အားချိုးက လက်မခံချင်ခဲ့ပေမယ့် အဖွားချန်ရဲ့ တောင်းဆိုမှုက အရမ်းနွေးထွေးတာကြောင့် သူမမှာ ငြင်းစရာအကြောင်းမရှိတော့ပေ။ ယခုအချိန်တွင် အားချိုးသည် အဖွားချန်ထံမှ အပ်နှင့် ချည်မျှင်ကို ယူပြီး လေးနက်စွာ ချည်ထိုးနေခဲ့သည်။
“မိန်းကလေးရဲ့ချည်ထိုးလက်ရာက အရမ်းကောင်းတယ်၊ ချုပ်ရိုးတွေက အရမ်းထူပြီး ပုံစံကလဲ ကြည့်ကောင်းတယ်”
အဖွားချန်က ကြည့်ပြီး အားချိုးကို ချီးကျူးကာ ချန်ချင်းရွှမ်ဘက်သို့ လှည့်လိုက်သည်။
“ချင်းရွှမ်၊ ဒီကိုလာကြည့်စမ်း၊ ဒီကောင်မလေး ထိုးထားတဲ့ပန်းက အဖွားတို့မြို့တော်ဝန်ရဲ့ဇနီးအဝတ်အစားပေါ်က ပန်းပွင့်ထက်တောင် ပိုလှသေးတယ်၊ နှစ်ယောက်လုံး မြို့တော်ကလာတာဆိုပေမဲ့ လက်ရာက မတူဘူးနော်။ ချင်းရွှမ်၊ မင်းရော မထင်ဘူးလား”
ချန်ချင်းရွှမ်လည်း လာကြည့်သည်။ အားချိုး၏လက်များသည် အပေါ်နှင့်အောက်၊ အရှေ့အနောက်သို့ လိုက်လျောညီထွေ ရွေ့လျားနေသည်။ သိပ်မကြာခင်မှာ ရှည်လျားပြီး ပါးလွှာတဲ့ ဝါးရွက်ပုံသဏ္ဍာန် ဖြစ်လာလေသည်။ ချန်ချင်းရွှမ်က ကြည့်ရင်း ဆိုသည်။
“လှတယ်”
“သမီး၊ ဒီပညာကို ဘယ်သူဆီက သင်ယူခဲ့တာလဲ”
တကယ်တော့ အားချိုးရဲ့ လက်မှုပညာကို မားမားရှန်းဆီက သင်ယူခဲ့ပေမယ့် ဒီအကြောင်းကို သူမ မပြောချင်ခဲ့ပေ။
“မိန်းကလေး၊ မင်းမှာ ဒီလိုအရည်အချင်းရှိတော့ တစ်သက်လုံး စားဖို့သောက်ဖို့ကို စိတ်ပူနေစရာ မလိုတော့ဘူး။ ချည်ထိုးတဲ့အလုပ်လုပ်ရင် အနာဂတ်မှာ ဒီနယ်က မိသားစုတိုင်း မင်းဆီပဲ လာချည်ထိုးအပ်နေတော့မှာပဲ။”
အဖွားချန်သည် ချည်ထိုးထားသော အဝတ်စကို အပြန်ပြန်အလှန်လှန်လှန်ကြည့်ရင်း ပိုပို ကျေနပ်လာသည်။ သူမက အားချိုး၏လက်ကိုဆွဲကာ
“သမီးလေး သဘောတူရင် နောက်ကျ သင့်တော်တဲ့အလုပ်တစ်ခုခုတွေ့ရင် ပြောပေးထားမယ်နော်။ သမီးရဲ့ကျွမ်းကျင်မှုနဲ့ ပိုက်ဆံတွေအများကြီးရှာလို့ ရနိုင်တယ်”
အားချိုးသည် အဖွားချန်ကို ထကာ အမြန်ပွေ့ဖက်ပြီး အလွန်ပျော်သွားသည်။
အဖွားချန်က ပြုံးလျက် အားချိုး၏ ပုခုံးကို ပွတ်သပ်လိုက်သည်။
ပန်းထိုးမှု ပြီးဆုံးသွားသောအခါ အားချိုးသည် အကြာကြီးမနေတော့ပေ။ တကယ်တော့ ကျုံးမင်းဝေ တစ်ယောက်တည်း အိမ်မှာကျန်နေခဲ့တာကို သူမ စိတ်မချချေ။ လက်ရှိတွင် သူမသည် ချန်ချင်းရွှမ်အတွက် မှိုတစ်ဝက်ကို ပေးခဲ့ကာ အဖွားချန်ကို နှုတ်ဆက်ပြီး အမြန်ပြန်ဖို့ပြင်ခဲ့သည်။
