မာရှိုယင်းသည် သူ၏ မြင်းတပ်ဖွဲ့နှင့်အတူအတွေ့အကြုံရင့် သူပုန်စစ်သည်များ၏ အနောက်ဘက်တွင်နေရာယူထားပြီး မူလက နောက်ချန်တပ်အဖြစ်ဆောင်ရွက်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ သို့သော် သူ မည်မျှပင်မြန်မြန်ဆန်ဆန် လိုက်လံတားဆီးစေကာမူ သို့မဟုတ် ထွက်ပြေးနေသောစစ်သည်များကို မည်မျှပင်ရက်ရက်စက်စက် ခုတ်သတ်စေကာမူ ရေကြီးသကဲ့သို့ ဖရိုဖရဲထွက်ပြေးလာကြသော ခြေလျင်စစ်သည်များမှာ သူ့ကို လုံးဝဂရုမစိုက်တော့ဘဲ အရပ်မျက်နှာအနှံ့သို့သာ ထွက်ပြေးကြလေသည်။ မာရှိုယင်း၏ မြင်းတပ်ဖွဲ့မှာမည်မျှပင် ကြမ်းကြုတ်ရက်စက်သည်ဖြစ်စေ... ကုန်းကမူပေါ်ရှိ ကောင်းကင်ဘုံမှ စစ်သည်တော်များနှင့်တူသော ဘုရင့်တပ်ဖွဲ့လောက်တော့ မကြောက်မက်ဖွယ် မကောင်းကြောင်း သိသာထင်ရှားလှသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အတွေ့အကြုံရင့်သူပုန်စစ်သည် ငါးထောင်ထဲမှ အချို့မှာ သေနတ်ထိမှန်၍ လဲကျသွားကြပြီး ကျန်ရစ်သူများမှာ ဖရိုဖရဲထွက်ပြေးသွားကြလေပြီ။ မာရှိုယင်း၏ မျက်နှာမှာသွေးဆုတ်ဖြူရော်သွားပြီး... ဒီနေ့ ငါ တကယ်ပဲ ရှုံးသွားပြီလား။ လူအင်အား တစ်ထောင်ကျော်လေးပဲရှိတဲ့ ဘုရင့်တပ်ဖွဲ့ကို ရှုံးသွားတာလား ဟု တိတ်တဆိတ် တွေးလိုက်မိသည်။
အကယ်၍ သူ ထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့လျှင်ပင် သူ၏ ဂုဏ်သိက္ခာမှာ ကျဆင်းသွားမည်ဖြစ်ပြီး... မည်သူက သူ၏တပ်ဖွဲ့ကို လေးစားတော့မည်နည်း။ မည်သူက သူနှင့် လာရောက်ပူးပေါင်းလိုတော့မည်နည်း။ ဤမျှ လူအင်အားတစ်ထောင်သာရှိသော ဘုရင့်တပ်ဖွဲ့ကို ရှုံးနိမ့်သွားခဲ့ရသဖြင့် သူ၏တပ်ဖွဲ့ဝင်များအနေဖြင့် နောင်တွင်ဘုရင့်တပ်ဖွဲ့ကို မည်ကဲ့သို့ ရင်ဆိုင်ဝံ့တော့မည်နည်း။ ဘုရင့်တပ်ဖွဲ့ကိုမြင်သည်နှင့် ကြောက်လန့်တုန်ယင်ကာ ထွက်ပြေးကြတော့မည် မဟုတ်ပါလား။
မဟုတ်သေးဘူး။ မာရှိုယင်းမှာ နောက်ဆုံးအဆုံးအဖြတ်ပေးနိုင်မယ့် ဖဲချပ်တစ်ခု ကျန်ရှိနေသေးသည်။
မာရှိုယင်းက သူ၏ စစ်သုံးဓားကိုဆွဲထုတ်ကာ...
