တပ်မှူးကြီးငါးဦးကို ပြင်းပြင်းထန်ထန် ပြစ်တင်မောင်းမဲပြီးနောက် လူရှန့်ရှန်းက အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။
"ကဲ... လီကျစ်၊ အခုကစပြီး မင်းက နောက်ဆုံးတန်းမှာ ရပ်စရာမလိုတော့ဘူး။ မင်းကို တပ်မှူးတွေနဲ့ ဒုတိယတပ်မှူးကြီးတွေရဲ့ နောက်မှာထားပြီး ပြောက်ကျားတပ်မှူးတွေရဲ့ ရှေ့ဆုံးတန်းမှာ နေရာပေးမယ်"
ဤစကားကိုကြားလိုက်ရသောအခါ တပ်မှူးအားလုံးမှင်တက်သွားကြပြီး လီကျစ်ကို မနာလိုဝန်တိုစိတ်ဖြင့်ကြည့်လိုက်ကြသည်။ အမတ်ကြီးသည် ဆုပေးဒဏ်ပေးရာတွင် မျှတသူဖြစ်သော်လည်း ဤသည်မှာ ကြီးမားသောစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သည့် လီကျစ်အတွက် ထူးခြားသော ဆက်ဆံမှုပင် ဖြစ်သည်။
ရာထူးနိမ့်သော လီကျစ်အား ဒုတိယတပ်မှူးကြီးနှင့် တပ်မှူးများ၏ တန်းစီရာရှေ့တန်းတွင် ရပ်ခွင့်ပြုခြင်းမှာ မည်မျှကြီးမားသော ဂုဏ်ဒြပ်ဖြစ်သနည်း။ လီကျစ်အား တပ်မှူးကြီးတစ်ဦးထက် အဆင့်မြင့်သောနေရာတွင်ထားခြင်းမှာ သူ့ကို တပ်မှူးကြီး သို့မဟုတ် ဒုတိယတပ်မှူးကြီးအဖြစ်သို့ တဖြည်းဖြည်း မြှင့်တင်ပေးရန် ရည်ရွယ်ခြင်းပင်ဖြစ်သည်။
အသက် ၁၉ နှစ်အရွယ် လူငယ်လေးတစ်ဦး သာမန်တပ်မှူးငယ် အဆင့်မျှသာရှိသေးသူက ဒုတိယ တပ်မှူးကြီးနှင့် တပ်မှူးကြီးအဖြစ်သို့ ရာထူးတိုးရန်အလားအလာရှိနေခြင်းမှာ သူ၏ အနာဂတ်သည် အတိုင်းအဆမရှိ တောက်ပနေပြီဖြစ်သည်။ အင်အားတောင့်တင်းသော စစ်သည်များနှင့် မြင်းတပ်ကို ပိုင်ဆိုင်ထားသည့် လီကျစ်မှသာလျှင် ယခုကဲ့သို့သော ထည့်သွင်းစဉ်းစားမှုကို ရရှိနိုင်ခြင်းဖြစ်သည်။
တပ်မှူးကြီးများက သူ့ကို မျက်လုံးနီကြီးများဖြင့် ကြည့်နေသည်ကို မြင်သောအခါ လီကျစ်က လက်ယှက်ဂါရဝပြုရင်း လူရှန့်ရှန်းကို…
"ကျွန်တော်မျိုး မဝံ့ရဲပါဘူး အမတ်ကြီး"
လူရှန့်ရှန်းက တပ်မှူးများကို တစ်ချက်ဝေ့ကြည့်ကာ…
"ငါ လီကျစ်ကို ရာထူးမြှင့်ပေးဖို့ စီစဉ်နေတယ်။ ဒီထဲမှာ ကန့်ကွက်မယ့်သူ ရှိသလား"
တပ်မှူးများသည် သူတို့၏ မနာလိုသော အကြည့်များကို ချက်ချင်းဖုံးကွယ်လိုက်ကြပြီး…
