"မင်းတို့က ဘယ်သူတွေလဲ"
လီဖုသည် အံ့အားသင့်စွာဖြင့် မေးမြန်းလေသည်။
"ကျွန်မတို့က ဖုန်းအစ်ကို ကယ်တင်ထားတဲ့သူတွေပါ၊ ဒါကြောင့် သူနဲ့အတူ နေထိုင်နေတာပါ" ဟု ဒါချောင်က တည်ငြိမ်စွာပင် ပြန်လည်ဖြေကြားခဲ့၏။
လီဖုကလည်း ခေါင်းကို အမြန်ငြိမ့်လျက် "သခင်လေး ချင်ယွမ်ဖုန်း အခု ဘယ်နားမှာရှိလဲဆိုတာ သိပါရစေ" ဟု ဆိုသည်။
"ဖုန်းအစ်ကို အပြင်သွားပါတယ်၊ ညမတိုင်ခင်တော့ ပြန်လာလိမ့်မယ် ထင်တယ်" ဟု ရှောင်ချောင်က ဖြတ်ပြောလေသည်။
"ကောင်းပြီ၊ ကောင်းပြီ... ဒါဆိုရင်တော့ ငါ သခင်လေးကို ဒီမှာပဲ စောင့်နေပါ့မယ်" လီဖုက ပြုံးရွှင်စွာဖြင့် ဆို၏။
ဒါချောင်နှင့် ရှောင်ချောင်တို့သည် ချင်ယွမ်ဖုန်း၏ မိဘများကို တွေ့ရသကဲ့သို့ ခံစားမိကာ အတန်ငယ် စိတ်လှုပ်ရှားနေမိသည်။
အတော်ကြာမှပင် သတိပြန်ဝင်လာပြီး လီဖုအတွက် လက်ဖက်ရည် တည်ခင်းခြင်းနှင့် ထမင်းဟင်းချက်ပြုတ်ခြင်းတို့ကို ပြုလုပ်ကြတော့သည်။
ထိုအချိန်၌ ချင်ယွမ်ဖုန်းသည် ဤအခြင်းအရာတို့အား တစ်စုံတစ်ရာ သိရှိခြင်း မရှိသေးပေ။ သူနှင့် ဝမ်ချိုင်သည် မြစ်ကြီးတစ်စင်း၏ ဘေးရှိ မြက်တောထဲတွင် ဝပ်စင်းကာ မြစ်ရေပြင်ကို အစောတလျောက် ကြည့်ရှုနေကြ၏။
"ဝမ်ချိုင်... မင်းရဲ့ အရှိန်အဝါတွေကို သိမ်းဖို့ မေ့နေတာလား၊ ဘာလို့ မှော်သားရဲတစ်ကောင်မှ မတွေ့ရတာလဲ" ဟု ချင်ယွမ်ဖုန်းက လေသံတိုးတိုးဖြင့် မေးလိုက်သည်။
ဝမ်ချိုင်ကမူ ချင်ယွမ်ဖုန်းအား အသိဉာဏ်မရှိသူတစ်ဦးကဲ့သို့ အထင်အမြင်သေးသော အကြည့်ဖြင့် ကြည့်လေ၏။
ထိုစဉ် မြစ်ပြင်ပေါ်ရှိ သစ်ခြောက်တစ်တုံးသည် ရုတ်တရက် လှုပ်ရှားသွားပြီး သစ်ခြောက်၏ နောက်ဘက်တစ်နေရာ၌ မျက်လုံးတစ်စုံသည် ရုတ်ချည်း ပွင့်လာတော့သည်။
"ဟာ... မိကျောင်းပဲ"
ချင်ယွမ်ဖုန်းသည် သူတို့ အကြာကြီး စောင့်ကြည့်နေခဲ့သော သစ်ခြောက်မှာ အမှန်စင်စစ် မိကျောင်းပုံသဏ္ဌာန်ရှိသည့် မှော်သားရဲတစ်ကောင်၏ ပါးစပ်ဖြစ်နေကြောင်း သတိပြုမိသွားတော့သည်။
ဝမ်ချိုင်သည်ကား ချင်ယွမ်ဖုန်းအား မူလအကြည့်အတိုင်းပင် ကြည့်နေဆဲ ဖြစ်သည်။ သူသည် ထိုမှော်သားရဲအား ရှာဖွေတွေ့ရှိထားပြီး ဖြစ်သော်လည်း စကားမပြောနိုင်သဖြင့် ချင်ယွမ်ဖုန်းအား အသိမပေးနိုင်ခဲ့ခြင်း ဖြစ်၏။
"ဘာလို့ စောစောက မပြောတာလဲ" ချင်ယွမ်ဖုန်းက ဝမ်ချိုင်၏ ခေါင်းကို အားဖြင့် ရိုက်လိုက်ရာ သူ၏ လက်မှာပင် နာကျင်သွားရသည်။
ဝမ်ချိုင်သည် မျက်လုံးကို အသာဝေ့လိုက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် အခြားသို့ လှည့်သွားလေတော့သည်။
