လူရှန်းရှန် တုံ့ဆိုင်းနေစဉ် လျောင်တုန်းဒေသမှ တပ်မှူးကြီး ဇူခွမ်းက...
"အမတ်ကြီး... လီကျစ်ရဲ့ တပ်ဖွဲ့က အားနည်းပါတယ်။ အခုလောက်ဆို ပြိုကွဲသွားလောက်ပါပြီ။ လောင်ဟွေဟွေက မကြာခင် ကျွန်တော်တို့ကိုဝိုင်းရံတော့မှာပါ။ လောင်ဟွေဟွေကို တားဆီးဖို့ လီချုံကျန်းရဲ့ တပ်ဖွဲ့ကို ဆွဲထုတ်လိုက်ရရင် အခြေအနေက ပိုဆိုးသွားနိုင်ပါတယ်"
ဇူခွမ်း၏ ရည်ရွယ်ချက်မှာ နောက်ဆုတ်ရန်ပင ဖြစ်သည်။
ဇူခွမ်း၏ စကားကိုကြားသောအခါ အခြားတပ်မှူးကြီးများကလည်း တစ်ယောက်တစ်ပေါက် ဝင်ပြောကြသည်။
"ထန်းကျင်းမြို့က တပ်ဖွဲ့တွေ သေချာပေါက် ကြာကြာတောင့်ခံနိုင်မှာ မဟုတ်ဘူး"
"ထန်းကျင်းမြို့က တပ်ဖွဲ့တွေပြိုကွဲသွားလောက်ပြီလို့ ထင်တယ်။ ကင်းထောက်က သတင်းမပို့ရသေးတာပဲ နေမှာ"
"အမတ်ကြီး... အခြေအနေမကောင်းတော့ဘူး။ တပ်ခေါက်ဖို့ မောင်းခတ်ပြီး ပင်မစခန်းကို ပြန်ဆုတ်ကာကွယ်တာက ပိုမကောင်းဘူးလား"
"အမတ်ကြီး... အခု အခြေအနေက ကျွန်တော်တို့အတွက် မဟန်တော့ဘူး။ နောက်ဆုတ်ဖို့ပဲ ရှိတော့တယ်"
ဘုရင့်တပ်ဖွဲ့မှ တပ်မှူးကြီးများသည် အခြေအနေမဟန်သည်ကို မြင်သောအခါ အားလုံးပင် ထွက်ပြေးချင်နေကြပြီဖြစ်သည်။
ဤအချိန်တွင် တပ်ဖွဲ့နှစ်ခုမှာ အပြင်းအထန်ရင်ဆိုင်တိုက်ခိုက်နေကြပြီဖြစ်သည်။ တပ်ဆုတ်ရန် မောင်းခတ်လိုက်ပါက ကြီးမားသောအသေအပျောက်များ မလွဲမသွေဖြစ်ပေါ်လာမည်ဖြစ်ပြီး ထွက်ပြေးနေစဉ်အတွင်း စစ်သည်သုံးလေးထောင်ခန့်မှာ သူပုန်များ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။
သို့ရာတွင် တပ်မှူးကြီးများပြောသည်မှာ မှန်ကန်ကြောင်း လူရှန်းရှန် သိနေသည်။ ထန်းကျင်းမြို့မှ တပ်ဖွဲ့မှာ သာမန်ခံတပ်တပ်ဖွဲ့တစ်ခုမျှသာဖြစ်ပြီး လောင်ဟွေဟွေကို အချိန်အကြာကြီး တောင့်ခံထားနိုင်မည်မဟုတ်ပေ။ အကယ်၍ အမြန်မဆုတ်ခွာပါက နောက်ပိုင်းတွင်ဆုတ်ခွာရန် ပိုမိုခက်ခဲသွားပေလိမ့်မည်။
လူရှန်းရှန်က ဝန်းရံနေသော တပ်မှူးကြီးများကို ဝေ့ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် ဆုံးဖြတ်ရခက်နေသော အရိပ်အယောင်များလွှမ်းမိုးနေပြီး အလွန်အမင်း တုံ့ဆိုင်းနေလေသည်။
ဇူခွမ်းက ရှေ့သို့ထွက်လာပြီး…
"အမတ်ကြီး... စစ်တိုက်ရာမှာ အနိုင်အရှုံးဆိုတာဓမ္မတာပါ။ ကျွန်တော်တို့ အမြန်မဆုတ်ခွာရင် လောင်ဟွေဟွေက ဝင်ရောက်စီးနင်းလာတဲ့အခါ ဆုတ်ချင်ရင်တောင် ဆုတ်လို့ရတော့မှာ မဟုတ်ဘူး"