"လီကျစ်ရဲ့ စွမ်းဆောင်ရည်က ထူးချွန်ပြောင်မြောက်ပါတယ်။ ကျွန်တော်တို့ အားလုံး သဘောတူပါတယ်"
"တကယ်လို့ မနေ့က လီကျစ်သာ လာမကူညီခဲ့ရင် ရလဒ်ကဘယ်လိုဖြစ်သွားမလဲဆိုတာ မသေချာဘူး… ကျွန်တော်တို့ တကယ်ပဲ လေးစားမိပါတယ်"
"သူ့ရဲ့ ဒုတိယတပ်မှူးကြီးရာထူးက မမြင့်သေးဘူးဆိုပေမယ့် သူ့ရဲ့ အစွမ်းအစကတော့ ကျွန်တော်တို့ တပ်မှူးကြီးတွေနဲ့ ပြောက်ကျားတပ်မှူးတွေထက်တောင် သာလွန်နေပါပြီ"
တပ်မှူးကြီးများထဲတွင် အဆင့်တစ်နေရာ၌ ရှိနေသော မြို့စောင့်တပ်မှူးကြီး ချန်ကျစ်ပန်းပင်လျှင် မျက်နှာပူသွားကာ လီကျစ်အတွက် နေရာပေးရန် နောက်သို့တစ်လှမ်းဆုတ်ပေးလိုက်သည်။ လီကျစ်သည် အချိန်အတော်ကြာစဉ်းစားပြီးနောက် နောက်ဆုံးတွင် လူရှန့်ရှန်း၏ စကားကို နားထောင်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် မနာလိုဖြစ်နေသော တပ်မှူးများကို လက်ယှက်ဂါရဝပြုကာ တပ်မှူးကြီးများ၏ ရှေ့တန်းသို့ တိုး၍ ရပ်လိုက်သည်။
ရှေ့တန်းတွင်ရပ်လိုက်ရသောအခါ ခံစားချက်ကကွာခြားသွားသည်။ တပ်မှူးများက သူ့ကို ကြည့်သောအခါ အကြည့်ထဲတွင် အရင်ကထက်ပို၍ လေးစားမှုများပါဝင်နေသည်ကို လီကျစ် ခံစားလိုက်ရသည်။ လူရှန့်ရှန်းက လီကျစ်ကို လက်ယပ်ခေါ်လိုက်ပြီး…
"လီကျစ်... အခုကစပြီး မင်းက တပ်မှူးတွေရဲ့ ရှေ့တန်းမှာ ရှိနေပြီ။ အခု ငါ့နောက်ကနေ ဘေးတဲထဲ လိုက်ခဲ့ဦး။ မင်းကို ပြောစရာ ရှိတယ်"
ထိုသို့ပြောပြီးနောက် လူရှန့်ရှန်းသည် ပင်တဲကြီး၏ဘေးဘက် ကန့်လန့်ကာကိုမလိုက်ပြီး ဘေးတဲငယ်လေးအတွင်းသို့ဝင်သွားသည်။ လီကျစ်သည် ခဏမျှကြောင်အသွားပြီးနောက် အလျင်အမြန် လိုက်သွားလေသည်။ ဘေးတဲငယ်မှာ သိပ်မကြီးလှဘဲ စတုရန်းမီတာ ၂၀ ခန့်သာ ရှိသည်။ အတွင်းတွင် စားပွဲတစ်လုံးနှင့် ကုလားထိုင်တစ်လုံးရှိကာ စားပွဲပေါ်တွင် ရုကျိုးနယ်၏ တောင်တန်းနှင့် မြစ်ချောင်းပြ မြေပုံတစ်ခုရှိနေသည်။ ဤနေရာမှာ လူရှန့်ရှန်း ပုံမှန်အားဖြင့် စစ်ဗျူဟာများကို စဉ်းစားပြီး တပ်မှူးများကို ညွှန်ကြားချက်ပေးသည့် နေရာဖြစ်ပုံရသည်။
