ထို့ကြောင့် ဒီနေ့တော့ ဈေးကွက်ထဲမှာ ဟင်းသီးဟင်းရွက်မျိုးစေ့တွေ ရှိ၊ မရှိ သွားကြည့်ရပေမည်။ သူမ ခြံကို ရှင်းပစ်ခဲ့သဖြင့် ဟင်းရွက်မျိုးစေ့တွေ ဝယ်လို့ရခဲ့ရင် ပြန်လာတဲ့အခါ တန်းစိုက်လို့ရနိုင်သည်။ ထိုအခါ သူမတို့ စားစရာ ဝယ်ရန် တောင်ပေါ်ကထပ်ဆင်းဖို့ မလိုလောက်သဖြင့် ငွေလဲမကုန်တော့ပေ။
သူမ နောက်ဆုံးအကြိမ် တောင်ပေါ်မှ ဆင်းခဲ့စဉ်က ယွမ်ငွေ ငါးဆယ့်ခြောက်စ သုံးစွဲခဲ့သည်။ ယခု သူမတွင် လေးဆယ့်နှစ်ယွမ်ကျော်ရှိသေးသည်။ လူနှစ်ယောက်စာ ထမင်း၊ ခေါက်ဆွဲ၊ ဟင်းသီးဟင်းရွက်၊ အသားဝယ်ရပေမည်။ သူမသည် အိမ်ကိုပြင်ရန် လူတစ်ယောက်ကိုလည်း ရှာဖွေလိုသေးသည်၊ မည်မျှကုန်ကျမည်ကို သေချာမသိပေ။
အဟွတ်။
ဒီလိုဆက်လုပ်လို့မဖြစ်တော့ဘူး ငါအလုပ်ရှာရမယ်။
သူမသည် အဝတ်လျှော်ခြင်းအလုပ်ကို ကောင်းကောင်းလုပ်တတ်သော်လည်း နင်းဂုတသည် မြို့တော်ကဲ့သို့ မျိုးရိုးမြင့်မိသားစုကြီးတွေ အများကြီးမရှိပေ။ ဤနေရာတွင် အစေခံမိန်းကလေးများကို ငှားရမ်းရန် ငွေကြေးတတ်နိုင်သော မိသားစု အနည်းငယ်သာ ရှိသည်။ ထို့အပြင် ကျုံးမင်းဝေ အိမ်တွင် တစ်ယောက်တည်း ကျန်ရစ်နေခဲ့သည်ကို သူမ စိတ်မချပေ။ အနီးနားတွင် အလုပ်တစ်ခုရှာနိုင်လျှင် အချိန်တိုင်း အပြင်ထွက်ရန် မလိုအပ်တော့ချေ။
အားချိုးသည် တစ်လမ်းလုံး အလုပ်ရှာရန် စီစဉ်နေပြီး တောင်ခြေရင်းသို့ မသိလိုက်ခင် ရောက်လာသည်။ နေ့တစ်ဝက်လောက် လမ်းလျှောက်ပြီးနောက် ရေငတ်လာတာကြောင့် အားချိုးသည် သူ့ရှေ့က ခြံစည်းရိုးကို လှမ်းကြည့်လျက် တွေးကာ လျှောက်သွားလိုက်သည်။
“လူရှိလား”
အားချိုး တံခါးလာခေါက်လိုက်သည်။
တံခါးကိုဖွင့်လိုက်သောအခါ အရပ်ရှည်ရှည်ပိန်ပိန်လူငယ်တစ်ယောက်ထွက်လာခဲ့သည်။
“ကျွန်မ တောင်ပေါ်လမ်းလျှောက်နေတာကြာတော့ ရေဆာနေလို့လေ။ သခင်လေးချန်ဆီမှာ ရေသောက်လို့ အဆင်ပြေလား မသိဘူး။”
