သေမင်းကျမ်းသည် မြေပေါ်သို့ ဘုန်းခနဲ ကျသွားချေပြီ။ မြောင်ယွီလန်၏ လက်ဖဝါးပြင်ထက်ဝယ် သွေးစများ စိုရွှဲလျက်ရှိသည်။
"ဘာပဲဖြစ်ဖြစ်... ဒီရောက်မှတော့ ဒါဟာ ငါတို့ပစ္စည်းပဲ" ဟု လီယွမ်မင်က ယုတ်မာပက်စက်သော အပြုံးဖြင့် ဆို၏။
ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်လျက် အကဲခတ်နေမိသည်။
လီယွမ်မင်သည် မြောင်ယွီလန်အပေါ် အညှိုးတကြီး ရက်စက်ပြပုံကို ထောက်ရှုရလျှင် ယင်းသည် အလွန်တရာ ကောက်ကျစ်သူဖြစ်ကြောင်း သိသာလှပေသည်။
"မဟုတ်ဘူး... ဒါကိုရဖို့ ငါဘယ်လောက် ဒုက္ခခံခဲ့ရလဲ၊ နင့်ကိုတော့ လုံးဝမပေးနိုင်ဘူး"
မြောင်ယွီလန်သည် စကားဆိုရင်း မြေပေါ်ရှိ သေမင်းကျမ်းကို ကောက်ယူရန် အားထုတ်ပြန်သည်။
သို့ရာတွင် လီယွမ်မင်က လက်ကိုဆန့်ထုတ်လိုက်ရာ စွမ်းအင်အလင်းတန်းတစ်ခု ထပ်မံထွက်ပေါ်လာချေပြီ။
ချင်ယွမ်ဖုန်းသည် မြောင်ယွီလန်ကို ဆွဲယူကာ ဘေးသို့ လှိမ့်ရှောင်လိုက်ရင်း "မင်း ရူးနေတာလား " ဟု အော်ဟစ်လိုက်ရ၏။
ထိုစွမ်းအင်တန်းသည် မြေပြင်ကို တည့်တည့်မတ်မတ် ထိမှန်သွားခဲ့သည်။ အကယ်၍သာ မြောင်ယွီလန် ကျမ်းစာအုပ်ကို ကောက်ရန် ငုံ့လိုက်ပါက သူမ၏ ဦးခေါင်းသည် ပွင့်ထွက်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
"ဒါဟာ ငါ့ရဲ့ ရည်မှန်းချက်ပဲ၊ ငါ လုံးဝ အရှုံးမပေးနိုင်ဘူး" ဟု မြောင်ယွီလန်က မျက်ရည်စက်လက်ဖြင့် ဆိုရှာသည်။
"အင်း... ဒါက ဘာများလဲ ကြည့်ရသေးတာပေါ့" လီယွမ်မင်သည် အေးအေးလူလူ လျှောက်လာပြီး သေမင်းကျမ်းကို ကောက်ယူလိုက်၏။ သူ၏ နောက်လိုက်များသည်လည်း ဓားကြီးများကို ကိုင်စွဲကာ တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် ဝန်းရံထားကြသည်။
"သေမင်းကျမ်းတဲ့လား။ ဒါက ဘာလဲ။ ငါကတော့ အတုမရှိ သိုင်းပညာရပ်တစ်ခုခု ထင်နေတာ၊ အမှိုက်ပဲကိုး" လီယွမ်မင်သည် ကျမ်းစာအုပ်ကို ကြည့်ကာ နှာခေါင်းရှုံ့လျက် ဆို၏။
မြောင်ယွီလန်၏ မျက်ဝန်းအစုံ၌ မျှော်လင့်ချက်ကင်းမဲ့သော အရိပ်အယောင်များ ထင်ဟပ်လာပြီး ကိုယ်ခန္ဓာမှာလည်း အားအင်ကုန်ခမ်းကာ လဲကျလုနီးပါး ဖြစ်သွားချေသည်။