လီကျစ် ဝင်သွားသောအခါ လူရှန့်ရှန်းက လီကျစ်ကို ကျောပေးလျက် မတ်တတ်ရပ်ကာ သူ၏ မုတ်ဆိတ်မွေးကိုပွတ်သပ်ရင်း တိတ်ဆိတ်နေသည်။ လီကျစ်က အနားသို့သွားကာ လက်ယှက်ဂါရဝပြုပြီး…
"အမတ်ကြီး"
လူရှန့်ရှန်းက လှည့်မကြည့်ဘဲ ကျောပေးထားလျက်ဖြင့်…
"လီကျစ်... မင်း ဒီတစ်ခေါက် ရန်သူ့ခေါင်း ဘယ်လောက်ဖြတ်နိုင်ခဲ့သလဲ"
လီကျစ်က ခဏမျှ စဉ်းစားပြီးနောက်…
"ကျွန်တော်မျိုးရဲ့ တပ်ဖွဲ့က ဒီတစ်ခေါက် ရန်သူ့ခေါင်း ၅၂၆၀ ဖြတ်နိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ မြင်းတပ်သား ၈၁၀၊ ပုန်ကန်သူဟောင်း ၄၂၇၀ နဲ့ ငတ်မွတ်စစ်သည် ၁၈၀ ပါဝင်ပါတယ်"
လီကျစ်က ရရှိသော ရန်သူ့ခေါင်းအရေအတွက်ကို ဤမျှတိတိကျကျ မှတ်မိနေသည်ကို မြင်သောအခါ သူသည် ဤစစ်ရေးအောင်မြင်မှုအပေါ်အခြေခံပြီး ရာထူးတိုးရန် စိတ်အားထက်သန်နေသည်ကို လူရှန့်ရှန်း သိလိုက်သည်။ လူရှန့်ရှန်းက ခဏမျှစဉ်းစားပြီးမှ လှည့်ကြည့်ကာ…
"ငါတို့ ဘုရင်တပ်ဖွဲ့ဟာ လောင်ဟွေဟွေရဲ့ ပုန်ကန်သူ စခန်းကနေ ငွေသျှူး တစ်သိန်းသုံးသောင်းနဲ့ ဝန်တင်မြင်း ၆၁၀၀ သိမ်းဆည်းရမိခဲ့တယ်။ မင်းရဲ့ ရပိုင်ခွင့်အဖြစ် ငွေသျှူး တစ်သောင်းနဲ့ ဝန်တင်မြင်း တစ်ထောင်ကို ငါပေးမယ်"
ခွမ်ဝမ်နှင့် လီကျစ်ချန်းတို့သည် မြင်းတပ်သားကိုးထောင်နှင့်အတူ စစ်မြေပြင်မှ ဆုတ်ခွာသွားပြီးနောက် ငွေနှင့် မြင်းများကိုယူရန် ပုန်ကန်သူစခန်းသို့ ချက်ချင်းပြန်သွားခဲ့ကြသည်။ ဘုရင်တပ်ဖွဲ့ ပုန်ကန်သူစခန်းသို့ရောက်သောအခါ မိန်းမများနှင့် ကလေးများမှလွဲ၍ ဘာမျှမကျန်တော့ပေ။ သို့ရာတွင် မာရှိုးယင်းမှာ လီကျစ်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသဖြင့် သူ၏ တပ်ဖွဲ့များမှာခေါင်းဆောင်မဲ့ကာ လုံးဝ ပြိုကွဲသွားခဲ့သည်။ ဘုရင်တပ်ဖွဲ့၏ ကင်းထောက်များက အခွင့်ကောင်းယူကာ မာရှိုးယင်း၏ အဓိကစခန်းကိုသိမ်းပိုက်ပြီး သူ၏ ငွေနှင့် မြင်းများကို သိမ်းဆည်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ဤစစ်သုံ့ပန်းများသည် လီကျစ်၏ စွမ်းဆောင်မှုကြောင့်ရရှိလာခြင်း ဖြစ်သော်လည်း မင်မင်းဆက်၏ စည်းမျဉ်းများအရ လီကျစ်က ပုဂ္ဂလိကအနေဖြင့် စစ်သုံ့ပန်းများကို