“ကျွန်မ အချိန်ဖြုန်းနေတယ်ဆိုတာ အရှင့်သား သေချာလို့လား”
အားချိုးက ကျုံးမင်းဝေကိုကြည့်ကာ ရယ်သည်။ တစ်ချိန်တည်းမှာပင် သူမ ဦးခေါင်းကို ငုံ့ကာ လက်သည်းများကို ညှပ်ပစ်ခဲ့သည်။ လက်သည်းဆယ်ချောင်းကို သန့်ရှင်းစေပြီးနောက် ဆက်ပြောလိုက်သည်။
“မသေချာဘူးဆိုရင် ကျွန်မရဲ့ ကြိုးစားမှုကို မစွန့်လွှတ်နိုင်ဘူး၊ အရှင့်သားကို အတင်းအကျပ်အနိုင်ကျင့်ပြီးလုပ်ခိုင်းမှာ။ ဟားဟား ကျွန်မနောက်နေတာမဟုတ်ဘူးနော်။”
“ငါ့ကို အနိုင်ကျင့်မယ်”
အားချိုးသည် လေထုကို သက်တောင့်သက်သာရှိစေရန် တမင်တကာ ဟာသပြောဆိုသည်ကို သိလိုက်တာကြောင့် ကျုံးမင်းဝေ၏ စိတ်ခံစားချက်သည် များစွာ တိုးတက်လာသည်။
“ဒါဆို မင်းငါ့ကို ဘယ်လိုအနိုင်ကျင့်မှာလဲ”
“အရှင့်သားက စပ်စုလိုက်တာ။ ဒီနေ့ အရှင့်သားရဲ့ စူးစမ်းလိုစိတ်ကို သိအောင်လုပ်ပေးမယ်။”
အားချိုးက ပါးနပ်စွာ ပြုံးပြပြီးနောက် စောင်ကို ရုတ်တရက်ဖယ်ကာ ဝင်သွားသည် ။
ကျုံးမင်းဝေ နှလုံးသားက ရုတ်တရက် အသံထွက်လုနီးပါး လွင့်ထွက်သွားသည်။
အားချိုးသည် စောင်ထဲသို့ ၀င်သွားပြီးမှ ရှက်စရာကောင်းသည်ကိုနားလည်သွားသည်။ မိန်းမကောင်းတစ်ယောက်ဆိုတာ တခြားသူတွေရဲ့ စောင်ထဲကို လျှောက်မဝင်သင့်၊ ထို့အပြင် ပိုဆိုးသည်က အခုက အဝတ်ဗလာ အမျိုးသားတစ်ဦးပင်။
အားချိုးသည် သူ့ရှေ့ရှိ ချောမွေ့သောပေါင်နှစ်ချောင်းကို စိုက်ကြည့်ရင်း ကျုံးမင်းဝေ ၏ အာမေဋိတ်စကားကို နားထောင်ရင်း ရုတ်တရက် သူမ၏လည်ပင်းအောက်ခြေအထိ နီရဲသွားသည်။ သူမ အလွန်ရှက်သွားကာ အပြင်ကိုထွက်ချင်ပေမယ့် နေရခက်မည်စိုးတာကြောင့် ကျုံးမင်းဝေ၏ ခြေထောက်များကို ဖမ်းကိုင်ကာ ခြေဖဝါးကို ကလိထိုးလိုက်သည်။
ကျုံးမင်းဝေသည် ထိုမိန်းကလေး အကျင့်ပုပ်သည်ကို မသိခဲ့ပေ။ အစပိုင်းတုန်းကာသူသည် ထိတ်လန့်သွားပြီး နောက်မှ မျက်ရည်များ ထွက်ကျလာသည်အထိ ရယ်တော့သည်။ လောလောဆယ်တွင် သူသည် ရပ်ရန် တောင်းဆိုနေရသည်။
“ရပြီ ရပြီ နားလည်ပြီ။ ဟားဟား။ ချာတိတ်လေး၊ တော်တော့ ဟားဟား”
