သူသိထားသလောက်တော့ ဆစ်ချန်က ဒီလိုနေရာမျိုးကို တစ်ခါမှ မရောက်ဖူးဘူး။ သူက စကားနည်းပြီး တုံ့ပြန်မှု သိပ်မရှိဘဲ ခံစားချက်တွေကို ဖုံးကွယ်ထားတတ်တယ် ဆိုတာကို သူ သိတယ်။ ဒါပေမဲ့ သူက အရမ်းကြီး တည်ငြိမ်လွန်းနေတာ မဟုတ်ဘူးလား။
ထုန်ယောင်က တွေးလေတွေးလေ ပိုထူးဆန်းနေတာနဲ့ သူ့ကို မော့ကြည့်ပြီး တိုးတိုးလေး မေးလိုက်တယ်။ "အာချန်... ရှင် အရင်က ဒီလိုနေရာမျိုးကို ရောက်ဖူးလို့လား"
"မရောက်ဖူးဘူး" လို့ ဆစ်ချန်က ပြန်ဖြေတယ်။
ထုန်ယောင် မျက်တောင်လေး ပုတ်ခတ်လုပ်လိုက်တယ်။ "ဒါဆို ရှင် စိတ်မလှုပ်ရှားဘူးလား"
ဆစ်ချန်က တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေတယ်။ "ကိုယ်က သူငယ်ချင်း တစ်ယောက်နဲ့ ညစာစားဖို့ လာတွေ့တာလေ၊ စစ်မြေပြင်ကို သွားနေတာမှ မဟုတ်တာ။ ဘာတွေ စိတ်လှုပ်ရှားနေစရာ ရှိလို့လဲ"
ထုန်ယောင် - "..."
ကောင်းပါပြီလေ။
သူ အပိုတွေ တွေးနေခဲ့တာပဲ။ ဆစ်ချန်ရဲ့ စရိုက်မျိုးနဲ့ဆို နေရာသစ်တစ်ခုကို ရောက်သွားရုံနဲ့ စိတ်လှုပ်ရှားနေမှာတော့ သေချာပေါက် မဟုတ်ဘူးလေ။
တွေးကြည့်ရင် ခွဲစိတ်ဓားကိုင်ပြီး လူတစ်ယောက်ရဲ့ ဦးခေါင်းခွံကိုတောင် ခွဲစိတ်နိုင်တဲ့ သူတစ်ယောက်က သေချာပေါက် တည်ငြိမ်နေမှာပဲ၊ သူက ဘာကိစ္စ စိတ်လှုပ်ရှားနေရမှာလဲ။
သူ့လည်ပင်းကို ဓားနဲ့ထောက်ထားရင်တောင်မှ ခွဲစိတ်မှု ပြီးသွားတဲ့အချိန်ကျမှပဲ သူ တုံ့ပြန်လောက်မယ်လို့ ထုန်ယောင် ထင်မိတယ်။
"တောင်းပန်ပါတယ်ရှင်၊ ဒီမှာ လူချိန်းထားတာ ရှိလို့လား" ချောမောတဲ့ စားပွဲထိုး ကောင်မလေး တစ်ယောက်က ရုတ်တရက် အနားရောက်လာပြီး ယဉ်ယဉ်ကျေးကျေး မေးလိုက်တယ်။
ထုန်ယောင်က ကြည်လင်တဲ့ အသံလေးနဲ့ ပြန်ဖြေတယ်။ "အမျိုးသမီးဝမ်နဲ့ ချိန်းထားလို့ပါ"
"အို... အမျိုးသမီးဝမ်နဲ့ ဦးကျောက်တို့ရဲ့ သူငယ်ချင်းတွေ ထင်တယ်။ အမျိုးသမီးဝမ်နဲ့ ဦးကျောက်တို့ ရောက်နေကြပါပြီ၊ သမီး လိုက်ပို့ပေးပါ့မယ်" လို့ စားပွဲထိုး ကောင်မလေးက ချက်ချင်း ပြောလိုက်တယ်။
