လုယန် အကျဉ်းသားတစ်ယောက်ချင်းစီ၏ ပြစ်မှုများကိုကြည့်သည်။ ပြစ်မှုတစ်ခုကို သူအတော်စိတ်ဝင်စားသွားသည်။
"မအောင်မြင်သည့် ပူးကပ်ရန်ကြိုးစားမှု"
အတော်ရှားပါးသည့် ပြစ်မှုမျိုးဖြစ်သည်။ ပုံမှန်အားဖြင့် ကျင့်စဉ်အဆင့်မြင့်သူများက နိမ့်သူများကို ပူးကပ်လျှင် အောင်မြင်သည်ကများသည်။ အဆင့်နိမ့်သူက ခုခံနိုင်စွမ်းမရှိ။ မအောင်မြင်စရာအကြောင်းမရှိ။
ထိန်းသိမ်းခံထားရသည့် အကျဉ်းသားကလည်း ကျင့်စဉ်အဆင့်မနိမ့်။ ဝိညာဉ်ပြောင်းနောက်ဆုံးအဆင့်ဖြစ်သည်။
လန်ထင်က ရှင်းပြသည်။
"ဒီလူက ကံဆိုးတယ်။ ခုန်ဟော် ဆိုတဲ့ကျင့်ကြံသူကို ဝင်ပူးကပ်ဖို့ကြိုးစားခဲ့တာ"
လုယန် မျက်ခုံးတစ်ချက်တွန့်သွားသည်။ ခုန်ဟော် ကို သူမှတ်မိသည်။ ဂိုဏ်းနှစ်တစ်သိန်းနှစ်သောင်းပြည့် နှစ်ပတ်လည်ပွဲတွင် ဂိုဏ်းသခင်လုအဖြစ်ဟန်ဆောင်စဉ်က ခုန်ဟော် နှင့် သူတိုက်ခိုက်ခဲ့ဖူးသည်။
ယှဉ်ပြိုင်တိုက်ခိုက်နေစဉ်အတွင်း ခုန်ဟော်က ခန္ဓာကိုယ်ထဲမှ ကြမ်းတမ်းသည့်သားရဲစွမ်းအားကို ငှားယူသုံးစွဲခဲ့သဖြင့် သူတိုင်တန်းခဲ့သည်။
"အစက ခုန်ဟော်ရဲ့ ကျင့်စဉ်စွမ်းအားက သူ့လောက်မမြင့်ဘူး။ ဘာမှအဆင်မပြေစရာအကြောင်းမရှိဘူး။ ဒါပေမယ့် မထင်မှတ်ဘဲခုန်ဟော် ရဲ့သိစိတ်နယ်မြေမှာ ကူးဖြတ်ခြင်းအဆင့် ထောင်ကျူးနှစ်ယောက်ရှိနေတယ်လေ"
"နှစ်ယောက်...ဟုတ်လား"
လုယန် တွေးသည်။ ခုန်ဟော်ကိုယ်ထဲတွင် ထောင်ကျူးတစ်ယောက်သာရှိခဲ့သည်။ ထိုထောင်ကျူး ကိုယ်ဝန်ရခဲ့ခြင်းများလား။ မဖြစ်နိုင်။ ထိုထောင်ကျူးသည် ကူးဖြတ်ခြင်းအဆင့်ထောင်ကျူးကိုတော့ မွေးနိုင်မည်မဟုတ်။
"ဟုတ်တယ်။ ကူးဖြတ်ခြင်းအဆင့်ထောင်ကျူးနှစ်ယောက်ရှိနေတော့ ပူးကပ်တာဘယ်အောင်မြင်တော့မလဲ"
နောက်ထပ် ပူးကပ်ရန်ကြိုးစားမှုမအောင်မြင်ခဲ့သည့် အကျဉ်းသားတစ်ယောက်လည်းရှိနေသည်။
"ဒီတစ်ယောက်ကရော ဘယ်လိုအခြေအနေမျိုးလဲ"