"ဒါပေမဲ့ အမှိုက်ပဲဖြစ်ဖြစ် ငါ့လက်ထဲရောက်ရင် ငါ့အမှိုက်ပဲ၊ နင့်ကိုတော့ မပေးနိုင်ဘူး" ဟု လီယွမ်မင်က ပြုံး၍ ဆိုပြန်သည်။
လီယွမ်မင်သည် မြောင်ယွီလန်ကို အရှက်တကွဲ ဖြစ်စေခြင်းဖြင့် သူ၏ အာဃာတကို ဖြေဖျောက်နေခြင်း ဖြစ်ကြောင်း ချင်ယွမ်ဖုန်း ရိပ်မိလိုက်သည်။
'မိန်းမတွေဆိုတာ တကယ့်ကို အလုပ်ရှုပ်တာပဲ' ဟု သူတွေးလိုက်မိ၏။
ချင်ယွမ်ဖုန်းသည် ဟိန်းဟောက်သံနှင့်အတူ မြောင်ယွီလန်ကို နန်းတော်အပြင်ဘက်သို့ ရောက်ရှိသွားစေရန် မြှောက်၍ လွှင့်ထုတ်လိုက်လေတော့သည်။
စတုတ္ထအဆင့် မဟာဆရာနယ်ပယ်သို့ တက်လှမ်းထားသော ချင်ယွမ်ဖုန်းအတွက် မိန်းကလေးတစ်ယောက်ကို မသည်မှာ ဖွဲလောက်သာ ရှိပေသည်။
မြောင်ယွီလန်သာမက လီယွမ်မင်ပါ ဤလုပ်ရပ်ကို မမျှော်လင့်ထားသဖြင့် ကြောင်အမ်းအမ်း ဖြစ်သွားကြ၏။ သူတို့၏ အကြည့်များသည် လွင့်ထွက်သွားသော မြောင်ယွီလန် နောက်သို့ လိုက်ပါသွားစဉ်မှာပင် ချင်ယွမ်ဖုန်းက စတင်လှုပ်ရှားတော့သည်။
"အရှက်မရှိတဲ့ လူအုပ်စုပဲ၊ မိန်းကလေး တစ်ယောက်အပေါ် ဒီလောက်တောင် စိတ်ပုတ်ရသလား"
ချင်ယွမ်ဖုန်း၏ အသံသည် ဟိန်းထွက်လာပြီးနောက် သူသည် လီယွမ်မင်၏ ရှေ့မှောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဂူသင်္ချိုင်းတူးသမားအချို့က တားဆီးရန် ကြိုးပမ်းသော်လည်း အလောင်းကောင်ရုပ်သေး သုံးခုက လျှပ်တပြက် ပေါ်လာကာ လမ်းပိတ်လိုက်ချေပြီ။
ထိုသူများ သတိမထားမိခင်မှာပင် အလောင်းကောင်ရုပ်သေးများ၏ တိုက်ခိုက်မှုကြောင့် လွင့်ထွက်သွားကြရသည်။
ချင်ယွမ်ဖုန်းသည် သူ၏ ဓားရှည်ကို ဝှေ့ယမ်းကာ လီယွမ်မင်၏ လက်မောင်းကို ခုတ်ပိုင်းလိုက်၏။ လီယွမ်မင်သည်လည်း ဘေးကျပ်နံကျပ် အခြေအနေတွင် လက်ဖဝါးဖြင့် ပြန်လည်ခုခံရာ ပြင်းထန်သော စွမ်းအင်များ ချင်ယွမ်ဖုန်းကို ထိမှန်သွားတော့သည်။
ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် နောက်သို့ လွင့်ထွက်သွားသော်လည်း ထိုဦးတည်ချက်မှာ နန်းတော်တံခါးဝသို့သာ ဖြစ်ပေသည်။ ယင်းက သူ ကြိုတင်ပြင်ဆင်ထားသော အကွက်စေ့သည့် အစီအစဉ်ပင် ဖြစ်ချေသည်။