လူရှန်းရှန်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး မျက်စိကိုမှိတ်ကာ ခေတ္တမျှ စဉ်းစားခန်းဝင်နေစဉ် အရှေ့ဘက်ဆီမှ အသံရှည်ကြီးဖြင့် အော်ဟစ်လိုက်သံကို ကြားလိုက်ရသည်။
"သတင်းပို့ပါတယ်…"
လူရှန်းရှန်က အသံလာရာဘက်သို့လှမ်းကြည့်လိုက်ရာ သံချပ်ကာဝတ်ဆင်ထားသော ကင်းထောက်တစ်ဦး မြင်းပေါ်မှဆင်းကာ ကုန်းကမူဆီသို့ လျင်မြန်စွာပြေးလာသည်ကို မြင်လိုက်ရသည်။
ဤကင်းထောက်ကို လူရှန်းရှန် မှတ်မိသည်။ သူသည် ယမန်နေ့က တပ်မှူးကြီးများ စုပေါင်းရွေးချယ်ထားသော လက်ရွေးစင်ကင်းထောက်များ၏ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အရှေ့ဘက်ရှိ လောင်ဟွေဟွေ၏ လှုပ်ရှားမှုများကို ထောက်လှမ်းရန် အထူးတာဝန်ပေး စေလွှတ်ခံထားရသူဖြစ်သည်။
အရှေ့ဘက်မှ စစ်ရေးအခြေအနေသည် တစ်ပွဲလုံး၏ ရှေ့တက်ရန် သို့မဟုတ် နောက်ဆုတ်ရန် ကိစ္စရပ်များကို အဆုံးအဖြတ်ပေးမည်ဖြစ်ရာ... တပ်မှူးကြီးများသည်လည်း ထိုအချက်ကို ကောင်းစွာသိရှိထားသဖြင့် အခြေအနေကို ထောက်လှမ်းရန် အတော်ဆုံးလက်ရွေးစင် ကင်းထောက်ကို အထူးရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။
ယခု ဤကင်းထောက် ပြန်ရောက်လာပြီဖြစ်ရာ အရှေ့ဘက်စစ်မျက်နှာပြင်တွင် ကြီးမားသော အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်နေပြီဟု ဆိုလိုခြင်းပင်ဖြစ်သည်။
ကင်းထောက် ကျားကျန်း ရောက်လာသည်ကိုမြင်သောအခါ တပ်မှူးကြီးများအားလုံး သက်ပြင်းချလိုက်ကြသည်။
"ထင်တဲ့အတိုင်းပဲ… လီကျစ်ရဲ့ တပ်ဖွဲ့တွေ ရှုံးသွားပြီ"
"ကျစ်... ကင်းထောက် ပြန်ရောက်လာပြီဆိုတော့ အရှေ့ဘက်ကတော့ပြီးသွားပြီ… ထန်းကျင်းမြို့က တပ်ဖွဲ့တွေ ဒီလောက်မြန်မြန် ရှုံးသွားလိမ့်မယ်လို့"
"ထန်းကျင်းမြို့က တပ်ဖွဲ့တွေ ဒီလောက်ထိ အားနည်းလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
"လီကျစ်က အရူးတစ်ယောက်ဆိုတာ ငါ သိပြီးသားပါ။ အခုတော့ သူ ငါတို့ကိုပါ ဒုက္ခတွင်းထဲ ဆွဲချသွားပြီ"
"မြန်မြန်သွားကြစို့… လောင်ဟွေဟွေ ဝင်ရောက်စီးနင်းလာမယ့်အချိန်ကို စောင့်နေရင် ဆုတ်ခွာဖို့ အချိန်ရတော့မှာ မဟုတ်ဘူး"
လူရှန်းရှန်သည် အစကတော့ယုံကြည်မှုအပြည့်ရှိနေသော လီကျစ်အပေါ် အနည်းငယ် မျှော်လင့်ချက်ထားခဲ့ပြီး အချိန်အနည်းငယ်လောက်ပို၍တောင့်ခံထားနိုင်မည်ဟု ထင်မှတ်ထားခဲ့သည်။