ချင်ယွမ်ဖုန်းသည် ထိုမိကျောင်းပုံသဏ္ဌာန် မှော်သားရဲအား အသေအချာ စိုက်ကြည့်ကာ မည်သည့်အမျိုးအစားဖြစ်ကြောင်း လျင်မြန်စွာပင် ခွဲခြားလိုက်နိုင်သည်။
ယင်းက ပဉ္စမအဆင့် မြင့်မားသော သားရဲအဆင့်ရှိ 'ရေနေမိကျောင်း' ဖြစ်ပေသည်။ ၎င်းသည် ရေစီးကြောင်းကို ထိန်းချုပ်ကာ တိုက်ခိုက်နိုင်စွမ်းရှိပြီး ကိုယ်ယောင်ဖျောက်ရာ၌ ကျွမ်းကျင်ကာ သားကောင်ကို ရုတ်တရက် အလစ်အငိုက် ဖမ်းယူလေ့ရှိသည်။
ထိုအချိန်၌ ရေနေမိကျောင်းသည် ရေထဲတွင် အချိန်အတော်ကြာ နေခဲ့ပြီးပုံရကာ နေပူစာလှုံရန် ကမ်းပေါ်သို့ ဖြည်းညှင်းစွာ တက်လာ၏။
ထိုအခါမှသာ ချင်ယွမ်ဖုန်းသည် ရေနေမိကျောင်း၏ ခန္ဓာကိုယ်အပြည့်အစုံကို မြင်တွေ့လိုက်ရသည်။
ယင်းမှာ အလျား သုံးလံခန့်ရှိသော သားရဲကြီးဖြစ်ပြီး အမြီးတစ်ခုတည်းမှာပင် ချင်ယွမ်ဖုန်း၏ အရပ်ထက် နှစ်ဆခန့် ပိုမိုရှည်လျားလှသည်။
"အင်း... မင်းကတော့ ဇိမ်တွေ့နေတာပေါ့" ချင်ယွမ်ဖုန်းက အေးစက်စွာ ဆိုရင်း သူ၏ ကျောဘက်မှ လုယန့်ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်ကာ ထူးဆန်းသောအော်သံနှင့်အတူ ရှေ့သို့ ပြေးထွက်သွားတော့သည်။
"သေပေတော့" ချင်ယွမ်ဖုန်းသည် ဓားရှည်ကို ကိုင်စွဲလျက် ရေနေမိကျောင်း၏ ခေါင်းပေါ်သို့ ခုန်တက်ကာ ပြင်းထန်စွာ ခုတ်ချလိုက်ရာ လေတိုးသံမှာ စူးရှစွာ ထွက်ပေါ်လာ၏။
သို့သော် ရေနေမိကျောင်းသည် ချင်ယွမ်ဖုန်းအား တစ်ချက်မျှသာ ကြည့်ပြီးနောက် ၎င်း၏ ထူထဲလှသော အမြီးဖြင့် ရုတ်တရက် ပင့်မြှောက်ကာ တိုက်ခိုက်လိုက်လေသည်။
အမြီးနှင့် မထိမိခင်မှာပင် ပြင်းထန်သော လေတိုးသံမှာ ချင်ယွမ်ဖုန်းဆီသို့ ဦးတည်ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
"သွားပြီ"
ချင်ယွမ်ဖုန်း၏ ခြေထောက်အောက်တွင် ဖြူလွလွ မြူခိုးများ ထွက်ပေါ်လာပြီး ယင်းကို အရှိန်ယူကာ ကောင်းကင်ယံသို့ မြှောက်တက်လျက် ရေနေမိကျောင်း၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။
သို့ရာတွင် ချင်ယွမ်ဖုန်း မမြင်လိုက်သော အရာမှာ မြစ်ထဲမှ ရေတိုင်ကြီး တစ်ခု ရုတ်တရက် ထိုးထွက်လာပြီး သူ့အား အရှိန်အဟုန်ဖြင့် လာရောက် ထိမှန်လိုက်ခြင်းပင် ဖြစ်သည်။
ရေမှာ ပျော့ပြောင်းသည်ဟု ထင်ရသော်လည်း ချင်ယွမ်ဖုန်း ခံစားလိုက်ရသည်မှာ ကျောက်တုံးကြီးဖြင့် အထုခံလိုက်ရသကဲ့သို့ ဖြစ်နေတော့သည်။ သူသည် ဟန်ချက်ပျက်ကာ ကောင်းကင်ယံမှ တိုက်ရိုက် ပြုတ်ကျသွားလေ၏။
"အား... နာလိုက်တာ..."
