ဤစကားကိုကြားသောအခါ ခေါင်းငုံ့နေကြသော စစ်ဘက်အမတ်များအားလုံး အံ့အားသင့်သွားကြပြီး မည်သူပြောလိုက်သနည်းဟုသိရှိရန် ဘေးပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်လိုက်ကြသည်။
လူရှန်းရှန်၏ မျက်နှာပေါ်တွင် ချက်ချင်းပင်ဝမ်းသာအားရအပြုံးများ ပေါ်လာကာ မတ်တတ်ရပ်လိုက်ပြီး...
"ဘယ်သူပြောလိုက်တာလဲ။ ရှေ့ကိုထွက်ခဲ့စမ်း... ဒီအမတ်ကြီးကြည့်ပါရစေ"
လီကျစ်က လက်နှစ်ဖက်ကိုဆုပ်ကာ အရိုအသေပေးလိုက်ပြီး စစ်ဘက်အမတ်များ၏ နောက်ဆုံးတန်းမှ ထွက်လာကာ…
"ထန်းကျင်းမြို့ရဲ့ ခံတပ်မှူး ကျွန်တော်မျိုး လီကျစ်က လောင်ဟွေဟွေကို ရင်ဆိုင်တိုက်ခိုက်ဖို့ ဆန္ဒရှိပါတယ်"
ရှေ့သို့ထွက်လာသူမှာ လီကျစ်ဖြစ်နေသည်ကိုမြင်သောအခါ လူရှန်းရှန်တစ်ယောက် ချက်ချင်းပင် အကြီးအကျယ်စိတ်ပျက်သွားတော့သည်။ သူသည် အနေရခက်စွာဖြင့်ရပ်နေမိပြီး အတော်ကြာသည်အထိ စကားတစ်ခွန်းမျှ မပြောနိုင်အောင်ဖြစ်သွားရသည်။
"မင်း…"
လီကျစ်က လက်ယှက်ကာ အရိုအသေပေးလိုက်ပြီး…
"ကျွန်တော်မျိုး သွားရောက်တိုက်ခိုက်ပါရစေ"
လူရှန်းရှန်က အနည်းငယ် အနေရခက်စွာဖြင့်...
"ထန်းကျင်းမြို့က တပ်ဖွဲ့တွေအနေနဲ့ ဒီလိုခက်ခဲတဲ့တာဝန်ကိုယူရဲလိမ့်မယ်လို့ ငါ တကယ်မထင်ထားခဲ့ဘူး"
သို့သော် သူက ချက်ချင်းပင် ဆက်၍…
"ဒါပေမဲ့ မင်းရဲ့တပ်ဖွဲ့က လောင်ဟွေဟွေရဲ့ ပြိုင်ဘက်မဟုတ်ဘူးလေ။ ကြာကြာလည်း တောင့်ခံနိုင်မှာ မဟုတ်ဘူး။ ဒီစိန်ခေါ်မှုကို ရင်ဆိုင်ဖို့တခြားလူတွေကို ရှာမှဖြစ်မယ်"
လီကျစ်က အသံကျယ်ကျယ်ဖြင့်…
"စစ်ဘက်ကြီးကြပ်ရေးအမတ်ကြီး... စိတ်ချပါ… ပင်မတပ်ဖွဲ့ကြီးက ချွမ်ဝမ်ကို မနှိမ်နင်းနိုင်မချင်း လောင်ဟွေဟွေရဲ့ တပ်ဖွဲ့တွေကို တောင့်ခံထားဖို့ ကျွန်တော်မျိုး သစ္စာဆိုရဲပါတယ်"
လူရှန်းရှန်သည် လီကျစ်၏တပ်ဖွဲ့ကို အထင်သေးနေသော်လည်း လီကျစ်၏ သတ္တိကြောင့် ခေတ္တမျှ မှင်တက်သွားရသည်… သူက လက်ခုပ်တီးလိုက်ပြီး…
"တကယ့်စိတ်ဓာတ်ပဲ။ ထန်းကျင်းမြို့က ဒီသူပုန်နှိမ်နင်းရေးကို ကူညီဖို့ခံတပ်မှူး တစ်ယောက်တည်းကိုပဲ စေလွှတ်ခဲ့ပေမယ့် ဒီခံတပ်မှူးက တကယ့်ကို သတ္တိခဲပဲ"
ခေတ္တမျှရပ်နားလိုက်ပြီးနောက် လူရှန်းရှန်က ဘေးပတ်လည်သို့ဝေ့ကြည့်ကာ…
"ရိုးရိုးခံတပ်မှူးလေးတစ်ယောက်တောင် ဒီလောက်တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံရဲရင်... လစာငွေ အမြောက်အမြားရနေကြတဲ့ မင်းတို့လိုအဆင့်မြင့် အမတ်ကြီးတွေထဲမှာ တိုင်းပြည်အတွက် အကျိုးဆောင်ပေးချင်တဲ့သူ တစ်ယောက်မှမရှိကြဘူးလား"
