုးသားကျင့်စဉ်ကျမ်း များများစားစားမရှိ။ ရှိနေသည့် အမျိုးသားကျင့်စဉ်ကျမ်းများကလည်း လစွမ်းအားကျင့်စဉ်ကျမ်းများသာဖြစ်သည်။
"ဒါကဘာလဲ။ 'မသေမျိုးအပျိုစင်ဆင်းရဲ'ဆိုပါလား"
လုယန် စင်ပေါ်မှ ရှေးကျမ်းစာတစ်အုပ်ကို ဆွဲထုတ်၍ သုံးလေးမျက်နှာဖတ်ကြည့်သည်။ သူ့မျက်နှာ ကြောင်တက်တက်ဖြစ်သွားသည်။
ကျမ်းသာပါအကြောင်းအရာများက သိပ်မသင့်တော်လှ။ သို့သော် ဤကျမ်းစာတိုက်တွင် ထိုစာအုပ်မျိုးကို ပွင့်ပွင့်လင်းလင်းထုတ်ပြထားသည်။
တာအိုလမ်းစဉ်ဂိုဏ်းတွင် 'နဂါးဖီးနစ်အသွင်ပြောင်းကျမ်း'ကိုပင် လျှို့ဝှက်သိမ်းဆည်းထားရသည်။
ထို့ပြင် ဤစာအုပ်ပုံပန်းသဏ္ဌာန်အရ ဖတ်ရှုသူအတော်များဟန်ရှိသည်။
နတ်မယ် မသေမျိုးအာရုံဖြန့်၍ ဖတ်ကြည့်သည်။ သူ့မျက်နှာ ချက်ချင်းနီရဲလာသည်။ စကားပင်များများမပြောနိုင်တော့။ စကားတစ်ခွန်းသာထွက်လာသည်။
လန်ထင်လည်း ပါးပြင်နှစ်ဘက် နည်းနည်းနီနေသည်။ ချောင်းတစ်ချက်ဟန့်၍ မလုံမလဲ ရှင်းပြသည်။
"ဒါက ကျွေးယွဲ့ဘိုးဘေး လွန်ခဲ့တဲ့နှစ်တစ်သိန်းကယူလာတဲ့ ရှေးကျမ်းစာပါ။ ဇာတ်လမ်းတွေက အတော်ဗဟုသုတရတယ်။ အနာဂတ်မျိုးဆက်တွင် ဇာတ်လမ်းထဲကလိုမဖြစ်အောင် သင်ခန်းစာရစေချင်လို့ ကျမ်းစာတိုက်မှာထားတာပါ"
ထိုစာအုပ်အပြင် ထူးထူးဆန်းဆန်းနာမည်နှင့် တခြားကျမ်းစာအုပ်များလည်းရှိသည်။ အကြောင်းအရာက မသေမျိုးအပျိုစင်ဆင်းရဲကျမ်းလိုပင်ဖြစ်သည်။ အားလုံးကို ကျွေးယွဲ့ဘိုးဘေးက ယူလာခြင်းဖြစ်မည်။
စာအုပ်များရှိသင့်ပြီး မရှိဘဲလွတ်နေသည့်နေရာများလည်း တွေ့ရသည်။ နန်းတော်တပည့်များက ငှားယူထားခြင်းဖြစ်မည်။
မည်သို့ဆိုစေ ကျွေးယွဲ့ဘိုးဘေး၏လုပ်ရပ်များ လနန်းတော်တပည့်များကို အပျိုစင်ဘဝကို သတိဖြင့်ထိန်းသိမ်းစေလို၍သာဖြစ်သည်။ တောင်တန်းပေါ်မှ ဆင်းလာပြီး အပြင်လူတစ်ယောက်နှင့်ဇာတ်လမ်းရှုပ်သည့် လနန်းတော်တပည့်ဟူ၍ လုယန်တစ်ခါမှမကြားဖူး။