သိမ်းထားခွင့်မရှိဘဲ လူရှန့်ရှန်းမှတစ်ဆင့် ခွဲဝေပေးရမည် ဖြစ်သည်။ လူရှန့်ရှန်းက လီကျစ်အား ယခုကဲ့သို့ ငွေနှင့် မြင်းများစွာ ခွဲဝေပေးခြင်းမှာ သူ၏ စေတနာကို ပြသခြင်းပင်ဖြစ်သည်။ ဝန်တင်မြင်းတစ်ကောင်လျှင် ငွေသျှူး ၃၀ ခန့် တန်ဖိုးရှိသဖြင့် ဝန်တင်မြင်း တစ်ထောင်သည် ငွေသျှူး သုံးသောင်းကျော် တန်ဖိုးရှိကာ ငွေသျှူး တစ်သောင်းနှင့် ပေါင်းလိုက်ပါက ကြီးမားသော ပိုင်ဆိုင်မှုတစ်ခု ဖြစ်လာသည်။
လီကျစ်သည် လူရှန့်ရှန်း၏ ရည်ရွယ်ချက်ကိုနားမလည်သေးသဖြင့် အလျင်အမြန် လက်ယှက်ဂါရဝပြုကာ…
"ကျေးဇူးတင်ပါတယ် အမတ်ကြီး"
လူရှန့်ရှန်းက လီကျစ်၏ မျက်လုံးများကိုစိုက်ကြည့်ကာ ဖြည်းညင်းစွာပြောလိုက်သည်။
"ဒါပေမဲ့... မင်းရလာတဲ့ ရန်သူ့ခေါင်းတွေကို တခြား တပ်ဖွဲ့နယ်မြေတွေနဲ့ ခွဲဝေပေးရမယ်"
လီကျစ် မှင်တက်သွားသည်။ လူရှန့်ရှန်းက ဤသို့ ပြောလာလိမ့်မည်ဟု သူ မထင်ထားမိပေ။ သူက…
"ဘာဖြစ်လို့ ကျွန်တော်မျိုးရဲ့ ရန်သူ့ခေါင်းတွေကို ခွဲဝေပေးရမှာလဲ"
လူရှန့်ရှန်းက လီကျစ်၏ ပုခုံးကိုပုတ်ကာ… "ဒုတိယတပ်မှူးကြီး... ဒါက တပ်ဖွဲ့ထဲက စည်းမျဉ်းတစ်ခုပဲ… မင်း မသိသေးလို့ပါ။ နန်းတွင်းကအမတ်တွေ အားလုံးက ဒီလိုပဲတွေးကြတယ်… တကယ်လို့ တပ်ဖွဲ့တစ်ခုတည်းကပဲ အောင်မြင်မှုတွေအကုန်ယူပြီး တခြားတပ်ဖွဲ့တွေက ဘာမှ မရဘူးဆိုရင် အဲဒီ တခြားတပ်ဖွဲ့တွေက လုံးဝ အရည်အချင်းမရှိဘူးလို့ ထင်ရမှာပေါ့… တပ်မှူးတွေကြားက ဆက်ဆံရေးက အတော်လေးရှုပ်ထွေးတယ်… သူတို့အားလုံးက ငါတို့ မင်မင်းဆက်ရဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တွေပဲ... ဒါကြောင့် သူတို့ကို အရည်အချင်းမရှိတဲ့သူတွေလို့ အထင်မခံနိုင်ဘူး… ဒါကြောင့် ရန်သူ့ခေါင်း ခွဲဝေတဲ့နေရာမှာ အပေးအယူအချိတ်အဆက်တွေ ရှိရမယ်… ရန်သူ့ခေါင်းတွေကို ရာထူးအလိုက် ခွဲဝေပေးတာက တပ်ဖွဲ့ရဲ့ ထုံးစံတစ်ခုပဲ။ မင်း တစ်ယောက်တည်းကို ရည်ရွယ်ပြီး လုပ်တာမဟုတ်ဘူး"