ထိုစကားကိုကြားသောအခါ စစ်ဘက်အမတ်များမှာ တစ်ဖန်ခေါင်းငုံ့သွားကြပြန်ပြီး တစ်ယောက်မျှ ပြန်လည်မဖြေကြားရဲကြပေ။
လူရှန်းရှန်မှာ အနည်းငယ်ဒေါသထွက်လာပြီး သူ၏ ကုလားထိုင်ရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ကာ အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်နေပုံရသည်။
ထိုအခြေအနေကိုမြင်လျှင် လီကျစ်က လက်ယှက်ကာ အရိုအသေပေးလိုက်ပြန်ပြီး…
"စစ်ဘက်ကြီးကြပ်ရေးအမတ်ကြီး... ကျွန်တော်မျိုးဟာအရင်က သူပုန်မြင်းတပ်သား နှစ်ထောင်ကျော်ကို တွန်းလှန်နိုင်ခဲ့ဖူးပါတယ်။ ဒါကြောင့် သူပုန်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ကျွန်တော်မျိုး ကောင်းကောင်းသိပါတယ်။ လောင်ဟွေဟွေကိုရင်ဆိုင်ဖို့ ကျွန်တော်မျိုး ဆန္ဒရှိပါတယ်။ ကျေးဇူးပြု၍ ကျွန်တော်မျိုးရဲ့ တောင်းဆိုချက်ကို ခွင့်ပြုပေးပါ"
လီကျစ်၏ စကားကိုကြားသောအခါ လူရှန်းရှန်မှာ အနည်းငယ်အံ့ဩသွားရသည်။ လီကျစ်သည် သာမန်ခံတပ်မှူးငယ်တစ်ဦးသာဖြစ်ပြီး သူ၏ စစ်သည်တစ်ထောင်မှာလည်း ကြီးမားသော တိုက်ခိုက်ရေးစွမ်းရည်ရှိမည်ဟု မမျှော်လင့်ထားနိုင်သော်လည်း... တိုက်ပွဲဝင်လိုသော လီကျစ်၏ စိတ်ပိုင်းဖြတ်မှုက အလွန်တရာပြင်းပြနေသည် မဟုတ်ပါလား။
စစ်ဘက်အမတ်တိုင်းသည် မိမိတို့၏တပ်ဖွဲ့အကြောင်းကို အသိဆုံးဖြစ်ကြပြီး စစ်တိုက်ထွက်ရသည်မှာ ကလေးကစားစရာမဟုတ်ပေ။ အမှန်တကယ် အရည်အချင်းမရှိဘဲနှင့် ခွန်အားကြီးမားသော ရန်သူကိုမည်သူမျှ သွားရောက်ရင်ဆိုင်ရဲမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းမှာ မိမိအသက်ကို ဖက်ရွက်နှင့်ထုပ်ပြီး ကစားနေသကဲ့သို့ ဖြစ်နေသောကြောင့်ပင်။
သို့တိုင် ဤလီကျစ်ကတော့ တိုက်ပွဲဝင်ခွင့်ပြုရန် အထပ်ထပ်အခါခါ တောင်းဆိုနေလေသည်။
သူက တကယ်ပဲ ရူးနေတာများလား။
ဒါမှမဟုတ် သူက တကယ်ပဲ မြင်းတပ်သားနှစ်ထောင်ကို တွန်းလှန်နိုင်ခဲ့ပြီး သူခုတ်ဖြတ်ယူလာတဲ့ ခေါင်းနှစ်ရာကလည်း တကယ့်သူပုန်တွေရဲ့ ခေါင်းတွေများလား။ သူ့မှာ လောင်ဟွေဟွေကို တောင့်ခံထားနိုင်မယ့် အင်အားတွေတကယ်ပဲရှိနေတာလား။ တခြားဘယ်သူမှ တာဝန်မယူရဲတဲ့ အခြေအနေမှာ ဒီလီကျစ်ကိုပဲ တစ်ကြိမ်လောက်ယုံကြည်ကြည့်လိုက်ရမလား။
လူရှန်းရှန် စဉ်းစားခန်းဝင်နေစဉ် သူ၏ မျက်နှာအမူအရာမှာပြောင်းလဲနေပြီး ခေတ္တမျှ ဆုံးဖြတ်ရခက်နေပုံရသည်။
လူရှန်းရှန် တုံ့ဆိုင်းနေသည်ကိုမြင်သောအခါ လီကျစ်က သံပူခိုက်မှာရိုက်ဆိုသကဲ့သို့...
