ကင်းထောက်များ၏ဦးဆောင်မှုဖြင့် ရှေ့ပြေးတပ်ဖွဲ့သည် စွန့်ပစ်ထားသော လယ်ကွင်းပြင်များကို ဖြတ်သန်းကာ လောင်ဟွေဟွေ၏ တပ်ဖွဲ့များကိုရှာဖွေရန် အရှေ့ဘက်သို့ ချီတက်သွားကြသည်။
အရှေ့ဘက်သို့ ၁၇ ၊ ၁၈ လီခန့် ချီတက်ပြီးနောက် လောင်ဟွေဟွေ၏ သူပုန်တပ်စခန်းမှာ ရှေ့တွင် တစ်လီကျော်ခန့်အကွာ၌သာရှိတော့ကြောင်း ကင်းထောက်များက သတင်းပို့ကြသည်။
မြင်းပေါ်တွင်ထိုင်နေသော လီကျစ်က ခေါင်းမော့ကြည့်လိုက်ရာ လောင်ဟွေဟွေ၏ ကြီးမားကျယ်ပြန့်လှသော သူပုန်တပ်စခန်းကြီးကိုလှမ်းမြင်နေရပြီဖြစ်သည်။ ၎င်းတို့၏ ပတ်ဝန်းကျင်တွင် လောင်ဟွေဟွေ၏ မြင်းစီးကင်းထောက်အရေအတွက်မှာ တဖြည်းဖြည်း များပြားလာသဖြင့် ရှေ့ပြေးတပ်ဖွဲ့၏ ကင်းထောက်များမှာ လွတ်လပ်စွာ လှုပ်ရှားနိုင်စွမ်းမရှိတော့ပေ။
ရှေ့ပြေးတပ်ဖွဲ့မှ ကင်းထောက်များက လောင်ဟွေဟွေ၏ မြင်းတပ်သားများကို စတင်ပစ်ခတ်နေကြသဖြင့် ရှေ့ဘက်ဆီမှ သေနတ်သံများကို ရံဖန်ရံခါကြားနေရသည်။
လီကျစ်က သူ၏ ကင်းထောက်များကိုပြန်ခေါ်လိုက်ပြီး ရှေ့ပြေးတပ်ဖွဲ့၏ချီတက်မှုကို ရပ်တန့်လိုက်သည်။ ထို့နောက် စစ်သည်များကို သေနတ်များကျည်ထိုးထားစေပြီး အနည်းငယ်မြင့်သော ကုန်းကမူတစ်ခုပေါ်တွင် လခြမ်းပုံစံ တိုက်ကွက်တစ်ခုဖွဲ့စည်းရန် အမိန့်ပေးလိုက်သည်။ ထိုတိုက်ကွက်မှာ လခြမ်းပုံစံဖြစ်ပြီး ဖြောင့်တန်းနေသောအခြမ်းတွင် စစ်သည်များကို သုံးတန်းစီ နေရာချထားကာ ခုံးနေသောအခြမ်းကို လောင်ဟွေဟွေ၏ တပ်ဖွဲ့များရှိရာသို့မျက်နှာမူထားစေသည်။ ထို့ပြင် အမြောက်တပ်သားများကိုလည်း လှည်းများပေါ်မှ အမြောက်များကိုချစေပြီး လခြမ်းပုံစံ တိုက်ကွက်၏ ဘေးနှစ်ဖက်စွန်းတွင် နေရာချထားရန် လီကျစ်က ညွှန်ကြားလိုက်သည်။
လီကျစ်က အမြောက်ချိန်တွယ်ရသောစစ်သည်များကို ကုန်းကမူ၏ အမြင့်ဆုံးနေရာတွင် ရပ်ကာ အမြောက်ဆန်များကျရောက်မည့်နေရာများကို စောင့်ကြည့်လေ့လာစေသည်။ ထို့နောက် လောင်ဟွေဟွေ၏ တပ်ဖွဲ့စခန်းကို စတင်ပစ်ခတ်ရန် အမြောက်တပ်သားများကို အမိန့်ပေးလိုက်သည်။
