ချင်ယွမ်ဖုန်းသည် မိုးတိမ်လွင့် ပညာရပ်ကို နှိုးဆွလိုက်သည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်သည် ရေနေမိကျောင်း၏ ကျောပေါ်မှ ရုတ်ခြည်း ခုန်တက်သွားပြီး လေထုထဲ၌ ဝဲပျံနေတော့၏။
ရေနေမိကျောင်းမှာမူ အောက်ဘက်သို့ တရှိန်ထိုး ထိုးဆင်းသွားလေရာ ၎င်း၏ကျောပေါ်တွင် ဝမ်ချိုင်သာ ရှိမနေခဲ့ပါက ချင်ယွမ်ဖုန်းအနေဖြင့် မိမိအား သတ်ရန် ကြံစည်နေသည်ဟုပင် ထင်မှတ်မှားဖွယ် ရှိပေသည်။
ချင်ယွမ်ဖုန်းသည် လေထဲမှ အရှိန်ဖြင့် ဆင်းသက်လာခဲ့သော်လည်း မြေပြင်သို့ မရောက်မီမှာပင် ကျယ်လောင်လှသော ‘ဘုန်း’ ကနဲ မြည်ဟည်းသံကြီး တစ်ခု ပေါ်ထွက်လာခဲ့ချေပြီ။
ရေနေမိကျောင်းသည် အောက်ဘက်ရှိ ရေကန်ထဲသို့ ကျဆင်းသွားရာ ပေပေါင်းများစွာ မြင့်မားသော ရေမှုန်ရေမွှားများမှာ လွင့်စင်တက်လာ၏။
ရေတံခွန်အောက်ရှိ ရေကန်ငယ်လေးမှာ တစ်ခဏချင်း ကွယ်ပျောက်သွားသည်ဟု ထင်ရသော်လည်း အချိန်အနည်းငယ်အတွင်းမှာပင် အထက်မှ စီးဆင်းလာသော ရေများက ကန်တစ်ခုလုံးကို ပြန်လည် ပြည့်လျှံစေခဲ့သည်။
ဝမ်ချိုင်မှာမူ ရေနေမိကျောင်း၏ ကျောပေါ်၌ပင် ထိုင်လျက် ကျန်ရစ်ခဲ့၏။ ပြင်းထန်သော ရိုက်ခတ်မှု ရှိခဲ့သော်ငြား ၎င်း၏ တင်ပါးဆုံမှာမူ တစ်လက်မမျှပင် ရွေ့လျားသွားခြင်း မရှိပေ။
“မင်း တင်ပါးက ကော်နဲ့ ကပ်ထားတာလား၊ ဒီလောက်တောင် မြဲနေရအောင်” ဟု ချင်ယွမ်ဖုန်းက ရေနေမိကျောင်း၏ ကျောပေါ်သို့ ပြန်လည် ဆင်းသက်ရင်း ဝမ်ချိုင်ကို မစနောက်ဘဲ မနေနိုင်တော့ပေ။
ဝမ်ချိုင်မှာမူ တုပ်တုပ်မျှ မလှုပ်ဘဲ ရှိနေစဉ်မှာပင် ရေနေမိကျောင်းသည် ရေကန်ထဲမှ ကူးခတ်ထွက်လာပြီး ရပ်တန့်လိုက်လေသည်။
“ဘာလို့ ရပ်လိုက်တာလဲ၊ ငါတို့ ရောက်ပြီလား” ဟု ချင်ယွမ်ဖုန်းက မေးမြန်းလိုက်၏။
၎င်းတို့မှာ ရေတံခွန်၏ အောက်ခြေတည့်တည့်သို့ ရောက်ရှိနေခြင်းဖြစ်ပြီး လေထုထဲတွင် ရေငွေ့ရေမွှားများက မြူနှင်းများအလား ဖုံးလွှမ်းလျက် ရှိနေသည်။
ထိုစဉ် ဝမ်ချိုင်က ဘေးဘက်သို့ ခေါင်းလှည့်ပြလိုက်ရာ ချင်ယွမ်ဖုန်း ကြည့်လိုက်မိသောအခါ မြစ်ကမ်းပါးယံတွင် ဧရာမ ကဏန်းကြီး အများအပြားကို တွေ့ရှိလိုက်ရလေသည်။