အလောင်းကောင်ရုပ်သေး သုံးခုသည်လည်း တိုက်ခိုက်မှုကို ရပ်တန့်ကာ တံခါးဝသို့ အပြေး လာကြ၏။ ချင်ယွမ်ဖုန်းသည် မြေပြင်ပေါ်သို့ နင်းမိသည်နှင့် ရုပ်သေးများကို ပြန်လည်သိမ်းဆည်းကာ မြောင်ယွီလန်ကို ဆွဲယူလျက် အပြင်သို့ အပြေးထွက်လေတော့သည်။
"ငါ့ကို လှည့်စားဝံ့တယ်ပေါ့"
လီယွမ်မင်သည် ဒူးလေးကို မြှောက်ကာ လျှပ်စီးအလား မြန်ဆန်သော မြားသုံးစင်းကို ပစ်လွှတ်လိုက်ရာ ချင်ယွမ်ဖုန်း၏ ကျောပြင်ကို တည့်တည့်မှန်သွားချေပြီ။
ချင်ယွမ်ဖုန်းသည် သွေးတစ်လုတ် ထွေးထုတ်လိုက်ရသော်လည်း ခြေလှမ်းကိုမူ မရပ်တန့်ခဲ့ပေ။
"လီယွမ်မင်... ဒီနေ့ အငြိုးကို နောင်တစ်ချိန်မှာ ဆယ်ဆပြန်ပေးဆပ်စေရမယ်" ဟု ကြုံးဝါးကာ ချင်ယွမ်ဖုန်းသည် ခြေထောက်အောက်တွင် ဖြူလွလွ မြူခိုးများ ထွက်ပေါ်လာစေလျက် ကောင်းကင်ယံရှိ ထွက်ပေါက်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားတော့သည်။
လီယွမ်မင်သည် ဒေါသအမျက် ချောင်းချောင်းထွက်လျက် ငုံ့ကြည့်လိုက်ရာ သူ၏ လက်ထဲ၌ သေမင်းကျမ်း မရှိတော့သည်ကို တွေ့လိုက်ရ၏။
ချင်ယွမ်ဖုန်းသည် လီယွမ်မင်း၏ တိုက်ခိုက်မှုကို အသားကုန် အထိခံကာ ကျမ်းစာအုပ်ကို ပြန်လည် လုယူသွားခြင်းပင် ဖြစ်ပေ၏။
"နောက်က လိုက်ကြစမ်း" ဟု လီယွမ်မင်းက အမိန့်ပေးလိုက်သည်။
ဂူသင်္ချိုင်းတူးသမား အဖွဲ့သည် ရှေးဟောင်းဂူများကို ရှာဖွေရာတွင် ဂုဏ်ယူလေ့ရှိကြသော်လည်း မြောင်ယွီလန်၏ ပေါ်ပေါက်လာမှုကြောင့် သူတို့သည် အမျိုးသမီးတစ်ယောက်လောက်ပင် မစွမ်းဆောင်နိုင်ဟု ကဲ့ရဲ့ခြင်း ခံခဲ့ရသည်။
ထို့ကြောင့် မြောင်ယွီလန်နောက်သို့ ကပ်လိုက်ကာ သူမ ဘာများတတ်နိုင်သလဲဟု စောင့်ကြည့်ပြီးမှ သတ်ပစ်ရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေ မြောင်ယွီလန်ကို သူတို့လက်ဖြင့် သတ်နိုင်မှသာ အရှက်သိက္ခာကို ပြန်လည် ဆယ်ယူနိုင်မည် ဖြစ်ချေသည်။
သို့သော်လည်း လမ်းခရီးတွင် နှောင့်နှေးမှုများရှိခဲ့သဖြင့် သူတို့သည် တစ်ရက်ခန့် နောက်ကျမှ ရောက်ရှိလာခြင်း ဖြစ်သည်။
