ဘယ်လိုပြဿနာကြုံကြုံ စိတ်လှုပ်ရှားခြင်းမရှိဘဲ တည်ငြိမ်စွာဖြေရှင်းနိုင်သည်ဟု ယွမ်ကျိ ကိုယ့်ကိုယ်ကို ယုံကြည်ထားသည်။
ဥပမာ ကူးဖြတ်ခြင်းအဆင့်တွင် သူဖြတ်ကျော်ခဲ့ရသည် ကောင်းကင်ဆင်းရဲ။ မသေမျိုးတစ်ယောက်နှင့် ပထမဆုံးရင်ဆိုင်ရသည့်တိုက်ပွဲ။ လုယန်၏ ထူးခြားသည့်မှော်ပညာပါရမီကို မြင်ခဲ့ရသည့်အချိန်...
တစ်ချို့ပြဿနာများကို မဖြေရှင်းသော်လည်း အနည်းဆုံးတော့် ဣန္ဒေမပျက်အောင် သူ့ကိုယ်သူထိန်းနိုင်ခဲ့သည်။
သို့သော် နတ်မယ်စကားကြားပြီးနောက် သူ့စိတ်များ တကယ်ရှုပ်ထွေးသွားသည်။
"ဘုတ်"
စိတ်ခြောက်ခြားလွန်းသဖြင့် လုယန်လက်ထဲမှ ဝိညာဉ်သစ်သီး ပြုတ်ကျ၍လိမ့်ထွက်သွားသည်။
"ကျုပ်..ကျုပ်လုယန်ပါ"
ကိုယ့်ကိုယ်ကို အမြန်အတည်ပြုလိုက်ရသည်။ နတ်မယ်ကို ဘာမှဆက်ပြောခွင့်မပေးရဲ။
ယခု အမယွမ်က နတ်မယ်ကိုမတိုက်ခိုက်လျှင် ကံဆိုးသူက သူသာဖြစ်လာမည်။
ဧည့်ခန်းထဲတွင် လုယန်နှင့်နတ်မယ် ဘေးချင်းယှဉ်ဒူးထောက်၍ ယွမ်ကျိ၏ ဆူပူကြိမ်းမောင်းမှုကို ခံယူနေသည်။
ယွမ်ကျိက လက်ထဲတွင် သံပေတံတစ်ချောင်းကိုင်၍ သူတို့ရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ နှစ်ယောက်လုံး မလှုပ်ရဲ။ ခေါင်းမော့မကြည့်ရဲ။ ပေတံရိုက်ချက်ကျလာမည်ကို ကြောက်သည်။
"အကြီးအကဲနတ်မယ်၊ လက်လွတ်စပယ်ပြောလို့မရတဲ့ တစ်ချို့စကားတွေရှိတယ်။ ပြောမိရင် ဒုက္ခရောက်နိုင်တယ်။ ရှင်နားလည်လား။
ရှောင်လု စိတ်မထိခိုက်အောင် ရှင်ကာကွယ်ချင်တာကို နားလည်တယ်။ ဒါပေမယ့် စည်းမကျော်နဲ့။ အပြင်လူတွေသာ ဒီစကားမျိုးကြားရင် ရှင်နဲ့ရှောင်လုကြားမှာ တစ်ခုခုပတ်သက်နေပြီထင်သွားနိုင်တယ်။ ရှင်တို့နှစ်ယောက်လုံး သိက္ခာကျမှာ"
"ငါမှားသွားပါတယ်။ နောက်ထပ် ဘယ်တော့မှ မလိမ်တော့ပါဘူး"
နတ်မယ်က အရိုးခံလေသံဖြင့် ဦးညွှတ်၍ပြောသည်။ ဝိညာဉ်ခန္ဓာဖြစ်နေ၍သာမဟုတ်လျှင် တောင်းပန်စာပင် ရေးတင်လိုက်ချင်သည်။
နတ်မယ်က ရိုးသားစွာအမှားဝန်ခံနေသဖြင့် ယွမ်ကျိ၏ စိုးရိမ်စိတ်လည်း များစွာလျော့ပါးသွားသည်။
နည်းနည်း ခြိမ်းချောက်ထားရုံသာဖြစ်သည်။ ပေတံနှင့် သူတကယ်မရိုက်ပါ။
သို့သော် အင်ပါယာထိုင်ခုံကို ကောင်းကင်ဂိတ်တောင်ထိပ်တွင် ထားခဲ့သည်။ ယူမလာခဲ့မိ။ ထို့ကြောင့် ဧည့်ခန်းထဲမှ သာမန်ထိုင်ခုံတစ်လုံးယူ၍ သူတို့ရှေ့တွင်ထိုင်ပြီး လုယန်ပြောပြသည့် အဖြစ်အပျက်ကို နားထောင်သည်။
