“ဪ... ” ဟု ဒုန်ဖန်းရှန့်မင်က အံ့အားသင့်ဟန်ဖြင့် မြွက်ဟလေသည်။
“တပည့်ရဲ့ ကျင့်စဉ်တိုးတက်မှုနှုန်းမှာလည်း ပါရမီ လုံးဝမရှိသူတစ်ဦးလိုပဲ အရမ်းနှေးကွေးပါတယ်” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြန်လည်ဖြေကြား၏။
“ငါကြည့်ရသလောက်တော့ မင်းရဲ့တိုးတက်မှုက မနှေးပါဘူး” ဟု ဒုန်ဖန်းရှန့်မင်က ချင်ယွမ်ဖုန်းအား တစ်ချက်ကြည့်ကာ ဆိုသည်။
ယခုအချိန်တွင် ချင်ယွမ်ဖုန်းမှာ ဝမ်မင်ကျိ၏ ကျင့်စဉ်များကို စုပ်ယူထားပြီးဖြစ်ရာ တတိယအဆင့်မှ ကျော်လွန်၍ စတုတ္ထအဆင့် မဟာဆရာတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်၏။
ဒုန်ဖန်းရှန့်မင်နှင့် ချင်ယွမ်ဖုန်းတို့ ပထမဆုံး စတင်တွေ့ဆုံစဉ်က ချင်ယွမ်ဖုန်းမှာ ဒုတိယအဆင့် မဟာဆရာမျှသာ ရှိသေးသည် မဟုတ်လော။
“တပည့် အစောက တင်ပြခဲ့သလိုပါပဲ...
တိုက်ဆိုင်သော ကံကောင်းမှုတစ်ခုပါ” ဟု ချင်ယွမ်ဖုန်းက အပြစ်မကင်းသကဲ့သို့သော လေသံဖြင့် ဆိုလေသည်။
ဒုန်ဖန်းရှန့်မင်က ပြုံးလိုက်ပြီး ထိုအကြောင်းကို ဆက်လက်၍ မမေးမြန်းတော့ဘဲ “ဆက်ပြောပါဦး” ဟုသာ ဆို၏။
ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်းရှိုက်လိုက်ပြီးနောက် နန်ဝူးမြို့သို့ သွားရောက်စဉ် အဘိုးဝမ်ရှူးကျူးနှင့် တွေ့ဆုံခဲ့၍
သူ၏ ကိုယ်တွင်း၌ ‘ဂူ’ အဆိပ်ပိုးမွှားတစ်မျိုးဖြစ်သည့် ကောင်းကင်ဘုံသုဉ်းဂူ ကပ်ငြိနေသည်ကို အဘိုးက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည် ဟု ဆို၏။
“ကောင်းကင်ဘုံသုဉ်းဂူ ဟုတ်လား” ဒုန်ဖန်းရှန့်မင်ပင်လျှင် အံ့အားသင့်သွားရပြီး “အရမ ရက်စက်တဲ့ နည်းလမ်းပါလ” ဟု ရေရွတ်မိလေသည်။
“အဘိုးဝမ်က တပည့်မှာ အသက်ရှင်ဖို့ တစ်နှစ်သာ အချိန်ကျန်တော့တယ်လို့ ဆိုပါတယ်” ချင်ယွမ်ဖုန်းက ခါးသီးစွာ ပြုံးလျက် ဆို၏။
“ကယ်တင်နိုင်မည့် နည်းလမ်းကော ရှိသေးလား” ဟု ဒုန်ဖန်းရှန့်မင်က မေးမြန်းရာ၊
“ နည်းလမ်းတစ်ခုတော့ ရှိပတယ်” ဟု ဆိုကာ ဝမ်ရှူးကျူး ပေးအပ်ထားသော သန့်စင်ခြင်းဆေးလုံး ဖော်စပ်နည်းကို ထုတ်ယူ၍ ဒုန်ဖန်းရှန့်မင်ထံသို့ ကမ်းပေးလိုက်လေသည်။