ချင်ယွမ်ဖုန်းသည် မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် ကျသွားရာ နာကျင်လွန်းသဖြင့် မျက်ရည်ပင် ထွက်ချင်လာတော့သည်။
"ဝမ်ချိုင်... မင်း ဘာလို့ ထွက်မလာသေးတာလဲ၊ ငါတော့ ပြုတ်ကျလို့ သေတော့မယ်" ဟု ချင်ယွမ်ဖုန်းက မြေပြင်ပေါ်တွင် လဲလျောင်းလျက် အော်ဟစ်လိုက်သည်။
ထိုအချိန်တွင် ရေနေမိကျောင်းသည် ချင်ယွမ်ဖုန်းဆီသို့ တိုက်ရိုက် ပြေးဝင်လာပြီး တစ်လှမ်းချင်းစီတိုင်းမှာ မြေပြင်ပေါ်တွင် နက်ရှိုင်းသော ခြေရာများကို ထင်ကျန်ရစ်စေသည်။
"ဝမ်ချိုင်... ဝမ်ချိုင်..."
ချင်ယွမ်ဖုန်းက အဆက်မပြတ် အော်ခေါ်နေသော်လည်း ဝမ်ချိုင်ကမူ တစ်စုံတစ်ရာ ပြန်လည် တုံ့ပြန်ခြင်း မရှိပေ။
"သန့်စင်တဲ့ နတ်ရေစင် ဆယ်ပုလင်း ပေးမယ်"
ရေနေမိကျောင်းက ချင်ယွမ်ဖုန်းအနီးသို့ ရောက်ရှိလာပြီး သွေးနီရောင် ပါးစပ်ကြီးကို ဟလိုက်ချိန်မှာပင် ချင်ယွမ်ဖုန်းသည် သူ၏ ကမ်းလှမ်းချက်ကို အော်ပြောလိုက်တော့သည်။
ခဏချင်းမှာပင် ဝမ်ချိုင်သည် ချင်ယွမ်ဖုန်း၏ ရှေ့၌ ပေါ်လာပြီး ခန္ဓာကိုယ်မှာ ကြီးမားလာကာ လက်ဖဝါးတစ်ချက် တိုက်ခိုက်မှုဖြင့် ရေနေမိကျောင်းအား မြေပြင်ပေါ်သို့ ရိုက်ချလိုက်လေသည်။
ရေနေမိကျောင်း မြေပေါ်သို့ ကျသွားသော အရှိန်ကြောင့် မြေပြင်ကြီးပင် တုန်ခါသွားရ၏။
ချင်ယွမ်ဖုန်းသည် လျင်မြန်စွာ ထရပ်ကာ ဝမ်ချိုင်၏ ဘေးသို့ ရောက်သွားသည်။
"မင်းလို ကျေးဇူးကန်းတဲ့ ကောင်လေး... တစ်ခုခု ရမှပဲ လုပ်တော့တာလား" ချင်ယွမ်ဖုန်းသည် သူ၏ တင်ပါးကို ပွတ်သပ်ရင်း ညည်းညူလိုက်၏။
ရေနေမိကျောင်းသည် မြေပြင်ပေါ်တွင် လူးလိမ့်လျက် ဝမ်ချိုင်အား အေးစက်စွာ စိုက်ကြည့်နေသည်။ ထို့နောက် ၎င်း၏ ခန္ဓာကိုယ်အား လျင်မြန်စွာ လှည့်လိုက်ပြီး ထူထဲလှသော အမြီးဖြင့် ဝမ်ချိုင်အား လေခွဲသံနှင့်အတူ လွှဲရိုက်လိုက်တော့သည်။
ဝမ်ချိုင်မှာမူ မြေပြင်ပေါ်တွင် ထိုင်နေလျက်ပင် ရှေ့ခြေတစ်ဖက်ကို မြှောက်ကာ လာရောက်ထိမှန်သော အမြီးအား ရိုက်ထုတ်လိုက်လေသည်။
