နတ်မယ် ပိုင်ယဲ့ကို နှစ်ညစောင့်ကြည့်ခဲ့သည်။ ထိုကောင်မလေးသည် သံလွင်ဘိုးဘေးနှင့် သေချာပေါက် ဆက်စပ်နေသည်။ သံလွင်ဘိုးဘေး၏ သိစိတ်ဝိညာဉ်လိုအရာမျိုး ဖြစ်သည်။
ထိုသစ်ပင်သည် ယင်ထန်မသေမျိုးစိုက်ခဲ့သည့် သစ်ပင်တစ်ပင်ဖြစ်မည်။ နှစ်လေးသိန်းဟူသည့်ကာလသည် အသိစိတ်ဖွံ့ဖြိုးဖို့ လုံလောက်သည့်အချိန်ဖြစ်သည်။
ဥပမာ အချိန်မသေမျိုးသည် မသေမျိုးမဖြစ်မီက ကိုယ်ပွားတစ်ခု သီးခြားခွဲထုတ်ခဲ့သည်။ ယခုလည်း ထိုသဘောတရားမျိုးနှင့်ဆင်သည်။
သို့သော် ပိုင်ယိသည် သံလွင်ဘိုးဘေးဖြစ်ရုံလောက် မရိုးရှင်းသည်က သေချာသည်။ အခြေအနေမှန်ကို နတ်မယ်မခွဲခြားနိုင်သေး။
"ရှောင်ယန်က ဉာဏ်ရည်သိပ်မထက်ဘူး။ ငါသူ့အတွက် စိတ်ပူပေးနေရဦးမှာပဲ"
နတ်မယ်ပြုံး၍ ခေါင်းယမ်းနေသည်။ ရှောင်ယန်ဘေးတွင် သူ့လိုအကြံပေးမည့်လူမရှိ၍မဖြစ်။
"ဒါပေမယ့် ဒီကောင်မလေးက ရှောင်ယန်အပေါ် မကောင်းတဲစိတ်မျိုးတော့ မရှိဘူး။ ဒီတော့ သူ့ကိုစိုးရိမ်စရာမလိုဘူး။ ပိုင်ယဲ့ဘာလဲဆိုတာပဲ ငါစဉ်းစားရမယ်"
နတ်မယ် နှင်းပလ္လင်ကိုမှီ၍ ခဏစဉ်းစားသည်။ သို့သော် စိတ်ပင်ပန်းမှုကြောင့် ချက်ချင်းအိပ်ပျော်သွားသည်။
လုယန် လနန်းတော်တစ်ခုလုံး လည်ပတ်ပြီးသော်လည်း နေရာတစ်ခုကျန်သေးသလို ထင်မိသည်။ တစ်ခုခုလစ်ဟာသလို ခံစားရသည်။
"ညီမလန်၊ ဒီနန်းတော်မှာ အကျဉ်းထောင်တောင်ထိပ်လိုနေရာမျိုးရှိလား"
ဘယ်လိုနေရာကျန်သေးသည်ကို သူတွေးမိလာသည်။ လနန်းတော်၏ အကျဉ်းထောင်သို့ သူသွားမလည်ရသေး။
"ဘယ်လို...အကိုလုက အပြစ်သားခန်းမကို သွားလည်ချင်တာလား"
လသံလွင်နန်းတော်သည် ဥပဒေပြုဩဇာကို ပိုင်ဆိုင်သည်။ ထို့ကြောင့် အကျဉ်းထောင်တောင်ထိပ်နှင့်တူသည် အပြစ်သားခန်းမရှိနေသည်မှာ မဆန်းလှ။
လုယန်အပြစ်သားခန်းမကို အတော်စိတ်ဝင်စားနေသဖြင့် လန်ထင်နားမလည်နိုင်အောင်ဖြစ်ရသည်။ လုယန်ထိုနေရာမျိုးနှင့်မသင့်တော်ဟု ယူဆသဖြင့် သူတမင်လိုက်မပို့ခဲ့ခြင်းဖြစ်သည်။
"ဗဟုသုတရရုံပါပဲ"
လုယန် ရယ်၍ပြောသည်။ တစ်ခြားမသေမျိုးဂိုဏ်း၏ ပြစ်ဒဏ်စီမံရေးအခြေအနေကို သူသိလိုသည်။