"ကျေးဇူးပါပဲ" ထုန်ယောင်က ပြုံးယောင်ယောင်လေးနဲ့ ပြောလိုက်တယ်။
ဝမ်ချွန်းက စားသောက်ဆိုင် နာမည်ကို ပြောလိုက်ကတည်းက ဒါက အတော်လေး အဆင့်မြင့်တဲ့ နေရာတစ်ခု ဖြစ်ရမယ်လို့ ထုန်ယောင် ခန့်မှန်းမိခဲ့တာ ကံကောင်းသွားတယ်။ ဒီနေရာနဲ့ လိုက်ဖက်အောင် သပ်သပ်ရပ်ရပ်နဲ့ ကျက်သရေရှိတဲ့ အဝတ်အစားတွေကို သူတို့ ပြင်ဆင်ဝတ်ဆင်လာခဲ့တာမို့၊ ဒီနေရာနဲ့ တစ်စိမ်းတစ်ရံကြီး ဖြစ်မနေခဲ့ဘူး။
ဒါ့အပြင် ဆစ်ချန်နဲ့ ထုန်ယောင် နှစ်ယောက်လုံးက ကျက်သရေရှိတဲ့ ဟန်ပန်ကိုယ်စီ ရှိကြတော့ စားသောက်ဆိုင်နဲ့ ကွက်တိ လိုက်ဖက်နေတယ်။
ဝမ်ချွန်းနဲ့ ကျောက်ဝမ်ခိုင်တို့က သီးသန့်ခန်းထဲမှာ ထိုင်နေကြပြီ။ စားပွဲထိုးလေးက ထုန်ယောင်တို့ကို ခေါ်လာတာကို မြင်တော့ ဝမ်ချွန်းက အရမ်း ဝမ်းသာသွားပြီး ရယ်မောရင်း ချက်ချင်း မတ်တတ်ရပ်လိုက်တယ်။
"ယောင်ယောင်"
သူ့အကြည့်တွေက ဆစ်ချန်ဆီ ရောက်သွားပြီးနောက် ထုန်ယောင်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်တယ်။
ဆစ်ချန်က ရုပ်ချောလို့ သူ့ကို သဘောကျသွားတာပါလို့ ထုန်ယောင် ပြောခဲ့တာ မဆန်းပါဘူး။ ဒီလောက် ချောမောတဲ့ ယောကျ်ားတွေက တကယ်ကို ရှားပါးတာကိုး။
ဝမ်ချွန်းရဲ့ ရည်ရွယ်ချက်ကို သဘောပေါက်တဲ့ ထုန်ယောင်က မျက်စိတစ်ဖက် ပြန်မှိတ်ပြလိုက်ပြီး မိတ်ဆက်ပေးတယ်။ "အာချွန်း... ဒါက ငါအရင်က ပြောပြဖူးတဲ့ ဆစ်ချန်လေ"
တစ်ချိန်တည်းမှာပဲ ထုန်ယောင်ကလည်း ကျောက်ဝမ်ခိုင်ကို အကဲခတ်နေတယ်။
ရိုးရိုးသားသား ပြောရရင် ကျောက်ဝမ်ခိုင်ဆီကနေ ထွက်ပေါ်နေတဲ့ စွမ်းအင်က ဝမ်ချွန်း ပြောပြဖူးတဲ့ သူနဲ့ လုံးဝကို မတူဘူးလို့ သူ ခံစားရတယ်။
သူ့ရှေ့က ကျောက်ဝမ်ခိုင်က အချစ်ကို ဦးစားပေးတဲ့သူ တစ်ယောက်နဲ့ မတူဘဲ၊ တကယ့်ကို ပါးနပ်ပြီး နက်နက်ရှိုင်းရှိုင်း တွက်ချက်တတ်တဲ့ သူတစ်ယောက်ရဲ့ ဟန်ပန်ကို အပြည့်အဝ ဖော်ပြနေတယ်။
