“စီနီယာအစ်ကို... ဒါကို ကျွန်တော် လက်မခံနိုင်ပါဘူး။ အစ်ကို့ဘာသာပဲ သိမ်းထားလိုက်ပါ” ဟု အိုင်ဖေးက ပျာပျာသလဲ ငြင်းဆိုရှာလေသည်။
“ကြည့်စမ်း... မင်းက ငါ့ကို ညီအစ်ကိုတစ်ယောက်လို မသတ်မှတ်တော့ဘူးပေါ့လေ” ချင်ယွမ်ဖုန်းက ရယ်မောရင်း ထိုဆေးလုံးကို အိုင်ဖေး၏ လက်ထဲသို့ အတင်းထည့်ပေးလိုက်၏။
“ယူထားလိုက်စမ်းပါ။ အခုဆို ငါက ဒုတိယအဆင့် ဆေးဖော်စပ်သူ ဖြစ်နေပြီပဲ။ ဒီလိုဆေးလုံးမျိုးကို ငါအလိုရှိသလောက် ဖော်စပ်နိုင်တယ်”
“တကယ်ကြီးလား” အိုင်ဖေးမှာ ဝမ်းသာအားရ ရေရွတ်မိသည်။ သူသည် ဆေးဖော်စပ်ခြင်းပညာကို လေ့လာလိုက်စားနေသည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း ပထမအဆင့် ဆေးဖော်စပ်သူပင် မဖြစ်သေးချေ။
သို့သော် ချင်ယွမ်ဖုန်းမှာမူ ဒုတိယအဆင့်သို့ပင် တက်လှမ်းနေပြီ ဖြစ်ပေသည်။
“ပြီးတော့ ဒါလေးလည်း ယူထားဦး” ချင်ယွမ်ဖုန်းသည် သိုလှောင်လက်စွပ် နှစ်ကွင်း ဝယ်ယူခဲ့ရာ တစ်ကွင်းမှာ အိုင်ဖေးအတွက် ရည်ရွယ်ထားခြင်း ဖြစ်ပေသည်။
“ဒါ... ဒါက သိုလှောင်လက်စွပ်လား” အိုင်ဖေးက စိတ်လှုပ်ရှားစွာ မေးမြန်းလေသည်။ သူ၏အတွက် အမှန်တကယ် မလိုအပ်သေးသော်လည်း သိုလှောင်အိတ်နှင့် ယှဉ်လျှင်မူ ဤလက်စွပ်က များစွာ အဆင့်အတန်း မြင့်မားလှသည် မဟုတ်လော။
“ငါ မင်းကို အကောင်းစားလေး ပေးမယ်လို့ ပြောထားတယ်လေ” ချင်ယွမ်ဖုန်းက အိုင်ဖေး၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
နှုတ်ဆက်စကား ဆိုပြီးနောက် ချင်ယွမ်ဖုန်းသည် ဆေးနတ်ဘုရားဂိုဏ်းမှ ထွက်ခွာခဲ့ပြီး ထျန်းတူး မြို့တော်ဆီသို့ မြင်းရထားကို ဆက်လက် မောင်းနှင်ခဲ့လေသည်။
ဆေးနတ်ဘုရားဂိုဏ်းနှင့် ထျန်းတူး မြို့တော်သည် ကီလိုမီတာ နှစ်ထောင်ကျော် ဝေးကွာလှပေသည်။ သံမဏိဝက်ဝံက ရထားလုံးကို ဆွဲနေသော်လည်း တစ်ရက်ကျော်ခန့် ကြာမြင့်မည် ဖြစ်၏။
ထို့ပြင် အဘိုးအိုဖြစ်သူ ဦးလေးဖုမှာ အသက်အရွယ် ကြီးရင့်ပြီဖြစ်ရာ ခရီးဝေးကို တစ်ဆက်တည်း မသွားနိုင်ဘဲ အနားယူရန် လိုအပ်သောကြောင့် ခရီးစဉ်မှာ ပို၍ပင် ကြာမြင့်ပေဦးမည်။
သို့သော် ချင်ယွမ်ဖုန်းမှာမူ ခရီးတစ်လျှောက် အနားမယူဘဲ နဂါးဖမ်းဆေးမီးဖိုကို ထုတ်ကာ ဆေးလုံးများ ဖော်စပ်နေခဲ့သည်။
အဆင့်မြင့် ဆေးဖော်စပ်သူတစ်ဦး ဖြစ်လာရန်မှာ သန်မာသော ဝိညာဉ်စွမ်းအား လိုအပ်ရုံသာမက အတွေ့အကြုံမှာလည်း အလွန်ပင် အရေးကြီးလှပေသည်။
