လီကျစ်သည် အရှုံးအနိုင်မပေါ်ဘဲ အကြိတ်အနယ်ဖြစ်နေသော စစ်မြေပြင်ထဲသို့ ဝင်ရောက်တိုက်ခိုက်လိုက်ပြီးနောက်... အခြေအနေမှာ လျင်မြန်စွာပြောင်းလဲသွားပြီး အောင်ပွဲ၏ ချိန်ခွင်လျှာသည် ဘုရင့်တပ်ဖွဲ့ဘက်သို့ လုံးဝယိမ်းယိုင်သွားလေတော့သည်။
အကဲခတ်တတ်သူမည်သူမဆို သူပုန်များမှာ လီကျစ်၏ ချေမှုန်းခြင်းကို ခံရတော့မည် ဖြစ်ကြောင်းသိမြင်နိုင်ကြသည်။ သူပုန်များ၏ အရှေ့ဘက်စစ်မျက်နှာပြင်တွင် လီကျစ်ကို ခြိမ်းခြောက်နိုင်စွမ်းရှိသော တပ်ဖွဲ့များမရှိတော့ပေ။ လူအင်အား ၇၀၀၀ ဖရိုဖရဲဖြစ်သွားပြီးနောက် သူပုန်များ၏ အရှေ့ဘက်စစ်မျက်နှာပြင် ပြိုကွဲသွားရန်မှာ အချိန်ပိုင်းကိစ္စမျှသာ ဖြစ်တော့သည်။
အကယ်၍ သူပုန်များ၏ အနောက်ဘက်စစ်မျက်နှာပြင်ရှိ မြင်းတပ်သား ၉၀၀၀ ကသာ နောက်ကြောင်းလှည့်၍ လီကျစ်ကို အစုလိုက်အပြုံလိုက် ဝင်ရောက်တိုက်ခိုက်မည်ဆိုပါက လီကျစ်၏ တပ်ဖွဲ့ကို ချေမှုန်းနိုင်ကောင်း ချေမှုန်းနိုင်ပေလိမ့်မည်။ သို့ရာတွင် ဤစစ်မြေပြင်မှာ လီ ၄၊ ၅ လီခန့်အထိ ကျယ်ဝန်းပြီး... အနောက်ဘက်မှ ချွမ်ဝမ်နှင့် လီဇီချန်တို့ နောက်ကြောင်းလှည့်ရန် အနည်းဆုံး ဆယ်မိနစ်ခန့် အချိန်ယူရပေလိမ့်မည်။ ထိုအချိန်အတွင်း လီကျစ်၏တပ်ဖွဲ့သည် သူပုန်များ၏ အရှေ့ဘက်စစ်မျက်နှာပြင်ကို မြှားများဖြင့်အလွယ်တကူ ချေမှုန်းနိုင်လိမ့်မည်မှာ သေချာနေသည်။ သူပုန်များ၏ အရှေ့ဘက်စစ်မျက်နှာပြင် ပြိုကွဲသွားသည်နှင့် သူပုန်များ၏ ရှေ့တန်းစစ်မျက်နှာပြင် တစ်ခုလုံးလည်း ကြာကြာတောင့်ခံနိုင်တော့မည် မဟုတ်ပေ။
အချိန်သည် ဘုရင့်တပ်ဖွဲ့ဘက်တွင်ရှိနေပြီး သူပုန်များ၏ရှုံးနိမ့်မှုမှာ သေချာသလောက် ဖြစ်နေပြီဖြစ်သည်။
သူပုန်များအားလုံးသည် သူတို့၏ ခေါင်းဆောင်ကြီးများရှိရာအနောက်ဘက်သို့ လှမ်းကြည့်နေကြပြီး ချွမ်ဝမ်နှင့် ချွမ်ကျန်းတို့က စစ်မြေပြင်အခြေအနေကိုပြောင်းလဲနိုင်မည့် ဗျူဟာကောင်းတစ်ခု ချမှတ်ပေးလိမ့်မည်ဟု မျှော်လင့်နေကြသည်။