သို့ရာတွင် ယခုအချိန်၌ ကင်းထောက် ကျားကျန်း ကိုယ်တိုင် စစ်ရေးအခြေအနေကို လာရောက်သတင်းပို့သည်ကိုမြင်သောအခါ အရှေ့ဘက်စစ်မျက်နှာပြင်၏ အဆုံးအဖြတ် ထွက်ပေါ်သွားပြီဖြစ်ကြောင်း လူရှန်းရှန် သိလိုက်သည်။
လီကျစ်အနေဖြင့် လောင်ဟွေဟွေကို အနိုင်ရရန်လုံးဝမဖြစ်နိုင်ပေ။ သိသာထင်ရှားစွာပင် လီကျစ်၏ တပ်ဖွဲ့မှာ ပြိုကွဲသွားခဲ့လေပြီ။
ဤတိုက်ပွဲ ရှုံးနိမ့်သွားပြီ။ ယခုအခါ ဘုရင့်တပ်ဖွဲ့သည် မြောက်ဘက်နှင့် အရှေ့ဘက် နှစ်ဖက်ညှပ်၍ တိုက်ခိုက်ခံရတော့မည်ဖြစ်ရာ အခြေအနေမှာ ပိုမိုဆိုးရွားသွားလေပြီ။
ဤကဲ့သို့ အထိတ်တလန့်ဆုတ်ခွာရမည်ဆိုပါက လူအင်အား သုံးလေးထောင်ခန့်သာ ဆုံးရှုံးမည်မဟုတ်ဘဲ... အနည်းဆုံး စစ်သည်ခြောက်ထောင်… ခုနစ်ထောင်ခန့်မှာ ရန်သူများ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။
တပ်မှူးကြီးများအားလုံး၏မျက်နှာမှာ သွေးဆုတ်ဖြူရော်သွားကြပြီး ကင်းထောက် ပြောမည့်စကားကိုပင် နားမထောင်ချင်တော့လောက်အောင် ဖြစ်နေကြသည်။
ဆုတ်ခွာရန်အချိန်ဆွဲနေမိပါက မလွတ်မြောက်နိုင်တော့မည်ကို စိုးရိမ်ကြသဖြင့် အားလုံးက လူရှန်းရှန်၏ အနီးသို့ စုရုံးရောက်ရှိလာကြသည်။
"အမတ်ကြီး... ဆုတ်ခွာဖို့ အမြန်အမိန့်ပေးပါတော့"
"အမတ်ကြီး... အခု ချက်ချင်း မထွက်ခွာရင် ကျွန်တော်တို့တပ်တွေ အကုန်ပြိုကွဲပြီး အရှက်တကွဲ ရှုံးနိမ့်ရပါလိမ့်မယ်"
"အမတ်ကြီး... အခုထွက်ခွာမယ်ဆိုရင် လူအင်အား နှစ်သောင်းလောက်ကိုတော့ ကယ်တင်နိုင်ပါသေးတယ်"
လူရှန်းရှန်က သက်ပြင်းချလိုက်ပြီး စကားပြောရန်ဟန်ပြင်လိုက်စဉ် ကင်းထောက်က တပ်မှူးကြီးများထံသို့ပြေးလာကာ ဒူးတစ်ဖက်ထောက်လျက်…
"အမတ်ကြီး... သတင်းကောင်းပါ"
လီကျစ် ရှုံးနိမ့်သွားပြီဟု အပြည့်အဝယုံကြည်ထားကြသော တပ်မှူးကြီးများမှာ ကင်းထောက်၏ စကားကိုနားထောင်ရန် စိတ်မဝင်စားကြပေ။ ထိုစကားကိုကြားသော်လည်း မည်သူကမျှ ချက်ချင်း တုံ့ပြန်ခြင်းမရှိဘဲ လူရှန်းရှန်ကို ထွက်ပြေးရန်သာ ဆက်လက်တိုက်တွန်းနေကြသည်။
"အမတ်ကြီး... အရင်သွားနှင့်ပါ… ကျွန်တော်မျိုးရဲ့ စစ်မြင်းကို ယူသွားပါ"
သို့ရာတွင် လူရှန်းရှန်ကတော့ ကင်းထောက်၏စကားကြောင့် မှင်တက်သွားသည်။ သူက လမ်းပိတ်ရပ်နေသော ဒုတပ်မှူးကြီးတစ်ဦးကို ဘေးသို့ဖယ်လိုက်ပြီး…
"သတင်းကောင်း ဟုတ်လား"
ကင်းထောက်က ခေါင်းမော့ကြည့်ကာ...