"ဒီလူက လုန်ဟော်ဆိုတဲ့လူကို ပူးကပ်ဖို့ကြိုးစားခဲ့တာ။ ကျင့်စဉ်အဆင့်ခြင်းကလည်း ကွာတယ်။ တကယ်ဆို အောင်မြင်ခဲ့သင့်တာပေါ့။ ဒါပေမယ့် သူ့ထွက်ဆိုချက်အရ ပူးကပ်တာအောင်မြင်ခါနီးမှာ လုန်ဟော်က 'ငါရှုံးလို့မဖြစ်ဘူး'လို့ အော်လိုက်တယ်တဲ့။ ဘာအဓိပ္ပါယ်မှန်းတော့မသိဘူး။
နေရာတင်ချက်ချင်းအဆင့်တက်သွားတယ်။ ဝိညာဉ်စွမ်းအားတွေတိုးလာတယ်။ ဒါကြောင့် ဒီလူပူးကပ်တာ မအောင်မြင်တော့တာ။ ဂိုဏ်းအမတစ်ယောက်က ခရီးသွားရင်းတွေ့လို့ အကျဉ်းသားကို ဖမ်းခေါ်လာတာ။ အကျဉ်းသားထွက်ဆိုတာတော့ ပူးကပ်တာအောင်မြင်ရင် ခန္ဓာကိုယ်ကိုအားဖြည့်ဖို့ ရတနာတွေအများကြီး ပြင်ဆင်ထားတယ်တဲ့။
အဲဒီ့ရတနာတွေကလည်း ခိုးထားတဲ့ပစ္စည်းတွေပါလို့ သူဝန်ခံတယ်။ ထူးဆန်းတာတစ်ခုရှိတယ်။ ဂိုဏ်းတူအမက သူ့ကိုခေါ်လာတော့ ခိုးရာပါပစ္စည်းတွေကို သွားရှာဖို့ တည်နေရာပြောပြတယ်။ ဒါပေမယ့် အဲဒီအမက လက်ဗလာနဲ့ပြန်လာခဲ့ရတယ်။ ရတနာတွေကို ဘယ်သူယူသွားမှန်းမသိဘူး"
လုယန် လုန်ဟော်ကို မှတ်မိသည်။ ဂိုဏ်းနှစ်ပတ်လည်ပွဲတွင် မုန်ကျင်းကျိုးနှင့်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။
"မိတ်ဆွေလုယန်၊ ကျုပ်တို့ ဒီမှာဆုံရမယ်လို့ထင်မထားခဲ့ဘူး"
အကျဉ်းခန်းတစ်ခုမှ စကားသံထွက်လာသည်။
"ရွှဲ့ရှီလုန်၊ မင်းကဒီမှာဘာလို့ရှိနေတာလဲ"
လုယန် အံ့အားသင့်သွားသည်။ အပြစ်သားခန်းမတွင် အသိအကျွမ်းတစ်ယောက်နှင့် ဆုံရမည်ဟု သူလည်းထင်မထား။
နှင်းအင်ပါယာသွေးဆက်ရှိသည်ဟု ကောလဟာလပြောကြသည့် မြောက်ပိုင်းအေးခဲနယ်မြေမှ ရွှဲ့ရှီလုန်ပင်ဖြစ်သည်။ လုယန်သူ့ကို အနိုင်ယူသည့်အချိန်တွင် ဒုတိယစရိုက်ကွဲက လွှမ်းမိုးသွားသည်။ ပထမစရိုက် ဒုတိယစရိုက်တို့ ပေါင်းစပ်သွားပြီး တန်ပြန်တိုက်ခိုက်ခဲ့သူဖြစ်သည်။
သူ့အကျဉ်းခန်းတံခါးတွင် ကပ်ထားသည့်ပြစ်မှုက...နယ်စပ်ဖြတ်ကျော်မှု။
မေးနေစရာမလိုတော့။ မဟာရှားသို့ တရားမဝင်လမ်းကြောင်းမှ လာခဲ့ခြင်းဖြစ်မည်။