ဤအရေးကြီးသောအချိန်တွင် ချွမ်ဝမ်နှင့် လီဇီချန်တို့သည် သူတို့၏အကျွမ်းကျင်ဆုံး စွမ်းရည်ဖြစ်သော ထွက်ပြေးခြင်း ကို ပြသလိုက်ကြလေတော့သည်။
ပုန်ကန်ထကြွချိန်မှစ၍ ချွမ်ဝမ်နှင့် လီဇီချန်တို့သည် နေရာတိုင်းတွင် ဘုရင့်တပ်ဖွဲ့၏ လိုက်လံနှိမ်နင်းခြင်းကို ခံခဲ့ရပြီး မရေမတွက်နိုင်အောင် ထွက်ပြေးခဲ့ရဖူးသည်။ သူတို့သည် တပ်မှူးကြီးကို သတ်ဖြတ်နိုင်ခဲ့သဖြင့် သူပုန်များ၏စိတ်ဓာတ်ခွန်အား မြင့်တက်နေချိန်ကို အခွင့်ကောင်းယူကာ... လူရှန်းရှန်ကိုအနိုင်ယူပြီး ဘုရင့်တပ်ဖွဲ့ကိုတိုက်ခိုက်ရာတွင် အသာစီးရယူလိုကြသော်လည်း အခြေအနေမဟန်ပါက ထွက်ပြေးကြမည်သာဖြစ်သည်။ သူတို့သည် မူဝါဒတစ်ခုကိုအခိုင်အမာ ယုံကြည်ထားကြသည်။ ယင်းမှာ သူတို့၏ လက်ရွေးစင်ပင်မတပ်ဖွဲ့များ ရှိနေသရွေ့ တစ်ကျော့ပြန် အင်အားကောင်းလာမည့်အချိန် ရောက်လာမည်ဆိုသည့် အချက်ပင်ဖြစ်သည်။
ချွမ်ဝမ်နှင့် လီဇီချန်တို့သည် ဘုရင့်တပ်ဖွဲ့၏ အနောက်ဘက်စစ်မျက်နှာပြင်ကို ဖိအားပေးနေသော မြင်းတပ်သားများကိုရပ်တန့်စေလိုက်သည်။
ထို့နောက် အသေအကြေ ရုန်းကန်တိုက်ခိုက်နေကြဆဲဖြစ်သော အတွေ့အကြုံရင့် သူပုန်စစ်သည် နှစ်သောင်းကျော်ကိုစွန့်ပစ်ကာ သူတို့၏ မြင်းတပ်သား ၉၀၀၀ ကို ဦးဆောင်၍ မြောက်ဘက်သို့ မြင်းများကိုနောက်ကြောင်းလှည့်ကာ ဆုတ်ခွာသွားကြလေတော့သည်။ သူတို့သည် လေပြင်းတစ်ရပ်ကဲ့သို့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး ထွက်ပြေးရာတွင်လည်း ပို၍ပင်မြန်ဆန်ကာ... မျက်စိတစ်မှိတ်အတွင်းမှာပင် မီတာ ရာဂဏန်းခန့် အကွာအဝေးသို့ ပျောက်ကွယ်သွားကြလေသည်။
စစ်မြေပြင်၏ အလယ်ဗဟိုရှိအတွေ့အကြုံရင့် သူပုန်စစ်သည်များမှာမူ သူတို့ စွန့်ပစ်ခံလိုက်ရပြီဖြစ်ကြောင်း မသိရှိကြသေးဘဲ ဘုရင့်တပ်ဖွဲ့ကိုဆက်လက်၍ ခုခံတိုက်ခိုက်နေကြဆဲ ဖြစ်သည်။