"အမတ်ကြီး... တကယ့်ကို သတင်းကောင်းကြီးပါ"
ထိုစကားကိုကြားမှသာ ဘေးပတ်လည်ရှိ တပ်မှူးကြီးများမှာ အသိစိတ်ပြန်ဝင်လာကြပြီး ကင်းထောက်ဆီမှ သတင်းကောင်း ဆိုသည့် စကားလုံးနှစ်လုံးကို ရှင်းလင်းစွာကြားလိုက်ရလေသည်။
သတင်းကောင်း။ ဘာသတင်းကောင်းလဲ။ လီကျစ် မရှုံးသေးဘူးလား။ မရှုံးသေးဘူးဆိုရင် ဒီကင်းထောက် ကျားကျန်းက ဘာလို့ ကိုယ်တိုင်ကိုယ်ကျ ပြန်ပြေးလာရတာလဲ။
တပ်မှူးကြီးများအားလုံးလှည့်ကြည့်လိုက်ကြပြီး ဒူးထောက်နေသော ကင်းထောက် ကျားကျန်းကို သတ္တဝါဆန်းတစ်ကောင်ကို ကြည့်သကဲ့သို့ စိုက်ကြည့်နေကြသည်။
ကင်းထောက် ကျားကျန်းက အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။
"ထန်းကျင်းမြို့က ခံတပ်မှူးလီကျစ်ဟာ သူပုန်စစ်သည်တွေကို ချေမှုန်းနိုင်ခဲ့ပါပြီ။ သူပုန်စစ်သည် သုံးထောင့်နှစ်ရာကို သုတ်သင်နိုင်ခဲ့ပြီး လောင်ဟွေဟွေ ခေါ် မာရှိုယင်းကို ကိုယ်တိုင်ကိုယ်ကျ ခေါင်းဖြတ်သတ်နိုင်ခဲ့ပါတယ်"
ဤစကားကို ကြားသောအခါ တပ်မှူးကြီးများအားလုံး လုံးဝ မှင်တက်သွားကြလေတော့သည်။
သူပုန်စစ်သည် သုံးထောင့်နှစ်ရာကို သုတ်သင်လိုက်တယ်ဟုတ်လား။ လောင်ဟွေဟွေ (မာရှိုယင်း) ကို ကိုယ်တိုင်ခေါင်းဖြတ်သတ်လိုက်တယ် ဟုတ်လား။ ထန်းကျင်း ခံတပ်မှူးလေးတစ်ယောက်ရဲ့ အားနည်းတဲ့စစ်သည် တစ်ထောင့်သုံးရာလောက်နဲ့လေ။ ဒါက နောက်ပြောင်နေတာလား။
လူရှန်းရှန်က ပထမဆုံး အသိစိတ်ပြန်ဝင်လာသူဖြစ်သည်။ သူ၏ မျက်နှာပေါ်တွင် ဝမ်းသာမှုနှင့် အံ့အားသင့်မှုတို့ ရောယှက်နေပြီး…
"နောက်တစ်ခေါက် ပြန်ပြောစမ်း"
ကင်းထောက် ကျားကျန်းက ထပ်မံ၍ အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်ပြန်သည်။
"ထန်းကျင်းမြို့က ခံတပ်မှူး လီကျစ်ဟာ သူပုန်စစ်သည်တွေကို ချေမှုန်းနိုင်ခဲ့ပါပြီ။ သူပုန်စစ်သည် သုံးထောင့်နှစ်ရာကို သုတ်သင်နိုင်ခဲ့ပြီး လောင်ဟွေဟွေ ခေါ် မာရှိုယင်းကို ကိုယ်တိုင်ကိုယ်ကျ ခေါင်းဖြတ်သတ်နိုင်ခဲ့ပါတယ်"
ထိုအခါမှသာ တပ်မှူးကြီးများမှာ သတိပြန်ဝင်လာကြပြီး ကင်းထောက် ကျားကျန်းကို အရှင်လတ်လတ် ဝါးစားတော့မည့်အလား မျက်လုံးပြူးကြီးများဖြင့် ဝိုင်းကြည့်နေကြသည်။
"မဖြစ်နိုင်တာ..."
