"ငါတို့လနန်းတော်က အကျိုးအမြတ်ကို အလကားမယူတတ်ဘူး။ လုယန်၊ မင်းတို့တာအိုလမ်းစဉ်ဂိုဏ်းက ဘာလိုအပ်သလဲပြောပါ"
လော်ဟုန်ရှားကမေးသည်။ ယခု လုယန်ကို လောကထဲမှ ထူးခြားသည့်လူငယ်တစ်ယောက်အဖြစ် သူသတ်မှတ်လိုက်ပြီဖြစ်သည်။
သားအမိမြစ် တကယ်သာအာနိသင်ထိရောက်လျှင် လနန်းတော်မှလူပေါင်းများစွာ၏ သောကကို ဖြေသိမ့်နိုင်လိမ့်မည်။
"အင်း...ဒီကိစ္စမျိုးဆို အမယွမ်ကိုပဲ မေးကြည့်ပါလား"
တာအိုလမ်းစဉ်ဂိုဏ်း ဘာလိုအပ်မှန်း သူမသိ။ အမယွမ်သာ သိနိုင်မည့်အရာဖြစ်သည်။
"ဟုတ်တာပေါ့ ဟုတ်တာပေါ့။ ငါအတော်စိတ်လောတာပဲ"
လော်ဟုန်ရှား သဘောပေါက်သွားသည်။ လုယန်သည် တိုက်နယ်တစ်ခွင် နာမည်ကျော်သည်။ သို့သော် ဂိုဏ်းအတွက် အဆုံးအဖြတ်ပေးနိုင်သူမဟုတ်သေး။
ထိုကိစ္စမျိုးကို ယွမ်ကျိနဲ့သာ ဆွေးနွေးသင့်သည်။
လော်ဟုန်ရှား စိတ်ပြန်တည်ငြိမ်လာသည်။ ထိုကိစ္စသည် အရေးကြီးသည်။ စိတ်လော၍မဖြစ်။ ထိုမသေမျိုးရတနာမျိုးနှင့် အလဲအလှယ်လုပ်ဖို့ သူတို့လနန်းတော်တွင်ရှိသည့် ညီမျှသည့်အဖိုးတန်ပစ္စည်းမျိုး သေချာရွှေးချယ်ရမည်။
ဂိုဏ်းချုပ်ဖြစ်သည့် သူ့အနေဖြင့် သာမန်လူထက် ပိုစဉ်းစားရမည်။
အမွှာမြစ်၏ အာနိသင်ကို သေချာအတည်မပြုနိုင်သေးဘဲ အများသိကြေညာပြီး အကြောင်းမဲ့ဝမ်းသာနေ၍မဖြစ်။
လုယန်ထွက်သွားပြီးနောက် လော်ဟုန်ရှား အိမ်တော်ထဲတွင် လက်နှစ်ဘက်နောက်ပစ်၍ လှည့်ပတ်လမ်းလျှောက်နေသည်။ သူထိုသို့ စိတ်မလှုပ်ရှားခဲ့သည်မှာ အတော်ကြာပြီဖြစ်သည်။
နောက်ဆုံးစိတ်လှုပ်ရှားခဲ့သည့်အချိန်က လုယန်အပေါ် လန်ထင်ခံစားချက်ရှိနေကြောင်း သိရချိန်ကဖြစ်သည်။
"အမွှာမြစ်တကယ်အာနိသင်ရှိလားဆိုတာ စမ်းသပ်အတည်ပြုနိုင်ဖို့ လူတစ်ယောက်လိုလိမ့်မယ်။ ကျင့်စဉ်အဆင့်မြင့်တဲ့လူဆိုရင် အကောင်းဆုံးပဲ။ ဒါမှ တစ်ခုခုအမှားအယွင်းဖြစ်ရင် ကယ်နိုင်မှာ"
ရုတ်တရက် သူ့စိတ်ထဲ လူတစ်ယောက်ကို တွေးမိသည်။ အိမ်တော်မှထွက်ပြီး လက်နက်သွန်းဆောင်သို့ တိတ်တဆိတ်သွား၍ တတိယအကြီးအကဲ ကျုးဟုန်နှင့်တွေ့သည်။
ကျုန်းဟုန် ကြေးဝါရောင်အသားအရေရှိသည့် အရိုင်းမျိုးနွယ်ခွဲမှ မိန်းမလှတစ်ယောက်ဖြစ်သည်။ ရှုပ်ထွေးသည့် လောကဝတ်စည်းမျဉ်းများကို မကြိုက်။ လက်နက်သွန်းလုပ်နေချိန်တွင် ခန္ဓာကိုယ်မှ အရေးကြီးအစိတ်အပိုင်းများ ဖုံးအုပ်ရုံသာ အဝတ်ဝတ်ထားသည်။
တူကိုလေထဲမြှောက်ထားရင်းမှ တွေးရခက်နေဟန်ဖြင့် သူမေးသည်။
"အမ၊ ဘာလို့ အလောတကြီးဝင်လာတာလဲ။ မှော်လက်နက်တစ်ခု အရေးတကြီး လုပ်ပေးစေချင်လို့လား"
"လောင်စန်း၊ မင်း ကလေးလိုချင်တာ ကြာပြီမဟုတ်လား။ မင်းကိုယ်ဝန်ရအောင် ငါလုပ်ပေးနိုင်တယ်။ ငါနဲ့အတူ တာအိုလမ်းစဉ်ဂိုဏ်းကိုသွားပြီး စမ်းကြည့်ကြမလား"
ကျူးဟုန် ပါးစပ်အဟောင်းသားဖြင့် ကျောက်ရုပ်လိုဖြစ်သွားသည်။ လက်ထဲမှတူပြုတ်ကျသွားပြီး ကြမ်းပြင်ပေါ်တွင် ချိုင့်ခွက်တစ်ခုဖြစ်လာသည်ကိုပင် သတိမထားမိ။
..အမ၊ ကိုယ်ပြောနေတဲ့စကားကိုရော ကိုယ့်ဘာသာသတိထားမိရဲ့လား...