အနောက်ဘက်အစွန်ဆုံးရှိ စိတ်လှုပ်ရှားနေသော ဘုရင့်စစ်သည်များက သူပုန်ခေါင်းဆောင် ကောင်းနှင့် လီတို့ ထွက်ပြေးသွားပြီဖြစ်ကြောင်း သတင်းကို သူပုန်များထံသို့ အသံကျယ်ကျယ်ဖြင့် အော်ဟစ်ပြောဆိုလိုက်ချိန်နှင့်... သူပုန်များက သူတို့၏ခေါင်းဆောင်များနှင့် မြင်းတပ်သားများ နောက်ကြောင်းလှည့်၍ ဝင်ရောက်တိုက်ခိုက်လာမည့်အချိန်ကို အချည်းနှီးစောင့်ဆိုင်းနေရသဖြင့် နောက်ဆုံးတွင် ဘုရင့်စစ်သည်များ၏ အော်ဟစ်ချက်များကို ယုံကြည်သွားချိန်တို့ကြားတွင် မိနစ်အနည်းငယ်ခန့် ကြာမြင့်သွားခဲ့ပြီဖြစ်သည်။ ထိုအချိန်တွင် ကောင်းနှင့် လီတို့သည် သူတို့၏ မြင်းတပ်ဖွဲ့ကို ဦးဆောင်၍ လီ နှစ်လီ၊ သုံးလီခန့် အကွာအဝေးသို့ ရောက်ရှိနေပြီဖြစ်ရာ နောက်ကလိုက်၍ မမီနိုင်တော့ပေ။
ငါတို့ရဲ့ ခေါင်းဆောင်ကြီးတွေက ငါတို့ကို စွန့်ပစ်ပြီးထွက်ပြေးသွားကြပြီပဲ။
သူပုန်များ၏ တပ်ဖွဲ့ကြီးမှာ တင်းကျပ်စွာဆွဲဆန့်ထားသော မှန်ချပ်ကြီးတစ်ခု ရုတ်တရက် ကွဲကြေသွားသကဲ့သို့ ချက်ချင်းပင် အပိုင်းပိုင်းအစစ ဖြစ်သွားလေတော့သည်။
ပထမဦးစွာ ချွမ်ဝမ်နှင့် ချွမ်ကျန်းတို့ ထွက်ပြေးသွားသည်ကို မျက်မြင်တွေ့ရှိခဲ့ရသော အနောက်ဘက်စစ်မျက်နှာပြင်ရှိ သူပုန်ထောင်ပေါင်းများစွာသည် သူတို့၏ လက်နက်များကိုစွန့်ပစ်ကာ မြောက်ဘက်သို့ ထွက်ပြေးကြလေသည်။ ထို့နောက် အစကတည်းက အားနည်းနေပြီဖြစ်သော သူပုန်များ၏ အရှေ့ဘက်စစ်မျက်နှာပြင် ခံစစ်မျဉ်းမှာလည်း ပြိုကွဲသွားလေတော့သည်။ လီကျစ်က လူ ၇၀၀၀ ကို ချေမှုန်းလိုက်ပြီးနောက် အရှေ့ဘက်စစ်မျက်နှာပြင်ရှိ သူပုန်များမှာ ဘုရင့်တပ်ဖွဲ့ကို ခုခံရန် အင်အားမရှိတော့ပေ။ သူတို့၏ ခေါင်းဆောင်များ ထွက်ပြေးသွားပြီဟူသော သတင်းကို ကြားသောအခါ အတွေ့အကြုံရင့် သူပုန်စစ်သည်များမှာ ချက်ချင်းပင် လီတစ်ထောင်ခန့် အကွာအဝေးအထိ ဖရိုဖရဲ ထွက်ပြေးကြလေတော့သည်။
မကြာမီမှာပင် လူရှန်းရှန်ကို ရင်ဆိုင်နေရသော အလယ်ဗဟိုရှိ သူပုန်စစ်သည် တစ်သောင်းမှာလည်း ဆက်လက်မတိုက်ခိုက်ရဲကြတော့ဘဲ ပြိုကွဲသွားကြလေသည်။
သူပုန်စစ်သည်နှစ်သောင်းမှာ သံချပ်ကာများနှင့် လက်နက်များကိုလွှင့်ပစ်ကာ သူတို့၏ ကျောပြင်များကို ဘုရင့်တပ်ဖွဲ့ရှေ့တွင် အကာအကွယ်မဲ့စွာပြသလျက် မြောက်ဘက်သို့ ထွက်ပြေးကြလေတော့သည်။
