ကလေးတစ်ယောက်အသွင်ပြောင်းပြီးနောက် ခန္ဓာကိုယ်ကျုံ့သွားသည်သာမဟုတ်။ ကျင့်စဉ်စွမ်းအားလည်း ပိတ်ဆို့သွားသည်။ သာမန်ကလေးတစ်ယောက်နှင့်မခြားတော့။
"သင့်တော်မယ့်အဝတ်အစားလည်း မရှိပါလား"
လုယန် စိတ်ပျက်လက်ပျက် မျက်မှောင်ကျုံ့၍ အခန်းထဲတွင် လှည့်ပတ်လျှောက်နေသည်။ ဆိုဒ်လွန်နေသည့်ဝတ်စုံက ကြမ်းပြင်ပေါ်ဒရွတ်တိုက်ပါနေသည်။ ထိုအခြေအနေဖြင့် ခြံဝန်းထဲသို့ သူမထွက်ရဲ။
သူဝတ်သည့်အဝတ်အစားများက ခြုံစောင်လိုဖြစ်နေသည်။ ကလေးအဝတ်အစားမျိုးလည်း ယူမလာမိ။ ထို့ကြောင့် အပြင်ထွက်ဖို့ ဝတ်စရာအဝတ်အစားမရှိ။
ကျင့်စဉ်စွမ်းအားမရှိတာ့သည့်ကိစ္စက သိပ်အရေးမကြီး။ သိပ်မကြာခင် ပုံမှန်ပြန်ဖြစ်လာမည်ဟု အကြီးအကဲကျိုးယွီလုကပြောသည်။ ယခုလောလောဆယ် အဝတ်အစားရဖို့က အရေးကြီးဆုံးဖြစ်သည်။
"အဝတ်အစားဘယ်မှာရနိုင်မလဲ အား-"
လမ်းလျှောက်နေရင်း ဒရွတ်တိုက်ကျနေသည့် သူ့ဝတ်ရုံအနားစကို တက်နင်းမိသဖြင့် အဝတ်ထဲတွင် လုံးထွေးလဲကျသွားသည်။
အဝတ်လိပ်ထဲမှ ခက်ခက်ခဲခဲခေါင်းပြူထွက်လာရသည်။ သူအတော်စိတ်ပျက်သွားသည်။
မှန်သည်။ ကျင့်စဉ်စွမ်းအားပြန်ရဖို့လည်း အရေးကြီးသည်။
မသေမျိုးနန်းတော်တပည့်များအားလုံး ထိုအဖြစ်မျိုးကြုံနေရသည်။ ဘယ်သူမှ ကလေးဝတ်စုံမရှိကြ။
အဝတ်အစားရဖို့ကိစ္စကလည်း မလွယ်။ ကျယ်ပြန့်သည့် လနန်းတော်ထဲတွင် ပုဆိန်ကိုင်၍ သစ်ပင်ခုတ်လှဲနိုင်သူများမရှားသော်လည်း အဝတ်ချုပ်တတ်သူ တစ်ယောက်မှမရှိ။
သူ့မူလအသွင်ပြန်ရဖို့ တာအိုလမ်းစဉ်ဂိုဏ်းအကြီးအကဲများ၊ ပင်လယ်တာအိုသခင်နှင့် အမယွမ်တို့၏ စုပေါင်းအင်အားဖြင့် နည်းလမ်းရှာလျှင် ရနိုင်လောက်သည်။
သို့သော် တာအိုလမ်းစဉ်ဂိုဏ်းသို့ သူမပြန်ရဲ။
လူဟားစရာကိစ္စဖြစ်သွားလာမည်။ လောင်မုန်က တစ်သက်လုံး သူ့ကိုလှောင်ရယ်နေလိမ့်မည်။
လနန်းတော်တပည့်တိုင်း အရွယ်အစားကျုံ့သွား၍ တော်သေးသည်။ ထိုရှက်စရာကိစ္စမျိုးကို သူတို့လည်း ထုတ်ပြောကြမည်မဟုတ်။ အပြန်အလှန်နားလည်မှုဖြင့် လျှို့ဝှက်ထားပေလိမ့်မည်။
နန်းတော်အကြီးအကဲများကလည်း ဂုဏ်သိက္ခာကိုစဉ်းစား၍ သတင်းမပေါက်ကြားအောင် ထိန်းသိမ်းကြပေလိမ့်မည်။
သို့ဆိုလျှင် လျှို့ဝှက်ချက်ထုတ်ပြောနိုင်ခြေရှိသူ တစ်ယောက်သာကျန်တော့သည်။