"အမတ်ကြီး... ကျွန်တော်မျိုး စစ်ဘက်ဆိုင်ရာကတိသစ္စာပြုရဲပါတယ်။ အကယ်လို့ လောင်ဟွေဟွေကိုသာ ကျွန်တော်မျိုးမတောင့်ခံနိုင်ခဲ့ဘူးဆိုရင် ကျွန်တော်မျိုးရဲ့ ခေါင်းကိုဖြတ်ပြီး ဆက်သပါ့မယ်"
လူရှန်းရှန်က လီကျစ်ကို စိုက်ကြည့်လိုက်ပြီး သူ၏ နောက်ဆုံးဆုံးဖြတ်ချက်ကို ချလိုက်ပုံရသည်။
လီကျစ်က ဆက်၍…
"အမတ်ကြီး... ကျေးဇူးပြုပြီးနားလည်ပေးပါ။ ကျွန်တော်မျိုးက အရူးတစ်ယောက် မဟုတ်ပါဘူး။ ဒီ ခံတပ်မှူးရာထူးကိုလည်း ကျွန်တော်မျိုးရဲ့ စစ်သည် ၁၂၅ ယောက်နဲ့ အတွေ့အကြုံရင့် သူပုန် ၃၄၀ ကို ချေမှုန်းပြီးအောင်ပွဲနဲ့ရယူခဲ့တာပါ။ အဲဒီတိုက်ပွဲမှာ ကျွန်တော်မျိုးရဲ့ တပ်ဖွဲ့ဝင်တစ်ယောက်မှ ထိခိုက်ကျဆုံးမှု မရှိခဲ့ပါဘူး"
လီကျစ်၏ စကားကိုကြားပြီးနောက် လူရှန်းရှန်သည် နောက်ဆုံးတွင်ဆုံးဖြတ်ချက် ခိုင်မာသွားပြီး...
"ကောင်းပြီ လီကျစ်... မင်းကို ဒီတစ်ခါ ငါ ယုံကြည်ကြည့်မယ်။ မင်းရဲ့ စစ်သည် ၁၃၀၀ ပါတဲ့ တပ်ဖွဲ့က လောင်ဟွေဟွေကို ရင်ဆိုင်ရမယ်။ လောင်ဟွေဟွေကို မင်း တစ်နာရီတိတိ တောင့်ခံထားပေးရမယ်"
ထိုသို့ပြောပြီးနောက် လူရှန်းရှန်က ခေါင်းငုံ့နေကြဆဲဖြစ်သော စစ်ဘက်အမတ်များဘက်သို့ လှည့်ကာ…
" ပထမဆုံးဂိတ်တံခါးက တပ်မှူးကြီး လီချုံကျန်း ဘယ်မှာလဲ
အသက်လတ်ပိုင်းအရွယ် စစ်ဘက်အမတ်တစ်ဦးမှာ အနည်းငယ်တုန်ယင်သွားပြီး တန်းစီနေသည့်ကြားမှ မကျေမချမ်းဖြင့် ထွက်လာကာ...
