“ဒါကရော ဘာပန်းကန်လဲ”
အားချိုးက ခွက်ပေါ်က ပုံကို စူးစူးစိုက်စိုက်ကြည့်ရင်း သူမမျက်လုံးတွေ ပြန်လှည့်လာပြီး
“လှေကားဘယ်မှာလဲ၊ ဘာလို့ မတွေ့တာလဲ”
ချန်ချင်းရွှမ်က သူမကို အရမ်းရယ်ချင်နေခဲ့သည်။ အားချိုးက သူမကို လှောင်ပြောင်တယ်ထင်မှာကိုလဲ စိုးရွံ့မိသည်။ သူ မျိုသိပ်ထားလိုက်ပြီး အားချိုးအား စိတ်ရှည်စွာ ရှင်းပြလိုက်သည်။
“ရေအိုင်သုံးထောင်ထဲမှာ တစ်ခုသာလို၏၊ ဒါက စာအုပ်ထဲကစကားပဲ။ ဆိုလိုတာက ဘဝမှာ လှပတဲ့ အရာတွေ၊ လူများစွာကို တွေ့နိုင်ပေမဲ့လဲ လောဘမကြီးသင့်ဘူး၊ အဲဒီထဲမှ တစ်ခုကိုပဲ သေသေချာချာ ဆုပ်ကိုင်ထားရင် လုံလောက်ပြီ၊ ဒီမှာလဲ ရေအိုင်နဲ့ လှေကားတွေက သာဓကပုံတွေပဲ။”
“အိုး အဲ့လိုကိုး”
အားချိုး ရုတ်တရက် သဘောပေါက်သွားသည်။ လက်ဖက်ရည်ခွက်ပေါ်က ငါးကို ခဏလောက် စိုက်ကြည့်နေသည်။ ဒီအကြောင်းကို သူမပိုတွေးလေလေ ချန်ချင်းရွှမ်ပြောတာ ပိုပြီး ကျိုးကြောင်းဆီလျော်လေပင်။ သူမ ချန်ချင်းရွှမ်ကို နောက်တစ်ကြိမ် ကြည့်လိုက်ချိန် အထင်ကြီးလေးစားမှုများ ပါရှိနေသည် ။
“သခင်လေးချန်က တကယ်ပညာရှိတာပဲ။ ဟုတ်သားပဲ သခင်လေးက စာသင်သားဆိုတာ မေ့နေခဲ့တာ။ သေချာပေါက် ဗဟုသုတတွေအများကြီးရှိမှာပေါ့ နောက်ခါကျ စာသင်သားလို့ခေါ်ရမယ်။”
အားချိုးသည် ချန်ချင်းရွှမ်ကို ပိုပို၍ နှစ်သက်လာသည်။ သူမက လက်ဖက်ရည်ခွက်ကိုကိုင်ပြီး ချန်ချင်းရွှမ်ကိုမေးလိုက်သည်။
“ဒါနဲ့ သခင်လေးချန်၊ ကျွန်မ ရောက်လာတိုင်း ရှင့်ကျောင်းက ကျောင်းသားတွေကို မတွေ့မိဘူးနော်”
“ကျွန်တော်တို့ရဲ့ ကျောင်းကို နေ့တိုင်း မနက် ငါးနာရီမှာ ဖွင့်ပြီး နှစ်နာရီကြာရင် ပိတ်တယ်။ အခုက နေ့လယ်ဆိုတော့ ကျောင်းသားလည်း မရှိတော့ဘူး။”
အားချိုးက လက်ဖက်ရည်သောက်ရင်း ရုတ်တရက် မျက်လုံးပြူးသွားပြီး
“သခင်လေးချန်၊ ဒီစံပယ်ပန်းလက်ဖက်ရည်က မွှေးလိုက်တာ၊ အနံ့က အရသာအပေါ်သက်ရောက်မှုသိပ်မရှိပေမဲ့ မွှေးနေတော့ သောက်လို့ကောင်းနေသလိုပဲ”