အမြောက်တပ်သားများသည် ထောင့်တိုင်းကိရိယာကိုအသုံးပြု၍ လောင်ဟွေဟွေ၏ သူပုန်အဖွဲ့နှင့်အမြောက်များကြားရှိ တိုက်ရိုက်အကွာအဝေးကို တိုင်းတာကြပြီး အမြောက်ချိန်ကိရိယာဖြင့် အမြင့်ကိုတိုင်းတာကာ အမြောက်၏ထောင့်အကျအထားကို ချိန်ညှိကြသည်။ ထို့နောက် တွက်ချက်ရေးပေတံကိုသုံး၍ လိုအပ်သော ယမ်းပမာဏကို တွက်ချက်ကြသည်။ ၎င်းတို့သည် အလေးချိန်အတိအကျချိန်တွယ်ထားသော ယမ်းအိတ်များကိုဖောက်၍ အမြောက်ပြောင်းထဲသို့ ထည့်ကာ သစ်သားတုတ်ရှည်များဖြင့် သိပ်ကြသည်။ ထို့နောက် သံလုံးအမြောက်ဆန်များကို ထည့်ကာ ထပ်မံ၍သိပ်ကြပြန်သည်။ ထို့နောက် အမြောက်ဖင်ပိုင်းရှိ ယမ်းမီးပေါက်ထဲသို့ ယမ်းမှုန့်အနည်းငယ်ကို မီးကူးရန်အတွက် လောင်းထည့်လိုက်ကြသည်။ ယင်းနောက် အမြောက်တပ်သားများက အမြောက်၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူလိုက်ကြပြီး အမြောက်ပစ်ခက်သူက မီးရှို့တံကို ယမ်းမီးပေါက်ထဲသို့ ထည့်ရန် အသင့်ပြင်ထားလိုက်သည်။
"ပစ်" ဟု လီကျစ်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်အမိန့်ပေးလိုက်သည်နှင့် အမြောက်ပစ်ခက်သူများက မီးရှို့တံများကို မီးတို့လိုက်ကြသည်။ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကျယ်လောင်လှသော ပေါက်ကွဲသံ ၄၀ ထွက်ပေါ်လာပြီး ရှေ့ပြေးတပ်ဖွဲ့မှစစ်သည်များမှာ အလိုအလျောက်ပင် သူတို့၏ နားများကို ပိတ်ထားလိုက်မိကြသည်။
အမြောက်ပြောင်းဝများမှ ကြီးမားသောမီးတောက်မီးပွားများနှင့် မီးခိုးလုံးများ ပန်းထွက်လာပြီးနောက် သံလုံးအမြောက်ဆန် ၄၀ မှာ လောင်ဟွေဟွေ၏ သူပုန်အဖွဲ့စခန်းဆီသို့ လေကိုခွဲ၍ ပြေးထွက်သွားကြလေသည်။
လောင်ဟွေဟွေ၏ သူပုန်အဖွဲ့စခန်းမှာ အလွန်ကျယ်ဝန်းလှသဖြင့် ခြောက်ပေါင်ဒါ အမြောက်များအနေဖြင့် ဤမျှကြီးမားသောပစ်မှတ်ကို လွဲချော်ရန်ဆိုသည်မှာ မဖြစ်နိုင်ပေ။ အမြောက်ဆန် ၄၀ လုံးသည် သူပုန်စခန်းအတွင်းသို့ ကျရောက်ပေါက်ကွဲသွားသည်။ အမြောက်ဆန်များသည် မြေပြင်ပေါ်သို့လည်းကောင်း၊ တဲများပေါ်သို့လည်းကောင်း၊ သူပုန်များ၏ ကိုယ်ပေါ်သို့လည်းကောင်းကျရောက်ကာ ထိမှန်သမျှအရာအားလုံးကို ထိုးဖောက်သွားပြီး သစ်စသစ်နများနှင့် သွေးစက်များကိုလွင့်စင်သွားစေသည်။ ထို့နောက် မြေပြင်ပေါ်မှတစ်ဆင့် ပြန်ကန်ထွက်ကာ ရှေ့သို့ဆက်လက်ပြေးထွက်သွားပြီး စစ်မြင်းတစ်ကောင် သို့မဟုတ် အခြားသူပုန်တစ်ဦး၏ ခန္ဓာကိုယ်ကို ထပ်မံထိုးဖောက်သွားပြန်သည်။ ထိုမှတစ်ဖန် မြေပြင်သို့ ပြန်ကျကာ ရှေ့သို့ထပ်မံကန်ထွက်သွားပြန်သဖြင့် လောင်ဟွေဟွေ၏ သူပုန်စခန်းကြီးတစ်ခုလုံး ကမောက်ကမဖြစ်ကာ ဖရိုဖရဲ ဖြစ်သွားရလေတော့သည်။