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ကင်းထောက်... မင်း သတင်းရတာ မှားနေပြီဖြစ်ရမယ်"
တပ်မှူးကြီးများ၏ သံသယကိုမြင်သောအခါ ကင်းထောက်က အသံကျယ်ကျယ်ဖြင့် ရှင်းပြလိုက်သည်။
"ကျွန်တော်မျိုး ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတာပါ။ စစ်မြေပြင်တစ်ခုလုံးမှာ အလောင်းတွေ ပြန့်ကျဲနေပြီး အဲဒါတွေအားလုံးက သူပုန်တွေချည်းပါပဲ။ ထန်းကျင်းမြို့က တပ်ဖွဲ့တွေဟာ အနည်းငယ်မျှတောင် ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘဲ ခေါင်းပေါင်းသုံးထောင့်နှစ်ရာကို စုဆောင်းနိုင်ခဲ့ပါတယ်။ ခံတပ်မှူး လီကျစ်က လောင်ဟွေဟွေ မာရှိုယင်းရဲ့ အလောင်းကိုတောင် ကျွန်တော်မျိုးကို ကိုယ်တိုင်ကိုယ်ကျ ပြသခဲ့ပါသေးတယ်"
ဤစကားကိုကြားသောအခါ တပ်မှူးကြီးများမှာ အာစေးမိသွားသကဲ့သို့ ဖြစ်သွားကြပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အတော်ကြာသည်အထိ အသိစိတ်ပြန်မဝင်နိုင်အောင် ဖြစ်နေကြသည်။
စစ်သည်တစ်ထောင့်သုံးရာက လောင်ဟွေဟွေရဲ့ အင်အားသုံးသောင်းရှိတဲ့ တပ်ဖွဲ့ကို အနိုင်ယူလိုက်တယ်ဟုတ်လား။ ငတ်မွတ်နေသည်စစ်သည်တွေကို ထည့်မတွက်ရင်တောင် မာရှိုယင်းဆီမှာ အတွေ့အကြုံရင့် စစ်သည် ရှစ်ထောင် ရှိနေသေးတာ မဟုတ်ဘူးလား။
မကြာသေးမီနှစ်များအတွင်း သူပုန်များ၏တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်တရာ မြင့်တက်လာခဲ့ပြီး လောင်ဟွေဟွေ၏တပ်ဖွဲ့မှာ အလွန်ကြမ်းကြုတ်ရက်စက်ကြောင်း နာမည်ကြီးလှသည်။
သို့ရာတွင် တိုက်ပွဲစတင်ခဲ့သည်မှာ အချိန်မည်မျှကြာမြင့်သေးသနည်း။ ဤမျှ အချိန်တိုတောင်းလှသော ကာလအတွင်းမှာပင် ထန်းကျင်းစစ်သည် တစ်ထောင့်သုံးရာ၏ လုံးဝချေမှုန်းခြင်းကိုခံလိုက်ရပြီး လောင်ဟွေဟွေ ကိုယ်တိုင်ပင် စစ်မြေပြင်၌ ခေါင်းဖြတ်ခံလိုက်ရသည် ဟုတ်လား။