ထိုကဏန်းများမှာ ပေါင်းခံထားသကဲ့သို့ တစ်ကိုယ်လုံး နီရဲနေပြီး တစ်မီတာခန့် အလျားနှင့် အနံရှိကာ အလွန်ပင် ကြီးမားလှပေသည်။ ၎င်းတို့၏ ဧရာမ လက်မနှစ်ဖက်မှာ ကျောက်တုံးများကဲ့သို့ ကြမ်းတမ်းခက်ထန်လှ၏။
“ဒါက ဝိညာဉ်ကဏန်းကြီးတွေပဲ” ဟု ချင်ယွမ်ဖုန်းက ရယ်မောရင်း ဆိုလိုက်သည်။ ဤသတ္တဝါများသည်လည်း မှော်သားရဲ အမျိုးအစားပင် ဖြစ်သော်လည်း ကမ်းခြေရှိ ဧရာမကဏန်း ငါးကောင်မှာ တတိယအဆင့် အလယ်အလတ် သားရဲအဆင့်မျှသာ ရှိသေး၏။
ကြည့်ရသည်မှာ ထိတ်လန့်ဖွယ် ကောင်းသော်လည်း ချင်ယွမ်ဖုန်းအတွက်မူ အသုံးမကျသော အကောင်များသာ ဖြစ်ချေသည်။
“ဟားဟား... ဒီတစ်ခါတော့ မင်း သွားစရာ မလိုဘူး၊ ငါကိုယ်တိုင်ပဲ ဖမ်းမယ်”
ချင်ယွမ်ဖုန်းသည် ကမ်းခြေသို့ တိုက်ရိုက် ခုန်ဆင်းလိုက်ပြီး ခိုင်မာသော နွယ်ပင်အချို့ကို ရှာဖွေကာ ထိုကဏန်းကြီး ငါးကောင်လုံးကို မလွတ်နိုင်အောင် တင်းကျပ်စွာ တုပ်နှောင်လိုက်တော့သည်။
ထို့နောက် ရေနေမိကျောင်းသည် ချင်ယွမ်ဖုန်းကို ရှေ့သို့ ဆက်လက် ခေါ်ဆောင်သွားပြန်ရာ ဖဝါးလက်ခန့်သာ ရှိသော်လည်း ပထမအဆင့် မြင့်မားသော သားရဲအဆင့်သို့ ရောက်ရှိနေသည့် ရွှေဖားတစ်ကောင်ကို တွေ့ရှိခဲ့ပြန်သည်။
၎င်း၏ ရှည်လျားသော လျှာမှာ ခန့်မှန်းရခက်စွာ ပေါ်ထွက်လာတတ်သဖြင့် သတိထားရန် အလွန်ပင် ခဲယဉ်းလှပေသည်။
ကံကောင်းထောက်မစွာဖြင့် ဝမ်ချိုင်၏ အကူအညီကြောင့် ချင်ယွမ်ဖုန်းသည် ထိုရွှေဖားကို ဖမ်းမိခဲ့၏။
ယင်းနောက်တွင် ငါးမီတာ၊ ခြောက်မီတာခန့် ရှည်လျားပြီး ရေပုံးတစ်ပုံးခန့် ထုထည်ရှိသော မျက်လုံးနီ ငါးလွှဲကျော် သုံးကောင်ကိုလည်း အားစိုက်ထုတ်၍ ဖမ်းဆီးနိုင်ခဲ့ပြန်သည်။
ယခုအခါ ချင်ယွမ်ဖုန်းသည် ရေနေမှော်သားရဲ ဆယ်ကောင်ကို ဖမ်းဆီးရရှိခဲ့ပြီ ဖြစ်ရာ ၎င်းတို့ကို မြေနက်မြေရှိ ရေကန်ထဲသို့ ပြန်လည် ပို့ဆောင်နိုင်သည်နှင့် တာဝန်မှာ ပြီးမြောက်တော့မည် ဖြစ်သည်။
အချိန်မှာ လင့်နေပြီဖြစ်၍ ချင်ယွမ်ဖုန်းသည် ရေနေမိကျောင်း၏ ကျောပေါ်၌ ထိုင်လျက် ရေနေမိကျောင်းနှင့် ဧရာမကဏန်းတို့ကို အပင်ပန်းခံ စေခိုင်းကာ မျက်လုံးနီ ငါးလွှဲကျော် သုံးကောင်ကို မြေနက်မြေသို့ ဆွဲယူသွားစေခဲ့သည်။