"ဒါဆို ပြဿနာက သံလွင်သစ်ပင်ကနေ စခဲ့တာပေါ့။ သံလွင်ပင်ကို မီးရှို့လို့ မင်းခန္ဓာကိုယ်ကျုံ့သွားတာလား"
"ကျုပ်တစ်ယောက်တည်းမဟုတ်ပါဘူး။ လနန်းတော်ကတပည့်တွေအားလုံး အဲလိုဖြစ်နေတာပါ"
ယွမ်ကျိ ခေါင်းငြိမ့်သည်။ ပြဿနာက သိပ်မကြီးသလို သိပ်လည်းမသေးလှ။ ကျိုးယွီလုပြောပုံအရ ခန္ဓာကိုယ်ကျုံ့ခြင်းနှင့် ကျင့်စဉ်စွမ်းအားဆုံးရှုံးမှုက ယာယီသာဖြစ်သည်။ ထိုအချိန်အတွင်း အခန်းအောင်းနေလျှင် ဘာပြဿနာမှမရှိနိုင်။
သို့သော် လနန်းတော်ထဲသို့ သူ့လိုခိုးဝင်လာသူမရှိလျှင်တော့ အကောင်းဆုံးဖြစ်မည်။
"အမယွမ်၊ ကျုပ်ကို ပုံမှန်အတိုင်းဖြစ်အောင် ပြန်လုပ်ပေးဖို့ နည်းလမ်းရှိလား"
ဘက်စုံတော်သည့်ယွမ်ကျိကို လုယန် အားကိုးတကြီးကြည့်သည်။ ကလေးခန္ဓာကိုယ်နှင့်နေရသည်က တကယ်အဆင်မပြေ။ ထိုင်ခုံပေါ် တွယ်တက်ရသည်။ ဝိညာဉ်သစ်သီးကို မီအောင်မနည်းကြိုးစားရသည်။
ယွမ်ကျိက ပြန်မဖြေဘဲ လက်ယပ်ခေါ်သည်။
"လာပါဦး၊ ငါစစ်ဆေးကြည့်မယ်"
"ဟုတ်"
ယွမ်ကျိက လုယန်၏ပါးကို ညှစ်သည်။ ခေါင်းကိုလက်ဖြင့်အုပ်ကြည့်သည်။ ထို့နောက် စိတ်ပျက်လက်ပျက် ခေါင်းခါသည်။ လုယန်၏ မျှော်လင့်ချက်များ ရေစုန်မျောသွားသည်။
"မရဘူး။ ငါက ဆေးပညာမကျွမ်းကျင်ဘူး။ မင်းအခြေအနေက သူ့ဘာသာပြန်ကောင်းတဲ့အထိ စောင့်ရုံပဲရှိတယ်"
နတ်မယ် တွေးမရဖြစ်သွားသည်။ ဤကိစ္စက တကယ်ထိုမျှခက်ခဲသလော...
သူလည်း ဆေးပညာမကျွမ်းကျင်ပါ။ သို့သော် ရှောင်လုကို ပုံမှန်အသွင်ပြန်ပြောင်းပေးဖို့ သူ့အတွက် မခက်ခဲလှ။ သို့သော် အသွင်ပြန်ပြောင်းလိုက်လျှင် လုယန်ကို ယခုလို လွယ်လွယ်နှိပ်စက်နိုင်တော့မည်မဟုတ်။
ခုနက ယွမ်ကျိသူ့ကို မလိမ်ဖို့ ဩဝါဒချွေခဲ့သည်။ ထို့ကြောင့် ယခု ယွမ်ကျိပြောနေသည်မှာ အမှန်ဖြစ်လောက်သည်။ တကယ်လုပ်နိုင်စွမ်းမရှိ၍သာ ပြောခြင်းဖြစ်မည်။
ဤအပိုင်းတွင် ယွမ်ကျိ သူ့လောက်တော်ပုံမရ။ ထိုအတွေးကြောင့် နတ်မယ်ပျော်နေသည်။ ဉာဏ်ရည်အပြင် ယွမ်ကျိထက်သာသည့် နောက်ထပ်နယ်ပယ်တစ်ခု သူရှာတွေ့လာပြီဖြစ်သည်။
"မင်းမှာ သင့်တော်တဲ့အဝတ်အစားမရှိဘူးလား"
လုယန်၏ ဒရွတ်တိုက်ကျနေသည့်ဝတ်စုံကိုကြည့်၍ ယွမ်ကျိကမေးသည်။