လုယန် နတ်မယ်ကို စိုက်ကြည့်နေသည်။ နူးညံ့သည့် သူ့မျက်လုံးများက တဖြေးဖြေးအေးစက်လာသည်။
နတ်မယ်ကို နှုတ်ပိတ်ဖို့ ဗျူဟာနည်းနည်းသုံးရမည်။
"နတ်မယ်၊ ခင်ဗျားဒီကိစ္စကို ထုတ်မပြောရဘူးနော်"
ခန္ဓာကိုယ်အရွယ်အစားကျုံ့သွားသလို လုယန်၏အသံကလည်း ကလေးသံပေါက်လာသည်။ နို့တောင်းနေသည့် ကလေးတစ်ယောက်လိုဖြစ်နေသည်။
နတ်မယ်က တခစ်ခစ်ရယ်၍ လုယန်၏ပါးဖောင်းဖောင်းနှစ်ဘက်ကို ဆွဲညှစ်သည်။ ထိကိုင်ရသည်က အတော်နူးညံ့သည်။ ထို့နောက် လုယန်ကို သူ့ပေါင်ပေါ်တင်၍ ဆံပင်ကိုသပ်ပေးသည်။
"လုပ်စမ်းပါဦး။ ငါနားဝင်ချိုမယ့်စကားလေးတွေ နည်းနည်းထပ်ပြောပါဦး"
လုယန် နတ်မယ်၏မျက်နှာကို နောက်လှန်ကြည့်၍ ထိတ်လန့်တုန်လှုပ်လာသည်။
နတ်မယ်ကိုနှုတ်ပိတ်နိုင်ဖို့ အရှက်မရှိ သူမြှောက်ပင့်ချီးကျူးရတော့မည်။
"နတ်မယ်၊ ခင်ဗျားက ရုပ်လည်းလှသလို စိတ်သဘောထားလည်း နူးညံ့တယ်။ ကျုပ်အခြေအနေကို ထုတ်ပြောပြီး လူရယ်စရာဖြစ်အောင်မလုပ်တာ သေချာပါတယ်"
နတ်မယ်က မျက်နှာကို ခပ်တည်တည်ထား၍ ပြန်ပြောသည်။
"ဘာလို့ တစ်ခြားလူတွေက နင့်ကိုလှောင်ရယ်မှာလဲ။ ဒီရှောင်ယန်လေးကို ကရုဏာတောင်သက်ကြဦးမှာ။ နင်က အဆိုးဘက်ကကြည့်နေလို့ပါ။ လူတိုင်း စိတ်ကောင်းနှလုံးကောင်းရှိတယ်ဆိုတာ နင်ယုံကြည်ဖို့လိုတယ်"
"နတ်မယ်၊ မဟာပဲဝါနိုင်ငံရဲ့ လက်အောက်ခံတစ်ယောက်အနေနဲ့ အပြင်လူတွေကျုပ်ကို ဒီလိုအခြေအနေမျိုးနဲ့ မြင်သွားကြရင် ကျုပ်တို့မဟာပဲဝါနိုင်ငံရဲ့ သိက္ခာကျမယ်မဟုတ်လား"
"ဒါဆိုလည်း ရှောင်လင်းတို့ လျန်ယိတို့ကိုပဲ ငါပြောမယ်လေ။ သူတို့က ငါတို့ပဲဝါနိုင်ငံကပဲ။ သိက္ခာကျစရာမရှိပါဘူး"
"မလုပ်ပါနဲ့ နတ်မယ်"
လုယန် နတ်မယ်၏လက်မောင်းကို တွယ်ဖက်လိုက်သည်။ သူတကယ်အရှက်ခွဲခံနေရသည်။
အပိုးကျိုးနေသည့်လုယန်ကိုကြည့်၍ နတ်မယ်ပျော်ရွှင်နေသည်။
"ကောင်းပြီလေ။ ဒါဆိုလည်း ဘယ်သူ့ကိုမှမပြောတော့ပါဘူး"
နတ်မယ် စိတ်ပြောင်းသွားမည်စိုးသဖြင့် လုယန် အမြန်ကျေးဇူးတင်စကားဆိုသည်။
"ကရုဏာကြီးမားတဲ့ အရှင်မကို ကျေးဇူးတင်ပါတယ်။ ကျွန်ယုံလုယန် ဒီကျေးဇူးကို ဘယ်တော့မှမမေ့ပါဘူး"
လုယန် စိတ်သက်သာရာရသွားသည်။ နတ်မယ်သည် လုပ်ရာကိုင်ရာတွင် မယုံကြည်ရသော်လည်း ကတိကိုတော့ ချိုးဖောက်မည်မထင်။ ထုတ်မပြောဟု ကတိပေးထားလျှင် လုံးဝထုတ်ပြောမည်မဟုတ်။