၎င်းတို့မှာ အင်အားကြီးမားသော်လည်း လျင်မြန်မှုမရှိသဖြင့် ချင်ယွမ်ဖုန်း အိမ်သို့ ပြန်ရောက်ရန် နှစ်နာရီခန့် ကြာမြင့်သွားခဲ့ပြီး သန်းခေါင်ယံအချိန်သို့ပင် လုနေချေပြီ။
သို့သော် အိမ်ပြင်ပတွင် မီးတိုင်များစွာကို စိုက်ထူထားသဖြင့် တစ်ရပ်ကွက်လုံးမှာ နေ့ခင်းဘက်ကဲ့သို့ လင်းထိန်လျက် ရှိနေ၏။
“ဘာလို့ ဒါချောင်နဲ့ ရှောင်ချောင်တို့ မအိပ်ကြသေးတာလဲ” ဟု ချင်ယွမ်ဖုန်းက ရေနေမိကျောင်း ကျောပေါ်မှ ခုန်ဆင်းရင်း တွေးတောမိလိုက်သည်။
အိမ်ရှေ့သို့ ရောက်သောအခါ ချင်ယွမ်ဖုန်းသည် ရုတ်တရက် ရင်းနှီးသော မျက်နှာတစ်ခုကို မြင်တွေ့လိုက်ရ၏။
“ဦးလေးဖု” ချင်ယွမ်ဖုန်း စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ ပြေးထွက်သွားမိသည်။
“သခင်လေး ယွမ်ဖုန်း...” လီဖုသည်လည်း ချင်ယွမ်ဖုန်းကို မြင်သောအခါ စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ရပ်လိုက်၏။
တွေ့ဆုံကြသောအခါ နှစ်ဦးသား ပြောစရာ စကားများစွာ ရှိနေဟန် တူပေသည်။ လီဖုမှာ မည်သူဖြစ်သည်ကို ချင်ယွမ်ဖုန်း သိရှိပြီးဖြစ်၏။
လီဖုသည် ၎င်းငယ်စဉ်ကတည်းက အနီးကပ် ရှိနေခဲ့သူဖြစ်ပြီး ချင်မိသားစုမှ ချင်ယွမ်ဖုန်းအတွက် ခန့်အပ်ပေးထားသော အလုပ်အကျွေးပြုစေသူ ဖြစ်သည်။
သို့သော် လီဖုသည် ချင်ယွမ်ဖုန်းအပေါ် မိမိ၏ သားအရင်းကဲ့သို့ပင် ကြင်နာစွာ ဆက်ဆံခဲ့သဖြင့် ချင်ယွမ်ဖုန်းမှာ လီဖုအပေါ် အလွန်ပင် သံယောဇဉ် ကြီးမားလှပေသည်။
ချင်ယွမ်ဖုန်းသည် ဖခင်မဲ့ဘဝဖြင့် ကြီးပြင်းလာခဲ့ရသူ ဖြစ်၏။ မိခင်ဖြစ်သူအား ဖခင်အကြောင်း မေးမြန်းသည့်အခါတိုင်း ‘မင်းအဖေက သူရဲကောင်းကြီး တစ်ယောက်ပါ’ ဟုသာ ဆိုလေ့ရှိပြီး အခြားစကားတို့ကိုမူ မဆိုခဲ့ပေ။
ထို့ကြောင့် ချင်ယွမ်ဖုန်း၏ စိတ်ထဲတွင် တစ်ခါမျှ မမြင်ဖူးသော ဖခင်အပေါ် အပြစ်တင်မှုနှင့် အာဃာတများသာ ရှိနေခဲ့သည်။
နှစ်ပေါင်းများစွာကြာအောင် မိမိနှင့် မိခင်ကို လာရောက် မတွေ့ဆုံခဲ့သည့်အပြင် မိခင်ဖြစ်သူ အာဃာတများဖြင့် ကွယ်လွန်သွားချိန်မှာပင် ရှိမနေခဲ့သော ဖခင်ကို သူ နာကျင်စွာ မုန်းတီးမိ၏။
သို့သော် ချင်ယွမ်ဖုန်း၏ နှလုံးသားထဲတွင် လီဖုမှာမူ ဖခင်ရင်း တစ်ယောက်ကဲ့သို့ပင် ဖြစ်ပေသည်။