.....
ကောင်းကင်ဂိတ်တောင်ထိပ်သို့ လသံလွင်နန်းတော်ကိုယ်စားပြုများ ရောက်လာသည်။
"နန်းတော်သခင်လော်က အမွှာမြစ်ကရေကို စမ်းကြည့်ချင်တယ်ပေါ့"
ယွမ်ကျိကမေးသည်။
လော်ဟုန်ရှားလာလည်မည်ဟု သတင်းကြားစဉ်က ထူးဆန်းသည်ဟု သူတွေးခဲ့သည်။ ရှောင်လု လသံလွင်နန်းတော်သို့သွားသည်မှာ နှစ်ရက်သာကြာသေးသည်။ ပြဿနာတစ်ခုခုဖြစ်၍ ရှောင်လုကိုပြန်ခေါ်ဖို့ လော်ဟုန်ရှားက လာပြောခြင်းလားမသိ။
ရှောင်လု၏ ဂြိုလ်မွှေနိုင်သည့်အမြန်နှုန်းကလည်း တကယ်စံချိန်ချိုးလောက်သည်။
ယခု လော်ဟုန်ရှားစကားကြားမှ လာရင်းရည်ရွယ်ချက်ကို နားလည်သည်။
အမွှာမြစ်ကြောင့် ရောက်လာခြင်းဖြစ်သည်။
"စမ်းကြည့်လို့ရမလား"
"ရပါတယ်"
ရှောင်လုက အမွှာမြစ်အကြောင်း ထုတ်ပြောထားသည်ဆိုလျှင် နတ်မယ်ကလည်း ထိုကိစ္စကို လက်ခံသည့်သဘောဖြစ်သည်။
အမွှာမြစ်ပိုင်ရှင်က နတ်မယ်ဖြစ်သည်။ သူဆန္ဒရှိလျှင် တစ်ခြားလူကို ပေးခွင့်ရှိသည်။
လော်ဟုန်ရှားနှင့် ကျူးဟုန်တို့ ဝမ်းသာသွားကြသည်။
"ရတော့ရတယ်။ ဒါပေမယ့် အမွှာမြစ်ကရေကို ဘယ်လိုသောက်ရမယ်ဆိုတာ ဘယ်လိုကန့်သတ်ချက်တွေ ရှိတယ်ဆိုတာ မသိသေးဘူး။ ကျွန်မတို့ကို အချိန်နည်းနည်းပေးပါ။ သေချာစဉ်းစားပြီးရင် အကြီးအကဲကျူးဟုန်ကို စမ်းကြည့်ဖို့ ဖိတ်ခေါ်ပါ့မယ်"
ရေဘယ်လိုသောက်ရမည် ဘယ်လောက်သောက်ရမည် ဘယ်လိုကန့်သတ်ချက်များရှိသည်ကို ယွမ်ကျိ တကယ်မသိ။ နတ်မယ်သာသိလိမ့်မည်။ သေချာရှင်းရှင်းလင်းလင်းသိဖို့ လုယန်နှင့်နတ်မယ်ပြန်လာချိန်ထိ စောင့်ရမည်။
သို့သော် ထိုအသေးစိတ်ကိစ္စများကို ထုတ်ပြော၍မဖြစ်။ နတ်မယ်အကြောင်း အလွယ်တကူ ပေါ်သွားနိုင်သည်။
သို့မဟုတ် ရှောင်လုကိုယ်ထဲတွင် ယင်ထန်မသေမျိုးရှိနေသည်ဟု လူအများက အထင်လွဲသွားနိုင်သည်။
"သဘောပေါက်ပါပြီ"