သဘာဝလည်းကျပါသည်။ လသံလွင်နန်းတော်သည် မြောက်ပိုင်းနယ်မြေနှင့် မဟာရှားနယ်စပ်တွင်ရှိသည်။ လူတစ်ယောက် နယ်စပ်မှခိုးဝင်ဖို့ လွယ်ကူသည်။ ရွှဲ့ရှီလုန်နဲ့မတွေ့မီကလည်း နယ်စပ်ဖြတ်ကျော်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူများကို လုယန်မြင်ဖူးသည်။
ထို့ပြင် သံလွင်ပင်ခိုးယူသူများလည်းရှိသည်။ ဤနေရာတွင် အကျဉ်းချထထားသည်။
ရွှဲ့ရှီလုန်က ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်နေသည့်လေသံဖြင့် ပြောသည်။
"မဟာရှားနယ်စပ် စစ်ဆေးရေးဂိတ်တွေ တစ်ခုနဲ့တစ်ခု စည်းကမ်းတင်းကြပ်တာခြင်း ဒီလောက်ကွာခြားမယ်လို့ မထင်ခဲ့ဘူး။ ကျုပ်တကယ်ပေါ့ဆခဲ့တာပဲ"
မဟာရှားမြောက်ပိုင်းနယ်စပ်သည် အလွန်ရှည်လျားသည်။ လသံလွင်နန်းတော်က နေရာအားလုံးကို စောင့်မကြည့်နိုင်။
ရွှဲ့ရှီလုန်ဝင်လာစဉ်က လနန်းတော်စောင့်ကြည့်နယ်မြေမဟုတ်သည့်နေရာမှ ဝင်လာဟန်ရှိသည်။ ပြန်ထွက်ချိန်ကျမှ လနန်းတော်နယ်မြေကို ဖြတ်သွားမိခြင်းဖြစ်လိမ့်မည်။
ထို့ပြင် မြောက်ပိုင်းနယ်မြေကျင့်ကြံသူတို့သည် တစ်ကိုယ်တော်လှုပ်ရှားသည်ကများသည်။ အချင်းချင်း ဆက်သွယ်ခဲသည်။ ထိုကြောင့် သတင်းစီးဆင်းမှု နှေးကွေးသည်။ မဟာရှားသို့ဝင်ထွက်ရာတွင် တရားဝင်လမ်းကြောင်းအတိုင်းသွားဖို့လိုကြောင်း ရွှဲ့ရှီလုန်ကို ဘယ်သူမှအသိပေးခဲ့ဟန်မတူ။
"မိတ်ဆွေလုယန်၊ ကျုပ်လည်းရှိပါသေးတယ်"
အနီးရှိ အကျဉ်းခန်းတစ်ခုမှ အသံထွက်လာပြန်သည်။
လုယန် လှည့်ကြည့်လိုက်သည်။ ခဏငေးကြောင်သွားသည်။ ထိုလူကို သူမမှတ်မိ။
"ခင်ဗျားကဘယ်သူလဲ"
"ရွှမ်ယွမ်ထန်ဟန်"
လုယန် သေချာပြန်တွေးကြည့်သည်။ ထိုနာမည်မျိုး သူမကြားဖူး။ ကြားဖူးလျှင် မှတ်မိရမည်။
ဆက်ဆံရေးပြေလည်စေရန် နတ်မယ်ကို သူပြန်မေးလိုက်သည်။
"နတ်မယ်၊ ဒီလူကိုခင်ဗျားသိလား"
နတ်မယ်ခဏစဉ်းစားသည်။
"ဒီနာမည်က ယင်ထန်မသေမျိုးပေးတဲ့ နာမည်နဲ့ဆင်တယ်"
လုယန် အတည်ပြုလိုက်သည်။ ထိုလူကို သူတကယ်မသိ။
"ကျုပ်က ရွှဲ့ရှီလုန်ရဲ့ ဂိုဏ်းတူအကိုပါ။ ကျုပ်တို့နှစ်ယောက်လုံး ဓားပွဲတော်အတူတက်ခဲ့ကြတာလေ"