မကြာမီကမှ အသေအကြေ ရုန်းကန်တိုက်ခိုက်နေခဲ့ရသော ဘုရင့်တပ်ဖွဲ့မှ တပ်မှူးကြီးများမှာ ရုတ်တရက် အောင်ပွဲရရှိသွားသဖြင့် အားလုံးအိပ်မက်မက်နေသကဲ့သို့ ခံစားနေကြရသည်။
သူတို့က ထွက်ပြေးနေသော သူပုန်များကို လိုက်လံတိုက်ခိုက်ရန် ခြေလျင်စစ်သည်များကို အလျင်စလို အမိန့်ပေးလိုက်သော်လည်း ဘုရင့်စစ်သည်များမှာလည်း အလွန်ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်သည်။ လီအနည်းငယ်ခန့် လိုက်လံပြီးနောက် သူတို့ ဆက်မပြေးနိုင်ကြတော့ဘဲ မြေပြင်ပေါ်တွင် အမောတကောအသက်ရှူနေကြရသည်။
ရန်သူကို လိုက်လံတိုက်ခိုက်ရန် ခွန်အားကျန်ရှိနေသေးသူများမှာ ဘုရင့်မြင်းတပ်သား ငါးထောင်သာရှိတော့သည်။ ထိုမြင်းတပ်သားများသည် လူစုခွဲကာ လိုက်လံတိုက်ခိုက်ကြပြီး သူပုန်များ၏ ကျောပြင်များကို စစ်သုံးဓားများဖြင့် ခုတ်ထစ်ကြလေသည်။
သို့ရာတွင် ဤဘုရင့်မြင်းတပ်သား လေးထောင်ကျော်မှာ အလွန်အကျွံ ပြေးဝင်တိုက်ခိုက်ခြင်းကို မလုပ်ရဲကြပေ။ ဘုရင့်ခြေလျင်စစ်သည်များက လိုက်လံတိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ပြီဖြစ်ရာ ဘုရင့်မြင်းတပ်သားများမှာ အထီးကျန်တပ်ဖွဲ့တစ်ခုကဲ့သို့ဖြစ်နေသည်။
အကယ်၍ သူပုန်မြင်းတပ်သားများသာ ရုတ်တရက်နောက်ကြောင်းလှည့်၍ ပြန်လည်တိုက်ခိုက်လာပါက... ရန်သူ့အင်အား၏ ထက်ဝက်ခန့်သာရှိသော ဘုရင့်မြင်းတပ်သားများမှာ ကြီးမားသောဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရပေလိမ့်မည်။ သူတို့သည် ဟိုဟိုဒီဒီဒုန်းစိုင်းစီးနှင်ကာ အနှေးကွေးဆုံးထွက်ပြေးနေသော အတွေ့အကြုံရင့် သူပုန်စစ်သည်များ၏ အနောက်မှ လိုက်လံတိုက်ခိုက်ကြပြီး ထိုပင်ပန်းနွမ်းနယ်နေသော ခြေလျင်စစ်သည်များကိုသာ ခုတ်သတ်ရဲကြလေသည်။
လူရှန်းရှန်နှင့် အလယ်ဗဟိုမှ တပ်မှူးကြီးများမှာ ရပ်တန့်နေကြပြီး လိုက်လံတိုက်ခိုက်ရန် ထွက်ခွာသွားသော မြင်းတပ်သားများကိုကြည့်ကာ... ခက်ခက်ခဲခဲရရှိလာသော အောင်ပွဲအတွက် ရယ်မောပျော်ရွှင်နေကြလေသည်။