"ကျွန်တော်မျိုး ဒီမှာပါ"
လူရှန်းရှန်က အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။
"ချွမ်ဝမ်ကို ဝင်ရောက်တိုက်ခိုက်တဲ့အခါ မင်းရဲ့လူသုံးထောင်ပါတဲ့ တပ်ဖွဲ့က အရှေ့ဘက်အစွန်ဆုံးမှာ နေရာယူရမယ်။ ရန်သူ့တပ်တွေကြားထဲ အတွင်းအထိဝင်မတိုက်နဲ့။ အကယ်လို့ ထန်းကျင်းမြို့က တပ်ဖွဲ့တွေသာ လောင်ဟွေဟွေရဲ့ ချေမှုန်းတာကိုခံလိုက်ရရင်... မင်းရဲ့ တပ်ဖွဲ့တွေကို ချက်ချင်းဆုတ်ခွာပြီး ငါတို့ရဲ့ပင်မတပ်ဖွဲ့ကြီးကို လောင်ဟွေဟွေရဲ့တပ်တွေ ဘေးကနေ ဝင်မတိုက်နိုင်အောင် အရှေ့ဘက်ကိုသွားပြီး တားဆီးပေးရမယ်"
လီချုံကျန်းမှာ တိတ်တဆိတ် အံကြိတ်လိုက်မိသော်လည်း လက်ယှက်ကာ အရိုအသေပေးလျက်…
"ကျွန်တော်မျိုး အမိန့်နာခံပါ့မယ်"
လူရှန်းရှန်က ခေါင်းညိတ်လိုက်ပြီး…
"ဒါဆိုရင်လည်း ကိစ္စပြတ်ပြီ။ မနက်ဖြန်မင်းတို့အားလုံး စီစဉ်ထားတဲ့အတိုင်း ဒီအမတ်ကြီးနဲ့အတူ စစ်မြေပြင်ကိုလိုက်ပြီး သူပုန်တွေကို သုတ်သင်ရမယ်"
စစ်ဘက်အမတ်များအားလုံးက လက်ယှက်အရိုအသေပေးကာ…
"ကျွန်တော်မျိုးတို့ အမိန့်နာခံပါ့မယ်"
လူရှန်းရှန်က ခေါင်းညိတ်လိုက်ပြီး အခြားစကားထပ်မဆိုတော့ဘဲ ပင်မရွက်ဖျင်တဲအတွင်းမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားလေတော့သည်။
စစ်ဘက်ကြီးကြပ်ရေးအမတ်ကြီး ထွက်သွားသည်ကိုမြင်သောအခါ စစ်ဘက်အမတ်များမှာ အုပ်စုငယ်လေးများဖွဲ့ကာ စကားအနည်းငယ်ပြောဆိုပြီးနောက် ပင်မရွက်ဖျင်တဲအတွင်းမှ ထွက်ခွာရန် ပြင်ဆင်ကြသည်။ လူရှန်းရှန်၏ သီးသန့်တာဝန်ပေးခြင်းခံရသော လီချုံကျန်း တစ်ယောက်တည်းသာ ဝိညာဉ်လွင့်သွားသူတစ်ဦးပမာ တွေဝေငေးမောစွာ ရပ်ကျန်ရစ်ခဲ့သည်။
လီချုံကျန်းက လီကျစ်၏တပ်ဖွဲ့မှာ အမွှေးတိုင်တစ်တိုင်စာအချိန်လေးပင် တောင့်ခံနိုင်မည်မဟုတ်ကြောင်း အပြည့်အဝယုံကြည်ထားသည်။ လီကျစ် ရှိနေသည်ဖြစ်စေ မရှိသည်ဖြစ်စေ အတူတူပင်ဖြစ်သည်။ နောက်ဆုံးတွင် လောင်ဟွေဟွေကို တောင့်ခံထားရမည့် တာဝန်မှာ သူ၏အပေါ်သို့ ကျရောက်လာမည်မှာ သေချာနေသည်။
မနက်ဖြန်တွင် ကြုံတွေ့ရမည့်အန္တရာယ်များနှင့် ဆုံးရှုံးနိုင်ခြေများကိုတွေးမိသောအခါ လီချုံကျန်း၏ မျက်နှာမှာ သွေးဆုတ်ဖြူရော်သွားလေတော့သည်။
တပ်မှူးကြီး ဇူခွမ်းက လီချုံကျန်းကိုတစ်ချက်ကြည့်လိုက်ပြီး လီကျစ်အနီးသို့ လျှောက်သွားကာ...