ထုန်ယောင်ရဲ့ စကားကို ကြားတော့မှ ဝမ်ချွန်းက ကျောက်ဝမ်ခိုင်ကို မိတ်ဆက်ပေးဖို့ သတိရသွားတယ်။ ဒါပေမဲ့ သူ စကားတောင် မစရသေးခင် ကျောက်ဝမ်ခိုင်က ဖြတ်ပြောလိုက်တယ်။
ကျောက်ဝမ်ခိုင်က ပြုံးပြီး ပြောတယ်။ "မိတ်ဆက်ပေးဖို့ မလိုတော့ပါဘူး။ ကျွန်တော် ဒေါက်တာဆစ်နဲ့ ဒီနေ့ပဲ ဆုံဖူးထားတာ။ ဒေါက်တာဆစ်က ကျွန်တော့်ကို မှတ်မိလောက်မှာပါ"
သူ တစ်ခုခုများ လွတ်သွားတာလား။
ဆစ်ချန်က ကျောက်ဝမ်ခိုင်ကို ခံစားချက်ကင်းမဲ့စွာ ကြည့်လိုက်ပြီး ဒီမှာ သူ့ကို တွေ့ရတာ အံ့သြပုံ မပေါ်ဘူး။
"သူဌေးကျောက်... တိုက်ဆိုင်လိုက်တာ"
ကျောက်ဝမ်ခိုင်က ပြုံးဖြီးဖြီးနဲ့ ပြောတယ်။ "တကယ်ပဲ။ ခင်ဗျားက ထုန်ယောင်ရဲ့ ယောက်ျားမှန်း သိလိုက်ရတော့ ကျွန်တော်လည်း အဲဒီလိုပဲ ခံစားလိုက်ရတာ။ ဒါက ကံကြမ္မာရဲ့ အစီအမံများလား။ ဆရာဝန်... ခင်ဗျားရော အဲဒီလို မထင်ဘူးလား"
ဒါက သူတို့ရဲ့ ပထမဆုံး တွေ့ဆုံမှု ဆိုပေမယ့် ကျောက်ဝမ်ခိုင်က အရမ်းကို ယဉ်ကျေးနေတယ်။ ဒါပေမဲ့ ဘာအကြောင်းကြောင့်မှန်း မသိ၊ ထုန်ယောင်က သူတို့ရဲ့ စကားပြောဆိုမှုဟာ နည်းနည်း ထူးဆန်းနေတယ်လို့ ခံစားလိုက်ရတယ်။
ထုန်ယောင် ဇဝေဇဝါ ဖြစ်နေတာကို မြင်တော့ ဝမ်ချွန်းက အမြန် လည်ချောင်းဟန့်ပြီး ရှင်းပြတယ်။ "ယောင်ယောင်... ဒီနေ့ ငါ့ဦးလေး ယာဉ်တိုက်မှု ဖြစ်လို့ ဒေါက်တာဆစ် အလုပ်လုပ်တဲ့ ဆေးရုံကို ပို့လိုက်ရတာ။ ပြီးတော့ ဒေါက်တာဆစ်က ဦးဆောင်ခွဲစိတ်ဆရာဝန်လေ။ သူ အလုပ်ရှုပ်နေတော့ တို့တွေ သေချာ မိတ်ဆက်ဖို့ အချိန်မရလိုက်ဘူး။ ဒေါက်တာဆစ်က စိတ်မရှိဘူးလို့ မျှော်လင့်ပါတယ်"
နောက်ဆုံးစကားကို ဆစ်ချန်ဘက်ကို လှည့်ပြီး ပြောလိုက်တာ။
ထုန်ယောင်က စကားကို ဆက်ပြောလိုက်တယ်။ "ဒါက တကယ့်ကို တိုက်ဆိုင်သွားတာပဲလား"