“ဒီသန့်စင်ခြင်းဆေးလုံးက တကယ်ပဲ ထိရောက်နိုင်လောက်တယ်” ဟု ဒုန်ဖန်းရှန့်မင်က ခေါင်းညိတ်လက်ခံပြီး “ဒါကြောင့်မို့ မင်းက မင်းရဲ့သက်တမ်း မရှည်တော့ဘူးလို့ တွေးမိပြီး စိတ်ထိန်းနိုင်စွမ်း လွတ်သွားကာ ကျင့်စဉ်ဖောက်ပြန်တဲ့ အခြေအနေအထိ ဖြစ်သွားရတာပေါ့ ဟုတ်လား” ဟု မေးမြန်း၏။
ချင်ယွမ်ဖုန်းကလည်း ခေါင်းညိတ်၍ “မှန်ပါတယ်” ဟု ဝန်ခံလေသည်။
“ကူကယ်ရာမဲ့ပါတကား... ကောင်းကင်ဘုံသည် ပါရမီရှင်များကို မနာလိုဖြစ်တတ်သည်မှာ အမှန်ပေတည်း” ဟု ဒုန်ဖန်းရှန့်မင်က ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်ပြီး “မင်းမှာ ဘာအစီအစဉ်တွေ ရှိသေးလဲ” ဟု မေးမြန်းပြန်သည်။
“နန်ဝူးမြို့ ဆေးဖော်စပ်သူများအသင်းခွဲက အဘိုးအို လင်းထျန်းက ၁၀ လအတွင်း ပဉ္စမအဆင့် ဆေးဖော်စပ်သူ ဖြစ်လာနိုင်ရင် ဆေးဖော်စပ်ခြင်း ပြိုင်ပွဲသို့ ခေါ်ဆောင်သွားမယ် ကတိပေးထားတယ်။ အကယ်၍ တပည့်သာ အနိုင်ရခဲ့မည်ဆိုလျှင် ဆေးလုံးဖော်စပ်ပေးဖို့ရန် အဋ္ဌမအဆင့် ဆေးဖော်စပ်သူတစ်ဦးကို ငှားရမ်းနိုင်မယ်တဲ့” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ရှင်းပြ၏။
ဒုန်ဖန်းရှန့်မင်က ခေါင်းညိတ်လျက် “၁၀ လအတွင်း ပဉ္စမအဆင့် ဆေးဖော်စပ်သူ ဖြစ်လာဖို့ဆိုတာအရမ်း ခက်ခဲတဲ့ ကိစ္စပဲ။ ဆေးဖော်စပ်သူတစ်ဦး ဖြစ်လာဖို့ဆိုတာ အတွေ့အကြုံနဲ့ ပါရမီ နှစ်မျိုးစလုံး ပြည့်စုံမှ ဖြစ်နိုင်တာ။ ဒါ့အပြင် ဒီသန့်စင်ခြင်းဆေးလုံးအတွက် လိုအပ်တဲ့ ဆေးဘက်ဝင် ပစ္စည်းတွေကို ရှာဖွေဖို့ကလည်း လွယ်ကူမှာ မဟုတ်ဘူး” ဟု မှတ်ချက်ပြုလေသည်။
“မှန်ပါတယ်” ဟု ချင်ယွမ်ဖုန်းက သက်ပြင်းချလိုက်၏။ ယခုမှ တစ်နှစ်အကြာတွင် အသက်ရှင်သန်နိုင်ရန်အတွက် သူတစ်ပါးတို့ မဖြစ်နိုင်ဟု ထင်မှတ်ထားသည့် အရာများကို သူ ပြီးမြောက်အောင် ဆောင်ရွက်ရမည်ကို သူ ကောင်းစွာ သိရှိထားပေသည်။
“ “ဂိုဏ်းချုပ်.. တပည့်ကို သနားသောအားဖြင့် တစ်ခုလောက်တော့ ကူညီပေးစေလိုပါတယ်၊ ဆေးဖော်စပ်နည်းထဲမှာပါတဲ့ ဆေးဘက်ဝင် ပစ္စည်းတွေကိုသာ ဂိုဏ်းချုပ်အနေနဲ့ တွေ့ရှိခဲ့မယ်ဆိုရင် တပည့်အတွက် ကူညီရှာဖွေပေးပါ ဒီအတွက် ဘယ်လိုတန်ဖိုးမျိုးကိုမဆို ပေးဆပ်ရပါစေ... တပည့်ဘက်က အသင့်ရှိနေပါ့မယ်” ဟု ဆို၏။