အပြစ်သားခန်းမသည် တားမြစ်နေရာမဟုတ်။ လနန်းတော်တပည့်များ စိတ်ကြိုက်ဝင်ထွက်နိုင်သည်။
လန်ထင်က လုယန်ကို နန်းဆောင်ငယ်လေတစ်ခုသို့ ခေါ်သွားသည်။ အကျဉ်းချသည့်နေရာနှင့်စာလျှင် သေးငယ်လွန်းသည်။
အထဲသို့ဝင်ချိန်တွင် တစ်ဘက်တစ်ချက်မှ ဖယောင်းတိုင်များက သူတို့ရောက်လာသည်ကို အာရုံခံမိပြီး မီးများထတောက်လာသည်။ ရှေ့စင်္ကြံလမ်းကို အလင်းပေးသည်။
"အကျဉ်းသားတွေအားလုံး ဒီအောက်ထဲမှာပါ"
မြေအောက်ထပ်သို့သွားသည့် လမ်းကြောင်းကို လန်ထင်လက်ညှိုးထိုးပြသည်။
ထိုလမ်းကြောင်းက ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေသည်။ သူတို့ခြေသံများမှလွဲ၍ ဘာသံမှမကြားရ။ မြေအောက်စင်္ကြံလမ်းဘေးနှစ်ဘက်မှ ဖယောင်းတိုင်များလည်း အလိုလိုမီးလင်းလာသည်။
လုယန်က ဖယောင်းတိုင်များကို စိတ်ဝင်တစားကြည့်နေသဖြင့် လန်ထင်က ပြုံး၍ရှင်းပြသည်။
"အရင်က အပြစ်သားခန်းမရဲ့ ဖယောင်းတိုင်တွေက အမြဲတမ်းမီးလင်းနေတာလေ။ အဲဒါ နည်းနည်းဖြုန်းတီးသလိုဖြစ်နေလို့ ပုံမှန်အချိန်ဆို ဖယောင်းတိုင်မီးငြိမ်းပေးတဲ့ အသံအာရုံခံမှော်စက်ဝန်းတစ်ခု ကျွန်မဒီဇိုင်းဆွဲခဲ့တယ်။
အသံကိုအာရုံခံမိတာနဲ့ ချက်ချင်းမီးတောက်လာတယ်။ အတော်အဆင်ပြေပါတယ်။ ဂိုဏ်းအတွက် ဖယောင်းတိုင်ချွေတာပေးရာရောက်လို့ ကျိုးဆောင်မှတ်တစ်ထောင်တောင် ကျွန်မရခဲ့သေးတယ်"
"တကယ်ကောင်းတဲ့ဒီဇိုင်းပါပဲ"
လုယန် ခေါင်းငြိမ့်သည်။ ထိုမှော်စက်ဝန်းမျိုး လန်ထင်စိတ်ကူးမိသည်က ချီးကျူးစရာကောင်းသည်။ လန်ထင်သည် ထိုအပိုင်းတွင် ပါရမီပါပုံရသည်။
အော်တိုအသားကင်မှော်စက်ဝန်းကို ပထမဆုံးအကြံရခဲ့သူမှာလည်း လန်ထင်ဖြစ်သည်။
"အဲဒါအတွက် မူပိုင်ခွင့်လျှောက်ပြီးပြီလား"
"မလျှောက်ဘူး။ ဒုက္ခများတယ်လို့ ထင်လို့ပါ"
သူတော်စင်တစ်ဝက်ဂိုဏ်းဖြစ်သည့် လနန်းတော်သည် မူပိုင်ခွင့်များကို စိတ်မဝင်စား။ တာအိုလမ်းစဉ်ဂိုဏ်းလို မူပိုင်ခွင့်လျှောက်သည့် အလေ့အထမျိုးမရှိ။
လုယန်က အကြံပေးသည်။