"မရှိဘူး"
"ဒါဆို ငါ့ကို အဝတ်တစ်ခုလောက်ရှာပေး။ ငါမင်းအတွက် ဝတ်စုံချုပ်ပေးမယ်"
လုယန် ပျော်သွားသည်။
"အမယွမ်က ဝတ်စုံချုပ်တတ်တယ်ပေါ့"
"ငါငယ်ငယ်တုန်က သင်းထားတယ်။ ဒါပေမယ့် ဒီပညာကို မသုံးဖြစ်တာကြာပြီ။ မမေ့လောက်သေးဘူး ထင်တာပဲ"
လုယန် အဝတ်သွားရှာသည်။ သို့သော် လက်ရှိအဝတ်အစားမှလွဲလျှင် ကျန်သည့်ဝတ်စုံအားလုံး ကျောက်စိမ်းတံဆိပ်ထဲတွင် ထည့်ထားကြောင်း ပြန်သတိရလာသည်။
ယခု ကျောက်စိမ်းတံဆိပ်ဖွင့်ဖို့လည်း သူစွမ်းအားမရှိ။
ယွမ်ကျိက သူ့ကျောက်စိမ်းတံဆိပ်ထဲမှ ဝတ်စုံတစ်ခု ကူထုတ်ပေးသည်။ ထိုစွမ်းရည်က ကျင့်စဉ်စွမ်းအားနှင့်မဆိုင်။ ဂိုဏ်းချုပ်တစ်ယောက်၏ အထူးအခွင့်အရေးဖြစ်သည်။
လုယန်၏ကိုယ်အတိုင်းအတာကို သေချာယူသည်။ ဝတ်စုံဒီဇိုင်းကို စိတ်ထဲတွင် ပုံဖော်သည်။ သူ့လက်ချောင်းကို ဓားအဖြစ်သုံး၍ အဝတ်ကို ကွက်တိကျအောင်ဖြတ်တောက်သည်။
ထို့နောက် သူ့ကိုယ်ပိုင်ကျောက်စိမ်းတံဆိပ်ထဲမှ အပ်ချုပ်ပစ္စည်းများကိုယူပြီး လုယန်အတွက် ဝတ်စုံစချုပ်သည်။ ဖြတ်တောက်သည်။ ချုပ်သည်။ ဒီဇိုင်းဖော်သည်။ အရစ်အတွန့်များ ထည့်သည်...
လှုပ်ရှားမှုများက ချောမွေ့နေသည်။ သူပြောခဲ့သလို အချိန်အတော်ကြာ ဝတ်စုံမချုပ်ခဲ့ဖူးသည့် လူတစ်ယောက်နှင့် လုံးဝမတူ။ ဝတ်စုံချုပ်သည့်ပညာတွင် သူ့ထက်သာသည့်လူမျိုး လုယန်မတွေ့ဖူး။
"ပြီးပြီ"
ယွမ်ကျိက ဝတ်စုံကို ဖျတ်ခနဲဝှေ့ယမ်းလိုက်သည်။ လှပသည့်ဝတ်စုံတစ်ခု အပြီးသတ်သွားသည်။ အဖြူရောက်အောက်ခံနှင့် အပြာရောင်ထပ်တွန့်များရှိနေသည်။ လုယန်က ဝတ်စုံကို အဖိုးတန်ရတနာတစ်ခုလို ဂရုတစိုက်လှမ်းယူသည်။
မည်သို့ဆိုစေ အမယွမ်ကိုယ်တိုင်လုပ်ပေးသည့် ပစ္စည်းမျိုး သူပထမဆုံးရဖူးခြင်းဖြစ်သည်။ အဝတ်တန်ဖိုးက အရေးမကြီး။ စေတနာက တန်ဖိုးကြီးသည်။
"ဒါနဲ့နတ်မယ်၊ လနန်းတော်ကလူတွေကို အမွှာမြစ်ရေသောက်ခွင့်ပေးမှာလား"
သူ့လာရင်းရည်ရွယ်ချက်ကို ယွမ်ကျိ ပြန်သတိရလာသည်။
"အင်းလေ၊ သူတို့က ကလေးလိုချင်တယ်မဟုတ်လား။ အမွှာမြစ်ရေက သူတို့လိုချင်တာနဲ့ ကွက်တိပါပဲ"
"မြစ်ရေသောက်တဲ့နေရာမှာ သီးခြားသတ်မှတ်ချက်မျိုးရှိလား။ တစ်ခါသောက်ရင် ဘယ်လောက်သောက်ရမယ်ဆိုတာမျိုးပေါ့"