"အရူးကောင်... မင်းရဲ့ မောက်မာမှုကြောင့် လီချုံကျန်း တစ်ယောက် ဒီလိုခက်ခဲကြမ်းတမ်းတဲ့ တာဝန်ကိုယူလိုက်ရပြီ။ မနက်ဖြန် မင်းရဲ့တပ်ဖွဲ့တွေသာ ပြိုကွဲသွားခဲ့ရင် မင်းရဲ့ခေါင်းကို ငါ့ဓားနဲ့ ဖြတ်ပစ်မယ်"
လီကျစ်က တည်တည်ငြိမ်ငြိမ်ပင်…
"တပ်မှူးကြီး... အကယ်လို့ ကျွန်တော်မျိုးက လောင်ဟွေဟွေကို တောင့်ခံထားနိုင်ခဲ့ရင်… ဒါမှမဟုတ် လောင်ဟွေဟွေရဲ့ တပ်ဖွဲ့တွေကိုပါ အနိုင်ယူနိုင်ခဲ့ရင်ကော ဘယ်လိုလုပ်မလဲ"
ဇူခွမ်းက နှာမှုတ်လိုက်သော်လည်း ဘာမှ ပြန်မပြောပေ။
လီကျစ်က…
"အကယ်လို့ ကျွန်တော်မျိုးကသာ လောင်ဟွေဟွေကို အနိုင်ယူနိုင်ခဲ့ရင် တပ်မှူးကြီးက ကျွန်တော်မျိုးကို သုံးကြိမ်တိတိ ဦးညွှတ်အရိုအသေပေးရမယ်... ဘယ်လိုသဘောရလဲ"
ဇူခွမ်းက အေးစက်စက်နှာမှုတ်လိုက်ပြီး သူ၏ အင်္ကျီလက်စကိုခါကာ ထွက်သွားလေတော့သည်။
တိုက်ပွဲကြီးမစတင်မီ ညတွင် လူရှန်းရှန်က တပ်စခန်းများအားလုံးသို့ အရက်နှင့် အသား အမြောက်အမြားကို ဝေငှပေးခဲ့သည်။ ကြီးမားသော တိုက်ပွဲတစ်ခုသည် စိတ်ဓာတ်ခွန်အားအပေါ်တွင် မှီခိုနေရပြီး စစ်သည်များ စားဝသောက်ဝရှိထားနိုင်မှသာ သူပုန်များကို တိုက်ခိုက်ရန် မြင့်မားသော စိတ်ဓာတ်ခွန်အားများ ရရှိနိုင်မည်ဖြစ်သည်။
အခြားတပ်စခန်းများမှ စစ်သည်များမှာ အမတ်များ၏ လစာငွေအလွဲသုံးစားလုပ်ခြင်းကို ခံရသဖြင့် ဆင်းရဲဒုက္ခများနှင့် ရင်းနှီးနေရသော အောက်ခြေလူတန်းစားများသာဖြစ်ကြသည်။ ယခုလို အရက်နှင့် အသားများရရှိသောအခါ သူတို့အားလုံး အလွန်အမင်းစိတ်လှုပ်ရှားကာ ဆူညံပွက်လောရိုက်နေကြသည်။ လီကျစ်သည် တပ်စခန်းအသီးသီးသို့ လှည့်လည်ကြည့်ရှုရာ နေရာတိုင်းတွင် ရယ်မောပျော်ရွှင်နေကြသည်ကို မြင်တွေ့ခဲ့ရသည်။ အသားစားရပြီး အရက်သောက်ရသဖြင့် ဘုရင့်တပ်ဖွဲ့မှစစ်သည်များ၏ မျက်နှာများမှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေကြပြီး မနက်ဖြန်တွင် ကြုံတွေ့ရမည့် အန္တရာယ်များကိုပင် ခေတ္တမျှမေ့လျော့နေကြပုံရသည်။
ထိုခေတ်အခါက စစ်သည်များသည်အသားစားရခဲပြီး ဆန်ကိုသာအဓိကထား၍ စားသောက်ရသဖြင့် အာဟာရချို့တဲ့မှုအချို့ ရှိနေတတ်သည်။ ယခုလို အသားများစားရသောအခါ စစ်သည်များ အားလုံးမှာ ခွန်အားသစ်များ ပြည့်ဝသွားကြသည်။