မင်မင်းဆက်၏တပ်ဖွဲ့သည် ဤမျှအထိ အကျင့်ပျက်နေလိမ့်မည်ဟု လီကျစ် မမျှော်လင့်ထားခဲ့ပေ။ ရန်သူ့ခေါင်း တစ်လုံးမျှ မဖြတ်နိုင်သော စစ်ဘက်အမတ်များပင်လျှင် တခြားသူ၏ စစ်ရေးအောင်မြင်မှုကို ဝေစုခွဲယူနေကြခြင်းဖြစ်သည်။ လူရှန့်ရှန်းက တပ်မှူးများကို သူ့အား တောင်းပန်ခိုင်းပြီး တပ်မမှူးများ၏ ရှေ့တွင်ရပ်ခွင့်ပြုကာ မျက်နှာပန်းလှအောင် အရင်လုပ်ပေးခဲ့ခြင်းမှာ ယခုကဲ့သို့ ရန်သူ့ခေါင်းများကို ခွဲဝေယူရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းသာ ဖြစ်နေတော့သည်။
သို့သော် လူရှန့်ရှန်းမှာ အမတ်ကြီးဖြစ်ပြီး လီကျစ်မှာ လက်အောက်ငယ်သားဖြစ်သဖြင့် အထက်အကြီးအကဲကို ငြင်းဆန်ရန်ခက်ခဲသောကြောင့် နားထောင်ရန်သာရှိတော့သည်။ လီကျစ်က သက်ပြင်းတစ်ချက်ချကာ…
"ကျွန်တော်မျိုး ရန်သူ့ခေါင်း ဘယ်လောက် ခွဲပေးရမလဲ"
လူရှန့်ရှန်းက ခပ်အေးအေးပင်…
"မင်းအတွက် ရန်သူ့ခေါင်း တစ်ထောင်ချန်ထားပေးဖို့နဲ့ လောင်ဟွေဟွေကို စစ်မြေပြင်မှာ သတ်ဖြတ်နိုင်ခဲ့တဲ့ အောင်မြင်မှုကိုရအောင် ငါ အစွမ်းကုန်ကြိုးစားပေးမယ်။ ကျန်တဲ့ ရန်သူ့ခေါင်း ၄၂၆၀ ကိုတော့ တခြားသူတွေကို ပေးလိုက်ရမယ်"
လီကျစ်၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းလာသည်။ သူ တစ်ခုခုပြောရန် ပြင်လိုက်စဉ်မှာပင် လူရှန့်ရှန်းက ဆက်ပြောလိုက်သည်။
"မင်းမှာ ရန်သူ့ခေါင်းတစ်ထောင်ပဲ ကျန်မယ်ဆိုပေမယ့် မင်းက တပ်မှူးငယ် တာဝန်ထမ်းဆောင်နေတဲ့ ပဉ္စမအဆင့် ဒုတိယတပ်မှူးကြီး တစ်ယောက်ပဲ ရှိသေးတယ်။ ပုံမှန်ဆိုရင် မင်းရဲ့ တပ်ဖွဲ့ဝင်က လူ ၁၀၀ ကျော်ပဲရှိရမှာ။ အဲဒီလို အခြေအနေနဲ့ ရန်သူ့ခေါင်းတစ်ထောင် ရတာကကိုပဲ အင်မတန်ကြီးမားတဲ့ အောင်မြင်မှုဖြစ်နေပြီ။ ဒီအောင်မြင်မှုကို အစီရင်ခံစာတင်တဲ့အခါ မင်းကို ရာထူးသုံးဆင့်တိုးပေးဖို့ ငါ အာမခံတယ်။ အဲဒီကျရင် မင်းက ကင်းလှည့်တပ်မှူးတာဝန်ယူရတဲ့ စတုတ္ထအဆင့် လက်ထောက်တပ်ကဲ ဖြစ်လာမှာကတော့ သေချာသလောက်ပဲ"