"ငါမသေမျိုးဖန်တီးထားတဲ့အရာတွေက အဲလောက်ဇယားမရှုပ်ပါဘူး။ တစ်ခွက်အပြည့်သောက်လိုက်ရုံပါပဲ။ ဒီထက်ပိုသောက်လည်း ကိစ္စမရှိဘူး။ မြစ်ထဲကို ဒိုက်ပစ်ခုန်ဆင်းရင်လည်းရတယ်။ ရေထပ်သောက်လည်း လေးမွှာပူးမွေးတာမျိုး မဖြစ်ဘူး။
ပြီးတော့ လူတစ်ယောက်ဟာ မြစ်ရေကို တစ်သက်မှာတစ်ကြိမ်ပဲ သောက်လို့ရတယ်။ နောက်တစ်ကြိမ်ထပ်သောက်ရင် ဘာအာနိသင်မှမရှိတော့ဘူး။ သာမန်မြစ်ရေနဲ့ ဘာမှမကွာတော့ဘူး"
ယွမ်ကျိခေါင်းငြိမ့်သည်။ အမွှာမြစ်ရေသည် သားအမိမြစ်နှင့် သုံးစွဲပုံချင်း အတော်တူသည်။ အာနိသင်သာ နည်းနည်းကွာသည်။
"ကဲ ရှောင်လု၊ ဒါဆို လနန်းတော်မှာ မင်းကိုယ်မင်း ဂရုစိုက်ပါ။ ဂိုဏ်းကိုပြန်လာချင်တဲ့အချိန်ကျရင် ပြန်လာခဲ့ပေါ့"
ယွမ်ကျိ နှုတ်ဆက်၍ ထရပ်သည်။ ထင်မှတ်မထားသည့် အပြောင်းအလဲတစ်ချို့ ကြုံခဲ့ရသော်လည်း လာရင်းရည်ရွယ်ချက် ပြီးသွားပြီဖြစ်သည်။
ယွမ်ကျိထွက်သွားပြီးနောက် လုယန်က နတ်မယ်ကို မျက်စိမှိတ်ခိုင်းသည်။
"ကျုပ်အဝတ်လဲတော့မယ်"
"စိတ်မပူပါနဲ့။ ငါခိုးမကြည့်ပါဘူး"
လုယန် အဝတ်အစားအမြန်လဲသည်။ သူ့ခန္ဓာကိုယ်နှင့် ကွက်တိကျသည်။ သူ့ဟန်ပန်တစ်ခုလုံး ပြန်လည်အသက်ဝင်လာသည်။ အစောပိုင်းက အဝတ်အစားကိုစောင်လိုခြုံ၍ လူမမာတစ်ယောက်လို သူနေခဲ့ရသည်။
သူအဝတ်လဲပြီးစမှာပင် တံခါးခေါက်သံကြားလိုက်ရသည်။
"အကိုလုယန်၊ အကိုအထဲမှာရှိလား"
"ဝင်ခဲ့ပါ"
လန်ထင်ဝင်လာသည်။ အဝတ်အစားသစ်ဝတ်ထားသည်။ နောက်ထပ်အဝတ်တစ်စုံကိုကိုင်၍ မပွင့်တပွင့်ပြုံးနေသည်။
"အကိုလုယန်၊ ကျွန်မတို့အကြီးအကဲတစ်ယောက် တောင်ပေါ်ကဆင်းပြီး လူတိုင်းအတွက် ဝတ်စုံတွေဝယ်လာတယ်။ ဒါပေမယ့် အကို့အကြောင်း သူမေ့သွားလို့ မိန်းကလေးဝတ်စုံတွေပဲ ပါလာတယ်။ အဆင်ပြေမလားတော့မသိ...အဲ၊ အကိုက ဝတ်စုံရထားပြီလား"
ကွက်တိကျဝတ်စုံဝတ်ထားသည့် လုယန်ကိုကြည့်၍ လန်ထင်အံ့ဩနေသည်။ သူ့အကြံမအောင်မြင်တော့မှန်း နားလည်သွားသည်။
"ဪ ဟုတ်တယ်၊ တိုက်တိုက်ဆိုင်ဆိုင် ငါ့ဆီမှာ ကလေးဝတ်စုံတစ်ခု ပါလာတယ်လေ"
လယန်က ရယ်ကျဲကျဲဖြင့်ပြောသည်။ အမယွမ်က သူ့အအတွက် ဝတ်စုံသစ်တစ်ခု ချုပ်ပေးသွားသည်ဟု ပြော၍မဖြစ်။
လန်ထင်က လုယန်ကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်သည်။
ဘာကြောင့် အကိုလုယန်က ကလေးဝတ်စုံကို ယူလာသည်မသိ။
***