"လျှောက်ထားတာ အကောင်းဆုံးပဲ။ အခုချိန်လောက်ဆို နေစွမ်းအင်မီးအိမ်တွေက ဖယောင်းတိုင်တွေနေရာမှာ အစားထိုးပေါ်လာပြီ။ အသံစနစ်သုံး နေစွမ်းအင်မီးအိမ်တွေတော့ မပေါ်လောက်သေးဘူး။
ဒီမှော်စက်ဝန်းအတွက် မူပိုင်ခွင့်တင်လိုက်ရင် ဝိညာဉ်ကျောက်တွေ အများကြီးရနိုင်တယ်"
"နေစွမ်းအင်လေ့လာရေးအဖွဲ့က ဈေးကွက်တင်တော့မယ် နေစွမ်းအင်မီးအိမ်တွေကိုပြောတာလား"
သိပ်မကြာသေးမီက ဂိုဏ်းမစ်ရှင်ထွက်ရင်း ထိုအဖွဲ့အစည်းအကြောင်း သူနည်းနည်းကြားခဲ့သည်။ အိပ်မက်ရေပွက်မှတစ်ဆင့် မကြာခဏကြော်ငြာနေသည်။
"ထုတ်လုပ်ရေးပိုင်းက စီစဉ်ပြီးပြီလားမသိဘူး။ သူတို့ အရှိန်ကုန်တင်ကြနေတယ်ထင်တယ်"
လုယန် သူ့ဘာသာရေရွတ်သည်။ ထို့နောက် ပြန်ပြောသည်။
"ဟုတ်တဲ့ အဲဒီမီအိမ်တွေကိုပဲပြောတာ"
"တက်သစ်စလုပ်ငန်းတွေက စီးပွားရေးအခွင့်အလမ်း အများကြီရှိတယ်။ ဒါကိုအခွင့်ကောင်းယူနိုင်ရင် အကျိုးအမြတ်များများရမှာ။ ငါတို့ကျင့်ကြံသူတွေက ဝိညာဉ်ကျောက်တွေကို လောဘမတက်ပေမယ့် ဒါတွေမရှိရင်လည်း ကျင့်ကြံမှုကို ရှေ့ဆက်လို့မရဘူး။
လက်ထဲမှာ မူပိုင်ခွင့်ရှိလို့ ဝိညာဉ်ကျောက် ပုံမှန်ရနေရင် ရှေ့လျှောက်ကျင့်စဉ်လမ်းမှာ အများကြီးပိုလွယ်ကူသွားမယ်လေ"
"ကောင်းပါပြီ"
မူပိုင်ခွင့်များကို အရေးမစိုက်သည့်သော်လည်း အကိုလုယန်က စေတနာဖြင့်အကြံပြုနေခြင်းဖြစ်၍ သူဖြစ်အောင်လုပ်ရမည်။
...ညီမထောင်ယော်၊ နင့်အပေါ် အကိုလုက အဲလောက်ကောင်းလို့လား...
(**အော်...ကဲ မိန်းမဆိုတာတွေများ...)
စကားပြောရင်းမှ စင်္ကြံလမ်းအဆုံးသို့ ရောက်လာသည်။ ဝတ်ရုံနက်ဝတ်ထားသည့် တံခါးစောင့်တစ်ယောက်ရှိသည်။
တံခါးစောင့်က ခေါင်းငုံ့၍ တစ်စုံတစ်ခု ရေးနေဟန်ရှိသည်။
"ဒါက အကြီးအကဲမိုရန်ပါ"
"မျိုးဆက်သစ်လုယန် အကြီးအကဲမိုရန်ကို ဂါရဝပြုပါတယ်"
လုယန် ဦးညွှတ်လိုက်သည်။
အပြင်လူရောက်လာမှန်း သတိထားမိသဖြင့် မိုရန်က သူရေးနေသည့်အရာကို အမြန်အုပ်ထားလိုက်သည်။
"ဪ..တာအိုရှင်ဝစီပိတ်ရဲ့ တပည့်လေးပဲ။ ဘယ်လိုပြစ်မှုမျိုးကျူးလွန်မိလို့ ဒီကိုရောက်လာတာလဲ"
"အဲ..."