"ဟုတ်တယ် မဟုတ်လား။ အဲဒါကို သိလိုက်ရတော့ ငါလည်း အံ့သြသွားတာပဲ" ဝမ်ချွန်းက သူတို့ကို ထိုင်ဖို့ မဖိတ်ရသေးဘူးဆိုတာ ရုတ်တရက် သတိရသွားပြီး ဆစ်ချန်နဲ့ ထုန်ယောင်ကို အမြန် နေရာချပေးလိုက်တယ်။
ကျောက်ဝမ်ခိုင်ရဲ့ အာရုံက ဆစ်ချန်ဆီမှာပဲ အမြဲ ရှိနေပြီး သူ့မျက်နှာပေါ်မှာလည်း အပြုံးတစ်ခု အမြဲတမ်း ရှိနေတယ်။
သူ့အပြုံးက နည်းနည်း ကောက်ကျစ်ပြီး တစ်ခုခုကို အကွက်ဆင်နေသလိုပဲလို့ ထုန်ယောင် ခံစားရတယ်။
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူက ဝမ်ချွန်းရဲ့ ယောက်ျားလေ၊ ပြီးတော့ ဒါက သူတို့ရဲ့ ပထမဆုံး တွေ့ဆုံမှုပဲဟာကို။ ကျောက်ဝမ်ခိုင်က ဘာတွေများ အကွက်ဆင်နေနိုင်မလဲ ဆိုတာကို ထုန်ယောင် စဉ်းစားလို့ မရဘူး။
အားလုံး နေရာတကျ ဖြစ်သွားတော့ ကျောက်ဝမ်ခိုင်က စားပွဲထိုးကို ဟင်းပွဲတွေ ချခိုင်းလိုက်တယ်။ ဆိုင်ရဲ့ နာမည်ကြီး ဟင်းလျာတွေကို မိတ်ဆက်ပေးတာကလွဲပြီး တခြား ဘာစကားမှ သိပ်မပြောဘူး။ မိန်းမဖြစ်သူက သူငယ်ချင်းနဲ့ တွေ့တာကို အဖော်လိုက်လာပေးရုံ သက်သက်ဆိုတဲ့ ပုံပေါက်နေတယ်။
ဒါပေမဲ့ ဝမ်ချွန်းကတော့ သူ့ဦးလေးရဲ့ အခြေအနေကို စတင် စိုးရိမ်လာတယ်။
"ဒေါက်တာဆစ်... ကျွန်မဦးလေးရဲ့ အခြေအနေကို ရှင်းပြပေးလို့ ရမလားဟင်"
ထုန်ယောင်ကလည်း ဆစ်ချန်ဘက်ကို လှည့်ကြည့်လိုက်တယ်။
"ခွဲစိတ်မှုကတော့ အောင်မြင်ပါတယ်။ ဒီညကို ကျော်ဖြတ်နိုင်ရင် သူ့အသက်အန္တရာယ် မရှိတော့ပါဘူး" လို့ ဆစ်ချန်က ရိုးရိုးသားသားပဲ ပြောပြတယ်။
ဝိုင်ခွက်ကို ကိုင်ထားတဲ့ ကျောက်ဝမ်ခိုင်ရဲ့ လက်က အနည်းငယ် ရပ်တန့်သွားတယ်။ သူက ဖြည်းဖြည်းချင်း တစ်ငုံသောက်လိုက်ပြီး သူ့မျက်လုံးတွေထဲမှာ တစ်ခုခုကို တွက်ချက်နေသလို အန္တရာယ်ရှိတဲ့ အရိပ်အယောင်တစ်ခု ပေါ်လာတယ်။