တစ်ကြိမ်တည်း ပစ်ခတ်လိုက်သော အမြောက်ဆန် ၄၀ ကြောင့် သူပုန်စစ်သည် ခုနစ်ဆယ်၊ ရှစ်ဆယ်ခန့် ထိခိုက်ဒဏ်ရာရ သို့မဟုတ် သေဆုံးသွားခဲ့ရသည်။
သေလုမျောပါးဖြစ်နေသော စစ်မြင်းများ၏ဟီသံများနှင့် ဒဏ်ရာရသူပုန်များ၏ အော်ဟစ်ညည်းညူသံများက သူပုန်စခန်းအတွင်း ချက်ချင်းပင်ဆူညံသွားစေသည်။ အခြေအနေကို နားမလည်ဘဲကြောက်လန့်တကြားဖြစ်နေကြသော သူပုန်များမှာ အထိတ်တလန့်ဖြင့် အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကြလေတော့သည်။
သူပုန်များ၏ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းခံထားရသော မူလက သာမန်အရပ်သားများဖြစ်သည့် သတ္တိနည်းပါးသော ငတ်မွတ်နေသည့်သူပုန်များမှာ ကောင်းကင်မှ ကျဆင်းလာသော အမြောက်ဆန်များကြောင့် အကြောက်လွန်ကာ ဝိညာဉ်လွင့်မတတ်ဖြစ်သွားကြပြီး အလိုအလျောက်ပင် ထွက်ပြေးရန်သာ ကြိုးစားကြတော့သည်။
အသက်ကြီးပြီဖြစ်သော သူပုန်ခေါင်းဆောင် မာရှိုယင်းသည် ဆူညံသံများကို ကြားသောအခါ သူ၏ တဲကြီးထဲမှ အလျင်စလိုပြေးထွက်လာပြီး ပေါက်ကွဲနေသော သူ၏စခန်းကို အနည်းငယ် ထိတ်လန့်တကြားကြည့်လိုက်သည်။ သူက အထိတ်တလန့်ဖြစ်နေသော သတင်းပို့တပ်သားတစ်ဦး၏ အင်္ကျီကော်လာကို ဆွဲကိုင်ကာ...
"ဘာတွေ ဖြစ်နေတာလဲ"
"ဘုရင့်စစ်သည်တွေလာနေကြပြီ။ ဘုရင့်စစ်သည်တွေ... သူတို့ဆီမှာ အမြောက်တွေ ပါလာတယ်"
စောစောပိုင်းက ဘုရင့်တပ်ဖွဲ့မှ အင်အားတစ်ထောင်ကျော်ပါသော တပ်ဖွဲ့ငယ်တစ်ခုသည် သူ၏ စခန်းနှင့် တစ်လီကျော်ခန့်အကွာသို့ ချဉ်းကပ်လာကြောင်းကင်းထောက်များ၏ သတင်းပို့ချက်ကို ထိုသူပုန်ခေါင်းဆောင်ကြီး ကြားခဲ့ရသည်။ သို့သော် သူက ထိုကိစ္စကို အလေးအနက်မထားခဲ့ပေ။ သူ၏လက်အောက်တွင် ငတ်မွတ်နေစစ်သည် တစ်သောင်းကျော်နှင့် ပုံမှန်စစ်သည် ရှစ်ထောင်ကျော် ရှိနေသဖြင့် ဘုရင့်စစ်သည်တစ်ထောင်ခန့်က လာရောက်တိုက်ခိုက်ပါက မိမိကိုယ်ကို သေတွင်းတူးနေခြင်းသာ ဖြစ်မည်မဟုတ်ပါလား။ မာရှိုယင်းက ထိုဘုရင့်စစ်သည်များမှာ ကင်းထောက်ရန်အတွက်သာ လာရောက်ခြင်းဖြစ်ပြီး မကြာမီပြန်လှည့်သွားလိမ့်မည်ဟုသာ ခန့်မှန်းထားခဲ့သည်။
မျှော်လင့်မထားစွာပင် ဤဘုရင့်တပ်ဖွဲ့သည် သူ့ကိုလာရောက်တိုက်ခိုက်ရဲရုံသာမက အမြောက်တပ်သားများပါ ပါဝင်လာပြီး ယခုအခါ သူ၏စခန်းကို အမြောက်များဖြင့် ပစ်ခတ်နေပြီဖြစ်သည်။
မာရှိုယင်းမှာ ဒေါသထောင်းခနဲထွက်သွားပြီး...