ရူကျိုး တိုက်ပွဲတွင် လူရှန်းရှန်သည် ဘုရင့်တပ်ဖွဲ့ကို ကြီးမားသောအောင်ပွဲတစ်ခုဆီသို့ ဦးဆောင်နိုင်ခဲ့သည်။ သူပုန်အဖွဲ့ သုံးဖွဲ့စလုံး ဖရိုဖရဲထွက်ပြေးသွားကြပြီး မာရှိုယင်းမှာ တိုက်ပွဲတွင် ကျဆုံးသွားကာ ချွမ်ဝမ်နှင့် လီဇီချန်တို့မှာ ရှုံးနိမ့်ထွက်ပြေးသွားကြပြီး ဘုရင့်မြင်းတပ်ဖွဲ့မှာ ထွက်ပြေးနေသော သူပုန်များကို လီဆယ်လီခန့်အထိ လိုက်လံတိုက်ခိုက်နိုင်ခဲ့သည်။ ဤတိုက်ပွဲတွင် ဘုရင့်တပ်ဖွဲ့မှစစ်သည် နှစ်ထောင်ခန့်ကျဆုံး သို့မဟုတ် ဒဏ်ရာရခဲ့ပြီး ရန်သူစုစုပေါင်း တစ်သောင်းသုံးထောင်ကို သုတ်သင်နိုင်ခဲ့သည်။
တိုက်ပွဲကြီးအပြီးနောက်တစ်နေ့တွင် လူရှန်းရှန်က တပ်မှူးကြီးများ အားလုံးကို ဆွေးနွေးတိုင်ပင်ရန် ပင်မရွက်ဖျှင်တဲတော်သို့ ဆင့်ခေါ်လိုက်သည်။
ပင်မရွက်ဖျှင်တဲတော် အပြင်ဘက်တွင် သူပုန်များ၏ ခေါင်း တစ်သောင်းကျော်ကို တောင်ပုံရာပုံ စုပုံထားသည်။ ခေါင်းများ၏ အရှေ့ဘက်တွင် မာရှိုယင်း၏ အလောင်းကို သစ်သားတိုင်တစ်ခုတွင် ဆွဲချိတ်ထားသည်။ အထူးတာဝန်ပေးထားသောစစ်သည်အချို့က ခေါင်းများနှင့် အလောင်းများကို ထုံးများနှင့် အခြားပစ္စည်းများအသုံးပြု၍ စီစဉ်ဆောင်ရွက်နေကြသည်။ အခြားစစ်သည်များမှာ ထိုခေါင်းများအနီးတွင်စုဝေးကာ တိုက်ပွဲ၏ အသေးစိတ်အချက်အလက်များကို ဆွေးနွေးပြောဆိုနေကြသည်။
"ဒီတိုက်ပွဲကြီးအောင်ပွဲရတာ ထန်းကျင်းမြို့က တပ်ဖွဲ့တွေကြောင့်ပဲ။ ထန်းကျင်းတပ်ဖွဲ့က လူအင်အား တစ်ထောင်ကျော်လေးနဲ့ မာရှိုယင်းကို ကိုယ်တိုင်ကိုယ်ကျ သတ်နိုင်ခဲ့တယ်"
"ထန်းကျင်းတပ်ဖွဲ့က လောင်ဟွေဟွေကို အနိုင်ယူပြီးတာနဲ့ ငါတို့ကို ကူညီဖို့ ပင်မစစ်မျက်နှာပြင်ကို လာခဲ့တာ"
"သူပုန်တွေရဲ့ အရှေ့ဘက်စစ်မျက်နှာပြင်ကို ချေမှုန်းပေးခဲ့တဲ့ အဲဒီကြောက်စရာကောင်းတဲ့ ထန်းကျင်းတပ်ဖွဲ့သာ မရှိရင် ဒီတိုက်ပွဲမှာ ငါတို့ ရှုံးသွားလောက်ပြီ"
"ထန်းကျင်းတပ်ဖွဲ့သာ ရောက်မလာရင် မင်းနဲ့ ငါတောင် အသက်ခံရမှာ မဟုတ်ဘူး"
စစ်ဖွဲ့အတွင်းတွင် ခွန်အားကြီးမားသူများကို အလေးစားဆုံးဖြစ်ကြရာ...