ဒုန်ဖန်းရှန့်မင်ကလည်း ထိုတောင်းဆိုချက်ကို လက်ခံသဘောတူလေသည်။
ယခုအခါ ဆေးဖော်စပ်သူများအသင်းမှ လင်းထျန်း၊ ပေါင်အန်းဆေးခန်းမှ ဝမ်ရှူးကျူး၊ ချန်ဟုန်းကုန်သည်ကြီးများအသင်းမှ လင်ဇီအာနှင့် ဆေးနတ်ဘုရားဂိုဏ်းတို့သည် ချင်ယွမ်ဖုန်းအတွက် ဆေးမြက်များ ရှာဖွေပေးရန် အသင့်ရှိနေကြပြီဖြစ်ရာ ယင်းက ချင်ယွမ်ဖုန်းအတွက် မျှော်လင့်ချက်ရောင်ခြည်တစ်ခု ဖြစ်လာခဲ့တော့သည်။
၎င်းတို့နှစ်ဦးမှာ အတန်ကြာအောင် စကားလက်ဆုံ ကျနေကြသော်လည်း ချင်ယွမ်ဖုန်းသည် ထူးကဲသာလွန်သော နတ်ဘုရားစိုက်ပျိုးရေးစနစ် အကြောင်းကိုမူ တစ်ခွန်းတစ်ပါဒမျှပင် ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။
မကြာမီအချိန်အတွင်းမှာပင် ဒါချောင်နှင့် ရှောင်ချောင်တို့ ညီအစ်မနှစ်ဖော်သည် နံနက်စာ ချက်ပြုတ်ပြီးစီးသွားသဖြင့် ဒုန်ဖန်းရှန့်မင်သည်လည်း ထိုနေရာ၌ပင် ရိုးရှင်းသော နံနက်စာကို အတူတကွ သုံးဆောင်လေသည်။
ဒုန်ဖန်းရှန့်မင်သည် မပြန်မီ၌ ယမန်နေ့ညက တိုက်ပွဲဖြစ်ပွားခဲ့ရာ နေရာသို့ သွားရောက်ကြည့်ရှုကာ ပြုံးလိုက်မိ၏။
“သွေးနံ့တွေက အတော်လေး ပြင်းနေသေးတယ်။ ဒါကို ဖုံးကွယ်ဖို့အတွက် စိတ်ဝိညာဉ်ပင်တချို့ စိုက်ထားဖို့ မမေ့နဲ့ဦး”
ချင်ယွမ်ဖုန်းမှာ အံ့အားသင့်သွားရပြီး ဒုန်ဖန်းရှန့်မင်သည် ဤနေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနှင့် တစ်စုံတစ်ဦး သေဆုံးသွားခဲ့ကြောင်းကို ရိပ်မိသွားပြီဖြစ်သည်ကို နားလည်လိုက်လေသည်။
“နားလည်ပါပြီ ဂိုဏ်းချုပ်။ တပည့်တို့အနေနဲ့ ဆေးနတ်ဘုရားဂိုဏ်းအတွက် ဘယ်လိုပြဿနာမျိုးကိုမှ ဖန်တီးမှာ မဟုတ်ပါဘူး” ဟု ချင်ယွမ်ဖုန်းက လက်အုပ်ချီ၍ ဂါရဝပြုကာ ဆို၏။
ဒုန်ဖန်းရှန့်မင်က ပြုံးလျက် “စိတ်မပူပါနဲ့၊ ငါတို့ ဆေးနတ်ဘုရားဂိုဏ်းက သူတစ်ပါးကို အကြောင်းမဲ့ ပြဿနာမရှာသလို၊ ပြဿနာလာရှာရင်လည်း လုံးဝကြောက်ရွံ့နေမှာ မဟုတ်ဘူး” ဟု ဆိုလေသည်။