တပ်မှူးကြီးများမှာ အတော်ကြာသည်အထိမှင်တက်နေကြပြီး မည်သူကမျှ စကားတစ်ခွန်း မဟနိုင်ကြပေ။ တိတ်ဆိတ်မှုအတန်ကြာပြီးနောက် တပ်မှူးကြီးများ၏မျက်နှာမှာ ရုတ်တရက် နီမြန်းလာပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ကြသည်။
"မဖြစ်နိုင်ဘူး… မင်း သတင်းရတာ မှားနေပြီဖြစ်ရမယ်"
"လုံးဝကို မဖြစ်နိုင်ဘူး… အဲဒီ လီကျစ်မှာ အဲဒီလောက်ကြီးမားတဲ့ အရည်အချင်းမရှိပါဘူး"
"အရူးတစ်ယောက်က စစ်မြေပြင်မှာ လောင်ဟွေဟွေကို ခေါင်းဖြတ်သတ်နိုင်တယ်ဟုတ်လား…"
"ကင်းထောက်... စစ်ရေးသတင်းကို အမှားအယွင်းတင်ပြရင် ဘယ်လိုပြစ်ဒဏ်ခံရမလဲဆိုတာ မင်း သိရဲ့လား"
ဒေါသထွက်ကာ ရှက်ရွံ့နေကြသော တပ်မှူးကြီးများသည် ကင်းထောက် ကျားကျန်းကို ဝိုင်းရံကာ ဆဲဆိုကြိမ်းမောင်းနေကြသဖြင့် ကင်းထောက်လေးမှာ ကြောက်လန့်တကြားဖြစ်ကာ စကားပင် မပြောနိုင်တော့ပေ။
သို့ရာတွင် တပ်မှူးကြီးများက ထိုစစ်သည်ငယ်လေးကို ဆဲဆိုကြိမ်းမောင်းနေစဉ် နောက်ထပ် ကင်းထောက်သုံးဦး မြင်းများစီး၍ အလျင်စလိုပြေးလာကြသည်ကို မြင်လိုက်ရသည်။
တပ်မှူးကြီးများမှာ မှင်တက်သွားကြပြီး ပြေးလာနေသော ကင်းထောက်သုံးဦးကို တစ်ပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြသည်။
"ထန်းကျင်းမြို့က ခံတပ်မှူးလီကျစ်ဟာ လောင်ဟွေဟွေကို ခေါင်းဖြတ်သတ်ပြီးနောက် သူ့ရဲ့တပ်ဖွဲ့တွေကို ဦးဆောင်ပြီး ဒီနေရာကို ကူညီဖို့ ချီတက်လာနေပါပြီ"
ဤစကားကိုကြားသောအခါ တပ်မှူးကြီးများမှာ အသံထွက်မလာနိုင်အောင် ဖြစ်သွားကြလေတော့သည်။
ကင်းထောက်တစ်ဦးတည်းဆိုလျှင် မှားယွင်းနိုင်သော်လည်း ယခုလို အသုတ်နှစ်သုတ်ခွဲ၍ ရောက်လာသော ကင်းထောက်လေးဦးစလုံး မှားယွင်းနေမည်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။ ဒီ လီကျစ်က လောင်ဟွေဟွေကို တကယ်ပဲခေါင်းဖြတ်သတ်လိုက်တာလား။ အတော်ဆုံးလက်ရွေးစင် တပ်စခန်းကိုးခုက စစ်သည်တွေ၊ တပ်မှူးကြီးတစ်ယောက်လက်အောက်က လက်ရွေးစင် စစ်သည်တွေမှာတောင် ဒီလောက်ကြီးမားတဲ့ တိုက်ခိုက်ရေးစွမ်းရည် မရှိပါဘူး။ ဒီ လီကျစ်က တကယ်ပဲ ရိုးရိုးခံတပ်မှူးလေးတစ်ယောက်ပဲ ဟုတ်ရဲ့လား။
***