ရွှမ်ယွမ်ထန်ဟန်က ချက်ချင်းထပ်ပြောသည်။
လုယန် နည်းနည်းမှတ်မိသလိုဖြစ်လာသည်။ ရွှဲ့ရှီလုန်နှင့် တိုက်ခိုက်စဉ်က သူ့ဂိုဏ်းတူအကိုဆိုသည့် လူတစ်ယောက်ရှိခဲ့သည်။ 'ညီလေးရွှဲ့ သတိလစ်သွားပြီ။ အခြေအနေမကောင်းတော့ဘူး' 'သူတို့ခိုက်စွမ်းအား ထိုးတက်လာတော့မယ်'ဟု စင်အောက်မှ အော်ပြောနေသူဖြစ်သည်။
လုယန် နားလည်သွားသည်။ ညီအကိုနှစ်ယောက်လုံး နယ်စပ်ဖြတ်ကျော်ရင်း အဖမ်းခံရခြင်းဖြစ်မည်။ မဆိုးလှပါ။ အဖော်ရသည်။
"မိတ်ဆွေလုယန်၊ မသေမျိုးဂိုဏ်းတပည့်အနေနဲ့ ကျုပ်တို့ညီအကိုကိုလွှတ်ပေးဖို့ လသံလွင်နန်းတော်ကို ပြောပေးလို့ရမလား။ ကျုပ်တို့ဒါမျိုးနောက်မလုပ်တော့ဘူးလို့ ကတိပေးပါတယ်"
ရွှမ်ယွမ်ထန်ဟန်က တောင်းပန်သည်။
လုယန်က တုံ့ဆိုင်းဆိုင်းဖြစ်နေသဖြင့် သူထပ်ပြောသည်။
"စိတ်ချပါ မိတ်ဆွေလု။ ကျုပ်တို့ဒီကထွက်နိုင်ရင် သေချာပေါက် လက်ဆောင်ကောင်းကောင်းပေးပါ့မယ်"
ထိုစကားကြောင့် လုယန်ဆုံးဖြတ်ချက်ချလိုက်သည်။ လန်ထင်ကိုလှည့်ကြည့်၍
"သူပြောတာ မင်းကြားတယ်နော်။ သူတို့က အဆက်အသွယ်အားကိုးနဲ့ လာဘ်ထိုးဖို့ကြိုးစားနေတာ။ ဒီလိုကိစ္စမျိုးအတွက် မင်းတို့လနန်းတော်က ဘယ်လိုထပ်တိုးပြစ်ဒဏ်ပဲချချ လုပ်သာလုပ်လိုက်ပါ"
အစောပိုင်းက ရွှမ်ယွမ်ထန်ဟန်၏ တောင်းဆိုချက်သည် လာဘ်ထိုးမှုမြောက်မမြောက် မသေချာခဲ့။ သို့သော်ယခု သေချာသွားသည်။
"စိတ်ချပါအကို။ ကျွန်မတို့လနန်းတော်က အမြဲတမ်းတမ်း တရားမျှတပါတယ်"
သူတို့စကားပြောနေစဉ် ရွှဲ့ရှီလုန်က ရုတ်တရက် ခန္ဓာကိုယ်တဆတ်ဆတ်တုန်လာပြီး ကြမ်းပြင်ပေါ်တွင် အဆက်မပြတ်လူးလှိမ့်နေသည်။ လုယန် အတော်လန့်သွားသည်။ သူ့ကို သွားကူညီရန်ပြင်သည်။ သို့သော် လန်ထင်ကတားသည်။
"ဒါက သူ့နှင်းအင်ပါယာသွေးဆက် တဖြေးဖြေးနိုးထလာတဲ့သဘောပါ။ သူ့ကိုမနှောက်ယှက်ပါနဲ့"
ရွှဲ့ရှီလုန် ဝေဒနာဖြင့်လူးလှိမ့်နေသည်ကိုကြည့်၍ လန်ထင်သက်ပြင်းချသည်။ အခြေအနေကို ရှင်းပြသည်။