လော်ဟုန်ရှားနှင့် ကျူးဟုန်တို့ နည်းနည်းစိတ်ပျက်သွားကြသည်။
ယွမ်ကျိက ချက်ချင်းထပ်ပြောသည်။
"သောက်သုံးပုံကို သေချာမသိသေးပေမယ့် စိတ်မပူပါနဲ့။ အမွှာမြစ်ရေက တကယ်ကိုယ်ဝန်တည်ပါတယ်။ ဒါကိုတော့ ကျွန်မ အာမခံနိုင်တယ်"
သက်သေမရှိသော်လည်း ယွမ်ကျိ၏အာမခံချက်သည် တစ်ဘက်လူကို အလိုလိုယုံကြည်လက်ခံစေသည့် မှော်စွမ်းအားတစ်မျိုးပါဟန်ရှိသည်။ နှစ်ယောက်လုံး စိတ်အားတက်ကြွလာကြပြန်သည်။
ရက်နည်းနည်းလောက် ထပ်စောင့်ရုံသာဖြစ်သည်။ စုစည်းခြင်းအဆင့်ရောက်ဖို့ စောင့်ခဲ့ရသည့်အချိန်နှင့်စာလျှင် ဘာမှမပြောပလောက်။
ထွက်သွားသည့် လူနှစ်ယောက်၏ကျောပြင်ကိုကြည့်၍ ယွမ်ကျိစိတ်ထဲတွေးမိသည်။ သူ့အဖြစ်က နတ်ဆေးသမားတော်နှင့်တူနေသည်။ ထိုနှစ်ယောက်က နှစ်ပေါင်းများစွာ သားသမီးမရခဲ့သည့် လင်မယားနှစ်ယောက်နှင့် တူသည်။
ကျူးဟုန်သာ တကယ်ကိုယ်ဝန်ရလျှင် သူ့ကို နတ်ဆေးသမားတော်ဘွဲ့ တကယ်ပေးလောက်သည်။
ယွမ်ကျိ ခေါင်းခါသည်။ ရှုပ်ထွေးသည့်အတွေးများကို ခေါင်းထဲမှထုတ်လိုက်သည်။ နတ်မယ်ပြဿနာများကို မကြာခဏဖြေရှင်းခဲ့ရသဖြင့် သူ့အတွေးအခေါ်များပါ ရူးကြောင်ကြောင်ဖြစ်လာသလိုခံစားရသည်။
ဧည့်သည်နှစ်ယောက်ထွက်သွားပြီးနောက် ယွမ်မုန်မုန်က ယွမ်ကျိနားသို့ အသံတိတ်ကပ်လာပြီး ရင်ခွင်ထဲသို့ ပစ်လှဲသည်။
"အမွှာမြစ်လို ပျော်စရာကောင်းတာမျိုးလည်း ရှိတယ်ပေ့ါ"
စူးစမ်းလိုစိတ်ကြောင့် သူ့မျက်လုံးများ အရောင်လက်လာသည်။ သူ့ဇာတိမြေမှ သားအမိမြစ်အကြောင်း အလိုလိုတွေးမိလာသည်။
ယွမ်ကျိက ယွမ်မုန်မုန်ကို တစ်ချက်ကြည့်၍ လည်ပင်းကို လက်မောင်းဖြင့်ချုပ်ပြီး သတိပေးသည်။
"အမွှာမြစ်ကို နင်ကြည့်ခွင့်မရှိဘူး"
ယွမ်မုန်မုန်က အလိုမကျဟန်ဖြင့် လျှာတစ်လစ်ထုတ်ပြသည်။
....