"မြင်းတပ်သားတွေအားလုံး ငါ့နောက်ကလိုက်ပြီးဝင်တိုက်ကြ။ ဘုရင့်တပ်ဖွဲ့ရဲ့ မြောက်ဘက်အစွန်မှာရှိတဲ့ အမြောက်တွေကိုသွားတိုက်မယ်။ သူတို့ရဲ့ အားအနည်းဆုံးနေရာကနေ ဘုရင့်တပ်ဖွဲ့ကို ချေမှုန်းပစ်မယ်"
ဤမြင်းတပ်သားများမှာ နှစ်ပေါင်းများစွာ မာရှိုယင်း၏ နောက်သို့လိုက်ပါခဲ့ကြသော အတွေ့အကြုံရင့် သူပုန်စစ်သည်များဖြစ်ကြပြီး အလွန်တရာကြမ်းကြုတ်ရက်စက်ကြသည်။ မြင်းတပ်သားများက ယခုအခြေအနေမှာ အသေအကြေရင်ဆိုင်ရမည့် နောက်ဆုံးပွဲဖြစ်ကြောင်း သိရှိထားကြသဖြင့်... အားလုံးက အသံကျယ်ကျယ်ဖြင့် ဟစ်အော်လိုက်ကြပြီး ထွက်ပြေးနေသော စစ်သည်များကို လိုက်လံတားဆီးနေခြင်းကိုရပ်တန့်ကာ တစ်စုတစ်ရုံးတည်း စုစည်းလိုက်ကြသည်။ သူတို့က ဟိန်းဟောက်လိုက်ကြပြီး ရှေ့ပြေးတပ်ဖွဲ့၏ ဘယ်ဘက်အစွန်သို့ကွေ့ပတ်ကာ မြင်းများကို ဒုန်းစိုင်းစီးနှင်သွားကြလေသည်။
ဘုရင့်တပ်ဖွဲ့၏ဘယ်ဘက်အစွန်တွင် အမြောက်တပ်သားများသာရှိနေသဖြင့် အားအနည်းဆုံးနေရာအဖြစ် ထင်ရသည်။
မြင်းခွာသံများ ဆူညံစွာထွက်ပေါ်လာပြီး စစ်မြင်းသုံးထောင်၏ ပြင်းထန်လှသော ခွာသံများက မြေကြီးကိုပင် တုန်ခါသွားစေကာ စွန့်ပစ်ထားသော လယ်ကွင်းပြင်တစ်လျှောက်တွင် ဖုန်လုံးကြီးများ လွင့်တက်လာသည်။
မာရှိုယင်းက ကြမ်းကြုတ်ရက်စက်သော မျက်နှာအမူအရာဖြင့် သူ၏ တပ်ဖွဲ့အလယ်မှနေ၍ အသံကျယ်ကျယ်ဖြင့်အော်ဟစ်ကာ... တပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးရင်း ဤဘုရင့်တပ်ဖွဲ့ကို ချေမှုန်းပစ်မည်ဟု သစ္စာဆိုလိုက်သည်။
မြင်းတပ်ဖွဲ့သည် ရှေ့ပြေးတပ်ဖွဲ့၏ ဘယ်ဘက်အစွန်သို့ပြေးဝင်လာရာ မီတာ လေးရာ၊ မီတာ သုံးရာ၊ မီတာ နှစ်ရာ၊ မီတာ တစ်ရာ... အမြောက်တပ်သားများအနီးသို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီဖြစ်သည်။
ထိုအချိန်တွင် ရှေ့ပြေးတပ်ဖွဲ့၏ဘယ်ဘက်အစွန်ရှိ အမြောက် ၂၀ က စတင်ပစ်ခတ်လိုက်လေသည်။
မာရှိုယင်းသည် အစေ့များပါသော အမြောက်ဆန်များဖြင့်ပစ်ခတ်ခြင်းကို တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။
အမြောက် ၂၀ သည် တစ်လုံးပြီးတစ်လုံး ဆက်တိုက်ပစ်ခတ်လိုက်ရာ... မီးတောက်များနှင့် မီးခိုးလုံးကြီးများ ပန်းထွက်လာပြီး မီတာ တစ်ရာကျော်အကွာရှိ သူပုန်မြင်းတပ်ဖွဲ့ဆီသို့ သေးငယ်သော ခဲစေ့ပေါင်း နှစ်ထောင်ကို ပက်ဖြန်းလိုက်လေတော့သည်။
