ဆစ်ချန်က သူ့ဆိုလိုရင်းကို နားလည်သွားပြီလို့ ထင်ပြီး ကျောက်ဝမ်ခိုင် သဘောကျသွားပုံရတယ်။
"ဒေါက်တာဆစ်... ခင်ဗျားက တော်တော် အလားအလာရှိတဲ့သူလို့ ကျွန်တော် ထင်တယ်။ ကျွန်တော်က ရန်ကျီးဆေးရုံက ဆေးရုံအုပ်ကြီးနဲ့ သိတယ်။ ခင်ဗျားသာ အလုပ်ပြောင်းချင်ရင် အဲဒီမှာ သုံးနှစ်ကနေ ငါးနှစ်အတွင်း ညွှန်ကြားရေးမှူး ရာထူးရအောင် ကျွန်တော် သေချာပေါက် လုပ်ပေးနိုင်တယ်" လို့ ကျောက်ဝမ်ခိုင်က ပြောလိုက်တယ်။
ကျောက်ဝမ်ခိုင်က စကားကို လှည့်ပတ်မနေဘဲ တိုက်ရိုက်ပဲ ပြောချလိုက်ပြီး ဆက်ပြောတယ်။ "ဒေါက်တာဆစ်... သွားပြီး ခွဲစိတ်မှု မြန်မြန်လုပ်လိုက်ပါ။ ဖိအားတွေ ဘာတွေ ခံစားမနေနဲ့ဦး။ ခင်ဗျား အလုပ်ပြီးသွားရင် အသေးစိတ်ကို ဆွေးနွေးဖို့ အချိန်တစ်ခု ပြန်ချိန်းကြတာပေါ့"
ဆစ်ချန်က ကျောက်ဝမ်ခိုင်ကို ခံစားချက်ကင်းမဲ့တဲ့ မျက်နှာနဲ့ တစ်ချက်ကြည့်လိုက်ပြီး ခွဲစိတ်ခန်းထဲကို ချက်ချင်း လှည့်ဝင်သွားတယ်။
ဆစ်ချန်ရဲ့ ဟန်ပန်ကို ကျောက်ဝမ်ခိုင်က ဘာမှ အပြစ်မမြင်ပါဘူး။ ဂုဏ်သိက္ခာနဲ့ အကျိုးအမြတ်တွေအတွက် ဟန်ဆောင်ကောင်းပြီး မျက်နှာလိုမျက်နှာရ လုပ်တတ်တဲ့ သူတွေ အများကြီးနဲ့ သူ ကြုံဖူးပြီးသားလေ။ ဒီလောက် ကြီးမားတဲ့ အကျိုးအမြတ်တွေ ရှေ့မှာ ဘယ်သူကမှ နောက်ဆုတ်သွားမှာ မဟုတ်ဘူး။
သူ့ဦးလေးကို ကယ်တင်ဖို့က လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ဘူး။ ပြောင်းပြန်ပြောရရင် မတော်တဆမှုလေး တစ်ခုခု ဖြစ်သွားအောင် လုပ်ဖို့က လက်ချောင်းလေးတွေ နည်းနည်း လှုပ်ရှားလိုက်ရုံပဲလေ။
ဆစ်ချန်က အကျိုးအပြစ်တွေကို သေချာ ချိန်ဆတတ်တဲ့ ဉာဏ်ကောင်းတဲ့ သူတစ်ယောက်ဆိုတာကို သူ မြင်တယ်။
ပိတ်သွားတဲ့ အရေးပေါ် ခွဲစိတ်ခန်း တံခါးတွေကို တစ်ချက်ကြည့်ပြီးနောက် ကျောက်ဝမ်ခိုင်က လှည့်ထွက်သွားတယ်။
ခွဲစိတ်မှုက ဒီလောက် မြန်မြန် ပြီးမှာ မဟုတ်တော့ သူ ဆက်စောင့်နေစရာ အကြောင်းမရှိဘူးလေ။