အမြီး၏ အရှိန်မှာ ပြင်းထန်လှသော်လည်း ဝမ်ချိုင်က ပြန်လည်ရိုက်ထုတ်လိုက်သောကြောင့် ရေနေမိကျောင်း၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်တွင် နှစ်ပတ်ခန့် လိမ့်သွားရတော့သည်။
"ဝိုး... မိုက်လှချည်လား" ချင်ယွမ်ဖုန်းက လက်မထောင်လျက် ချီးကျူးလိုက်သည်။ ဝမ်ချိုင်၏ လှုပ်ရှားမှုမှာ အားစိုက်စရာပင် မလိုဘဲ အလွန်ပင် သဘာဝကျလှပေသည်။
သို့သော် ထိုအချိန်တွင် မြစ်ထဲမှ ရေပန်းပေါင်း ဒါဇင်နှင့်ချီကာ ထွက်ပေါ်လာပြန်သည်။ ယင်းမှာ ရေနေမိကျောင်း၏ ရေကို ထိန်းချုပ်နိုင်စွမ်းသော စွမ်းရည်ပင် ဖြစ်၏။
ဝမ်ချိုင်သည် ၎င်း၏ ရှေ့ခြေကို ထပ်မံဆန့်ထုတ်ကာ ရှေ့သို့ ဝေ့ယမ်းလိုက်ရာ မြေပေါ်သို့ ကျလာသော ရေစက်များမှာ လွင့်စင်သွားတော့သည်။
ရေနေမိကျောင်းသည် ခန္ဓာကိုယ်ကို ပြန်လည် လှည့်လိုက်ပြီး ရေထဲသို့ လျင်မြန်စွာ ငုပ်လျှိုးရန် ကြိုးပမ်းသော်လည်း ဝမ်ချိုင်က နှစ်လှမ်းခန့်အတွင်း အမီလိုက်ကာ ၎င်း၏ အမြီးကို ခြေဖြင့် နင်းထားလိုက်သဖြင့် မလွတ်မြောက်နိုင်တော့ပေ။
"တော်တယ်၊ တော်တယ်! အရင်တုန်းက အဆင့်မြင့် သားရဲတွေကိုလည်း ဒီလိုပဲ ယဉ်ပါးအောင် လုပ်ခဲ့တာလား" ချင်ယွမ်ဖုန်းက ရယ်မောရင်း ရှေ့သို့ ပြေးတက်သွားသည်။
ဝမ်ချိုင်ကမူ ချင်ယွမ်ဖုန်းအား ဂရုမစိုက်ဘဲ ကျယ်လောင်စွာ ဟောင်လိုက်ရာ ရေနေမိကျောင်းနှင့် ဆက်သွယ်ရန် ကြိုးစားနေပုံရသည်။
မိကျောင်းကလည်း သဘောမတူသည့်အလား လေသံတိုးတိုးဖြင့် ဟိန်းဟောက်လေ၏။
ဝမ်ချိုင်က မိကျောင်း၏ ခေါင်းကို တစ်ချက် ရိုက်လိုက်ရာ ၎င်း၏ ခေါင်းမှာ မြေကြီးထဲသို့ တိုက်ရိုက် စိုက်ဝင်သွားတော့သည်။
ရှောင်ပိုင် မောင်းထုတ်ခဲ့သော အဆင့်မြင့် သားရဲများ အဘယ်ကြောင့် ဒဏ်ရာအနာတရများ ရနေသနည်းဆိုသည်ကို ချင်ယွမ်ဖုန်း အခုမှပင် နားလည်သွားတော့သည်။