ပြေးဝင်လာသောမြင်းတပ်ဖွဲ့မှာ များပြားလွန်းလှသဖြင့် ခဲစေ့အမြောက်ဆန်များအတွက် အကောင်းဆုံးပစ်မှတ်ဖြစ်နေတော့သည်။ ဆက်တိုက်ထွက်ပေါ်လာသော အမြောက်သံများကြားတွင် လေတိုက်ခံရသော စပါးခင်းများယိမ်းယိုင်လဲကျသွားသကဲ့သို့ မြင်းတပ်သားများမှာ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြလေသည်။ သူပုန်တပ်ဖွဲ့၏ ရှေ့ဆုံးပိုင်းမှာ ချက်ချင်းပင် အသက်ရှင်လျက် ငရဲခန်းအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
အလွန်များလှသော ခဲစေ့များသည် မြင်းများ၏ရင်ဘတ်များ၊ ခေါင်းများနှင့် အပေါ်မှစီးနှင်လာသော မြင်းတပ်သားများကိုထိမှန်ကာ သွေးနှင့်အသားများထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားကြသည်။ ထိုခဲစေ့များ၏ အရှိန်မှာ ရိုင်ဖယ်ကျည်ဆန်များထက်ပင် ပိုမိုမြန်ဆန်ပြီး ၎င်းတို့၏ ဖျက်ဆီးနိုင်စွမ်းမှာလည်း ပို၍ပင်ကြီးမားလှသည်။ ကြွက်သားများစုတ်ပြဲသွားပြီး အရိုးများ ကျိုးကြေသွားကာ သွေးများမှာ စမ်းရေပေါက်ကဲ့သို့ ပန်းထွက်လာလေသည်။
တစ်ယောက်ပြီးတစ်ယောက်... မြင်းတပ်သားသုံးရာခန့်မှာ အမြောက်ဆန်များ ထိမှန်သွားကြသည်။ ထိမှန်သွားသော မြင်းတပ်သားများမှာ သွေးသံရဲရဲဖြစ်နေကြသည်။ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသည်ဖြစ်စေ မြင်းပေါ်မှလိမ့်ကျသွားသည်ဖြစ်စေ ရုတ်တရက် လဲကျသွားသောမြင်းများ၏ ဖိမိခြင်းကိုခံလိုက်ရသည်ဖြစ်စေ... ဤမြင်းတပ်သားသုံးရာမှာ ချက်ချင်းပင် တိုက်ခိုက်နိုင်စွမ်း လုံးဝ ဆုံးရှုံးသွားကြရသည်။
မြေပြင်ပေါ်တွင် သေဆုံး သို့မဟုတ် ဒဏ်ရာရနေသော မြင်းတပ်သားများနှင့် ရုန်းကန်နေကြသော သူပုန်စစ်သည်များမှာများပြားလွန်းလှသဖြင့် လမ်းပိတ်ဆို့မှုတစ်ခုအဖြစ် ဖြစ်ပေါ်သွားကာ အနောက်မှပြေးဝင်လာသော မြင်းတပ်သားများ၏လမ်းကြောင်းကို ဟန့်တားလိုက်သကဲ့သို့ ဖြစ်သွားသည်။ မြင်းတပ်ဖွဲ့၏ ပြေးဝင်လာသောတိုက်ကွက်မှာ များပြားလွန်းလှသဖြင့် မြင်းအကောင်ရေ ဒါဇင်ပေါင်းများစွာမှာ ချက်ချင်းရပ်တန့်နိုင်ခြင်းမရှိဘဲ ရှေ့မှ လဲကျနေသောမြင်းများကို ခလုတ်တိုက်မိကာချော်လဲသွားကြပြီး အပေါ်မှ မြင်းစီးသူရဲများကို လွှင့်ပစ်လိုက်သကဲ့သို့ ဖြစ်သွားသဖြင့် နောက်ထပ်မြင်းတပ်သား ဒါဇင်ပေါင်းများစွာမှာလည်း တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားကြရပြန်သည်။
