“ဟုတ်ကဲ့ ကျွန်မ နားလည်ပါတယ်”
ကျောက်ကွေ့ဖေးက ပြောလိုက်သည်။ သူမ၏ နှုတ်ခမ်းများသည် အလွန်တုန်ယင်နေသဖြင့် သူမသည် အမြဲတမ်း အာဏာကြီးသောကွေ့ဖေးတစ်ပါးဆိုသော်လည်း ထိုအချိန်တွင် သူမသည် ကြောက်လန့်နေသည့် ငှက်တစ်ကောင်ဖြစ်နေပုံရသည်။
“အင်း ပြန်လို့ရပြီ၊ ငါ ပင်ပန်းနေပြီ”
မယ်တော်ကြီးမှ သူမ၏ လက်အား လွှတ်လိုက်ရာ ပိချောင်က လက်ကိုင်ပုဝါကို ချက်ချင်း ပေးအပ်လိုက်သည်။ မယ်တော်ကြီးသည် သူမ၏ လက်များကို ဖြည်းညှင်းစွာ သုတ်လိုက်ပြီး ခေါင်းကို ငုံ့၍ လက်ကျန် ရေနွေးကြမ်း တစ်ဝက်ကို ဆက်သောက်လိုက်သည်။
“ဟုတ်ကဲ့ ပြန်လိုက်ပါဦးမယ်”
ကျောက်ကွေ့ဖေး မြေပြင်မှထလိုက်သည်။ တောက်ပသော ပုလဲကဲ့သို့ သူမ၏မျက်နှာသည် ဖြူဖျော့နေခဲ့သည်။ သူမ၏ အမျိုးသမီးအစေခံတစ်ဦးဖြစ်သော ချွေ့ရှီ သည် မတ်တတ်ရပ်၍ ကျောက်ကွေ့ဖေးအား ဦးညွှတ်ရန်ကူညီလိုက်လိုက်သည်။
ကျုံးမင်းကောက သူမကို အံ့သြတကြီးနဲ့ ကြည့်နေခဲ့သည်။
“ဟုတ်ပါ့၊ မယ်တော်ကြီးက အမြဲတမ်း ဘာသိဘာသာပဲနေပြီး အနောင်ဆောင်ကိစ္စတွေကို ဝင်မစွက်ဖက်ဖူးဘူး။ ဒီနေ့ကျောက်ကွေ့ဖေးကို လန့်စရာကောင်းအောင်ပြောသွားလိုက်တာများ”
“ကျောက်ကွေ့ဖေးဆို တော်တော့်ကိုကြောက်သွားတာ၊ နန်းတော်ထဲမှာ ရောက်နေတာ နှစ်အတော်ကြာပြီဆိုပေမဲ့ မယ်တော်ကြီး ဒေါသထွက်တာကို မြင်ဖူးတာ ပထမဆုံးအကြိမ်ပဲ၊ လုံးဝအရှိန်အဟုန်က ကြောက်စရာကောင်းလွန်းတယ်။”
“မယ်တော်ကြီးက နန်းတော်ထဲမှာ သူ့ဘဝသက်တမ်း အများစုကို ကုန်ဆုံးခဲ့တာလေ၊ ဘယ်သာမာန်အမျိုးသမီးတစ်ယောက်ဖြစ်ပါ့မလဲ။ ပြီးတော့ နတ်ရွာစံဧကရီကလည်း သူ့တူမပဲ၊ သူ့ကိုယ်တိုင်ပျိုးထောင်ပေးထားတာဆိုတော့ ကာကွယ်ပေးတာ မဆန်းပါဘူး”
ကျုံးမင်းကောက ပြောခဲ့သည်။ သူ ရေနွေးတစ်ခွက်ကို လောင်းထည့်ပြီး ရှုဖေးကို ပေးကာ ခေတ္တရပ်လိုက်ပြီးမှ
“ဒါပေမယ့် သားတော် နားမလည်တာက မယ်တော်ကြီးက ကျောက်ကွေ့ဖေးကို သီးသန့်သင်ခန်းစာပေးလို့ရပါလျက်နဲ့၊ ဘာလို့မယ်တော့်ရှေ့မှာ မျက်နှာပျက်ရအောင်လုပ်တာလဲ”
ရှုဖေးက ရေနွေးခွက်ကို ကိုင်ပြီး အေးစက်စွာ အော်ဟစ်ပြောဆိုလိုက်သည်။
“ဒီနေ့ ကျောက်ကွေ့ဖေးသာ စီနင်း နန်းတော်ကို သွားမယ်ဆိုတာ သိရင် ငါသွားမှာမဟုတ်ဘူး။ လူဆိုတာ နှိမ့်ချပြီးနေတတ်ရတယ်၊ အခုကြည့် မယ်တော်ကြီးရှေ့မှာ နတ်ရွာစံဧကရီကို ခံပြောရဲတယ်၊ ရလဒ်အနေနဲ့ မယ်တော်ကြီး ငေါက်တဲ့အခါကျ ခြေတောင်မခိုင်ရှာတော့ဘူး။ ငါတို့နန်းဆောင်ကျ အမြဲတိုက်ခိုက်နေတာ၊ ကြီးနိုင်ငယ်ညှင်းအစစ်ပဲ”
“ကျွန်တော်ထင်တာ ဒါက တိုက်ဆိုင်မှုမဟုတ်လောက်ဘူး”
အနောက်ဆောင်က အမျိုးသမီးတွေရဲ့ တိုက်ပွဲကို အာရုံမစိုက်ခဲ့တဲ့ ကျုံးမင်းကောက ပြောလိုက်သည်။ သူက မျက်မှောင်ကြုတ်ပြီး
“မယ်တော်ကြီးက ကျောက်ကွေ့ဖေးနဲ့ မယ်တော့်စကားတွေကနေ နန်းတော်ထဲကို စကားဖြန့်ချင်တာဖြစ်လောက်တယ်။”
“အိမ်ရှေ့စံမင်းသားကို နန်းချလိုက်ပေမယ့်၊ သူက နတ်ရွာစံဧကရီရဲ့သားတော်ပဲ၊ အိမ်ရှေ့မင်းသားအကြောင်း မကောင်းမပြောသင့်ဘူး”
“အိမ်ရှေ့မင်းသား နန်းချခံရတဲ့အရေးမှာ ကျောက်မိသားစုက အရမ်းကြိုးစားထားတယ်။ ရလဒ်အနေနဲ့ အိမ်ရှေ့မင်းသားက နင်းဂုတကို ရောက်သွားပြီ၊ ဟိုနေ့က ခမည်းတော်က ယန်ရှီးနန်တော်က ပန်းပင်ကို ခုတ်လိုက်တယ်တဲ့။ ခမည်းတော်ရဲ့ ကျောက်မိသားစုအပေါ် သဘောထားက အခုအချိန်မှာ အလွန်ရှင်းလင်းနေတယ်။ နတ်ရွာစံဧကရီရဲ့ အောက်မေ့ဖွယ်အခမ်းအနားကို ဆက်လုပ်တာနဲ့ပက်သက်ပြီး ပြောချင်တာက နန်းကျမင်းသားကိစ္စနဲ့ဘာမှမသက်ဆိုင်ဘဲ အခမ်းအနားကို လုပ်နေကျအတိုင်းလုပ်မယ်ဆိုတာပဲ။”
***