"ရွှဲ့ရှီလုန်ကို ဒီမှာအကျဉ်းချတော့ နေ့တစ်ပိုင်းမပြည့်ခင် ရုတ်တရက်သတိလစ်သွားတယ်။ သွေးတွေအန်တယ်။ သူ့ခန္ဓာကိုယ် အရမ်းအားနည်းသွားပြီး သေတော့မလိုဖြစ်ခဲ့တယ်။ ကျွန်မတို့လနန်းတော်ကို အကြပ်ကိုင်ဖို့ကြိုးစားနေတာလားလို့တောင် အကြီးအကဲမိုရန်က ထင်ခဲ့တာ။
စိတ်ချရအောင် ဆေးပညာကျွမ်းကျင်တဲ့ အကြီးအကဲ ကျိုးယွီလုကို သူသွားခေါ်ပြီး စစ်ဆေးခိုင်းတယ်။ စစ်ဆေးပြီးတော့ သူ့မှာနှင်းအင်ပါယာသွေးဆက်ရှိမှန်း သိရတယ်။ ဒါပေမယ့် သူ့ခန္ဓာကိုယ်က အားနည်းတော့ သွေးဆက်နိုးထတဲ့ဒဏ်ကို ခံနိုင်ရည်မရှိဘူး။ ဒီအတိုင်းပစ်ထားရင် သူသေချာပေါက်သေမှာပဲ။
ကျွန်မတို့လနန်းတော်ရဲ့ အပြစ်သားခန်းမက တရားဝင်ဖွင့်ထားတဲ့ အကျဉ်းထောင်ပါ။ ပုဂ္ဂလိကပိုင် မြေတိုက်ခန်းမျိုးမဟုတ်ဘူး။ ဒီမှာလူတစ်ယောက်သေလို့ အပြင်ကိုသတင်းပြန့်သွားရင် မကောင်းဘူးလေ။ နားလည်မှုလွဲစရာတွေ ဖြစ်လာမယ်။ ဒါကြောင့် မတတ်သာလို့ သူခန္ဓာကိုယ်အဟာရဖြည့်ရင်း ဖြေးဖြေးချင်းပဲ သွေးဆက်နိုးထလာအောင် သူအင်ပါယာသွေးဆက်ကို ထိန်းချုပ်ထားရတယ်"
ရွှဲ့ရှီလုန်သွေးဆက်နိုးထစေနိုင်ဖို့ လနန်းတော်က အဖိုးရတနာများသုံးခဲ့ရသည်။ ထိုအကြောင်းတွေးတိုင်း လန်ထင်ရင်နာသည်။
"သူအခုဖြစ်နေတာက သွေးဆက်နိုးထတဲ့ သာမန်လက္ခဏာပါပဲ။ သွားကူညီဖို့မလိုဘူး။ နည်းနည်းလောက် အော်ဟစ်နေပြီးရင် အဆင်ပြေသွားမှာပါ"
လုယန် မျက်ခုံးတစ်ချက်တွန့်သွားသည်။ ဤအပြစ်သားခန်းမသည် သူတို့အကျဉ်းထောင်တောင်ထိပ်ထက် များစွာစနစ်ကျသည်။
အကျဉ်းထောင်တောင်ထိပ်တွင် အကျဉ်းသားများကို နှိပ်စက်ခြင်း၊ ရုပ်ခန္ဓာနှင့်ဝိညာဉ်သန့်စင်ခြင်းများသာ လုပ်ကြသည်။
အကျဉ်းသားကို ကူညီကုသပေးသည့်ကိစ္စမျိုး တစ်ခါမှမကြားဖူး။
သို့သော် အကျဉ်းထောင်တောင်ထိပ်တွင် ရွှဲ့ရှီလုန်လိုအဖြစ်မျိုးလည်း ကြုံနိုင်စရာမရှိ။ အကျဉ်းသားအားလုံး အနည်းဆုံး စုစည်းခြင်းအဆင့်ရှိသည်။ စုစည်းခြင်းအဆင့်ရောက်မှ သွေးဆက်နိုးထသည်ဆိုလျှင် နောက်ကျလွန်းနေပေလိမ့်မည်။
***