လီကျစ်က ခေတ္တမျှလေ့လာကြည့်ပြီးနောက် ဤစစ်သည်များ၏ ဘဝမှာ အလွန်ခက်ခဲကြမ်းတမ်းလွန်းသည်ဟု ခံစားလိုက်ရပြီး သူတို့တွင် တိုက်ခိုက်ရေးစွမ်းရည် မည်မျှအထိ ရှိနေမည်ကို အမှန်တကယ်ပင် သံသယဝင်မိသွားသည်။
သို့ရာတွင် အသားကို ပုံမှန်စားသုံးနေကျဖြစ်သော ရှေ့ပြေးတပ်ဖွဲ့ကတော့ ယခုလို အရက်နှင့် အသားများ ဝေငှပေးသည်ကို သိပ်ပြီးစိတ်လှုပ်ရှားနေပုံမရပေ။ စစ်သည်များသည် အရက်နှင့် အသားကို တည်တည်ငြိမ်ငြိမ်ပင် ခွဲဝေစားသောက်ကြပြီး တပ်စခန်းတစ်ခုလုံးမှာ အလွန်တိတ်ဆိတ်နေသဖြင့် အခြားတပ်စခန်းများမှ တပ်မှူးများ၏ အာရုံစိုက်ခြင်းကိုပင် ခံနေရသည်။
သို့သော် ထိုတပ်မှူးများအားလုံးက ထန်းကျင်းမြို့မှတပ်ဖွဲ့သည် ခံတပ်မှူးငယ်တစ်ဦး ဦးဆောင်သည့် အားနည်းသောတပ်ဖွဲ့တစ်ခုသာဖြစ်ကြောင်း သိထားကြသဖြင့် ရှေ့ပြေးတပ်ဖွဲ့မှ စစ်သည်များမှာ မနက်ဖြန်တိုက်ပွဲအတွက် ကြောက်ရွံ့လွန်း၍ ဘာမှမလုပ်နိုင်ဖြစ်နေကြသည်ဟုသာ ထင်မှတ်ထားကြသည်။ ရှေ့ပြေးတပ်ဖွဲ့၏တည်ငြိမ်မှုမှာ သူတို့ ပုံမှန်ရရှိနေသော ကောင်းမွန်သည့် ထောက်ပံ့မှုများကြောင့်ဖြစ်သည်ဟု မည်သူကမျှ မတွေးမိကြပေ။
လီကျစ်နှင့် တပ်ခွဲမှူးသုံးဦးတို့သည် မနက်ဖြန်တိုက်ပွဲအတွက် တိုက်ကွက်ဖော်ဆောင်မှုများကို ရွက်ဖျင်တဲအတွင်း ခေတ္တမျှဆွေးနွေးခဲ့ကြပြီးနောက်... စစ်သည်များအားလုံးကို မီးငြိမ်းပြီး အိပ်ရာဝင်စေခဲ့သည်။ သူကိုယ်တိုင်လည်း အဝတ်အစားများ မချွတ်တော့ဘဲ အိပ်ရာဝင်လိုက်သည်။
နောက်တစ်နေ့ နံနက်အာရုံအချိန် ဘုရင့်တပ်ဖွဲ့၏တပ်စခန်းကြီးမှာ အလုပ်များလွန်းသဖြင့် ဖုန်တလုံးလုံးထနေတော့သည်။ စစ်သည်အင်အား နှစ်သောင်းရှစ်ထောင်သည် စခန်းချနေမှုကိုသိမ်းစီးကာ လက်နက်များကိုကိုင်ဆောင်၍ စစ်ကြောင်းများဖွဲ့စည်းလိုက်ကြသည်။ အသံကျယ်ကျယ်ဖြင့် အော်ဟစ်အမိန့်ပေးနေသော အမတ်များ၏ ဦးဆောင်မှုအောက်တွင် သူတို့သည် အရပ်မျက်နှာအသီးသီးသို့ ပြေးလွှားချီတက်ကြရင်း... ပင်လယ်ထဲသို့စီးဝင်သွားသော မြစ်ရေပြင်ကြီးပမာ နောက်ဆုံးတွင်တောင့်တင်းခိုင်မာသော တပ်မကြီးတစ်ခုအဖြစ် ပင်မစခန်းကြီးထဲမှ ချီတက်ထွက်ခွာလာကြသည်။ အင်အားသုံးသောင်းနီးပါးရှိသော တပ်ဖွဲ့ကြီးသည် ပင်မစခန်း၏ အပြင်ဘက်တွင်စုရုံးကာ အမတ်များ၏အမိန့်ပေးမှုအတိုင်းနေရာယူကြပြီး မြှားဦးပုံစံ စစ်ကြောင်းတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။