"ဦးလေး ယာဉ်တိုက်မှု ဖြစ်တယ်ဆို။ ဘယ်လိုလုပ် ဖြစ်ရတာတုန်း။ အခုရော အခြေအနေ ဘယ်လိုရှိသေးလဲ"
ကျောက်ရုံဝေ ယာဉ်တိုက်မှု ဖြစ်တယ်ဆိုတာကို ကြားတော့ ဝမ်ချွန်း လန့်သွားတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူနဲ့ တွေ့တုန်းကတောင် ကျောက်ရုံဝေက တက်တက်ကြွကြွနဲ့ ရယ်မောနေသေးတာလေ။ အခုကျမှ ရုတ်တရက်ကြီး ဆေးရုံမှာ အသက်လုနေရတယ်ဆိုတော့ ဘယ်သူမဆို အံ့အားသင့်သွားမှာပဲ။
ကျောက်ရုံဝေက အပြုံးနောက်ကွယ်မှာ ဓားဝှက်ထားတဲ့ ကျားတစ်ကောင်လိုပဲ။ ဝမ်ချွန်းကို မြင်ရင် အမြဲတမ်း ပြာပြာသလဲ လုပ်တတ်ပြီး တူမချွေးမကောင်းလေးပါဆိုပြီး အမြဲ ချီးကျူးတတ်တယ်။ ပြီးတော့ ဝမ်ချွန်းအပေါ် ကောင်းကောင်းထားဖို့ ကျောက်ဝမ်ခိုင်ကိုလည်း အမြဲ ပြောလေ့ရှိတယ်။
မိသားစု စီးပွားရေး ကိစ္စတွေကို ဘေးဖယ်ထားလိုက်ရင်၊ ဝမ်ချွန်းက ဒီဦးလေးကို တကယ် သဘောကျတာပါ။
ဝမ်ချွန်းရဲ့ လန့်ဖြန့်ပြီး စိုးရိမ်နေတဲ့ အခြေအနေနဲ့ ယှဉ်ရင် ကျောက်ဝမ်ခိုင်ကတော့ အရမ်းကို တည်ငြိမ်နေတယ်။ သူ့လေသံထဲမှာ လှောင်ပြောင်တဲ့ အရိပ်အယောင်လေးတောင် ပါသေးတယ်။ "အခြေအနေက တော်တော် ဆိုးတယ်၊ သူ အသက်ရှင်နိုင်ဖို့ မလွယ်လောက်တော့ဘူး။ နောက်ဆုံးအနေနဲ့ ဂါရဝပြုဖို့ မင်းကို ဆေးရုံ လိုက်ပို့ပေးမယ်။ ဒါက မင်းအပေါ် ဟန်ဆောင်ကောင်းခဲ့တဲ့ သူ့ရဲ့ အတုအယောင် စေတနာတွေကို ပြန်ဆပ်ပေးတာပဲ"
ဝမ်ချွန်း - "..."
ဦးလေးက လူကောင်း မဟုတ်ဘူး၊ သူ့အပေါ် ကောင်းပြနေတာတွေ အားလုံးက ဟန်ဆောင်တာတွေချည်းပဲလို့ ကျောက်ဝမ်ခိုင်က သူ့ရှေ့မှာ အမြဲ ပြောခဲ့ဖူးတယ်။ ဦးလေးပြောတဲ့ စကားတွေကို လွယ်လွယ်နဲ့ မယုံဖို့နဲ့ သူတို့အပေါ် သံယောဇဉ် မတွယ်ဖို့လည်း ပြောခဲ့သေးတယ်။ နောက်ကွယ်မှာ သူတို့တွေ အကွက်ဆင်နေကြတယ် ဆိုတာကို ဝမ်ချွန်း သိထားတော့ ကျောက်ဝမ်ခိုင် ပြောတာ မှားတယ်လို့ သူ မထင်ပါဘူး။
ဒါပေမဲ့ အခုလို အသက်လုနေရတဲ့ အချိန်ကြီးမှာတောင် ကျောက်ဝမ်ခိုင်က ဒီလောက် ဂရုမစိုက်ဘဲ အေးစက်စက် နိုင်နေတာက သူ့အတွက် နားလည်ရ နည်းနည်း ခက်နေတယ်။