ဆေးဖက်ဝင် အပင်မျိုးစုံ၏ ဂုဏ်သတ္တိများ၊ ဆေးရည်ထုတ်ယူရာတွင် အသုံးပြုရမည့် အပူရှိန်၊ အရည်ပျော်မှတ်နှင့် မမျှော်လင့်ဘဲ ကြုံတွေ့ရတတ်သော အခြေအနေများကို ကိုင်တွယ်ဖြေရှင်းပုံတို့မှာ ဆေးဖော်စပ်ခြင်း အတွေ့အကြုံများမှသာ ရရှိနိုင်မည် ဖြစ်၏။
ချင်ယွမ်ဖုန်းသည် ဆယ်လအတွင်း ပဉ္စမအဆင့် ဆေးဖော်စပ်သူ ဖြစ်လာရန်အတွက် ယခင်ကထက် ပိုမို ကြိုးစားအားထုတ်ရပေလိမ့်မည်။
ထျန်းတူး မြို့တော်သည် လုယွဲ့အင်ပါယာ၏ အချက်အချာကျသော ဗဟိုချက်မတွင် တည်ရှိသည်။
ဆေးနတ်ဘုရားဂိုဏ်းမှ ထျန်းတူး မြို့တော်သို့ သွားရာလမ်းတွင် ‘ကြယ်ကြွေကန္တာရ’ ဟု ခေါ်ဆိုသော သဲကန္တာရကြီးတစ်ခု ရှိပေသည်။
ထိုကန္တာရကို ဖြတ်ကျော်ပြီးပါက ကျယ်ပြောသော စိမ်းလန်းစိုပြည်သောမြေလွင်ပြင်ကြီးကို တွေ့ရမည်ဖြစ်ပြီး ထိုနေရာတွင် ထျန်းတူး မြို့တော် တည်ရှိခြင်း ဖြစ်၏။
ချင်ယွမ်ဖုန်းသည် ညမမှောင်မီ ကန္တာရ၏ အစပ်သို့ ရောက်ရှိရန် လိုအပ်ပေသည်။
ခရီးစဉ်မှာ အေးအေးလူလူပင် ရှိလှသည်။ နားနားနေနေ သွားလာရင်း တောအုပ် သို့မဟုတ် တောင်တန်းများတွင် တွေ့ရသော တောကောင်အချို့ကို ချင်ယွမ်ဖုန်းက ဖမ်းဆီးကာ အစာအာဟာရအဖြစ် စီမံစားသောက်ကြ၏။
နေဝင်ရိုးရီ အချိန်တွင် ချင်ယွမ်ဖုန်းနှင့် အဖွဲ့သည် ကန္တာရ အစပ်သို့ ရောက်ရှိလာခဲ့သည်။ ထူးဆန်းသည်မှာ ကြယ်ကြွေကန္တာရသည် အဆုံးမဲ့သော သဲသောင်ပြင်များဖြင့် ခြောက်သွေ့ဖုန်းဆိုးနေသော်လည်း ကန္တာရ၏ အစပ်တွင်မူ သစ်ပင်ပန်းမန်များ ဝေဆာနေသော စိမ်းလန်းစိုပြည်သောမြေ လွင်ပြင်တစ်ခု ရှိနေခြင်းပင်။
ရှေးဒဏ္ဍာရီများအရ ကောင်းကင်မှ ဧရာမဥက္ကာခဲကြီး တစ်လုံး ကျဆင်းလာပြီးနောက် ဤကြယ်ကြွေကန္တာရ ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု ဆိုကြသည်။
ဥက္ကာခဲမှ ထွက်ပေါ်လာသော မီးလျှံများသည် သုံးရက်သုံးညတိုင် လောင်ကျွမ်းခဲ့၏။ ထိုမီးလျှံများ မထိတွေ့ခဲ့သော နေရာများမှာမူ ယနေ့တိုင် စိမ်းလန်းစိုပြည်သောမြေအဖြစ် ကျန်ရှိနေခဲ့ခြင်း ဖြစ်ပေသည်။
ကန္တာရ အစပ်ရှိ စိမ်းလန်းစိုပြည်သောမြေပေါ်တွင် အိမ်ခြေရာဂဏန်းမျှသာ ရှိသော မြို့ကလေးတစ်မြို့ တည်ရှိရာ ယင်းမြို့တွင် လိုအပ်သော ပစ္စည်းမှန်သမျှ အစုံအလင် ရရှိနိုင်ပေသည်။
ထိုနေရာသည် ကန္တာရကို ဖြတ်ကျော်ပြီး ထျန်းတူး မြို့တော်သို့ သွားမည့် ခရီးသွားများအတွက် တစ်ခုတည်းသော နားခိုရာဖြစ်သဖြင့် တည်းခိုခန်းများနှင့် ကုန်သည်များဖြင့် စည်ကားလျက် ရှိပေသည်။
ချင်ယွမ်ဖုန်းသည် မိုးမချုပ်မီ ထိုနေရာသို့ ရောက်ရှိခဲ့ပြီး တည်းခိုခန်းတွင် အခန်းနှစ်ခန်း ငှားရမ်းကာ ဦးလေးဖုကို အနားယူစေခဲ့သည်။ နောက်တစ်နေ့တွင်မူ ကန္တာရကို ဖြတ်ကျော်၍ ထျန်းတူး မြို့တော်သို့ သွားရန် ပြင်ဆင်ထား၏။