လန်ထင် လုယန်ကို တဖြေးဖြေးပို၍အထင်ကြီးလေးစားလာသည်။ လနန်းတော်ကို နှစ်တစ်သိန်းကြာအောင် ဒုက္ခပေးခဲ့သည့် ပြဿနာကို ရောက်ရောက်ချင်းမှာပင် ဖြေရှင်းနိုင်သည်။
လုယန်နှင့်အတူနေလျှင် သူ့ဆရာကလည်း မတားသည့်အပြင် ဝမ်းသာအယ်လှဲ ထောက်ခံအားပေးလိမ့်မည်ထင်သည်။
ညရောက်ချိန်တွင် လန်ထင်က လုယန်ကိုနှုတ်ဆက်၍ ကျင့်ကြံရန် ထွက်သွားသည်။ ပိုင်ယဲ့က လုယန်ဆီထပ်ရောက်လာသည်။ ဤတစ်ကြိမ်တွင် ခွေးခြေပုတစ်လုံး ယူလာသည်။
"အကိုလုယန်၊ ကျွန်မ ပုံပြင်နားထောင်ဖို့လာခဲ့တာ"
လုယန် ပြုံးလိုက်သည်။
"မင်းက ကျင့်ကြံချိန်ကိုပစ်ထားပြီး ခိုးထွက်လာပြန်ပြီပေါ့။ မနေ့က ငါတို့ ဘယ်နားကိုရောက်သွားပြီလဲ"
"အကိုတို့သုံးယောက် ထာဝရဂိုဏ်းထဲခိုးဝင်ပြီး သူတို့တည်နေရာကိုသတင်းပို့တယ်။ တာအိုလမ်းစဉ်ဂိုဏ်းနဲ့ မဟာရှား လက်တွဲပြီး ထာဝရဂိုဏ်းကို အမြစ်ဖြုတ်ခဲ့တယ်ဆိုတဲ့ နေရာကိုရောက်ပြီ"
ခွေခြေပေါ်ထိုင်နေသည့် ပိုင်ယဲ့၏ မျက်လုံးများ အရောင်တောက်နေသည်။
ခြံဝန်းထဲမှ သံလွင်ပင်အောက်တွင် သူတို့ထိုင်နေကြသည်။ တစ်ယောက်က ဇာတ်လမ်းပြောသည်။ တစ်ယောက် နားထောင်သည်။ ထိုသို့ဖြင့် နောက်ထပ်တစ်ညတာ ကုန်သွားပြန်သည်။
နောက်ရက်တွင် ပြန်လာမည်ဟု ကတိပေးပြီးနောက် ပိုင်ယဲ့က ပြုံးရယ်လျက် လုယန်ကို စက္ကူအိတ်တစ်အိတ်ပေးသည်။
ပိုင်ယဲ့အချက်ပြသဖြင့် လုယန် စက္ကူအိတ်ကို ဖွင့်ကြည့်သည်။ ပန်းပွင့်ချပ်များပြည့်နေသည်။
"ဒါကဘာလဲ"
"သံလွင်ပန်းပွင့်တွေလေ။ တကယ်အရသာရှိတယ်။ အားတဲ့အချိန် အကိုအဆာပြေစားပေါ့"
သံလွင်ပန်းပွင့်။ လုယန် တစ်ခါမှမကြားဖူး။
ပွင့်ချပ်တစ်ခုယူ၍ ပါးစပ်ထဲထည့်လိုက်သည်။ ချိုမွှေးသည့် ပန်းအရသာက လျှာထဲစိမ့်ဝင်သွားသည်။ အချိုဓာတ်ထဲတွင် ဝိညာဉ်စွမ်းအင်တစ်ချို့လည်း ရောယှက်နေသည်။ သန့်စင်စရာမလိုပဲ သူ့ကိုယ်ပိုင်ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းသွားသည်။
"ကျင့်ကြံမှုမလုပ်ဘဲ မင်းခိုးထွက်လာရဲတာ မဆန်းတော့ပါဘူး"
ဤသံလွင်ပွင့်ချပ်များစားလျှင် ကျင့်ကြံနေသည်နှင့်ဘာမှမခြား။ အတော်အဆင်ပြေသည်။
ပွင့်ချပ်များကို လုယန်သဘောကျမှန်း ရိပ်မိသဖြင့် ပိုင်ယဲ့က ပြုံး၍ပြောသည်။
"ကျွန်မမှာ သံလွင့်ပန်းပွင့်ချပ်တွေ သိပ်များများမရှိဘူး။ ဒါပေမယ့် အကိုကြိုက်ရင် ကျွန်မနည်းနည်းစုထားပါ့မယ်"
"ဒါဆို ကတိနော်"
သူတစ်ခါမှမစားဖူး။ သံလွင်ပန်း ပွင့်ချပ်များ ထိုမျှအရသာရှိမည်ဟု မထင်ခဲ့။ ပိုစားလေလေ ပိုစွဲလန်းလေဖြစ်လာသည်။
ပိုင်ယဲ့လေသံအရ ထိုပန်းပွင့်များသည် သိပ်တန်ဖိုးကြီးပုံမပေါ်။ တန်ဖိုးကြီးလွန်းလျှင် လက်ခံရသည်ကို သူအားနာမိပေလိမ့်မည်။
သိစိတ်နယ်မြေတွင် နတ်မယ်က နှင်းသားပလ္လင်တစ်ခု တည်ဆောက်ထားသည်။ ပလ္လင်ပေါ်ထိုင်ရင်း ပိုင်ယဲ့ကိုစိုက်ကြည့်၍ သူ့ဘာသာတီးတိုးရေရွတ်နေသည်။
"ဒီကောင်မလေးက သစ်ပင်လား။ သစ်ပင်နဲ့လည်း သိပ်မတူသလိုပဲ။ ရှောင်ယန်က သဘောရိုးလွန်းတယ်။ ဘာမှမသိဘူး"
***