မင်မင်းဆက်၏ထုံးစံအရ တပ်မှူးကြီးအောက်ရာထူးရှိသော ဒေသခံစစ်ဘက်အမတ်များ၏ ရာထူးတိုးခြင်းနှင့် ပြောင်းရွှေ့ခြင်းကို ဒေသခံ စစ်ဘက်ကြီးကြပ်ရေးအမတ်ကြီးများက အစီရင်ခံစာ တင်ပြကြရသည်။ တပ်မှူးကြီးအထက် ရာထူးများအတွက်မူ စစ်ဘက်ရေးရာဌာနနှင့် နန်းတွင်းအမတ်စု၏ အတည်ပြုချက်လိုအပ်ပြီး ဧကရာဇ်၏ အမိန့်တော်လိုအပ်သည်။ လီကျစ်၏ လက်ရှိရာထူးမှာ နိမ့်ပါးသေးသဖြင့် သူ၏ ရာထူးတိုးခြင်းမှာ စစ်ဘက်ကြီးကြပ်ရေး အမတ်ကြီးများ၏ အစီရင်ခံစာအပေါ်တွင်သာ မူတည်နေသည်။ လူရှန့်ရှန်းမှာ စစ်ဘက်ရေးရာဌာန၏ ဒုတိယအမတ်ကြီး ရာထူးကိုလည်း ပူးတွဲရယူထားသူဖြစ်ရာ သူကသာ အစီရင်ခံစာတင်ပေးပါက လီကျစ်အတွက် စတုတ္ထအဆင့် ရာထူးရရှိရန် မခဲယဉ်းပေ။
ဤသည်ကိုကြားသောအခါ လီကျစ်၏ မျက်နှာ အနည်းငယ်ပြေလျော့သွားပြီး ကိစ္စကို စဉ်းစားလိုက်သည်။ လူရှန့်ရှန်းက ဆက်၍…
"ဒုတိယတပ်မှူးကြီး... မင်းက ငယ်သေးတယ်။ ရာထူးတွေ အရမ်းမြန်မြန်တက်တာက မကောင်းဘူး။ အခု မင်းရထားတဲ့ ရန်သူ့ခေါင်းတစ်ထောင်နဲ့ လောင်ဟွေဟွေကို သတ်နိုင်တဲ့ အောင်မြင်မှုကြောင့် ရာထူးသုံးဆင့်တက်တာက တခြားအမတ်တွေ သတိထားမိဖို့ လုံလောက်နေပြီ။ တကယ်လို့ မင်းက ဒီထက်ပိုပြီးရာထူးတိုးဖို့ တောင်းဆိုမယ်ဆိုရင် တခြားသူတွေရဲ့ မနာလိုမှုကို ခံရမှာဖြစ်ပြီး နောက်ကွယ်က တိုက်ခိုက်မှုတွေကို ကာကွယ်ရခက်လိမ့်မယ်"
လူရှန့်ရှန်း၏ စကားများမှာ ကျိုးကြောင်းဆီလျော်မှုရှိသော်လည်း လီကျစ်တွင် ညှိနှိုင်းရန် အခွင့်အရေးရှိနေသေးသည်။ လူရှန့်ရှန်းက တပ်ဖွဲ့၏ထုံးစံအရ လီကျစ်ကို ရန်သူ့ခေါင်းများ ပေးကမ်းစေလိုသော်လည်း လီကျစ်ကသာ ငြင်းဆန်ပြီး ဤကိစ္စကို အကြီးအကျယ်လုပ်မည်ဆိုပါက သက်သေအဖြစ် စစ်သည်များစွာရှိနေသဖြင့် ဘုရင်က ဤကိစ္စကို အသေအချာ စုံစမ်းစစ်ဆေးနိုင်ပေသည်။ ထိုသို့လုပ်ပါက လီကျစ်သည် လူရှန့်ရှန်းနှင့် တပ်မှူးအားလုံးကို ရန်သူဖြစ်အောင်လုပ်လိုက်သကဲ့သို့ ဖြစ်သွားမည်ဖြစ်ကာ အဆုံးတွင် ဘုရင်က လူရှန့်ရှန်းကို ပြင်းပြင်းထန်ထန် အပြစ်ပေးလိမ့်မည် မဟုတ်ပေ။ သို့သော် လီကျစ်အနေဖြင့် ဈေးဆစ်ရန် အခွင့်အရေး ရှိနေဆဲ ဖြစ်သည်။
လီကျစ် ခဏမျှစဉ်းစားပြီးနောက်…
"ကျွန်တော်မျိုး ရန်သူ့ခေါင်းတွေကို ပေးနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ အခြေအနေ နှစ်ခု ရှိတယ်"
***