“လေ့ကျင့်မယ် လေ့ကျင့်မယ် ဟားဟား မင်းပြောတဲ့အတိုင်း လေ့ကျင့်ကြမယ်”
ကျုံးမင်းဝေ ရဲ့ အပြုံးက မရပ်တော့ပေ။
အားချိုးသည် ထိုလူ၏ခြေထောက်ကို လွှတ်လိုက်ကာ ကျေနပ်သွားသည်။ ဒီအချိန်မှာ သူမ အရင်ကလောက်မဆိုးပေမဲ့ နည်းနည်းတော့ရှက်နေတုန်းပင်။ သူမ အပြင်သို့ အလျင်စလိုမထွက်ဘဲ ကတ်ကြေးကိုယူကာ ကျုံးမင်းဝေ ၏ ခြေသည်းများကို ဖြတ်ရန် စောင်ထဲတွင် လှဲချလိုက်သည်။ ခြေသည်းတွေက လက်သည်းတွေလောက် မရှည်ပေမယ့် ညှပ်ရတာ ပိုခက်သည်။ အားချိုးသည် အသားကို ဖြတ်မိမှာ ကြောက်သောကြောင့် အလွန်သတိထားနေပြီး မျက်နှာတစ်ခုလုံးနီးပါးသည် ကျုံးမင်းဝေ ၏ခြေဖဝါးအနီးတွင်ရှိနေသဖြင့် ပူနွေးစိုစွတ်သောအသက်ရှုသံသည် ထိုခြေထောက်ပေါ်သို့ သဘာဝအတိုင်း ဖြန်းခနဲရောက်လာသည်။
ကျုံးမင်းဝေသည် အရယ်ရပ်သွားခဲ့သည်။ သူသည် သူမ၏ ဦးခေါင်းပေါ်ရှိ ထူထဲသော ဆံပင်များကို စိုက်ကြည့်နေမိသည်။ ထိုအခိုက်အတန့်တွင် သူ့တစ်ကိုယ်လုံး၏ အရေပြားနှင့် အသားများသည် ထုံထိုင်းသွားပုံရသည်။ ထိုခြေဖဝါးသည်သာ အသက်ရှင်နေသလိုပင်။ ကောင်မလေး၏ လက်ချောင်းများအောက်တွင် အသက်ရှုကြပ်ကာ သေတော့မည့် သစ်ပင်ကြီးတစ်ပင်ကဲ့သို့ မလှုပ်ရဲတော့ပေ။
အခု သူ၀တ်ထားတာနဲ့ ကြည့်လိုက်ရင် ကျုံးမင်းဝေက ဒီအချိန်မှာ အားချိုးက သူ့ကို အနိုင်ကျင့်နေတယ်လို့ ထင်နေရသည်။ အနည်းငယ် ရှက်စိတ်၊ တုန်လှုပ်စိတ်များဖြင့် နားမလည်နိုင်လောက်အောင် စိတ်လှုပ်ရှားနေသလို ခံစားရသည်။ 17-18 နှစ်အရွယ် ကဲ့သို့ ထင်ရှားစွာသော ရင်ခုန်သံမှာ ထွက်ပေါ်လာခဲ့သည်။
“ဒါဆို ကျွန်မ အ၀တ်သွားလျှော်လိုက်ဦးမယ်။ အရှင့်သား အိပ်လိုက်ပါဦး”
သူ့ခြေသည်းတွေကို ဖြတ်ပြီးနောက် အားချိုး ကုတင်ပေါ်ကနေ အမြန်ခုန်ဆင်းလိုက်သည်။ သူမ စကားတစ်ခွန်းမှ မပြောဘဲ ရေအိုးတစ်လုံးနဲ့ ရေပုံးတစ်ပုံးနဲ့ ထွက်လာလိုက်တော့သည်။ အစကနေ အဆုံးထိ အမှားတစ်ခုခုလုပ်မိထားတဲ့ ကလေးတစ်ယောက်ကဲ့သို့ ခေါင်းမမော့ရဲတော့ပေ။
အမှန်တော့ သူမ ရှက်ရွံ့နေခဲ့သည်။ နှလုံးခုန်မြန်နေသည်က မကောင်းမှုတစ်ခုကို ပြုလုပ်ခဲ့သလိုပင်။
***