မြင်းများ၏ ဟီသံများနှင့် ဒဏ်ရာရသူများ၏ အော်ဟစ်ညည်းညူသံများ ပေါင်းစပ်သွားကာ ရေစီးသံကြီးတစ်ခုကဲ့သို့ ဆူညံစွာထွက်ပေါ်လာလေသည်။
သူ့ရှေ့မှမြင်ကွင်းကို မြင်လိုက်ရသောအခါ မာရှိုယင်း၏ မျက်နှာမှာ သွေးဆုတ်ဖြူရော်သွားတော့သည်။
“ရှုံးပြီ။”
သူ့တွင် မြင်းတပ်သား နှစ်ထောင့်ခြောက်ရာခန့်သာကျန်ရှိတော့ပြီး သူတို့ ပြေးဝင်လာမည့် လမ်းကြောင်းမှာလည်း မြင်းအလောင်းများနှင့် ဒဏ်ရာရစစ်သည်များကြောင့် ပိတ်ဆို့နေပြီဖြစ်သည်။ ဘုရင့်တပ်ဖွဲ့ကိုတစ်ကြိမ်တည်းဖြင့် ချေမှုန်းပစ်မည်ဆိုသောအစီအစဉ်မှာ ယခုအခါ စိတ်ကူးယဉ်အိပ်မက်တစ်ခုသာ ဖြစ်သွားလေပြီ။ ထိုအချိန်တွင် ကုန်းကမူပေါ်ရှိရန်သူများမှာ အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာရခြင်းမရှိဘဲ သူတို့ကိုပစ်ခတ်ရန် အသင့်ပြင်နေကြပြီဖြစ်သည်။ သူ့တွင် အနိုင်ရရန် အခွင့်အရေး လုံးဝမရှိတော့ပေ။
"ပစ်"
ရှေ့ပြေးတပ်ဖွဲ့၏ ဘယ်ဘက်အစွန်နှင့် အလယ်ဗဟိုရှိ သေနတ်သမားရှစ်ရာက မြင်းတပ်ဖွဲ့ရှိရာသို့ အဆင့်သုံးဆင့်ခွဲ၍ စတင်ပစ်ခတ်လိုက်ကြလေသည်။
မီတာတစ်ရာအကွာအဝေးတွင် မြင်းအလောင်းများရှေ့၌ ရပ်တန့်နေသော မြင်းတပ်ဖွဲ့မှာ ရှေ့ပြေးတပ်ဖွဲ့အတွက် မရွေ့လျားသောပစ်မှတ်များကဲ့သို့ ဖြစ်နေသဖြင့် ထိမှန်နှုန်းမှာ အလွန်တရာ တိကျလှသည်။ ကျည်ဆန် ၂၇၀ သည် လေကိုခွဲ၍ပျံသန်းလာပြီး မြင်းတပ်သားများ၏ ခန္ဓာကိုယ်များထဲသို့ ရက်စက်စွာ ထိုးဖောက်ဝင်ရောက်သွားတော့သည်။
မြင်းတပ်သားနှစ်ရာကျော်မှာ ကျည်ဆန်ထိမှန်ကာ မြင်းပေါ်မှလိမ့်ကျသွားကြသဖြင့် အော်ဟစ်ညည်းညူသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
တစ်ကြိမ်တည်း ပစ်ခတ်လိုက်ရုံဖြင့် မာရှိုယင်း၏ မြင်းတပ်ဖွဲ့မှာ ပြိုကွဲသွားလေတော့သည်။
အတွေ့အကြုံရင့် သူပုန်စစ်သည်များ ဖရိုဖရဲထွက်ပြေးသွားမှုက မြင်းတပ်ဖွဲ့၏ စိတ်ဓာတ်ခွန်အားကို ထိခိုက်စေခဲ့ပြီးဖြစ်ကာ... ဘုရင့်တပ်ဖွဲ့၏ ပြင်းထန်လှသော ပစ်ခတ်မှုစွမ်းအားက သူတို့ကိုပိုမို၍ပင် တုံ့ဆိုင်းသွားစေသည်။ မြင်းတပ်ဖွဲ့၏ စိတ်ဓာတ်ခွန်အားမှာ သိပ်မမြင့်မားလှပေ။ ယခုအခါ ခဲစေ့များဖြင့် အပြင်းအထန်ပစ်ခတ်ခံရပြီးနောက် သေနတ်သမားများ၏ တစ်ကျော့ပစ်ခတ်မှုကိုပါ ထပ်မံခံလိုက်ရသဖြင့် မြင်းတပ်သား ငါးရာကျော်မှာ သေဆုံး သို့မဟုတ် ဒဏ်ရာရသွားခဲ့ကြပြီဖြစ်သည်။ မြင်းတပ်ဖွဲ့၏ စည်းလုံးမှုံမှာလုံးဝပြိုကွဲသွားပြီး အားလုံး နောက်ကြောင်းလှည့်ကာ ထွက်ပြေးကြလေတော့သည်။