အသက်ကယ်တင်ရှင်များကိုဆိုလျှင် ပြောဖွယ်ရာပင် မရှိတော့ပေ။ ဤတိုက်ပွဲအပြီးတွင် တပ်စခန်းအသီးသီးမှ စစ်သည်များသည် ထန်းကျင်းတပ်ဖွဲ့ကို အလွန်တရာလေးစားသွားကြသည်။ တပ်စခန်းအသီးသီးမှ စစ်သည်များသည် ထန်းကျင်းတပ်ဖွဲ့၏ တပ်စခန်းအနီးမှဖြတ်သွားတိုင်း သတိထား၍သွားလာကြပြီး ထန်းကျင်းစစ်ရွက်ဖျှင်တဲများကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုလိုလျှင်ပင် ခိုးကြောင်ခိုးဝှက်သာ ကြည့်ရဲကြလေသည်။
လီကျစ်သည် တပ်ခွဲမှူးအချို့နှင့် စစ်သည်အချို့ကိုဦးဆောင်ကာ ဘုရင့်တပ်ဖွဲ့စခန်းတွင်းရှိ လမ်းများအတိုင်း လျှောက်လာခဲ့သည်။ စစ်သည်များ၏ အနောက်တွင် "ထန်းကျင်း" အလံများနှင့် "လီ" စာလုံးပါသော အလံငယ်များလွင့်ပျံနေသည်။ သူတို့ သွားလေရာ နေရာတိုင်းတွင် အခြားတပ်စခန်းများမှ စစ်သည်များက ရိုသေလေးစားစွာဖြင့်လမ်းဖယ်ပေးကြပြီး လီကျစ်နှင့် သူ၏အဖွဲ့ကို ဦးစွာ ဖြတ်သန်းခွင့်ပြုကြသည်။
လီကျစ်က ဤဘုရင့်စစ်သည်များကိုကြည့်ကာ ပြုံးလျက်...
"ဒီစစ်သည်တွေက ဘယ်ဟာက ကောင်းတယ်ဆိုတာကိုတော့ သိကြသားပဲ"
ရီကျန်းခိုင်ချန်က...
"ကျွန်တော်တို့သာ စစ်မြေပြင်ကို ရောက်မလာခဲ့ရင် ဒီတိုက်ပွဲမှာ ရှုံးသွားမှာ သေချာတယ်။ ဒါက အသက်ကယ်တင်ခဲ့တဲ့ ကျေးဇူးပဲလေ"
လီကျစ်သည် ပင်မရွက်ဖျှင်တဲတော်သို့ ရောက်ရှိလာပြီး တပ်ခွဲမှူးများနှင့် စစ်သည်များကို နှုတ်ဆက်ကာ တစ်ယောက်တည်းဝင်သွားခဲ့သည်။ အတွင်းတွင် အဆင့်မြင့်တပ်မှူးကြီးများအားလုံး ရပ်နေကြသည်ကို သူ တွေ့လိုက်ရသည်။
လီကျစ် ဝင်လာသည်နှင့်တစ်ပြိုင်နက် ပထမဆုံးဂိတ်တံခါးမှ ဒုတပ်မှူးကြီး လီချုံကျန်းက ရှေ့သို့ထွက်လာပြီး…
"ခံတပ်မှူး ရောက်လာပါပြီ" ဟု အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
လီကျစ်မှာ ခေတ္တမျှမှင်တက်သွားပြီး ပြန်လည်နှုတ်ဆက်ရန် ဟန်ပြင်လိုက်သော်လည်း...
လီချုံကျန်းမှာ မြေပြင်သို့တိုင်အောင်အလွန်လေးနက်စွာ ဦးညွှတ်အရိုအသေပေးလိုက်ပြီး ဖြစ်ကာ ပြုံးလျက်...