အချိန်အတော်ကြာ ဆုံးမပြီးနောက်တွင် ဒဏ်ရာအပြည့်နှင့် ရေနေမိကျောင်းသည် ဝမ်ချိုင်၏ တောင်းဆိုချက်ကို နောက်ဆုံးတွင် လိုက်လျောလိုက်ရတော့သည်။
ဝမ်ချိုင်သည် ခန္ဓာကိုယ်အား ပြန်လည် ကျုံ့လိုက်ကာ မိကျောင်း၏ ကျောပေါ်သို့ တိုက်ရိုက် တက်သွားရာ ချင်ယွမ်ဖုန်းကလည်း နောက်မှ လိုက်ပါသွား၏။
ရေနေမိကျောင်းသည် စတင်လှုပ်ရှားလာသည်။ ၎င်းသည် မြစ်ထဲသို့ တိုက်ရိုက် ဆင်းသွားသော်လည်း ဝမ်ချိုင်နှင့် ချင်ယွမ်ဖုန်းတို့ ရေမစိုစေရန် ကျောပြင်ကို ရေပေါ်တွင် ဖော်ထားလျက် မြစ်အောက်ဘက်သို့ ကူးခတ်သွားတော့သည်။
"ဒါက ဘာဖြစ်တာလဲ၊ ရေနေမိကျောင်းက ငါတို့ကို တခြား ရေနေမှော်သားရဲတွေဆီ ခေါ်သွားပေးမလို့လား" ဟု ချင်ယွမ်ဖုန်းက မေးလိုက်သည်။
ဝမ်ချိုင်၏ မျက်နှာမှာ အမှန်တရားကို ဖော်ပြနေသဖြင့် ချင်ယွမ်ဖုန်းမှာ ခေတ္တမျှ မှင်တက်သွားရ၏။
"ဒီလိုလည်း ရတာပဲလား"
မကြာမီတွင် သူတို့သည် မြစ်၏ အဆုံးသို့ ရောက်ရှိသွားရာ ထိုနေရာ၌ ရေတံခွန်ကြီး တစ်ခု ရှိနေပေသည်။
မြစ်ရေမှာ ရုတ်တရက် ပြတ်တောက်သွားသကဲ့သို့ ရေတံခွန်အထက်မှ ပြင်းထန်စွာ စီးဆင်းနေသည်။ အဝေးမှပင် ရေတံခွန်၏ ကျဆင်းသံကို ချင်ယွမ်ဖုန်း ကြားနေရ၏။
"ဘာလို့ မရပ်သေးတာလဲ" ရေနေမိကျောင်းက ရေတံခွန်၏ ထိပ်ဖျားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ချင်ယွမ်ဖုန်းမှာ စိုးရိမ်ထိတ်လန့်သွားတော့သည်။
ဝမ်ချိုင်မူကား တည်ငြိမ်စွာဖြင့်ပင် ရှေ့သို့ စိုက်ကြည့်လျက် ထိုင်နေဆဲ ဖြစ်၏။
ရေနေမိကျောင်းသည် မြစ်ထဲမှ တိုက်ရိုက် ခုန်ထွက်လိုက်ရာ လေထဲတွင် ခဏမျှ ဝဲနေပြီးနောက် အောက်သို့ ပြင်းထန်စွာ ပြုတ်ကျသွားလေတော့သည်။
ချင်ယွမ်ဖုန်း အောက်သို့ ငုံ့ကြည့်လိုက်မိရာ ရေတံခွန်မှာ အနည်းဆုံး မီတာ တစ်ရာခန့် မြင့်မားနေကြောင်း တွေ့ရှိလိုက်ရသည်။ ဤမျှ မြင့်သောနေရာမှ ပြုတ်ကျလျှင်မူ သူသည် ချက်ချင်းပင် သေဆုံးသွားနိုင်ပေ၏...။
***