အားချိုးက ကျုံးမင်းဝေ၏ ပခုံးကို ပွတ်သပ်ရင်း
“သုံးရက်လောက်တောင် စားရတယ် ဟီးဟီး။ စားပြီးတာနဲ့ တော်ဝင်မီးဖိုချောင်ရဲ့အဝတ်တွေလျှော်ဖို့ စိတ်တက်ကြွလာတယ်လေ။ အဲဒီအချိန်ကစပြီး ကျွန်မရဲ့အစားအစာတွေက ပေါက်စီနဲ့ ဟင်းသီးဟင်းရွက်တွေချည်းပဲမဟုတ်တော့ဘူး”
“အဘိုးရှဲ့က ကျွန်မအပေါ် တကယ်ကို ကောင်းတယ်။ အဝတ်အစားတွေသွားပို့တိုင်း သူက အမြဲ ကျွန်မစားဖို့ တစ်ခုခု ပေးတယ်။ တစ်ခါတလေ အသားပြုတ်ပန်းကန်တစ်လုံး၊ တစ်ခါတလေ ကြက်ဥနှစ်လုံး၊ တစ်ခါတလေ ကျွန်မ မစားဖူးတာတွေလဲပါတယ်၊ အဲ့ဒါတွေက တစ်ခွန်းတည်းပြောရရင် အရမ်းအရသာရှိတာ။ ကျွန်မက ငံပြာရည်အရိုးကို စားရတာ အကြိုက်ဆုံးပဲ။ အသားက မွှေးနေပေမယ့် အရိုးပြုတ်ရည်ကို သောက်လို့ရသေးတယ်လေ။ ကျွန်မ ခဏခဏတော့ မစားဖူးပါဘူး”
အားချိုးက အဘိုးရှဲ့အကြောင်းပြောရင်း သူမအသံက ပိုညင်သာလာသည်။
“ဒါပေမယ့် အဲဒီတုန်းက အဘိုရှဲ့ရဲ့ ရာထူးကမမြင့်တော့ ကျွန်မကို စားစရာတစ်ခုခု ပေးတိုင်း တိတ်တိတ်လေးခိုးပေးတာချည်းပဲ။ ဆောင်းဦးပေါက် ပွဲတော်တုန်းက အမဲသားနဲ့ အသားအပြည့်ပါတဲ့ လကိတ်မုန့်နှစ်ခုကို ပေးပြီး သူ့ရှေ့မှာ ပြီးအောင်စားခိုင်းတာ၊ ကျွန်မစားနေတုန်း သူကဘေးမှာ လူရှိမရှိကို ကြည့်ပေးတယ်။ နှစ်သစ်ကူးအကြိုနေ့ကျ ကျွန်မအတွက် ဖက်ထုပ်ချန်ထားပေးမယ်လို့တောင် ပြောခဲ့သေးတယ်။ ဟေး၊ ဒီလိုမျိုး ကြင်နာတတ်တဲ့ အဘိုးကြီး နန်းတော်မှာ ရှိမယ်လို့ ထင်တောင်မထားဘူး။ “
ကျုံးမင်းဝေသည် အားချိုး၏ မျက်နှာပေါ်ရှိ ပါးချိုင့်များကို ကြည့်နေသည်။ သူမ၏ ပါးချိုင့်များသည် အလွန်နက်ကာ အလွန်နူးညံ့ပြီး နွေးထွေးမည့်ပုံပင်။ အဲ့ပါးချိုင့်လေးကို သူ့လက်နဲ့ ထိကြည့်ချင်မိသည်။
အနည်းငယ် လှုပ်ရုံမျှဖြင့် အားချိုး သတိထားမိသွားပြီး ကျုံးမင်းဝေ၏ ပုခုံးအား နှိပ်နယ်နေတာကို ရပ်လိုက်သည်။
အားချိုး ထိတ်လန့်သွားသည်။ သူမက ကျုံးမင်းဝေ၏ မျက်နှာနှင့် ပါးလွှာသော လက်တစ်စုံကို စိုက်ကြည့်နေသည်။ သူတို့သည် လေထဲတွင် ရပ်နေကြသည်။ သူမသည် ကျုံးမင်းဝေ၏မျက်နှာကိုချွေးသုတ်ရန်အဝတ်တစ်ခုယူချင်သော်လည်း နွေးထွေးသောလက်ကြီးသည် သူမအား ညင်သာစွာဆုပ်ကိုင်ထားသောကြောင့် သူမလက်များလုံးဝမလှုပ်ရှားနိုင်ပေ။
“အရှင့်သား လက်ကို လှုပ်နိုင်လိုက်တာလား”
အားချိုးက အရမ်းစိတ်လှုပ်ရှားသွားပြီး တုန်ရီစွာပြောလိုက်သည်။ သူမ လက်ကို ရုတ်တရက် ဆုပ်ကိုင်လာတာကြောင့် ဘာလုပ်ရမှန်းမသိလောက်အောင် စိတ်လှုပ်ရှားနေမိသည်။ သူမသည် နွေးထွေးသော လက်ကြီးအား လက်ဖဝါးမှ လက်ဖမိုးအထိ လက်၏အရေပြားကို ပွတ်သပ်နေသည်၊ ထို့နောက် သူမ မျက်နှာကို လက်ထဲတွင် မြှုပ်နှံပြီး တစ်ကြိမ် ထပ်ပွတ်တိုက်သည်။ ကြောင်တစ်ကောင်လို ဖြစ်နေပေမယ့် အားချိုးက စိတ်လှုပ်ရှားစွာ ထပ်ပြောပြန်သည်။
သူ့လက်ဖဝါး၏ နွေးထွေးမှုနှင့် စိုစွတ်မှုကို ခံစားလိုက်ရသော ကျုံးမင်းဝေ၏ နှလုံးသားမှာလည်း စိုစွတ်နေလေသည်။ ကောင်မလေး၏ မျက်လုံးများရှိ မျက်ရည်များကို သုတ်ပေးရန် သူ့လက်ချောင်းများကို လှုပ်ရှားဖို့ ကြိုးစားလိုက်သည်။ အမြဲပြုံးနေတဲ့ ကောင်မလေး ငိုတာကို မြင်ရတာက နာကျင်လွန်းလှသည်။
လက်ချောင်းများက အချိန်အတော်ကြာ လှုပ်ရှားနေကာ နောက်ဆုံးတွင် အားချိုး၏ စိုစွတ်နေသော မျက်လုံးများ၏ အောက်ခြေ၌ ရပ်သွားသည်။ သူ ဂရုတစိုက်နဲ့ သုတ်ပေးပြီးနောက် ပြောလိုက်သည်။
“ချာတိတ်လေး၊ မငိုနဲ့”
***