"တပ်ဖွဲ့တွေအားလုံး တိုက်ခိုက်ကြ... သွား... အဲဒီ ဘုရင့်စစ်သည်တွေကို မျိုးတုံးသွားအောင် ချေမှုန်းပစ်ကြစမ်း"
သတင်းပို့တပ်သားများမှာ ထိုအခါမှသာ အသိစိတ်ပြန်ဝင်လာပြီး မာရှိုယင်း၏ အမိန့်များကို တပ်စခန်းအသီးသီးသို့ လိုက်လံပို့ဆောင်ကြလေသည်။ သူပုန်ရှစ်ထောင်ခန့်မှာ တဖြည်းဖြည်း လှုပ်ရှားလာကြပြီး လက်နက်များကိုကိုင်ဆောင်ကာ စစ်မြင်းများပေါ်သို့တက်စီးကြလျက် အထိတ်တလန့်ဖြစ်နေသော ငတ်မွတ်စစ်သည်များကို ခံတပ်အပြင်ဘက်သို့ စတင်မောင်းထုတ်ကြသည်။
အရည်အသွေးညံ့ဖျင်းသော ဓားများ… သို့မဟုတ် တံစဉ်များနှင့် ပေါက်ပြားများကိုသာ ကိုင်ဆောင်ထားကြရသော ငတ်မွတ်စစ်သည်များကိုစုစည်းကာ အမြောက်စာအဖြစ် စစ်မြေပြင်သို့ စေလွှတ်လိုက်ကြသည်။
သို့ရာတွင် တပ်ဖွဲ့များစုစည်းရန် အချိန်ယူရသည်။ သူပုန်များ အပြည့်အဝစုစည်းမှု မပြီးမီမှာပင် ဒုတိယအကြိမ်ပစ်ခတ်လိုက်သော အမြောက်ဆန် ၄၀ မှာ ပျံသန်းလာပြန်သည်။
အမြောက်ချိန်တွယ်ရသော စစ်သည်များ၏ လမ်းညွှန်မှုဖြင့် ဤခြောက်ပေါင်ဒါ အမြောက် ၄၀ သည် လောင်ဟွေဟွေ၏စခန်း အလယ်ဗဟိုတည့်တည့်သို့ ချိန်ရွယ်ထားခြင်းဖြစ်သည်။
ထောင့်တိုင်းကိရိယာ အမြောက်ချိန်ကိရိယာနှင့် တွက်ချက်ရေးပေတံတို့၏ အကူအညီဖြင့် အမြောက်ဆန် ၄၀ မှာ အလွန်တိကျလှပြီး တည့်တည့်မထိမှန်လျှင်ပင် မီတာအနည်းငယ်ခန့်သာ လွဲချော်ကာ... ယခုမှ စတင်စုစည်းနေသော သူပုန်များ၏ ကြီးမားသောတပ်ဖွဲ့ကြီးထဲသို့ အရှိန်အဟုန်ပြင်းစွာ ဝင်ရောက်ပေါက်ကွဲသွားတော့သည်။
ခြောက်ပေါင်းဒါ သံစိုင်အမြောက်ဆန်များသည် မြေပြင်ပေါ်တွင် လျင်မြန်စွာပြန်ကန်ထွက်ကာ စုစည်းနေသော သူပုန်တပ်ဖွဲ့ဝင်များကြားသို့ အရိုင်းအစိုင်းဆန်ဆန် ထိုးဖောက်ဝင်ရောက်သွားသည်။ သွေးနှင့်သားဖြင့် တည်ဆောက်ထားသော ခန္ဓာကိုယ်များနှင့်တွေ့ဆုံတိုင်း အမြောက်ဆန်များသည် အသားများနှင့်အရိုးများကို တစ်စစီကြေမွသွားစေပြီး ဖြတ်သန်းသွားကာ... နောက်ထပ် စစ်သည်တစ်ဦး၏ ခန္ဓာကိုယ်ကို ထပ်မံထိုးဖောက်၍ မြေပြင်ပေါ်သို့ ပြန်ကန်ထွက်ကာ ဆက်လက်၍ ပစ်ခတ်တိုက်ခိုက်နေတော့သည်။ အမြောက်ဆန် ၄၀ သည် သေမင်းတမန် ၄၀ ကဲ့သို့ပင် မာရှိုယင်း၏ တပ်ဖွဲ့များကြားတွင် သွေးလွှမ်းနေသော သေမင်းလမ်းကြောင်း ၄၀ ကို ဖန်တီးလိုက်လေသည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင် စစ်သည်တစ်ရာကျော်မှာ အမြောက်ဆန်များထိမှန်ကာ ခန္ဓာကိုယ်များ အပိုင်းပိုင်းအစစဖြစ်ပြီး သူပုန်တပ်စခန်း၏ အလယ်တွင် လဲကျသွားကြသည်။
ငတ်မွတ်စစ်သည်များမှာ တိုက်ခိုက်လိုစိတ်များ လုံးဝပျောက်ကွယ်သွားကြပြီဖြစ်သည်။ သူတို့သည် မူလက အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း ခံထားရသော သာမန်အရပ်သားများသာ ဖြစ်ကြသဖြင့်... သူတို့၏ သနားစရာကောင်းလှသော ခန္ဓာကိုယ်လေးများဖြင့် ဤအေးစက်စက် အမြောက်ဆန်များကို မည်ကဲ့သို့ရင်ဆိုင်ရဲကြမည်နည်း။ အချို့သော ငတ်မွတ်စစ်သည်များမှာ ချက်ချင်းပင် ထွက်ပြေးရန်ကြိုးစားကြတော့သည်။
သို့သော် မာရှိုယင်း၏ စစ်သည်ရှစ်ထောင်ကတော့ တိုက်ခိုက်လိုစိတ်များ မကုန်ခမ်းသေးပေ။ သူတို့က ဓားများကိုမြှောက်ကာ ထွက်ပြေးရန်ကြိုးစားနေသည့် ငတ်မွတ်စစ်သည်များကို ခုတ်သတ်လိုက်ကြပြီး ဖရိုဖရဲထွက်ပြေးနေကြသော ငတ်မွတ်စစ်သည်များကို အတင်းအကျပ် နောက်သို့ဆုတ်ခိုင်းကြသည်။
မာရှိုယင်း ကိုယ်တိုင်လည်း ဤသေမင်းတမန် အမြောက်ဆန်များကြောင့် မှင်တက်သွားရသည်။ ဘုရင့်စစ်သည် တစ်ထောင်ကျော်လောက်မှာ တကယ်ပဲ အမြောက် ၄၀ တောင် ပါလာတယ်ပေါ့လေ။ ဒီဘုရင့်စစ်သည်တွေက ဘယ်ကနေ ရောက်လာကြတာလဲ။ သူသည် မင်မင်းဆက် ၏ ဒေသအနှံ့အပြားတွင် လှည့်လည်ကျက်စားနေခဲ့သည်မှာ ၇ နှစ်တောင်ရှိပြီဖြစ်သော်လည်း... ဤမျှ အင်အားကြီးမားသော ပစ်ခတ်မှုစွမ်းရည်ရှိသည့် ဘုရင့်တပ်ဖွဲ့ကို တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။
အမြောက်များ၏ တိုက်ခိုက်မှုက ပြင်းထန်လွန်းသဖြင့် တပ်ဖွဲ့များကို စနစ်တကျဖွဲ့စည်းရန် အချိန်မရှိတော့ပေ။ မာရှိုယင်းက...
