“မငိုပါဘူး ဒီလောက်ကောင်းတဲ့ကိစ္စကို ဘာလို့ငိုရမှာလဲ”
အားချိုးသည် သူမမျက်နှာကို အုပ်ထားရင်း ကြုံသလို သုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူမက ကျုံးမင်းဝေ၏ လက်ကို နီရဲသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“အခု ဘယ်လိုခံစားရလဲ၊ ထပ်လှုပ်ရှားလို့ရသေးလား”
ကျုံးမင်းဝေက သူ့လက်ကောက်ဝတ်ကို လှည့်လိုက်သည်။ သူက အနည်းငယ် နှေးကွေးပြီး တုန်ရီနေသော်လည်း အားချိုးသည် အလွန်ပျော်ရွှင်နေမိသည်။
“ကျွန်မကို လက်တစ်ချောင်းထောင်ပြပါ့လား”
ကျုံးမင်းဝေသည် လက်ကို စူးစူးစိုက်စိုက်အားဖြည့်ရင်း လက်သီးဆုပ်ကာ အားချိုးအား လက်ညှိုးတစ်ချောင်း ထောင်ပြပေးလိုက်သည်။
“နောက် နှစ်ချောင်းရော”
အားချိုးက ခုနကလိုမငိုတော့ဘဲ ပိုလို့တောင် ရယ်လာသည်။
အားချိုး၏ နက်မှောင်သော မျက်လုံးများက တောက်ပနေပြီး ထိုလူ၏လက်ကိုသာ တိုက်ရိုက် စိုက်ကြည့်နေသဖြင့် ထိုလူ၏မျက်နှာရှိ နူးညံ့သိမ်မွေ့မှုကိုမူ သူမ မမြင်လိုက်ရပေ။
လက်သုံးချောင်းထောင်ပြီးနောက် ကျုံးမင်းဝေသည် သူမ ဘာမှမပြောခင် လက်ချောင်း ထောင်ပြလိုက်သေးသည်။ သူသည် အနည်းငယ်သာ လှုပ်ရှားရသေးသော်လည်း ပင်ပန်းနေပြီပင်။ အားချိုးက သူပင်ပန်းမှာ စိုးသောကြောင့် သူ့လက်ကို နောက်တစ်ကြိမ် နှိပ်နယ်ပေးလိုက်သည်။ ကျုံးမင်းဝေက
အားချိုးက လျစ်လျူရှုပြီး သူ့လက်ချောင်းတွေကို ဆက်လက် နှိပ်နယ်ပေးနေသေးသည်။
ကျုံးမင်းဝေက နှိပ်ပေးနေသော အားချိုးကို ရုတ်တရက် မေးလိုက်သည်။
“နှစ်သစ်ကူးအကြိုနေ့မှာ စာဖိုမှူးရှဲ့က မင်းကို ဖက်ထုပ်တွေ ခိုးပေးခဲ့တာလား”
“ဟုတ်တယ်။ သူက ကျွန်မအတွက် အရသာသုံးမျိုး ဖက်ထုပ်ပေါင်း အခုနှစ်ဆယ်တောင် ပေးခဲ့တယ်။ ကျွန်မဘဝမှာ ပထမဆုံးအနေနဲ့ ဒီလိုအရသာရှိပြီး သန့်ရှင်းတဲ့ ဖက်ထုပ်တွေကို စားဖူးတာပဲ။ အဘိုးရှဲ့က ကျွန်မအတွက် ဟုန်ပေါင်းလဲပြင်ပေးထားသေးတယ်။ ငွေနှစ်ယွမ်တည်းတောင်မှ ကျွန်မဘဝမှာ ပထမဆုံးအကြိမ် မုန့်ဖိုးရဖူးပြီး ငွေအဲ့လောက်အများကြီးကိုလဲ ခုမှမြင်ဖူးတာလေ။”
အားချိုးမှာ ချိုမြိန်တဲ့ အပြုံးမျိုးဖြင့် ပြုံးရင်း စကားစမြည် နည်းနည်းပြောသည်။
“ ဒါပေမယ့် အဲဒီနေ့မှာ အဘိုးရှဲ့က ကျွန်မကို မွေးစားချင်တယ်လို့ပြောတယ်”
ကျုံးမင်းဝေက အားချိုးကို ကြည့်နေသည်။ ယခုအချိန်တွင် အားချိုး၏ အဘိုးရှဲ့သည် မည်သူဖြစ်သည်ကို သူ ခန့်မှန်းနိုင်နေပြီဖြစ်သည်။ ဒါ့ကြောင့် အားချိုး၏ငြင်းဆိုမှုကို ပို၍ပင်အံ့သြမိသည်။ အချို့သော အဆင့်အတန်းရှိသည့် အမျိုးသားအများစုသည် သားတစ်ဦး၊ နှစ်ဦးကို သားအဖြစ် မွေးစားကြတာများပေသည်။ ရှဲ့ကျန့်လန်ကဲ့သို့သော တော်ဝင်မီးဖိုချောင်၏ စာဖိုမှူးချုပ်မှာဆို ပြောစရာပင်မလိုပေ၊ နန်းတွင်းသူများက သူ့ကို ဖခင်အဖြစ် အသိအမှတ်ပြုချင်သူများပင်။
အားချိုးက ခေါင်းညိတ်ပြီး ပါးစပ်ကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။
“ကျွန်မမှာ မိဘတွေရှိပြီးသား၊ တခြားသူတွေကို ဘာလို့ ဖခင်အဖြစ် အသိအမှတ်ပြုနိုင်မလဲ။ ကျွန်မ မိဘတွေက ကျွန်မ တခြားလူကို အဖေလို့ ခေါ်တယ်ဆိုတာ သိသွားရင် ဘယ်လောက်ဝမ်းနည်းလိုက်ကြမလဲ။”
အားချိုးက သူမလည်ပင်းကို မသိစိတ်မှထိရင်း လှမ်းပြောသည်။ အရေပြားကို ထိလိုက်တာနဲ့ ချက်ချင်း သူမလက်ကို တိတ်တိတ်လေးချလိုက်ပြီး ကျုံးမင်းဝေ၏လက်ကို ဆက်လက်နှိပ်ပေးနေသည်။
လည်ပင်းရှိ အနီရောင်အရာတွေမှာ ပျောက်သွားပြီး အခုအခါ အနီရင့်အမာရွတ်တွေသာ ကျန်တော့သည်။ ကျုံးမင်းဝေက အမာရွတ်ကို ကြည့်ရင်း ခဏကြာတော့ သူ့မျက်လုံးတွေကို လွှဲလိုက်ပြီး
“ရှဲ့ကျန့်လန်က မင်းအတွက် နောက်ခံအနေနဲ့ဆို ကောင်းပါတယ်”
“ဟုတ်တယ်၊ သူက တော်ဝင်မီးဖိုးချောင်ရဲ့ စာဖိုမှူးချုပ်လေ ငါ့အတွက်စားစရာတွေ ပြင်ပေးနေကြဆိုတော့ သဘာဝကျကျ သိတာပေါ့။ ဒါပေမဲ့ စာဖိုမှူးချုပ်ရှဲ့က မကောင်းတဲ့လူမဟုတ်ပါဘူး”
***