ချန်ချင်းရွှမ် က အားချိုးကို အထဲဝင်ခိုင်းပြီး သူမနောက်ကျောက ဝါးခြင်းတောင်းကို ယူ၍ တံခါးမှာချဖို့ ကူညီပေးခဲ့သည်။ ထို့နောက် သူကထိုင်ချကာ အဖြူရောင် ကြွေလက်ဖက်ရည်အိုးကို ကိုင်၍ လက်ဖက်ရည်ငှဲ့ပေးတော့မည့်အချိန် ရုတ်တရက် သူ တစ်ခုခုကို တွေးပြီး အားချိုးဘက်လှည့်ကာ မေးလိုက်သည်။
“ဒါဆို စံပယ်နဲ့ပဲ သောက်ကြတာပေါ့။ လက်ဖက်ခြောက်က အရမ်းမွှေးတယ်၊ မိန်းကလေး ကြိုက်လောက်တယ်”
အားချိုး နားလည်သွားပြီး ရှက်ကိုးရှက်ကန်းဖြင့် သူမလက်ကို ပွတ်သပ်ရင်း
“ကျွန်မ အဲဒီအကြောင်း သိပ်မသိပါဘူး။ ရေနွေးဆို ဘာပဲဖြစ်ဖြစ် ကျွန်မက အကုန်သောက်တယ်”
ချန်ချင်းရွှမ် က လက်ဖက်ရည်ခွက်ကို ကိုင်ကာ အားချိုးရှေ့မှာ ထား၍ ပြုံးပြလိုက်သည်။
“နောက်တစ်ခါ ကျွန်တော် မိန်းကလေးအတွက် တခြားလက်ဖက်ခြောက်ပြောင်းတိုက်မယ်။”
“မဟုတ်ဘူး မလိုပါဘူး၊ ကျွန်မ သောက်လဲ ဘာမှ အရသာမခံနိုင်ဘူး။ ကျွန်မအတွက် ကောင်းတဲ့ လက်ဖက်ခြောက်သုံးရင် အလဟသပဲ ဖြစ်သွားမှာ။”
အားချိုးက အရမ်းပြန်ပြောပြီး ချန်ချင်းရွှမ် ရှေ့ချပေးတဲ့ ကြွေလက်ဖက်ရည်ခွက်ကို ကြည့်ရင်း အလုပ်ရှုပ်နေသည်။
ဒီလိုလှပတဲ့ လက်ဖက်ရည်ခွက်ကို သူမ တစ်ခါမှ မမြင်ဖူးပေ။ နန်းတော်ထဲက ရောက်လာတယ်ဆိုပေမဲ့ သူမသည် နန်းတွင်းတွင် အလုပ်ကြမ်းသမားတစ်ယောက်သာဖြစ်ပြီး သခင်တွေကို အနီးကပ်အစေခံရန် အခွင့်အရေးမရှိခဲ့ပေ။ ဒါကြောင့် သူမဟာ အကောင်းကိုမမြင်ခဲ့ဖူးချေ။ ထို့ကြောင့် လှပသော ကြွေထည်ပစ္စည်းများကို မြင်သောအခါ မျက်လုံးမလွှဲနိုင်တော့။
ချန်ချင်းရွှမ် သည် သူမ ခွက်ကို တည့်တည့်စိုက်ကြည့်နေတာကိုမြင်ပြီး ခွက်မှာ တစ်ခုခုမှားနေသည်ဟု သူထင်ခဲ့သည်။ အချိန်အတော်ကြာအောင် စောင့်ပြီးမှ မေးလိုက်သည်။
အားချိုးက ချန်ချင်းရွှမ်အား ခေါင်းကို ကုတ်ကာ ပြောလိုက်သည်။
“ဖန်ခွက်က အရမ်းလှလို့လေ၊ ငါးသုံးကောင်ကို ဆွဲထားတဲ့လက်ရာကတော်တော်လှလို့ငေးမိသွားတာ။ ရယ်စရာတော့ဖြစ်ကုန်ပါပြီ။”
ချန်ချင်းရွှမ်သည် သူမကို ချစ်စရာကောင်းသည်ဟုမြင်ပြီး လက်ဖက်ရည်ဗန်းထဲက ခွက်တစ်ခွက်ကို ထုတ်ကာပြောလိုက်သည်။
“အင်း၊ အမြင်ကောင်းသားပဲ”
ထိုခွက်ကို ရေအိုင်နှင့်ငါးများ ခြယ်သထားခဲ့သည်။
***