ဤမြို့ကလေးမှာ ကြယ်ကြွေကန္တာရနှင့် သုံးမိုင်ခန့်သာ ဝေးကွာသဖြင့် ‘ဆန်လီမြို့’ ဟု အမည်တွင်ခြင်း ဖြစ်သည်။
ချင်ယွမ်ဖုန်း၏ ရထားလုံးမှာ သံမဏိဝက်ဝံက ဆွဲလာခြင်း ဖြစ်သောကြောင့် မြို့သူမြို့သားများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ လူအများစုမှာ ဤသံမဏိဝက်ဝံ၏ အဆင့်အတန်းကို အတပ်မသိနိုင်သော်လည်း မြင့်မားသော သားရဲတစ်ကောင်၏ ထွက်ပေါ်နေသော အရှိန်အဝါကိုမူ ခံစားသိရှိနိုင်ကြပေသည်။
ညချမ်းအချိန်တွင် ချင်ယွမ်ဖုန်းနှင့် ဦးလေးဖုတို့သည် တည်းခိုခန်း၏ ပထမထပ်တွင် အစာစားနေကြစဉ် အနီးအနားရှိ လူတစ်ယောက်က ချင်ယွမ်ဖုန်း၏ အာရုံကို ဖမ်းစားလိုက်သည်။
ထိုသူသည် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ဦးထုပ်ဖြင့် မျက်နှာကို ဖုံးကွယ်ထားသော်လည်း အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း ခန့်မှန်းနိုင်ပေသည်။
သူမသည် လက်ဖက်ရည်တစ်အိုးကိုသာ မှာယူထားပြီး တစ်ဦးတည်း ထိုင်နေကာ တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေပုံ ရသည်။
သို့သော် ချင်ယွမ်ဖုန်းတို့ အစာစားပြီးသည်အထိ မည်သူမျှ ရောက်ရှိမလာခဲ့ချေ။
ချင်ယွမ်ဖုန်းတို့ အနားယူရန် အပေါ်ထပ်သို့ တက်ရန် ပြင်ဆင်နေစဉ် ထိုအမျိုးသမီးက ချင်ယွမ်ဖုန်းကို လှမ်း၍ ခေါ်လိုက်လေသည်။
“သခင်လေး... ကျွန်မနဲ့ တစ်ခုလောက် ဆွေးနွေးလို့ ရမလားရ
” အမျိုးသမီးက မတ်တပ်ရပ်ရင်း ပြောလိုက်၏။
ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်ကာ ငြင်းပယ်ရန် ကြံရွယ်လိုက်သော်လည်း အမျိုးသမီး၏ နောက်ထပ်စကားကြောင့် ဝေခွဲမရ ဖြစ်သွားခဲ့သည်။
“အလုပ်ပြီးသွားရင်တော့ ထိုက်တန်တဲ့ ဆုလာဘ်ကို ပေးပါ့မယ်”
“ကောင်းပါပြီ... ဘာပြောချင်တာလဲ ပြောကြည့်ပါ။ အရမ်း ခက်ခဲတဲ့ကိစ္စ မဟုတ်ရင်တော့ ရနိုင်ပါတယ်” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာပင် ပြန်ပြောလိုက်၏။
ယခုအချိန်တွင် ချင်ယွမ်ဖုန်းမှာ အသက်ရှင်ရန် တစ်နှစ်သာ ကျန်တော့သဖြင့် အချိန်ကို အကျိုးရှိရှိ အသုံးချရန် လိုအပ်ပေသည်။ ဦးလေးဖုကမူ ပြုံးလျက် အပေါ်ထပ်သို့ တက်၍ အနားယူသွားလေပြီ။
လူငယ်တို့၏ ကိစ္စတွင် သူဝင်ရောက် မစွက်ဖက်လိုတော့ပေ။
“ပြောပါ”
ချင်ယွမ်ဖုန်းသည် ထိုအမျိုးသမီး၏ အနီးရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