ချန်ချင်းရွှမ်က အားချိုးကို ခြံစည်းရိုးအပြင်ဘက်အထိ လိုက်ပို့ပေးသည်။ သူသည် အားချိုး၏ ပြုံးနေသော မျက်နှာကို ကြည့်ရင်း သူပါ အပျော်ကူးစက်လာသည်။
“သခင်လေးချန် ကျေးဇူးပြုပြီးနေခဲ့ပါ။ ကျွန်မ ဘာသာ ပြန်လိုက်ပါမယ်”
ခြံစည်းရိုရှေ့တွင် အားချိုးက ချန်ချင်းရွှမ်ကို နှုတ်ဆက်လိုက်သည်။
အကြာကြီးမျိုသိပ်ထားပြီးနောက် ချန်ချင်းရွှမ်က မထိန်းချုပ်နိုင်တော့ဘဲ မေးလိုက်သည်။ သူက အားချိုးကို အပေါ်အောက် ကြည့်ပြီး
“မိန်းကလေးတို့မိသားစုမှာ တခြားဘယ်သူမှ မရှိတော့ဘူးလား။ မိန်းကလေးလို ကလေးမလေးကို ဘာလို့ အပြင်တစ်ယောက်တည်း ထွက်ခိုင်းတာလဲ။”
ချန်ချင်းရွှမ်၏ထင်မြင်ယူဆချက်အရ အားချိုးသည် အသက် ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်ခန့်သာ ရှိသော်လည်း ထိုကဲ့သို့သောအရွယ် မိန်းကလေးသည် အိမ်တွင်းအောင်းသည့်အရွယ်ပင်။ ကျောက်မင်းဆက်ခေတ်မှာ ဒီလိုမိန်းကလေးမျိုးကို အိမ်ပြင်ထွက်ခိုင်းဖို့နေနေသာသာ အမျိုးသမီးတွေကို လူသိရှင်ကြား ထုတ်ဖော်ပြသတဲ့ အစဉ်အလာတောင် မရှိခဲ့ပေ။ ချန်ချင်းရွှမ်က ဒါကိုရပ်မကြည့်နိုင်တာကြောင့် သူသည် အားချိုး၏မိသားစုကို မကျေမနပ်ဖြစ်နေခဲ့သည်။
“ကျွန်မ မိသားစုကို တတ်နိုင်သလောက် ကူညီပေးတာပါ”
အားချိုးက သူ့နောက်ကတောင်ကို ကြည့်ပြီး တိုးတိုးလေးပြောလိုက်သည်။
နောက်ဆုံး စာကြောင်းတစ်ဝက်၏ အသံသည် ပေါ့ပါးလွန်းတာကြောင့် ချန်ချင်းရွှမ်က လုံးဝမကြားလိုက်ရပေ။ သူက ဝါးခြင်းတောင်းကြီးကို ထမ်းပြီး တောင်ပေါ်တက်သွားတဲ့ အားချိုးကို ကြည့်နေမိသည်။
အားချိုးသည် ကိုယ်တိုင် လုပ်ထားသော လက်လုပ်ခေါက်ဆွဲ၊ အသားများ၊ မှိုနှင့် တို့ဟူးတို့ကို မွှေကြော်ထားသည်။ အစားအစာများ ရောက်လာသည်နှင့် ကျုံးမင်းဝေက အမြန် လက်သုတ်ဖို့ လက်ကိုင်ပုဝါကို ယူလိုက်ပြီး ထမင်းစားရန် စောင့်နေလိုက်သည်။ ယခု ကျုံးမင်းဝေ၏လက်များသည် ရွေ့လျားနိုင်ပြီဖြစ်ကာ သူ၏လှုပ်ရှားမှုများက မမြန်ဆန်သေးသော်လည်း မည်သို့ပင်ဆိုစေကာမူ ယခင်ကထက် အများကြီးပိုကောင်းလာခဲ့သည်။ ထို့အပြင် အားချိုး သူ့ကို ထမင်းခွံ့စရာမလိုတော့ဟု မျှော်လင့်ထားသော်လည်း သူကိုယ်တိုင် မစားနိုင်သေးပေ။
အားချိုးသည် ခေါက်ဆွဲတစ်ပန်းကန်ကို ကိုင်ထားပြီး တူများကို မလှုပ်ရှားသေးဘဲ ကျုံးမင်းဝေ၏ တုန်တုန်ယင်ယင်ဖြစ်နေသော လက်ကို စိုးရိမ်တကြီး ကြည့်နေသည်။
“ဒါမှမဟုတ် ကျွန်မ ဒီနေ့ ရှင့်ကို ခွံ့ကျွေးပြီး မနက်ဖြန်ကျမှ တူသုံးဖို့ ထပ် လေ့ကျင့်ကြမလား”
***