“ကြိုက်ရင် များများသောက်ပါ။ ရေနွေးအိုးထဲမှာ အများကြီး ရှိသေးတယ်”
ချန်ချင်းရွှမ်က လက်ဖက်ရည်ခွက်ကို စားပွဲပေါ်တင်ကာ ပြောလိုက်သည်။
အားချိုးသည် ခွက်ကိုယူ၍ ကိုင်ပြီး မော့ချလိုက်သည်။ ချန်ချင်းရွှမ်ကိုယ်စား သူမသည် ခွက်ထဲသို့ ကိုယ့်ဘာသာ ထပ်ငှဲ့လိုက်သည်။ သူမ လက်ဖက်ရည်အိုးကို ချလိုက်ပြီး စားပွဲပေါ်တင်လိုက်သည်။ ခွက်ထဲမှာ ပေါ်နေတဲ့ စံပယ်ပွင့်ဖတ်ကို စိုက်ကြည့်ရင်း “လှလိုက်တာ” ဟု ခပ်တိုးတိုး ရေရွတ်နေမိသည်။
ချန်ချင်းရွှမ်သည် အားချိုးကဲ့သို့သော မိန်းကလေးမျိုးကို မတွေ့ခဲ့ဖူးပေ။ သူသည် အသက်နှစ်ဆယ်မပြည့်ခင်ကတည်းက တောင်ပေါ်မှာ စာသင်နေခဲ့ပြီး အပြင်ကိုလုံးဝနီးပါး ထွက်မလာခဲ့။ ထို့ကြောင့် မိန်းကလေးရှင် မိသားစုများကို ဆက်သွယ်ရန် အခွင့်အရေးမရှိပေ။ အသက်နှစ်ဆယ်အရွယ်တွင် ပညာရှိဖြစ်လာခဲ့သည်။ ဤချန်မိသားစုရွာလေးတွင်၊ သူသည် ပထမဆုံး စာမေးပွဲအောင်နိုင်ခဲ့သူဖြစ်သည်။ ရွာသူကြီးက သူ့ကို ဂုဏ်ပြုဖို့ လူတွေကို စေလွှတ်ပေးခဲ့သလို အချိန်တန်လျှင် ပညာရှိချန်သည် အရာရှိအဖြစ်သို့ပင် တက်နိုင်သော အရည်အချင်းကောင်းရှိရမည် ဟု ချီးမွမ်းခဲ့သည်။
ထိုအချိန်မှစ၍ သူ့မိသားစုတွင် လှုပ်ရှားမှုများစွာ ရှိလာခဲ့သည်။ အောင်သွယ်တော်များစွာ ဝင်ထွက်နေကြပြီး မိန်းကလေးလီသည် လက်မှုပညာတွင် တော်ကြောင်း၊ မိန်းကလေးချန်သည် နတ်သမီးကဲ့သို့လှပကြောင်း၊ ထို့အပြင် မိန်းကလေးကျိုးသည် သီလရှိပြီး ဂုဏ်သိက္ခာရှိကြောင်း ထပ်တောင် မပြောနိုင်တော့ပေ။ ရွာထဲက အနည်းငယ်ဩဇာရှိသော သမီးရှင်များက သူတို့သမီးလေးကို ပညာရှိချန်လက်ထဲကို အပ်ချင်နေကြသောကြောင့် အောင်သွယ်တော်ရဲ့ အဆက်မပြတ် ပူညံသံများဖြင့် သူလည်း မရှောင်နိုင်တော့။ ထို့ကြောင့် တောင်ခြေနားတွင် သီးသန့်ဆန်သော ကျောင်းတစ်ဆောင် ဆောက်ခဲ့သည်။ သို့သော် သူက အောင်သွယ်တော်တွေကို ခြေရာဖျက်နိုင်ခဲ့သော်လည်း သူ့အဖွားချန်ကိုတော့ ဖုံးကွယ်ထားလို့ မရခဲ့ချေ။
***