"ဒီမှာ ရှေးဟောင်းကျမ်းစာတွေ အများကြီးရှိနေတာပဲ"
လုယန် ပြုံး၍ပြောသည်။ ရှေးဟောင်းကျမ်းစာများကို ဓားပညာထက်ပင် သူပိုကျွမ်းကျင်သည်။
"အရင်က လနန်းတော်မှာ ကျမ်းစာအုပ်တွေ အဲလောက်မများဘူး။ လိုအပ်ချက်အရ တော်ဝင်ကျောင်းတော်ကနေ ယူလာတာပါ။ သိပ်မကြာသေးဘူး"
"လိုအပ်ချက်အရ..ဟုတ်လား"
"ဟုတ်တယ် အကို။ ရှေးဟောင်းခေတ်မှာ ယင်ထန်မသေမျိုး သားအမိမြစ်ဖန်တီးခဲ့တဲ့အကြောင်း အကိုလုသိတယ်မဟုတ်လား"
လုယန် မျက်နှာတွန့်သွားသည်။ သိသည်ဟုဖြေရမလား မသိဟုဖြေရမလား ဝေခွဲမရ။
"လနန်းတော်တပည့်တချို့က အချစ်ရေးကိစ္စတွေကို စိတ်မဝင်စားဘူး။ ဒါပေမယ့် ကလေးလိုချင်ကြတယ်။ အရင်ကတော့ နည်းလမ်းမရှိခဲ့ဘူးပေါ့။
ဒါပေမယ့်အခု သားအမိမြစ်အကြောင်းသိလာတော့ နည်းလမ်းစုံသုံးပြီးရှာဖို့ ကြိုးစားနေကြတယ်။ ရှေးဟောင်းကျမ်းတွေထဲမှာလည်း သဲလွန်စရှာကြတယ်လေ"
"ဘာအကျိုးထူးပြီလဲ"
နတ်မယ်ကိုယ်စား လုယန်မေးလိုက်သည်။
လန်ထင်က စိတ်မကောင်းဟန်ဖြင့် ခေါင်းခါသည်။
"ဘာမှမထူးသေးဘူး။ အကိုက ရှေးဟောင်းဗဟုသုတများတယ်ဆိုတော့ မေးရဦးမယ်။ သားအမိမြစ် ဘယ်မှာရှိလဲသိလား"
"မသိပါဘူး"
ရုတ်တက် လုယန်ပြန်သတိရလာသည်။ သားအမိမြစ်၏ တည်နေရာကို မသိသော်လည်း အမွှာမြစ်၏တည်နေရာကိုတော့ သူသေချာသိသည်။ ကောင်းကင်ဂိတ်တောင်ထိပ်တွင်ဖြစ်သည်။
"အဲ...ဒါဆို အမွှာမြစ်ကိုရော သူတို့လိုအပ်လောက်သလား။ လိုအပ်ရင် သူတို့ကို လွှဲပေးလို့ရပါတယ်"
နတ်မယ်က စေတနာဗရပွဖြင့် ကမ်းလှမ်းသည်။ ကောင်းကင်ဂိတ်တောင်ထိပ်တွင် ထိုမြစ်ရေကို သောက်မည့်လူမရှိ။ ထို့ကြောင့် လိုအပ်နေသည့် လနန်းတော်လိုနေရာမျိုးကို ပေးလိုက်သည်က ပိုကောင်းသည်။
လုယန် သေချာစဉ်းစားကြည့်သည်။ လျှို့ဝှက်ချက်များ မပေါ်စေဘဲ မြစ်ကိုလွှဲပေးလျှင် ရနိုင်သည်။
"သားအမိမြစ်တည်နေရာကို မသိပေမယ့် အမွှာမြစ်ရဲ့တည်နေရာကိုတော့ ငါသိပါတယ်"
"အမွှာမြစ်..ဟုတ်လား"