မာရှိုယင်း ရှုံးနိမ့်သွားပြီ။ လုံးဝကို အရှုံးကြီး ရှုံးသွားခြင်းဖြစ်သည်။
မာရှိုယင်းက ကုန်းကမူငယ်လေးဆီသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တပ်ဖွဲ့ကိုလေ့ကျင့်ပေးထားသည့် ဘုရင့်တပ်ဖွဲ့၏ခေါင်းဆောင်မှာ မည်သူဖြစ်ကြောင်း သူ မြင်တွေ့ချင်နေသည်။
သူ မြင်လိုက်ရသည်မှာ လီကျစ်၏ ငယ်ရွယ်လှသောပုံရိပ်လေးဖြစ်သည်။ အသက် ၁၉ နှစ်အရွယ် လီကျစ်မှာ သိသာထင်ရှားစွာပင် လူငယ်လေးတစ်ဦးသာဖြစ်သည်။
ထိုအချိန်တွင် မာရှိုယင်းသည် သူ၏ ကမ္ဘာကြီးတစ်ခုလုံး ပြိုကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် မြောက်မှတောင်သို့ ၇ နှစ်တိုင်တိုင် စစ်တိုက်ခဲ့ပြီး ဘုရင့်တပ်ဖွဲ့နှင့် အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ဖူးသော်လည်း ယနေ့တွင် လူငယ်လေးတစ်ဦးကို လုံးဝရှုံးနိမ့်သွားခဲ့ကာ အရာအားလုံးကို ဆုံးရှုံးလိုက်ရပြီဖြစ်သည်။ ငတ်မွတ်နေသောစစ်သည်များလည်း ထွက်ပြေးသွားကြပြီ။ အတွေ့အကြုံရင့် သူပုန်စစ်သည်များလည်း ဖရိုဖရဲဖြစ်သွားကြပြီ။ မြင်းတပ်ဖွဲ့လည်း အင်အားချည့်နဲ့သွားခဲ့ပြီ။ အရင်ကလို ဂုဏ်သိက္ခာမျိုးကို ပြန်လည်ရရှိရန် သူ အချိန်မည်မျှ ယူရဦးမည်နည်း။
သို့သော် ယခုအချိန်သည် ထိုမေးခွန်းကို စဉ်းစားနေရမည့် အချိန်မဟုတ်ပေ။ ယခုအချိန်သည် သူ အသက်ရှင်နိုင်မည်လားဆိုသည်ကို စဉ်းစားရမည့် အချိန်ဖြစ်သည်။
သူက မြင်းကိုနောက်ကြောင်းလှည့်ကာ အသက်လွတ်ရန်မျှော်လင့်ချက်ဖြင့် သူလာခဲ့ရာလမ်းအတိုင်း ပြန်လည်ဒုန်းစိုင်းစီးနှင်သွားလေတော့သည်။
သူ ထွက်ပြေးသည်မှာ နောက်ကျသွားခဲ့ပြီဖြစ်ရာ သူ၏ဘေးမှ ပိုမိုမြန်ဆန်စွာပြေးနေသော မြင်းတပ်သားများ၏ အနောက်တွင်ကျန်ရစ်ခဲ့သည်။ သူ မြင်းကို လှည့်လိုက်ချိန်မှာပင် ရှေ့ပြေးတပ်ဖွဲ့က နောက်တစ်ကြိမ် ထပ်မံပစ်ခတ်လိုက်ပြန်သည်။ ကျည်ဆန်တစ်တောင့်က တည်ငြိမ်စွာပျံသန်းလာပြီး မာရှိုယင်း၏ ဘယ်ဘက်ကျောပြင်မှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ဝင်ရောက်ကာ လည်ပတ်နေသော အရှိန်ဖြင့် သူ၏ နှလုံးကို ဆုတ်ဖြဲသွားလေတော့သည်။