ထိုသို့ပြောကြားပြီးနောက် ဒုန်ဖန်းရှန့်မင်သည် ချက်ချင်းပင် ထွက်ခွာသွားရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားတော့၏။
“ဖုန်းအစ်ကို... တကယ်ပဲ အဆင်ပြေရဲ့လား” ဟု ဒါချောင်နှင့် ရှောင်ချောင်တို့က ရှေ့သို့တိုးလာကာ စိုးရိမ်တကြီး မေးမြန်းကြသည်။
ချင်ယွမ်ဖုန်းက ခေါင်းယမ်းပြကာ “စိတ်မပူကြပါနဲ့၊ အဆင်ပြေပါတယ်။ မနေ့ညက မင်းတို့ကို ကြောက်လန့်အောင် လုပ်မိတဲ့အတွက် တကယ်ပဲ တောင်းပန်ပါတယ်” ဟု ဆို၏။
ရှောင်ချောင်ကလည်း “ဖုန်းအစ်ကို အဆင်ပြေနေဖို့ကသာ အရေးကြီးဆုံးပါ” ဟု ပြန်လည်ဖြေကြားလေရာ ချင်ယွမ်ဖုန်းမှာ စိတ်လှုပ်ရှားသွားရပြီး ခေါင်းကို အလေးအနက် ညိတ်ပြလိုက်မိတော့သည်။
မုန်တိုင်းသည် ကုန်ဆုံးသွားခဲ့ပြီဟု ထင်ရသော်လည်း အနည်းငယ်သော အကြွင်းအကျန် ပြဿနာများကား ရှိနေဆဲဖြစ်၏။
ဥပမာအားဖြင့် ထွက်ပြေးသွားသော သားရဲများသည် ပြန်လည်ရောက်ရှိလာဟန် မတူသေးပေ။
“ဖုန်းအစ်ကို... မှော်သားရဲ ၁၀ ကောင်ကျော်လောက် ထွက်ပြေးသွားကြတယ်။ သူတို့ကို သွားပြီး ပြန်မဖမ်းရဘူးလား” ဟု ဒါချောင်က မေးမြန်း၏။
၎င်းတို့၏ မွေးမြူရေးခြံထဲသို့ ရောက်ရှိလာပြီးသည်နှင့် ထိုအရာအားလုံးသည် ၎င်းတို့နှင့်သာ သက်ဆိုင်သည်ဟူသော သင်ခန်းစာကို ဒါချောင်နှင့် ရှောင်ချောင်တို့ ကောင်းစွာ နားလည်ထားကြပြီး ဖြစ်ပေသည်။
ချင်ယွမ်ဖုန်းက ပြုံးလျက် ခေါင်းယမ်းပြကာ “စိတ်မပူပါနဲ့၊ သူတို့အားလုံး အခုလောက်ဆိုရင် ပြန်ရောက်လာကြပါပြီ” ဟု ဆို၏။
အမှန်ပင်... ချင်ယွမ်ဖုန်း စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် မနေ့ညက ရုန်းရင်းဆန်ခတ်ဖြစ်စဉ်အတွင်း ထွက်ပြေးသွားကြသော မှော်သားရဲ ၁၀ ကောင်ကျော်မှာ အဝေးမှ ပေါ်လာကြလေသည်။
သို့သော် ယခုအချိန်တွင် ၎င်းတို့၏ပုံစံမှာ အတော်လေး ရယ်စရာကောင်းနေ၏။ ၎င်းတို့၏ လည်ပင်းရှိ သားရဲထိန်းကွင်းများသည် လေထဲတွင် ဝဲပျံနေပြီး ၎င်းတို့ကို နောက်ပြန်ဆွဲခေါ်လာနေခြင်း ဖြစ်ပေရာ၊ ကမ္ဘာမြေရှိ စက်ရုံတစ်ခုမှ ထုတ်လုပ်ရေးလိုင်းကဲ့သို့ပင် ၎င်းတို့မှာ တန်းစီ၍ မွေးမြူရေးခြံရှိရာသို့ ပျံသန်းရောက်ရှိလာကြပြီး ခြံထဲတွင် ပြန်လည်ပိတ်လှောင်ခြင်း ခံလိုက်ရလေသည်။