ယောက္ခထီး ဆုံးပါးသွားပြီး ကတည်းက ကျောက်ဝမ်ခိုင်က သူ့ကလွဲရင် ကျန်တဲ့ သူအားလုံးအပေါ် အေးစက်စက် နိုင်လာတယ်လို့ ထင်ရတယ်။
ဝမ်ချွန်းရဲ့ နားမလည်နိုင် ဖြစ်နေတဲ့ မျက်နှာထားကို ကျောက်ဝမ်ခိုင် သတိထားမိပေမယ့် အများကြီး မရှင်းပြတော့ဘူး။ သူတို့ ဆေးရုံကို ရောက်တဲ့အချိန်အထိ ခွဲစိတ်မှုက မပြီးသေးပါဘူး။
ဆေးရုံရောက်တော့မှပဲ ဦးလေးဖြစ်သူက ဆစ်ချန် အလုပ်လုပ်နေတဲ့ ဆေးရုံကို ရောက်နေမှန်း ဝမ်ချွန်း သိလိုက်ရတယ်။
ဦးလေးက ဆေးရုံရောက်နေပြီး ဒီည သူတို့ရဲ့ ညစာစားမယ့် အစီအစဉ်လည်း ပျက်လောက်ပြီဆိုတော့ ဝမ်ချွန်းက ပြောလိုက်တယ်။
"အာခိုင်... အခု ဦးလေး မတော်တဆမှု ဖြစ်သွားပြီဆိုတော့ ဒီည တို့တွေ ယောင်ယောင်နဲ့ သေချာပေါက် တွေ့ဖြစ်တော့မှာ မဟုတ်ဘူး။ တိုက်တိုက်ဆိုင်ဆိုင် ယောင်ယောင့်ယောက်ျားက ဒီဆေးရုံမှာ အလုပ်လုပ်တာဆိုတော့။ ငါ ဝန်ထမ်းအိမ်ရာဘက်ကို သွားပြီး ယောင်ယောင့်ကို ကြိုသွားပြောလိုက်ဦးမယ်နော်"
ကျောက်ဝမ်ခိုင်နဲ့ ကျောက်ရုံဝေတို့ ကြားမှာ ဘယ်လိုပဲ နောက်ကျော ဓားနဲ့ထိုးတာတွေ ရှိနေပါစေ၊ အပေါ်ယံ ဟန်ဆောင်မှုလေးတော့ ထိန်းထားဖို့ လိုသေးတယ်လေ။
ဦးလေး သတိမရလာခင်အထိ သူတို့နှစ်ယောက်လုံး ဆေးရုံမှာ နေသင့်တယ်။ သူငယ်ချင်းတွေနဲ့ ညစာသွားစားဖို့ ထွက်သွားတာက မသင့်တော်ဘူးပေါ့။
ကျောက်ဝမ်ခိုင် မျက်လုံးလေး မှေးကျဉ်းသွားပြီး မေးလိုက်တယ်။ "ထုန်ယောင်ရဲ့ ယောက်ျား နာမည်က ဘယ်လိုခေါ်တာတုန်း"
"သူ့နာမည်က ဆစ်ချန်ပါ" လို့ ဝမ်ချွန်းက ပြန်ဖြေတယ်။
ကျောက်ဝမ်ခိုင်က တိုးတိုးလေး ရယ်လိုက်ပြီး ရေရွတ်လိုက်တယ်။ "ကိစ္စတွေက ဒီလောက်အထိ တိုက်ဆိုင်နေလိမ့်မယ်လို့ ယုံနိုင်စရာတောင် မရှိဘူး"
ဒီနေ့ သူ ဆုံခဲ့တဲ့လူက ထုန်ယောင်ရဲ့ ယောက်ျား ဖြစ်နေလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။ ကောင်းကင်ဘုံက သူ့ကို ကူညီပေးနေသလိုပါပဲ။
အပိုင်း ( ၃၄၃ ) ပြီးဆုံး
***