မာရှိုယင်းသည် နာကျင်စွာအော်ဟစ်လိုက်ပြီးနောက် သဲအိတ်တစ်အိတ်ကဲ့သို့ "ဘုန်း" ခနဲ မြေပြင်ပေါ်သို့ လဲကျသွားကာ ထပ်မံ၍ မထနိုင်တော့ပေ။
လီကျစ်သည် ကုန်းကမူပေါ်တွင်ရပ်နေရင်း သူပုန်မြင်းတပ်သားများ ဝိုင်းရံထားသော တပ်မှူးကြီးတစ်ဦး သေနတ်ထိမှန်ကာ သေဆုံးသွားသည်ကိုမြင်လိုက်ရသဖြင့် စိတ်လှုပ်ရှားစွာဖြင့် သူ၏ ပေါင်ကိုရိုက်လိုက်မိသည်။ လောင်ဟွေဟွေ အသတ်ခံလိုက်ရပြီဖြစ်ရာ ယင်းမှာ သူ့အတွက် အလွန်ကြီးမားသော အမြတ်တစ်ခုဖြစ်ပေလိမ့်မည်။
လီကျစ်သည် ဘေးဘက်စစ်မျက်နှာပြင်တွင်ကြီးမားသော အောင်ပွဲတစ်ခုကို ရရှိခဲ့သော်လည်း ဘုရင့်တပ်ဖွဲ့၏ ပင်မစစ်မျက်နှာပြင်တွင်မူ အခြေအနေမှာ အရမ်းကိုရှုတ်ထွေးနေသည်။
လူရှန်းရှန်နှင့် တပ်မှူးကြီးများ၊ ဒုတပ်မှူးကြီးများသည် ကုန်းကမူတစ်ခုပေါ်တွင်ရပ်ကာ မလှမ်းမကမ်းတွင် ဖြစ်ပွားနေသော ပြင်းထန်လှသည့် တိုက်ပွဲကို လေ့လာစောင့်ကြည့်နေကြပြီး အားလုံး မျက်မှောင်ကြုတ်ကာ တိတ်ဆိတ်နေကြသည်။
ဘုရင့်တပ်ဖွဲ့သည် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သူပုန်များထက်သာလွန်သည်ဟု အမြဲတစေယုံကြည်ထားခဲ့ကြသည်။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်ကဆိုလျှင် လူရှန်းရှန်သည် ဘုရင့်တပ်ဖွဲ့မှ စစ်သည်ထောင်ဂဏန်းခန့်ကိုဦးဆောင်၍ သူပုန် သောင်းဂဏန်းခန့်ကို လိုက်လံတိုက်ခိုက်ကာ ဖရိုဖရဲထွက်ပြေးသွားစေနိုင်ခဲ့သည်။ သို့သော် ယခုနှစ်မှစ၍ ဤအခြေအနေမှာ ပြောင်းပြန်ဖြစ်သွားခဲ့သည်။ သူပုန်များသည် ဘုရင့်တပ်ဖွဲ့ကိုမျက်နှာချင်းဆိုင် ရင်ဆိုင်ဝံ့ရုံသာမက တိုက်ပွဲတွင်လည်း ဆက်လက်တောင့်ခံနိုင်စွမ်းရှိလာကာ ဘုရင့်တပ်ဖွဲ့ကိုပင် ချေမှုန်းနိုင်လာကြသည်။
လွန်ခဲ့သော လအနည်းငယ်ခန့်က သူပုန်များကိုနှိမ်နင်းနေသော ဒုတပ်မှူးကြီး လျူဟုန်လီမှာ သူပုန်များ၏ ဖမ်းဆီးခြင်းကိုခံလိုက်ရသည်။ မကြာမီမှာပင် နောက်ထပ်ဖြစ်ပွားသော တိုက်ပွဲများတွင် ဒုတပ်မှူးကြီးများဖြစ်ကြသော အိုင်ဝမ်နျန်နှင့် လျူကောကျန်းတို့ ကျဆုံးသွားခဲ့ကြသည်။ ထို့နောက် ဘုရင့်တပ်ဖွဲ့၏အားကိုးရဆုံးဖြစ်ကာ တိုက်ပွဲတိုင်းတွင်အနိုင်ရလေ့ရှိသော အလွန်တော်သည့် တပ်မှူးကြီးသည် ချိုထိုမြို့တွင် သူပုန်များ၏ခြုံခိုတိုက်ခိုက်မှုကိုခံရကာ ကျဆုံးသွားခဲ့ပြန်သည်။ ထိုအချိန်မှစ၍ သူပုန်များ၏ စိတ်ဓာတ်ခွန်အားမှာ အလွန်တရာမြင့်တက်လာပြီး ဘုရင့်တပ်ဖွဲ့ကို မကြောက်ရွံ့ကြတော့ပေ။