ယခု စိတ်ချရပြီဖြစ်သည်။
နေ့တစ်ပိုင်းကြာအောင် အရုပ်လိုကစားခံရပြီးမှ နတ်မယ်ကို သူနားချနိုင်ခဲ့သည်။
သူနည်းနည်းပင်ပန်းနေသည်။ ခုနက စက်ဝိုင်းလှည့်ခံခဲ့ရသောကြောင့်ဖြစ်မည်။ မှန်သည်၊ ကျင့်စဉ်စွမ်းအားမရှိလျှင် အဆင်မပြေသည့်ကိစ္စများ အတော်များလှသည်။
ခွေခြေထိုင်ခုံအစွန်းတွင် မတ်တပ်ရပ်၍ ခြေထောက်ကိုအားပြုပြီး စားပွဲပေါ်မှ ဝိညာဉ်သစ်သီးများကို ကြိုးစား၍မီအောင်လှမ်းသည်။ လနန်းတော်က ဧည့်သည်များအတွက် တည်ခင်းထားသည့် သစ်သီးများဖြစ်သည်။
အပြင်လောကတွင် အတော်လေးတန်ဖိုးကြီးလိမ့်မည်။
အရင်ကဆိုလျှင်တော့ လုယန်အတွက် ဝိညာဉ်သီးစားခြင်းသည် အလိုက်သိမှုပြခြင်းသာဖြစ်မည်။ သူ့ကျင့်စဉ်စွမ်းအားအတွက် သိပ်အကူအညီမရ။ သို့သော်ယခု သူစွမ်းအားမြန်မြန်ပြန်ရအောင် စားနေခြင်းဖြစ်သည်။
သူ့အကျင့်အတိုင်း သစ်သီးခွံကို လက်ဖြင့်ခွာသည်။ တစ်ဖဲ့ကိုက်စားသည်။ ခန္ဓာကိုယ်ကျုံ့သွားပြီးမှ ဝိညာဉ်သီးစားရသည်က ပုံမှန်နှင့်မတူ။ ခုနက အခန်းထဲတွင် လှည့်ပတ်လျှောက်၍ ကုန်ခန်းသွားသည့်အားအင်များ ချက်ချင်းပြန်ပြည့်လာသည်။
"ခန္ဓာကိုယ်သေးရတာလည်း သိပ်တော့မဆိုးလှပါဘူး"
ဝိညာဉ်သစ်သီးတစ်လုံးကို လက်ဖြင်ပိုက်ထားရင်း လုယန်ပြုံးနေသည်။ ထူးခြားဆန်းသစ်သည့် အတွေ့အကြုံဖြစ်သည်။
အရင်က ဝိညာဉ်သစ်သီးတစ်လုံးသည် သုံးလေးကြိမ်ကိုက်ဖဲ့ရုံဖြင့် ကုန်သွားသည်။ သို့သော်ယခု တစ်လုံးပင် ကုန်အောင်မစားနိုင်။
ထူးဆန်းသည့်လူရိပ်တစ်ခု လနန်းတော်ကောင်းကင်အထက်တွင် ပေါ်လာသည်။
နန်းတော်မှော်စက်ဝန်းက သူ့အတွက် ဘာအတားအဆီးမှမဖြစ်။ တိုက်ရိုက်တိုးဝင်သွားသည်။ မှော်စက်ဝန်းလည်း ဘာမှအချက်မပြ။
တည်နေရာအတိအကျသိနေဟန်ရှိသည်။ ထိုလူက လုယန်နေထိုင်သည့် ပထမဆုံးဧည့်သည်ဆောင်သို့ တန်းသွားသည်။ ဘယ်သူမှ သတိမထားမိကြ။
အမျိုးအမည်မသိ မသေမျိုးပညာတစ်ခုသုံး၍ တံခါးကို အရိပ်ပမာဖြတ်သန်းသွားသည်။ တံခါးဖွင့်စရာမလိုဘဲ အခန်းထဲသို့ တန်းရောက်သွားသည်။
ဖိတ်ခေါ်မထားသည့်ဧည့်သည်တစ်ယောက် ရောက်လာသည်ကို အာရုံခံမိသဖြင့် လုယန်ဖျတ်ခနဲ ခေါင်းမောင့်ကြည့်သည်။ သတိအနေအထား ပြင်လိုက်သည်။
"ဘယ်သူလဲ"
"ရှောင်လု၊ နတ်မယ်၊ ဒီအမွှာမြစ်က..."