လန်ထင် တစ်ခါမှမကြားဖူး။
အမွှာမြစ်၏ နောက်ကြောင်းကို ရှင်းပြဖို့ လုယန်အခက်တွေ့သွားသည်။
"အမွှာမြစ်ဆိုတာ သားအမိမြစ်လိုပါပဲ။ ယင်ထန်မသေမျိုးက ဖန်တီးခဲ့တာပါ။ ကွာခြားတာက သားအမိမြစ်ရေကိုသောက်တဲ့ အမျိုးသမီးတွေက ကလေးတစ်ယောက်ပဲမွေးမယ်။
အမွှာမြစ်ရေကိုသောက်ရင်တော့ ကလေးအမွှာမွေးတယ်။ အလွန်ရှားပါးတဲ့ အမွှာကြာပန်းဆိုတာ အမွှာမြစ်ကြောင့် ပေါ်လာတာပါ"
မသေမျိုးဖန်တီးသည့် အမွှာမြစ်အကြောင်းသိရသဖြင့် လန်ထင်အံ့ဩသွားသည်။ မသေမျိုးများ၏စွမ်းရည်သည် တကယ်ထူးခြားဆန်းကျယ်သည်။ ခန့်မှန်း၍မရ။
သို့သော် ယင်ထန်မသေမျိုးက ဘာကြောင့် အမွှာမြစ်ကို ဖန်တီးခဲ့သည်မသိ။
"ဒါဆို အမွှာမြစ်က ဘယ်မှာရှိတာလဲ"
"သိပ်မကြာသေးခင်က ရှေးဟောင်းလျှို့ဝှက်မြေတစ်ခုမှာ တွေ့ခဲ့တာ။ အခု ငါတို့တာအိုလမ်းစဉ်ဂိုဏ်းကို ရောက်နေပါပြီ။ လနန်းတော်ကလိုအပ်ရင် ဂိုဏ်းကနေ အမွှာမြစ်ရေကို ငါနည်းနည်းတောင်းပေးလို့ရပါတယ်"
လန်ထင်မျက်နှာတွင် ဝမ်းသာရိပ်လွှမ်းလာသည်။ ထိုမျှအဖိုးတန်သည့်သတင်းမျိုး သိရမည်ဟု မျှော်လင့်မထား။ အမွှာမြစ်ရေကိုသာရလျှင် လနန်းတော် ဂိုဏ်တူအမများ အကြီးအကဲများ သားသမီးဘယ်နှစ်ယောက် ရလာမည်မသိ။
"ဒါဆိုရင်တော့ အကိုလုကို ကြိုပြီးကျေးဇူးတင်ပါတယ်။ ဒီကိစ္စ ကျွန်မဆရာကို သွားပြောလို့ရမလား"
အမွှာမြစ်ကိစ္စက အရေးကြီးသည်။ ထိုကိစ္စကို တစ်ယောက်တည်း ဆုံးဖြတ်၍မရ။
"ရပါတယ်"
အံ့ဖွယ်မသေမျိုးမြစ်အကြောင်းကြားသည်နှင့် လော်ဟုန်ရှားလည်း ဝမ်းသာသွားသည်။ လနန်းတော်တွင် အလိုအပ်ဆုံးက ထိုအရာမျိုးဖြစ်သည်။ ထို့ကြောင့် လုယန်အပေါ် သူ့သဘောထား ပြောင်းလဲသွားသည်။ ပို၍အမြင်ကြည်လာသည်။
"လုယန်၊ လနန်းတော်ကတပည့်တွေ ကိုယ်ဝန်ဆောင်နိုင်ရင် မင်းဟာတကယ့်မဟာကျေးဇူးရှင်ဖြစ်လာမှာပဲ"
လုယန် "..."
ဘယ်လိုကြီးလဲမသိ...ကြားရသည့်စကား ထူးဆန်းနေသလားလို့
***