ဤရူကျိုး တိုက်ပွဲကြီးတွင်လည်း ဘုရင့်တပ်ဖွဲ့မှ တပ်မှူးများမှာ သူပုန်များကို အထင်သေးနေကြဆဲဖြစ်သော်လည်း... စစ်မြေပြင်ရှိလက်တွေ့အခြေအနေက လူရှန်းရှန်နှင့် အခြားသူများကို အသိတရားရသွားစေသည်။ သူပုန်များတွင်လည်း အထင်ကြီးလောက်သော တိုက်ခိုက်ရေးစွမ်းရည်များ ရှိနေကြသည်မဟုတ်ပါလား။
စစ်မြေပြင်တွင် ဘုရင့်တပ်ဖွဲ့မှ စစ်သည်နှစ်သောင်းငါးထောင်သည် ချွမ်ဝမ်နှင့် လီဇီချန်တို့၏ ခြေလျင်နှင့် မြင်းတပ်သား သုံးသောင်းခုနစ်ထောင်ကို ရင်ဆိုင်တိုက်ခိုက်နေကြသည်။ ဘုရင့်စစ်သည်များမှာ သူပုန်များကိုပြတ်ပြတ်သားသား အနိုင်မယူနိုင်ရုံသာမက သိမ်မွေ့စွာဖြင့် အရေးနိမ့်နေပုံပေါ်သည်။ မူလက လူရှန်းရှန်နှင့် အခြားသူများက သူပုန်များကို တစ်နာရီအတွင်း ချေမှုန်းပစ်ရန်စီစဉ်ထားခဲ့သော်လည်း... ယခုအခြေအနေအရ ဤအတိုင်းသာ ဆက်လက်တိုက်ခိုက်နေပါက ဘုရင့်တပ်ဖွဲ့များသာ ပြိုကွဲသွားမည့်ပုံပေါ်နေသည်။
လူရှန်းရှန်မှာ မျက်မှောင်ကိုအပြင်းအထန်ကြုတ်ထားပြီး ခါးရှိ စစ်သုံးဓားရှည်ကို ဆုပ်ကိုင်ထားကာ တိတ်ဆိတ်နေလေသည်။ ဤအတိုင်းသာဆက်သွားပါက သူတို့ ရှုံးနိမ့်သွားမည်မှာ သေချာနေသည်။ စစ်မြေပြင်သို့စေလွှတ်ရန် လူရှန်းရှန်၌ ကျန်ရှိနေသေးသော တစ်ခုတည်းသော တပ်ဖွဲ့မှာ ပထမဆုံးဂိတ်တံခါးမှ ဒုတပ်မှူးကြီး လီချုံကျန်း၏ တပ်ဖွဲ့သာဖြစ်သည်။
လီချုံကျန်းတွင် အခြားတာဝန်တစ်ခုရှိနေသေးသည်။ အစီအစဉ်အရ လီချုံကျန်းမှာ လီကျစ် ရှုံးနိမ့်သွားပါက လောင်ဟွေဟွေ၏တပ်ဖွဲ့များကို တားဆီးရန်ဖြစ်သည်။ ထို့ကြောင့် သူသည် အကြိတ်အနယ်ဖြစ်နေသော စစ်မြေပြင်ထဲသို့ မဝင်ရောက်ဘဲညာဘက်အစွန်ရှိ ပင်မတပ်ဖွဲ့ကြီးကို ကာကွယ်ပေးထားခြင်းဖြစ်သည်။ လူရှန်းရှန်က လီချုံကျန်း၏ လူသုံးထောင်ပါသောတပ်ဖွဲ့ကိုပါ စစ်မြေပြင်သို့စေလွှတ်ရန် စဉ်းစားလိုက်သော်လည်း... အကယ်၍ ထန်းကျင်းမြို့မှ တပ်ဖွဲ့များသာ လောင်ဟွေဟွေ၏ ချေမှုန်းမှုကိုခံလိုက်ရပါက လောင်ဟွေဟွေကို တားဆီးမည့်သူ ရှိတော့မည်မဟုတ်ကြောင်း စိုးရိမ်နေမိသည်။
အကယ်၍ လောင်ဟွေဟွေကို မည်သူကမျှမတားဆီးနိုင်ဘဲ လောင်ဟွေဟွေကသာ ဘုရင့်တပ်ဖွဲ့၏ ဘေးဘက်မှနေ၍ လွတ်လပ်စွာဝင်ရောက်တိုက်ခိုက်မည်ဆိုပါက ဘုရင့်တပ်ဖွဲ့မှာ လုံးဝ ပြိုကွဲပျက်စီးသွားမည့် အခြေအနေနှင့် ရင်ဆိုင်ရပေလိမ့်မည်။
***