သို့ရာတွင် ချင်ယွမ်ဖုန်း၏ ပါရမီများ ဆုံးရှုံးသွားပြီးနောက် မိခင်ဖြစ်သူမှာလည်း အစော်ကားခံရမှုများကို မခံစားနိုင်ဘဲ မိမိကိုယ်မိမိ အဆုံးစီရင်သွားခဲ့လေရာ လီဖုမှာ ချင်ယွမ်ဖုန်းအတွက် ရှေ့နေရပ်တည် စကားပြောပေးခဲ့ခြင်းကြောင့် ချင်မိသားစုမှ နှင်ထုတ်ခြင်း ခံခဲ့ရရှာသည်။
ချင်မိသားစုအတွက် တစ်သက်လုံး လုပ်ကျွေးခဲ့သော လီဖုမှာ ဤကဲ့သို့ အဆုံးသတ်ခဲ့ရခြင်းက ချင်မိသားစု၏ လုပ်ရပ်များအပေါ် စိတ်ပျက်ဖွယ် ကောင်းလှပေသည်။
“ဦးလေးဖု... ဒီကို ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ” ဟု ချင်ယွမ်ဖုန်းက စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်၏။
“မိသားစု အကြီးအကဲက လွှတ်လိုက်တာပါ၊ သခင်လေးကို မိသားစုဆီ ပြန်လာလည်ဖို့ ပြောခိုင်းလိုက်တယ်” ဟု လီဖုက ပြုံးလျက် ဆိုသည်။
ချင်ယွမ်ဖုန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး “ကျွန်တော့်ရဲ့ ပါရမီတွေ ပြန်ရလာပြီဆိုတာ ကြားလို့ ပြန်ခေါ်တာ ဖြစ်မှာပေါ့၊ ကျွန်တော် အနှိမ်ခံနေရတုန်းက မိသားစုက မကူညီတဲ့အပြင် ပိုပြီးတောင် နင်းချခဲ့သေးတာ... အဲဒါတွေကို ကျွန်တော် အကုန်မှတ်ထားပါတယ်” ဟု ပြောလိုက်သည်။
လီဖုသည်လည်း သက်ပြင်းတစ်ချက် ချလိုက်မိ၏။ သူကိုယ်တိုင်လည်း ချင်မိသားစုအပေါ် အလွန်ပင် စိတ်ပျက်မိပေသည်။
“တကယ်တော့ ကျွန်တော်က သခင်လေးကို လာတွေ့ချင်ယုံသက်သက်ပါ၊ ဒီခန္ဓာကိုယ်ကြီးက နောက်ထပ် ဘယ်လောက်ကြာကြာ ရှင်နေဦးမလဲ မသိတော့ဘူးလေ၊ သခင်လေး ပြန်မသွားချင်လည်း ကျွန်တော်ကတော့ သခင်လေးဘက်ကပဲ ရပ်တည်မှာပါ၊ အဲဒီလို နေရာမျိုးကို ပြန်မသွားတာပဲ ကောင်းပါတယ်” ဟု လီဖုက ပြုံးလျက် ဆိုသည်။
ချင်ယွမ်ဖုန်းက ခေါင်းယမ်းလိုက်ပြီး လီဖုကို ထိုင်ရန် အချက်ပြလိုက်၏။
“ဦးလေးဖု... ချင်မိသားစုက ထွက်သွားပြီးကတည်းက ဘယ်လိုနေထိုင်ခဲ့လဲ၊ ကျွန်တော် ဒီမှာရှိနေတော့ လာမတွေ့နိုင်ခဲ့ဘူး၊ အဲဒါကို တကယ်ပဲ အားနာမိပါတယ်” ဟု ချင်ယွမ်ဖုန်းက နောင်တရစွာ ပြောလိုက်သည်။
မိမိကြောင့်သာ မဟုတ်ပါက လီဖုမှာ ချင်မိသားစုမှ နှင်ထုတ်ခံရမည် မဟုတ်ပေ။