ဤအတွေ့အကြုံကို ကြုံတွေ့ပြီးနောက် ထွက်ပြေးသွားသော သားရဲများသည် ဤနေရာမှ လွတ်မြောက်ရန် လမ်းစမရှိကြောင်း သိရှိသွားကြပြီး ၎င်းတို့၏ ကံကြမ္မာကိုသာ လက်ခံလိုက်ကြတော့၏။
အနည်းဆုံးတော့ ဤနေရာတွင် သောက်စရာ နတ်ရေစင် ရှိသေးသည် မဟုတ်လော။
ချင်ယွမ်ဖုန်းသည် ထိုမှော်သားရဲများကို ဤနေရာ၌ အမြဲတမ်း ပိတ်လှောင်ထားပါက ဖျားနာနိုင်သည်ကို သိရှိသဖြင့် ရက်အနည်းငယ်လျှင် တစ်ကြိမ်စီ အပြင်ထွက်၍ ဆော့ကစားခွင့်ပေးရန် ဆုံးဖြတ်လိုက်၏။
သို့သော် နောက်တစ်နေ့ အရုဏ်မတက်မီ ပြန်လာကြရန်သာ လိုအပ်ပေသည်။
သို့မဟုတ်ပါက ထိုထိန်းကွင်း၏ ဆွဲခေါ်မှုကို ပြန်လည်ခံစားရမည် ဖြစ်၏။
ချင်ယွမ်ဖုန်းသည် မိမိနှင့် မိမိ၏အဖော်များကို အခြားသူများ ရန်မပြုနိုင်စေရန် အစီအရင်ကို ပြန်လည်ဖွင့်လှစ်လိုက်လေသည်။
“မင်းတို့နှစ်ယောက် အတော်လေး ပင်ပန်းနေကြပြီ၊ သွားပြီး အနားယူကြဦး” ဟု ချင်ယွမ်ဖုန်းက ဒါချောင်နှင့် ရှောင်ချောင်တို့ဘက်သို့ လှည့်ပြောလိုက်ရာ ၎င်းတို့နှစ်ဦးမှာ ထိုင်လျက်ပင် ငိုက်မြည်းနေကြသည်ကို တွေ့လိုက်ရ၏။
၎င်းတို့မှာ မနေ့ညက အလွန်အမင်း ထိတ်လန့်ခဲ့ရရုံသာမက ချင်ယွမ်ဖုန်းအတွက်လည်း စိုးရိမ်ပူပန်နေခဲ့ကြရသဖြင့် အားအင်ကုန်ခမ်းနေကြပြီ ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် ၎င်းတို့အနားသို့ သွားရောက်၍ နှိုးလိုက်ပြီး အခန်းများသို့ ပြန်လည်ခေါ်ဆောင်သွားပေးခဲ့၏။
“ဟူး... ဒီလောက်အထိ ကိစ္စတွေအများကြီး ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ ဒါပေမဲ့ ငါ့ရဲ့ကျင့်စဉ်ကတော့ အနည်းငယ် ထပ်ပြီး တိုးတက်လာခဲ့တယ်” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ရေရွတ်လိုက်သည်။
သူသည် မိမိအခန်းသို့ ပြန်သွားပြီး သွေးများပေကျံနေသော အဝတ်အစားများကို လဲလှယ်ကာ သန့်ရှင်းသောအဝတ်များကို ဝတ်ဆင်လိုက်၏။
“ရှောင်လင်... ငါ့ရဲ့ အရည်အချင်းပြကွက်လေးကို ထုတ်ပြပေးပါဦး” ဟု ချင်ယွမ်ဖုန်းက ဆိုလိုက်သည်။