“အပြင်က သံမဏိဝက်ဝံက သခင်လေးရဲ့ သားရဲလား” အမျိုးသမီးက မေးမြန်းလိုက်၏။
သူမ၏ အသံမှာ အေးစက်လှသော်လည်း ချိုသာကြည်လင်လှသဖြင့် လှပသော အမျိုးသမီးတစ်ဦး ဖြစ်ပေလိမ့်မည်ဟု ခန့်မှန်းရပေသည်။
“ဟုတ်တယ်... ဘာဖြစ်လို့လဲ” သူက ဇဝေဇဝါဖြင့် မေးလိုက်သည်။
အမျိုးသမီးက ခေါင်းညိတ်ပြလျက် “ဒီလို အဆင့်မြင့် မှော်သားရဲကို ရထားလုံးဆွဲဖို့ အသုံးပြုနိုင်တယ်ဆိုရင် သခင်လေးရဲ့ အရည်အချင်းက မသေးဘူးပဲ” ဟု ဆိုသည်။
ချင်ယွမ်ဖုန်း အံ့အားသင့်သွားရသည်။ ဤသံမဏိဝက်ဝံ၏ အဆင့်ကို သိရှိနိုင်သည်ဆိုပါက ဤအမျိုးသမီး၏ ကျင့်စဉ်မှာလည်း နိမ့်ကျမည် မဟုတ်ပေ။
“ပြောစရာရှိတာကို တည့်တည့်ပဲ ပြောပါ” ချင်ယွမ်ဖုန်းက အေးဆေးစွာ ဆိုလိုက်သည်။
“ဒါဆိုရင်လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောပါတော့မယ်။ ကျွန်မ ကြယ်ကြွေကန္တာရကို သွားဖို့ သိုင်းပညာရှင် အချို့ကို ငှားရမ်းထားခဲ့ပေမဲ့ သူတို့က ရောက်မလာနိုင်တော့လို့ သခင်လေးကိုပဲ လမ်းပြအဖြစ် လိုက်ပါပေးဖို့ တောင်းဆိုချင်တာပါ”
ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လျက် “မင်း နောက်ကို တစ်ယောက်ယောက် လိုက်နေလို့လား” ဟု မေးမြန်းရာ သူမက မဟုတ်ပါကြောင်း ငြင်းဆိုသည်။
“ဒါဆို ဘာလို့ အစောင့်အရှောက် ငှားချင်ရတာလဲ”
“အစောင့်အရှောက် သက်သက်တင် မဟုတ်ပါဘူး။ ကျွန်မ နေရာတစ်ခုကို ရှာဖွေတွေ့ရှိထားလို့ပါ။ အဲဒီနေရာကို ကျွန်မနဲ့အတူ လိုက်ပါပြီး ရှာဖွေမယ်ဆိုရင် ရလာတဲ့ အကျိုးအမြတ်ကို တစ်ဝက်စီ ခွဲဝေယူကြတာပေါ့”
“နေရာတစ်ခုလား...” ချင်ယွမ်ဖုန်းက ခေါင်းခါယမ်းလိုက်သည်။ “မင်းက အစောင့်အရှောက် ရှာနေတယ်ဆိုကတည်းက အဲဒီနေရာဟာ အလွန် အန္တရာယ်များမယ်ဆိုတာ သိသာနေတာပဲ။ ဒါပေမဲ့ မင်းက အဲဒီနေရာအကြောင်းကို သေချာ မရှင်းပြနိုင်ဘူးဆိုရင်တော့ မလိုက်နိုင်ပါဘူး”
သူမ၏ စကားမှာ ဝေဝါးလှသဖြင့် ထိုနေရာသည် အလွန်အန္တရာယ်များမည်ကို ချင်ယွမ်ဖုန်း ရိပ်မိလိုက်သည်။ သူ့တွင် လုပ်ဆောင်စရာ အခြားကိစ္စများ ရှိနေသဖြင့် မပတ်သက်လိုတော့ချေ။
ချင်ယွမ်ဖုန်းက ထွက်ခွာရန် မတ်တပ်ရပ်လိုက်စဉ် အမျိုးသမီးမှာ တုံ့ဆိုင်းသွားပုံ ရသည်။ သူ လှေကားထိပ်သို့ ရောက်ရှိသွားချိန်တွင်မှ အမျိုးသမီးက လှမ်း၍ အော်ပြောလိုက်၏။ “နေပါဦး... ကျွန်မ အကုန်လုံး ရှင်းပြပါ့မယ်”
ချင်ယွမ်ဖုန်းက လှောင်ပြုံးပြုံးလျက် “ကျွန်တော် စိတ်မဝင်စားတော့ဘူး။ တခြားလူကိုပဲ ရှာကြည့်ပါတော့” ဟု ဆိုကာ အခန်းထဲသို့ ဝင်သွားလေတော့သတည်း။
***