“ကျွန်တော့်သားလည်း အခု အရွယ်ရောက်ပြီး အိမ်ထောင်ကျသွားပါပြီ၊ ဒါကြောင့် အနားယူဖို့ ပြန်သွားခဲ့တာပါ၊ ဒါပေမဲ့ မကြာသေးခင်ကမှ မိသားစု အကြီးအကဲက ကျွန်တော့်ကို ပြန်ခေါ်ပြီး သခင်လေးကို အိမ်ပြန်ဖို့ လာဖိတ်ခိုင်းတာပါ” ဟု လီဖုက ဆို၏။
ချင်ယွမ်ဖုန်းက နှစ်ချက်မျှ လှောင်ရယ်လိုက်ပြီး “ကျွန်တော့်မှာ အသုံးချစရာ တန်ဖိုး မရှိတော့ဘူးလို့ မြင်တုန်းက ဘေးဖယ်ထုတ်ခဲ့ပြီး အခု အသုံးဝင်လာပြီ ဆိုတော့မှ လာဖိတ်ရတယ်လို့... တကယ့်ကို အရှက်မရှိတဲ့ လူတွေပဲ” ဟု ပြောလိုက်သည်။
“ဟူး... အဲဒီလိုပဲ မဟုတ်လား၊ သခင်လေး ပြန်မသွားချင်ရင်လည်း ရပါတယ်၊ အဲဒီလို နေရာမျိုးနဲ့ အဆက်အသွယ် ဖြတ်ထားတာက အကောင်းဆုံးပါပဲ” လီဖုသည် အမြဲတစေ ချင်ယွမ်ဖုန်း၏ အကျိုးကိုသာ ရှေးရှုတွေးတောပေးသူ ဖြစ်သည်။
ချင်ယွမ်ဖုန်းက ခေါင်းယမ်းလိုက်ကာ “မဟုတ်ဘူး ဦးလေးဖု၊ ကျွန်တော် ပြန်သွားရမယ်၊ ဖြေရှင်းစရာ ရှိတာတွေကို သွားပြီး ဖြေရှင်းရမယ်” ဟု ဆိုသည်။
“ဒါနဲ့ ဦးလေးဖု တစ်ယောက်တည်း လာတာလား၊ ချင်မိသားစုက ဘယ်သူ့ကိုမှ အဖော်အဖြစ် မထည့်ပေးလိုက်ဘူးလား” ဟု မေးမြန်းလိုက်၏။
လီဖုက ခေါင်းယမ်းလျက် “ကျွန်တော်က အဘိုးကြီး တစ်ယောက်ပါ၊ ဘာကိုမှ မကြောက်ပါဘူး” ဟု ဆိုသည်။
ချင်ယွမ်ဖုန်းသည် ဒေါသများ ရုတ်ချည်း ထွက်ပေါ်လာပြီး ဘေးနားရှိ စားပွဲကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ စားပွဲမှာ အစအနမကျန် ပျက်စီးသွားတော့သည်။
“သူတို့က တကယ့်ကို ယုတ်မာလွန်းတယ်၊ဦးလေးဖု ဒီလောက် အသက်ကြီးနေတာကို တစ်ယောက်တည်း လွှတ်လိုက်ရတယ်လို့”
ထျန်းတူး ပြည်နယ်မြို့တော်မှ ဆေးနတ်ဘုရားဂိုဏ်းအထိ ခရီးမှာ ကီလိုမီတာ နှစ်ထောင်ကျော် ဝေးကွာလှပေရာ သိုင်းပညာရှင် မဟုတ်သော သက်ကြီးရွယ်အို တစ်ဦးအတွက် အလွန်ပင် ခက်ခဲလှသော ခရီးဖြစ်သည်။
ထို့အပြင် ကျယ်ပြောလှသော သဲကန္တာရနှင့် အန္တရာယ်များစွာကို ဖြတ်ကျော်ခဲ့ရမည် ဖြစ်ရာ လီဖုတွင် တစ်ခုခု ဖြစ်သွားပါက မည်သို့ ရှိမည်နည်း။
လီဖုအနေဖြင့် ရထားလုံးကို အနည်းဆုံး ဆယ်ရက်ခန့် မောင်းနှင်လာခဲ့ရမည် ဖြစ်ပြီး မည်သည့်အချိန်မှာမဆို အန္တရာယ် ကျရောက်နိုင်သည်ကို ချင်ယွမ်ဖုန်း တွေးတော သိရှိနေမိတော့သည်။
***