လုယန် ကြောင်တောင်တောင်ဖြစ်နေသဖြင့် မိုရန်လည်း တွေးရခက်သွားသည်။
"မင်းက မင်းဆရာကိုအတုခိုးပြီး အပြင်လောကမှာ ပြစ်မှုတွေကျူးလွန်မိလို့ လနန်းတော်က အဖမ်းခံရတာမဟုတ်ဘူးလား"
လုယန် အလည်လာခြင်းဖြစ်ကြောင်း တာအိုရှင်ဝစီပိတ်လိုမဟုတ်ကြောင်း လန်ထင်က အမြန်ရှင်းပြသည်။
"ဪ ငါနားလည်မှုလွဲသွားတာပဲ။ ထောင်ကျတာက မင်းတို့ဂိုဏ်းရဲ့ ရိုးရာဓလေ့တစ်ခုလို့ ထင်ထားလို့ပါ"
တာဝန်များရှိနေသဖြင့် မိုရန်သည် ပြစ်မှုခန်းမမှ ထွက်ခဲသည်။ လက်ရှိအပြင်လောကအခြေအနေများကို သိပ်မသိ။
"ကျုပ်ဆရာက ပြစ်မှုခန်းမကို လာလည်ဖူးလို့လား"
လုယန် စကားလုံးသေချာရွေး၍ မေးသည်။ သူ့ဆရာသည် သူထင်ထားသည်ထက်ပင် နေရာစုံရောက်သူဖြစ်သည်။ ထိုမျှဝေးလံသည့် လနန်းတော်လိုနေရာမျိုးကိုပင် ရောက်သည်။
မိုရန်က နှာခေါင်းတစ်ချက်ရှုံ့၍
"သူမရောက်ဖူးတဲ့ မသေမျိုးဂိုဏ်းအကျဉ်းထောင်ဆိုတာ ရှိလို့လား။ အထဲကိုဝင်ကြည့်ချင်ရင် တူမလန်ကို လမ်းပြခိုင်းပါ။ သူဒီကိုရောက်ဖူးပြီးသားဆိုတော့ ဒီနေရာအကြောင်း ကောင်းကောင်းသိပါတယ်။ ငါမလိုက်တော့ဘူး"
မိုရန်သည် အများနှင့်ပြောဆိုဆက်ဆံရသည်ကို မကြိုက်။ တိတ်ဆိတ်သည့် အပြစ်သားခန်းမလိုနေရာမျိုးသည် သူနှင့်အလိုက်ဖက်ဆုံးဖြစ်သည်။
ဝင်သွားသည့်လူနှစ်ယောက်ကိုကြည့်၍ မိုရန်၏မျက်လုံးများ ပို၍အေးစက်တင်းမာလာသည်။
"ငါရေးနေတာ မြင်မသွားလို့ပေါ့။ မြင်လို့ကတော့ သူတို့ကို လုံးဝထွက်သွားခွင့်မပေးဘူး"
ထို့နောက် ခေါင်းငုံ့၍ ဆက်ရေးသည်။
-မနက်အလင်းနတ်ဘုရားက ချူးရှန်အာရဲ့ သေးသွယ်တဲ့ခါးကို လက်နဲ့သိုင်းဖက်ထားပြီး ပတ်လည်ဝိုင်းနေတဲ့ နတ်ဘုရားတွေ ဗုဒ္ဓတွေကို ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ရင်ဆိုင်တယ်...