"အရမ်းကောင်းတာပဲ" ဝမ်ချွန်းရဲ့ အသံက တကယ်ကို ဝမ်းသာနေပုံရတယ်။ "ကျေးဇူးအများကြီး တင်ပါတယ် ဒေါက်တာဆစ်။ ကျွန်မဦးလေး ဘယ်တော့လောက် သတိရလာနိုင်မလဲဟင်" သူ့ဦးလေး သတိရလာရင် ကျောက်ဝမ်ယွီက အပြစ်မရှိဘူးဆိုတာကို သက်သေပြနိုင်လိမ့်မယ်လို့ သူ မျှော်လင့်နေတာ။
ဆစ်ချန်က တည်တည်ငြိမ်ငြိမ်ပဲ ပြောတယ်။ "သူက ဦးနှောက်ကို ထိခိုက်သွားတာဆိုတော့ အသက်ရှင်လျက်နဲ့ သတိမလည်တော့တဲ့ အခြေအနေမျိုး ဖြစ်သွားနိုင်ခြေ ရှိတယ်"
ထုန်ယောင်က ဆစ်ချန်ကို အံ့သြတကြီး ကြည့်လိုက်တယ်။
ဒါဆို ခွဲစိတ်မှုက အောင်မြင်တယ်လို့ ဆိုလိုတာလား၊ မအောင်မြင်ဘူးလို့ ဆိုလိုတာလား။
ဝမ်ချွန်း စက္ကန့်အနည်းငယ်လောက် မှင်သက်သွားတယ်။ စောစောကမှ ဝမ်းသာနေခဲ့တာကို၊ မျက်တောင်တစ်ခတ်အတွင်းမှာပဲ သူ့ဦးလေးက သတိမလည်တော့တဲ့ အခြေအနေ ဖြစ်သွားနိုင်တယ်ဆိုတဲ့ သတင်းကို ကြားလိုက်ရတာလေ။
ဘယ်လို တုံ့ပြန်ရမှန်း မသိတော့ဘဲ မသိစိတ်ကနေ ကျောက်ဝမ်ခိုင်ကို လှမ်းကြည့်လိုက်တယ်။
ဒါပေမဲ့ ကျောက်ဝမ်ခိုင် ဒါကို ကြားတော့ သူ့မျက်နှာထားက နည်းနည်း ရှုပ်ထွေးသွားတယ်။
အစကတော့ ဆစ်ချန်က ခွဲစိတ်မှု အောင်မြင်တယ်လို့ ပြောခဲ့ပေမယ့်၊ အခုကျတော့ သတိမလည်တော့တဲ့ အခြေအနေ ဖြစ်သွားနိုင်တယ်လို့ ပြောလာပြန်တယ်။ ဆစ်ချန်ရဲ့ ရည်ရွယ်ချက်ကို ကျောက်ဝမ်ခိုင် မခန့်မှန်းနိုင်သလို၊ ဆစ်ချန်က ဘယ်ဘက်မှာ ရပ်တည်နေလဲ ဆိုတာကိုလည်း မသေချာတော့ဘူး။
သူက အပေးအယူ ပိုရအောင်လို့ ထူးဆန်းသယောင် ဖန်တီးနေတာလား၊ ဒါမှမဟုတ် တကယ့် လက်တွေ့ အခြေအနေကပဲ ဆစ်ချန် ပြောတဲ့အတိုင်း ဖြစ်နေတာလား။
ကျောက်ဝမ်ခိုင်က ဆစ်ချန်ကို စိုက်ကြည့်နေပြီး သူ့ရဲ့ မျက်နှာအမူအရာနဲ့ ဟန်ပန်တွေကို တစ်ချက်လေးမှ အလွတ်မခံဘဲ အကဲခတ်နေတယ်။
"ဒေါက်တာဆစ်... ကျွန်တော့်ဦးလေး သတိရလာနိုင်ခြေ ဘယ်လောက် ရာခိုင်နှုန်း ရှိလဲ"
"ငါးဆယ် ရာခိုင်နှုန်းပါ" လို့ ဆစ်ချန်က ပြောတယ်။
သူက ဆရာဝန် တစ်ယောက်ရဲ့ ရှုထောင့်ကနေ လူနာရှင်ကို ဖြေကြားပေးရုံ သက်သက်ပါ။ လူနာရဲ့ အခြေအနေက တကယ်ပဲ အဲဒီလို ဖြစ်နေတာဆိုတော့၊ ဖုံးကွယ်ပြီး မပြောဘဲ နေစရာ ဘာအကြောင်းမှ မရှိဘူးလေ။