သခင် : ချင်ယွမ်ဖုန်း
အသက် : ၁၈ နှစ်
ကျင့်စဉ်အဆင့် : စတုတ္ထအဆင့် မဟာဆရာ
တိုက်ခိုက်ရေးပညာများ : ဝိညာဉ်ရှာဖွေခြင်းပညာရပ်၊ အဆိပ်တစ်သောင်းပညာရပ်၊ မိုးတိမ်လွင့်ပညာရပ်၊ ကောင်းကင်ဘုံသန့်စင်ခြင်းပညာရပ်၊ အလောင်းကောင်ရုပ်သေးပညာရပ်၊ သားရဲမီးလျှံ၊ ယင်ယန်ပေါင်းစပ်ခြင်း ပညာရပ်၊ ဝိညာဉ်သားရဲထိန်းကျောင်းခြင်းပညာရပ်
ကျင့်စဉ် : စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ်
ယုံကြည်မှုတန်ဖိုး : ၂၆၆၃၆၆
ချင်ယွမ်ဖုန်းသည် မိမိ၏ အရည်အချင်းပြကွက်ကို ကြည့်ရင်း မပြုံးဘဲ မနေနိုင်တော့ပေ။ သူသည် စတုတ္ထအဆင့် သိုင်းပညာရှင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ‘ချီ’ စွမ်းအင်များကို ထုတ်လွှတ်နိုင်သော ပဉ္စမအဆင့် သိုင်းပညာရှင် ဖြစ်လာရန်မှာ မဝေးတော့ပေ။
ထို့ပြင် ချင်ယွမ်ဖုန်းသည် ယင်ယန်ပေါင်းစပ်ခြင်း ပညာရပ် နှင့် ဝိညာဉ်သားရဲထိန်းကျောင်းခြင်းပညာရပ် ဟူသော သိုင်းပညာနှစ်မျိုးကိုလည်း ထပ်မံရရှိခဲ့သေး၏။
ယင်ယန်ပေါင်းစပ်ခြင်း ပညာရပ်မှာ ချင်ယွမ်ဖုန်းက ကျန်းတာနှင့် ကျန်းရှောင်ပေါင်တို့၏ စွမ်းအင်များကို စုပ်ယူစဉ်က ရရှိခဲ့ခြင်းဖြစ်သော်လည်း ယင်းမှာ မပြည့်စုံသော ပညာရပ်တစ်ခုသာ ဖြစ်ပေသည်။
၎င်းတွင် အမျိုးသားနှင့် အမျိုးသမီးတို့ သံဝါသပြုခြင်းဖြင့် ကျင့်ကြံရသော နည်းလမ်းများ ပါဝင်နေ၏။
အမှန်စင်စစ် ဤနည်းလမ်းအတိုင်း ကျင့်ကြံမည်ဆိုပါက အမျိုးသားရော အမျိုးသမီးပါ များစွာ အကျိုးကျေးဇူးရရှိနိုင်ပြီး အချိန်ကြာလာသည်နှင့်အမျှ နှစ်ဦးစလုံး တိုးတက်လာနိုင်မည် ဖြစ်သည်။
သို့သော်လည်း အချို့သောသူများသည် ၎င်းကို အမျိုးသမီးများထံမှ စွမ်းအင်များကို လုယူရန်အတွက်သာ အသုံးပြုကြပြီး တစ်ဖက်သတ် အမြတ်ထုတ်သည့် နည်းလမ်းအဖြစ် ပြောင်းလဲပစ်ခဲ့ကြသဖြင့် ယင်းမှာ မိစ္ဆာကျင့်စဉ်တစ်ခု ဖြစ်လာခဲ့ရခြင်း ဖြစ်ပေသည်။
၎င်းမှာ အမျိုးသမီးများကို အကျိုးမပြုသည့်အပြင် ၎င်းတို့၏ ယင်စွမ်းအင် ကိုပါ ကုန်ခမ်းစေသဖြင့် အလွန်တရာ ရက်စက်လှသော ကျင့်စဉ်တစ်ခုလည်း ဖြစ်ပေတော့သည်။
***