လုယန်တို့နှစ်ယောက် မိုရန်ပေးသည့်တံဆိပ်ဖြင့် မဟာမှော်စက်ဝန်းကို ဖြတ်ကျော်ပြီး အပြစ်သားခန်းမထဲသို့ ဝင်လာကြသည်။
"ကျွန်မတို့ရဲ့ အပြစ်သားခန်းမက အကိုတို့ အကျဉ်းထောင်တောင်ထိပ်လိုပါပဲ။ အပြင်မှာဖမ်းမိတဲ့ ရာဇတတ်သားတွေကို ထိန်းသိမ်းတာပါ။ ထိန်းသိမ်းထားတဲ့ ရာဇဝတ်သားတွေမှာ အခြေတည်အဆင့်ကနေ စုစည်းခြင်းအဆင့်ထိရှိတယ်"
စုစည်းခြင်းအဆင့် အပြစ်သားများရှိကြောင်းပြောချိန်တွင် လန်ထင်အတော်ဂုဏ်ယူဝင့်ကြွားသည့်ပုံမျိုးရှိနေသည်။ လသံလွင်နန်းတော်မှ ဂိုဏ်းတပည့်များသည် အလွန်ဆုံး စုစည်းခြင်းအဆင့်သာ ရောက်ကြသည်။
မစ်ရှင်ထွက်ချိန်တွင် အဆင့်တူရာဇဝတ်သားများကို ဖမ်းရသည်က အတော်ခက်ခဲသည်။
အသစ်ဖမ်းခေါ်လာသည့် နှလုံးမဲ့ဂိုဏ်းအကြီးအကဲကို ဥပမာကြည့်နိုင်သည်။ လုယန်နှင့်မန်ကုသာမရှိလျှင် လန်ထင်အနေဖြင့် အရှင်ဖမ်းနိုင်ဖို့မလွယ်။
လုယန် ခဏစဉ်းစားသည်။ အကျဉ်းထောင်တောင်ထိပ်တွင် ဖမ်းထားသည့် ရာဇဝတ်သားများက အနိမ့်ဆုံး စုစည်းခြင်းအဆင့်ရှိသည်။ အမြင့်ဆုံးက မသေမျိုးကွမ်းရှန်ဟိုင်ဖြစ်သည်။
တာအိုလမ်းစဉ်ဂိုဏ်းတပည့်များလည်း မစ်ရှင်ထွက်၍ ရာဇဝတ်သားများဖမ်းကြပါသည်။ သို့သော် စုစည်းခြင်းအဆင့်မဟုတ်သည့် ရာဇဝတ်သားများကို နယ်ခံရုံးတော်သို့ တန်းပို့သည်။ အကျဉ်းထောင်တောင်ထိပ်သို့ ခေါ်လာစရာမလို။
အကျဉ်းထောင်တောင်ထိပ်ရှိ အကျဉ်းခန်း များများစားစားမရှိ။ နေရာချန်ထားဖို့လိုသည်။
အကျဉ်းသားတစ်ယောက်ချင်း၏တံခါးတွင် နာမည်၊ ကျူးလွန်ခဲ့သည့် ပြစ်မှုနှင့် ကျခံရမည့်ထောင်ဒဏ်သက်တမ်းများ ဆိုင်းဘုတ်ရေးထားသည်ကို လုယန်သတိထားမိသည်။
အချိန်အတိုဆုံးထောင်ဒဏ်ကျသူက သူခိုးတစ်ယောက်ဖြစ်သည်။ နောက်ထပ်ရက်ပိုင်းအတွင်း သူလွတ်တော့မည်။
လနန်းတော်သည် အကျဉ်းသားများကို ယောက်ျားမိန်းမ မခွဲခြား။ ထိုသို့ခွဲခြားလျှင် တာအိုရှင်ဝစီပိတ် ဤနေရာသို့ဝင်နိုင်ခဲ့မည်မဟုတ်။
အကျဉ်းထောင်တောင်ထိပ်တွင်လည်း အလားတူအမှတ်အသားများရှိသည်။ နာမည်၊ ကျူးလွန်သည့်ပြစ်မှုတို့ကို ဖော်ပြထားသည်။ သို့သော် ကျန်ရှိသည့် ပြစ်ဒဏ်သက်တမ်းကိုတော့ ရေးမထား။
အကျဉ်းထောင်တောင်ထိပ်မှ အကျဉ်းသားများသည် လူသတ်သမားမဟုတ်လျှင် နိုင်ငံတော်ပုန်ကန်သူများဖြစ်သည်။ လက်ကျန်ပြစ်ဒဏ်သက်တမ်းဟူ၍မရှိ။ တစ်သက်လုံး အကျဉ်းထောင်တောင်ထိပ်တွင် အပိုးကျိုးကျိုးနေရုံသာရှိသည်။
***