ငါးဆယ် ရာခိုင်နှုန်းတဲ့လား။
ဒါကို ကြားတော့ ကျောက်ဝမ်ခိုင် စိတ်ထဲကနေ လှောင်ပြောင်ပြီး တခစ်ခစ် ရယ်လိုက်တယ်။
ဆစ်ချန်က တကယ်ပဲ ကိုယ်ကျင့်တရား ကောင်းလွန်းလို့ ငွေကြေးတွေထက် မြင့်မြတ်တယ်လို့ သူ ထင်ခဲ့တာ။ တကယ်တမ်းကျတော့ အပေးအယူ ပိုရချင်နေတာကိုး။
ဖြစ်နိုင်တာက သူက ဒီလိုကိစ္စမျိုးနဲ့ ပထမဆုံး အကြိမ် ကြုံဖူးတာမို့ သတိထားပြီး ပြုမူနေတာ၊ ဒါမှမဟုတ် ဒါက သူ့အတွက် ပထမဆုံး အကြိမ်ဖြစ်လို့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ပဋိပက္ခလေးတွေ ဖြစ်နေတာ နေမှာပါ။
ကျောက်ဝမ်ခိုင်က ဒီလိုကိစ္စမျိုးတွေကို အများကြီး မြင်ဖူးထားပြီးသားမို့ သိပ်အရေးတယူ မလုပ်ပါဘူး။
ပိုက်ဆံနဲ့ ဖြေရှင်းလို့ ရနိုင်တဲ့ ပြဿနာ မှန်သမျှက ပြဿနာ မဟုတ်ဘူးလေ။ လူတွေ လောဘကြီးမှာကို သူ မကြောက်ဘူး၊ သူကြောက်တာက လူတွေက ဘာကိုမှ မလိုချင်ဘူး ဖြစ်နေမှာကိုပဲ။
ကျောက်ဝမ်ခိုင်က တခစ်ခစ် ရယ်ပြီး ပြောလိုက်တယ်။ "ဒေါက်တာဆစ်... အခု တို့တွေ ဆေးရုံမှာ မဟုတ်ဘူးလေ။ အလုပ်နဲ့ ပတ်သက်တာတွေ မပြောကြရအောင်"
သူက စကားလမ်းကြောင်း လွှဲပြီး ပြောတယ်။ "ခင်ဗျားတို့ နှစ်ယောက် အိမ်ဝယ်ဖို့ စီစဉ်နေတယ်လို့ ကြားတယ်။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်က လူသိများတယ်။ ခင်ဗျားတို့ အကူအညီ လိုရင်သာ ပြောပါ။ ကျွန်တော် ကူညီနိုင်တာ မှန်သမျှ သေချာပေါက် ကူညီပေးပါ့မယ်။ ဘာပဲဖြစ်ဖြစ်... ကျွန်တော့်ဦးလေးကို ခင်ဗျားက အထူး ဂရုစိုက်ပေးဖို့ လိုသေးတာကိုး။ ခင်ဗျား ကျွန်တော့်ကို ကူညီမယ်၊ ကျွန်တော် ခင်ဗျားကို ကူညီမယ်။ သူငယ်ချင်းတွေ ကြားမှာ ဒီလိုလေး အပြန်အလှန် ရှိတာ ရိုးရှင်းပါတယ်လေ။ ဒေါက်တာဆစ်ရော အဲဒီလို မထင်ဘူးလား"
အပိုင်း ( ၃၄၇ ) ပြီးဆုံး
***