လုယန် ထိုလူနှင့်မျက်လုံးချင်းဆုံသည်။ မောင်နှမနှစ်ယောက် ဘာစကားသံမှထွက်မလာတော့ဘဲ ခဏအသံတိတ်သွားသည်။
ယွမ်ကျိက မျက်တောင်တစ်ချက်ခတ်၍ ကလေးငယ်ကို စိုက်ကြည့်သည်။ ထိုကလေးလက်ထဲတွင် နည်းနည်းကိုက်ဖဲ့ထားပြီးဖြစ်သည့် ဝိညာဉ်သစ်သီးတစ်လုံးပိုက်ထားသည်။ ယွမ်ကျိ မျက်ခုံးတစ်ဘက် မြင့်တက်သွားသည်။
ကျူးဟုန်က ကလေးလိုချင်၍ အမွှာမြစ်ရေကို လာတောင်းသည်။ ဘယ်အချိန်ပြန်လာမည်မသိသည့် လုယန်ကို စောင့်နေလျှင် ကြာမည်စိုး၍ အမွှာမြစ်အကြောင်းမေးမြန်းဖို့ သူလိုက်လာခြင်းဖြစ်သည်။
လနန်းတော်ကိုဝင်သည့်အလုပ်က သူ့အတွက် အခက်အခဲမရှိ။ သို့သော် ယခု သူ့ဆရာတူမောင်လေး ဘာကြောင့်ကလေးအသွင်ပြောင်းသွားမှန်းမသိတော့။
"ရှောင်လု၊ မင်းဘယ်လိုဖြစ်သွားတာလဲ"
ယွမ်ကျိ အံ့ဩနေသည်။ ဤနန်းတော်သည် ဧည့်သည်ကို ထိုသို့ဆက်ဆံခြင်းလော...။ ရှောင်လုထွက်သွားစဉ်က လူကြီးတစ်ယောက်။ ယခု ကလေးဘဝပြောင်းနေသည်။
"ကျွန်တော် လုယန်မဟုတ်ပါဘူး"
လုယန် အမြန်ငြင်းသည်။ ယွမ်ကျိကိုလိမ်နေလည်း အကျိုးမထူးမှန်းသိသည်။ သို့သော် ဂုဏ်သိက္ခာအတွက် သူူဟန်ဆောင်ဖို့လိုသည်။
"ပြီးတော့ လုယင်လည်း မဟုတ်ပါဘူး"
အရေးကြီးသည့်အချိန် ရောက်နေသည်။ လုယန်ခန္ဓာကိုယ်ကျုံ့သွားသည်ကို ထုတ်မပြောဟု နတ်မယ်ကတိပေးထားသည်။ လုယန်ကို စနောက်ဖို့သာတွေးနေခဲ့သဖြင့် ယွမ်ကျိဝင်လာသည်ကို သတိမထားမိလိုက်။
သူပေါ့ဆခဲ့ခြင်းဖြစ်သည်။
မဟုတ်သေး။ ဤအတိုင်းဆက်နေလျှင် ကတိချိုးဖောက်ရာရောက်မည်။ သူ့ဂုဏ်သိက္ခာ ကျဆင်းသွားမည်။ ကတိကို ကတိနှင့်တူအောင် ထိန်းသိမ်းမှဖြစ်မည်။
နတ်မယ် သိစိတ်နယ်မြေမှ စိုးရိမ်တကြီး ပျံထွက်လာသည်။ သူ့ပေါ့ဆမှုအတွက် ပြန်ဖုံးဖိပေးဖို့လိုသည်။ သူ့ဦးနှောက်များ အမြန်ဆုံးအရှိန်ဖြင့် အလုပ်လုပ်နေသည်။
"ရှောင်ယွမ်၊ နင်အထင်မှားနေပြီထင်တယ်။ ရှောင်လုက ခန္ဓာကိုယ်ကျုံ့မသွားပါဘူး။ ဒါက ရှောင်ယန်မဟုတ်ဘူး။ သူက ငါနဲ့ရှောင်ယန်ရဲ့ကလေးမို့လို့ ရှောင်ယန်နဲ့တူနေတာပါ"
ယွမ်ကျိ "..."
***