ထိုတပ်ဖွဲ့ကြီးသည် တပ်ဖွဲ့၏ဘေးနှစ်ဖက်ကို ကာကွယ်ပေးထားသော မြင်းတပ်သား ငါးထောင်နှင့်အတူ ချွမ်ဝမ်နှင့် လီဇီချန်တို့၏ သူပုန်တပ်စခန်းများရှိရာ မြောက်ဘက်သို့ ချီတက်သွားကြသည်။
မြင်းပေါ်တွင်ထိုင်နေသော လီကျစ်က ချီတက်ထွက်ခွာသွားသည့် တပ်ဖွဲ့ကြီး၏ စစ်ကြောင်းကို လိုက်လံကြည့်ရှုနေသည်။ လျင်မြန်သောမြင်းများကိုစီးနှင်ကာ ဟိုဟိုဒီဒီသွားလာနေကြသော အသင်းပို့တပ်သားများနှင့် တပ်စခန်းအသီးသီး၏ လွင့်ပျံနေသောအလံများကို သူ မြင်တွေ့နေရသည်။ ပိုမိုကောင်းမွန်သော လက်နက်ကိရိယာများတပ်ဆင်ထားသည့် နယ်ခြားအစောင့်တပ်မှ စစ်သည်အများစုမှာ ရွှေဝါရောင်အနားသပ်နှင့် အနီရောင် သံချပ်ကာအင်္ကျီများကို ဝတ်ဆင်ထားကြသဖြင့် မီးတောက်မီးလျှံများကဲ့သို့ရဲရဲနီနေကာ ဖော်ပြ၍မရနိုင်လောက်အောင် ခန့်ညားလှသော အရှိန်အဝါတစ်ခုကို ထုတ်လွှင့်နေကြသည်။
စစ်ဘက်ကြီးကြပ်ရေးအမတ်ကြီး လူရှန်းရှန်ကတော့ အဆင့်မြင့်စစ်သူကြီးများသာ ဝတ်ဆင်သည့် သံချပ်ကာအင်္ကျီကို ဝတ်ဆင်ထားပြီး အပေါ်မှအစိမ်းရောင်ဝတ်ရုံကိုထပ်ဝတ်ထားကာ ခွန်အားကြီးမားသောမြင်းတစ်ကောင်ကို စီးနှင်ထားသည်။ သူသည် တပ်မှူးကြီးများ၊ ဒုတပ်မှူးကြီးများနှင့်အတူ တပ်ဖွဲ့ကြီး၏အလယ်တွင်နေရာယူထားပြီး သူ၏အကြည့်များက ခိုင်မာပြတ်သားနေသည်။
လီချုံကျန်း၏ ကောင်းကင်အောက် ပထမဆုံးဂိတ်တံခါးတပ်ဖွဲ့ကတော့ ပင်မတပ်ဖွဲ့ကြီး၏ ညာဘက်အစွန်ဆုံးတွင် နေရာယူထားပြီး ဘေးဘက်မှ နောက်ချန်၍ ချီတက်နေကာ အရှေ့ဘက်ခြမ်းရှိ လောင်ဟွေဟွေ (ခေါ်) မာရှိုယင်းကို တိုက်ခိုက်ရန် အချိန်မရွေး ခွဲထွက်နိုင်ရန် အသင့်ပြင်ထားကြသည်။
ရှေ့ပြေးတပ်ဖွဲ့ကတော့ ဤပင်မတပ်ဖွဲ့ကြီးနှင့်အတူ မပါဝင်ပေ။ ယင်းအစား သူတို့သည် လွတ်လပ်စွာသီးသန့်ခွဲထွက်၍ ပင်မတပ်ဖွဲ့ကြီးကိုနောက်ချန်ထားရစ်ကာ အင်အား သုံးသောင်းခန့်ရှိသော လောင်ဟွေဟွေ၏ နောက်လိုက်များကိုရင်ဆိုင်ရန် အရှေ့ဘက်သို့ ချီတက်သွားကြလေသည်။
***