"မနေ့က ကူညီပေးခဲ့တဲ့ ထန်းကျင်းတပ်ဖွဲ့ကို ကျေးဇူးတင်ပါတယ်။ ထန်းကျင်းတပ်ဖွဲ့သာ မရှိရင် ကျွန်တော်မျိုးရဲ့ တပ်ဖွဲ့တွေကာကွယ်နေရတဲ့ အရှေ့ဘက်စစ်မျက်နှာပြင် ခံစစ်မျဉ်းဟာ သူပုန်တွေရဲ့ ချေမှုန်းတာကိုခံလိုက်ရမှာ သေချာပါတယ်။ ခံတပ်မှူးရဲ့ တပ်ဖွဲ့တွေရောက်လာတာနဲ့တစ်ပြိုင်နက် စစ်မြေပြင်အခြေအနေက ချက်ချင်းပြောင်းလဲသွားခဲ့ပါတယ်။ ခံတပ်မှူးသာမရှိရင် ဒီတိုက်ပွဲမှာ သေချာပေါက် ရှုံးနိမ့်သွားမှာပါ"
ဒီ လီချုံကျန်းက ဘယ်ဟာကောင်းတယ်ဆိုတာကိုတော့သိသားပဲ။ လီကျစ်သည် သာမန် ဒုတပ်မှူးကြီး/ခံတပ်မှူးငယ်တစ်ဦးသာ ဖြစ်သော်လည်း သူက လီကျစ်ကို ကျေးဇူးတင်ရမည်မှန်း သိနေသည်။ လီကျစ်က ပြုံးကာ လီချုံကျန်းကို ထူပေးလိုက်ပြီး...
"ဒုတပ်မှူးကြီး... ဒီလောက်ထိ ယဉ်ကျေးနေစရာမလိုပါဘူး။ မိတ်ဖက်တပ်ဖွဲ့တွေကို ကူညီရတာက မင်မင်းဆက်တပ်မှူးတွေဖြစ်တဲ့ ကျွန်တော်တို့ရဲ့ တာဝန်ပဲလေ။ ကျေးဇူးတင်စရာ မလိုပါဘူး"
လီချုံကျန်းက မတ်တတ်ရပ်လိုက်ပြီး...
"တာဝန်လည်း ဖြစ်သလို ကျေးဇူးလည်းဖြစ်ပါတယ်"
လီချုံကျန်းက လီကျစ်ကို ဤကဲ့သို့ ကျေးဇူးတင်နေသည်ကိုမြင်သောအခါ အခြားသူများမှာ အနည်းငယ် အနေရခက်သွားကြပြီး... လီချုံကျန်းကဲ့သို့ သူတို့လည်း လီကျစ်ကို ဦးညွှတ်သင့် မသင့် မသေချာဖြစ်နေကြသည်။
ယမန်နေ့က အခြေအနေအရ လီကျစ်သာ ရောက်မလာခဲ့လျှင် သူတို့ အမှန်တကယ် ရှုံးနိမ့်သွားမည်မှာ သေချာသည်။
သို့ရာတွင် တပ်မှူးကြီးများသည် လွန်ခဲ့သောရက်အနည်းငယ်က လီကျစ်ကို အလွန်အမင်း မလေးမစားဆက်ဆံခဲ့ကြပြီး ယခုမှ ရုတ်တရက် လီကျစ်ကို ဦးညွှတ်ကျေးဇူးတင်ရမည်ဆိုလျှင် သူတို့အတွက် အနည်းငယ်လက်ခံရန် ခက်ခဲနေဆဲဖြစ်သည်။
အားလုံး ခေတ္တမျှတိတ်ဆိတ်နေကြပြီးနောက် လျောင်တုန်းဒေသမှ တပ်မှူးကြီး ဇူခွမ်းက ရှေ့သို့ထွက်လာသည်။
ဇူခွမ်းသည် လွန်ခဲ့သောရက်များက လီကျစ်ကို အထင်အမြင်သေးခဲ့သော်လည်း ယမန်နေ့က သူသည် လီကျစ်၏ ကယ်တင်ခြင်းကိုခံခဲ့ရသည်။ ယခု လီကျစ်ကို မြင်သောအခါ သူ၏မျက်နှာမှာ ရှက်ရွံ့မှုကြောင့် နီမြန်းနေလေသည်။ ခန္ဓာကိုယ်တောင့်တင်းလှသော တပ်မှူးကြီးက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် အသံဩဩဖြင့်...
"ခံတပ်မှူးက ကြီးမားတဲ့ အကျိုးဆောင်ပေးခဲ့တာပဲ… မနေ့က ခံတပ်မှူးသာ ရောက်မလာခဲ့ရင် ဒီတပ်မှူးကြီးက သူပုန်တွေရဲ့ဓားချက်အောက်မှာ သရဲဘဝရောက်နေလောက်ပြီ"
***