"တိုက်ခိုက်ကြ... အဲဒီ ဘုရင့်စစ်သည်တွေကို ပြေးဝင်ပြီးခုတ်သတ်ကြစမ်း"
အတွေ့အကြုံရင့် သူပုန်ရှစ်ထောင်မှာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်ကြရင်း... ငတ်မွတ်စစ်သည် တစ်သောင်းသုံးထောင်ကို ပင်မခံတပ်အပြင်ဘက်သို့မောင်းထုတ်ကာ တစ်လီခန့်ကွာဝေးသော ဘုရင့်စစ်သည်များထံသို့ပြေးဝင်သွားကြလေသည်။ မာရှိုယင်းသည် ဘုရင့်စစ်သည်များ၏ ပစ်ခတ်မှုစွမ်းအားကို အနည်းငယ်သတိထားနေသဖြင့်... ပုံမှန်လို ရှေ့ဆုံးမှနေ၍ ပြေးမဝင်တော့ဘဲ မြင်းတပ်သားသုံးထောင်၏ အလယ်လောက်တွင်သာ မြင်းကို စီးနှင်လိုက်လာသည်။
သူပုန်များသည် ခြေလှမ်းတစ်ရာပင်မပြည့်သေးခင် ရှေ့ပြေးတပ်ဖွဲ့နှင့် တစ်လီခန့် အကွာအဝေးသို့ ရောက်ရှိလာချိန်တွင်... အမြောက် ၄၀ က ထပ်မံ၍ ပစ်ခတ်လိုက်ပြန်သည်။
လေကိုခွဲထွက်သွားသော အမြောက်ဆန် ၄၀ ၏ လေပွတ်သံများနှင့်အတူ ကြီးမားလှသော သူပုန်တပ်ဖွဲ့ကြီးထဲသို့ ရက်စက်စွာ ဝင်ရောက်ပေါက်ကွဲသွားတော့သည်။
တစ်ဖန် အသားစနှင့်သွေးစက်များလွင့်စင်နေသော မြင်ကွင်းတစ်ခုကို ထပ်မံမြင်တွေ့လိုက်ရပြန်သည်။ အမြောက်ဆန်များသည် ပြန်ကန်ထွက်ကာ ထိုးဖောက်သွားကြပြီး သူပုန်များ၏ခန္ဓာကိုယ်များကို ဖြတ်သန်းသွားကြသည်။ တံစဉ်ကိုကိုင်ဆောင်ထားသော ငတ်မွတ်စစ်သည်ဖြစ်စေ… စစ်မြင်းနှစ်ကောင်ကိုပိုင်ဆိုင်ထားသော မြင်းတပ်သားဖြစ်စေ ဤသေမင်းတမန် အမြောက်ဆန်များကြောင့် ချက်ချင်းပင် အသက်ပျောက်သွားကြရသည်။ အကယ်၍ သူတို့၏ ခြေလက်အင်္ဂါ တစ်စိတ်တစ်ဒေသကိုသာ အမြောက်ဆန်ထိမှန်ခဲ့လျှင်ပင်... ချက်ချင်း လက် သို့မဟုတ် ခြေထောက် ပြတ်တောက်သွားခြင်းကိုဖြစ်ပေါ်စေပြီး တိုက်ခိုက်နိုင်စွမ်း လုံးဝရှိတော့မည် မဟုတ်ပေ။
အမြောက်ဆန်များဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ပြတ်တောက်သွားသော ခြေလက်အင်္ဂါများနှင့် သွေးစိမ်းရှင်ရှင်များထွက်သွားပြီး ဝက်များကို သတ်ဖြတ်နေသကဲ့သို့ စူးရှသော အော်ဟစ်သံများ နေရာအနှံ့ထွက်ပေါ်လာသည်။ နောက်ထပ် လူတစ်ရာကျော်ခန့်မှာ သွေးအိုင်ထဲတွင် လဲကျသွားကြပြန်သည်။
သတ္တိနည်းပါးလှသော ငတ်မွတ်စစ်သည်များမှာ ဤကဲ့သို့သောအမြောက်များဖြင့် ပစ်ခတ်ချေမှုန်းခံရမှုကို ဆက်လက်၍သည်းမခံနိုင်ကြတော့ပေ။ သူတို့သည် မူလက လယ်ယာလုပ်ငန်းကိုသာ လုပ်ကိုင်စားသောက်ကြသော တောင်သူလယ်သမားများသာဖြစ်ကြရာ... ဤကဲ့သို့သော ရန်သူမျိုးကိုရင်ဆိုင်တိုက်ခိုက်ရန် မည်သည့်နေရာမှ သတ္တိများရရှိနိုင်ပါမည်နည်း။ ဤသူများသည် ဘုရင့်စစ်သည်များ မဟုတ်ကြဘဲ ကောင်းကင်ဘုံမှ စစ်သည်တော်များသာဖြစ်ရမည်။
"ဝုန်း"
ဟူသော အသံနှင့်အတူ ငတ်မွတ်စစ်သည်များမှာ အရပ်မျက်နှာအနှံ့သို့ဖရိုဖရဲ ထွက်ပြေးကြလေတော့သည်။ အနောက်မှနေ၍ ကြမ်းကြုတ်ရက်စက်သော မြင်းတပ်သားများက လိုက်လံခြောက်လှန့် မောင်းနှင်နေသော်လည်း... ငတ်မွတ်စစ်သည်များမှာ နောက်သို့လှည့်ကြည့်ရန် လုံးဝငြင်းဆန်ကြပြီး သေမင်းနှင့်တူသော ထိုဘုရင့်စစ်သည်များရှိရာသို့ ရှေ့ဆက်တက်ရန် အခိုင်အမာ ငြင်းဆန်ကြလေတော့သည်။
***