ယခုမူ ဂူသင်္ချိုင်းကို တွေ့ပြီဆိုရုံရှိသေး ဤလူငယ်က အစီအစဉ်အားလုံးကို ဖျက်ဆီးသွားခဲ့လေပြီ။
သူတို့ နန်းတော်အပြင်သို့ အပြေးထွက်လာချိန်တွင် ချင်ယွမ်ဖုန်းသည် ထွက်ပေါက်နှင့် နီးကပ်နေပြီ ဖြစ်သည်။
ပြင်းထန်သော ဒဏ်ရာဝေဒနာကို အံတုရင်း ချင်ယွမ်ဖုန်း နောက်သို့ လှည့်ကြည့်လိုက်ရာ လီယွမ်မင် လိုက်လာသည်ကို တွေ့ရ၏။
"မဖြစ်ဘူး... သူတို့ ငါတို့ကို မကြာခင် မှီတော့မယ်" ဟု သူ တိုးတိုးလေး ရေရွတ်လိုက်မိသည်။
ထိုစဉ်မှာပင် ရင်ပြင်ပေါ်ရှိ အလောင်းကောင်မိစ္ဆာ ကို သူ တွေ့လိုက်ရ၏။
ထိုမိစ္ဆာသည် ကြက်သွေးစွန်းသော ကြိုးများဖြင့် ချည်နှောင်ခြင်း ခံထားရပြီး နဖူးထက်တွင်လည်း အဆောင်လက်ဖွဲ့ ကပ်ထားသဖြင့် လှုပ်ရှားနိုင်ခြင်း မရှိပေ။
"သွားချေတော့"
ချင်ယွမ်ဖုန်းသည် လက်ချောင်းကို တောက်လိုက်ရာ သားရဲမီးလျှံ တစ်ခုသည် အလောင်းကောင်မိစ္ဆာဆီသို့ တည့်တည့်မတ်မတ် လွင့်စင်သွားသည်။
မီးလျှံနှင့် ထိတွေ့သည်နှင့် တပြိုင်နက် အလောင်းကောင်မိစ္ဆာသည် ဟိန်းဟောက်ကာ မီးတောက်များ ဝိုင်းသွားပြီး ကြက်သွေးစွန်းကြိုးနှင့် အဆောင်လက်ဖွဲ့များ ပြာကျသွားလေတော့သည်။
လီယွမ်မင်နှင့် အဖွဲ့သည် ရင်ပြင်သို့ ရောက်လာချိန်တွင် သူတို့ထံသို့ တစ်ဟုန်ထိုး ပြေးဝင်လာသော မီးတောက်သတ္တဝါကြီးကို တွေ့လိုက်ရ၏။
"မကောင်းတော့ဘူး... ဒါ ဂူစောင့်အလောင်းကောင်ပဲ" ဟု လီယွမ်မင်က ထိတ်လန့်တကြား အော်ဟစ်လိုက်ရသည်။
ဂူစောင့်အလောင်းကောင်က လမ်းပိတ်ထားသဖြင့် ချင်ယွမ်ဖုန်းသည် မြောင်ယွီလန်ကို ပွေ့ချီကာ အပြင်ဘက်သို့ ခုန်တက်သွားနိုင်ခဲ့သည်။
"မြန်မြန်... ငါ ဆက်ပြီး တောင့်မခံနိုင်တော့ဘူး" ဟု ဆိုကာ ချင်ယွမ်ဖုန်းသည် မြောင်ယွီလန်ကို ချလိုက်ပြီးနောက် မြေပြင်ပေါ်သို့ ခွေခနဲ လဲကျသွားတော့သည်။
ထိုအခါမှသာ ချင်ယွမ်ဖုန်း၏ လက်ထဲတွင် သေမင်းကျမ်းကို မြောင်ယွီလန် တွေ့လိုက်ရ၏။ 'ဒါကို သူ ရအောင် ယူပေးခဲ့တာလား' ဟု တွေးမိရင်း မြောင်ယွီလန်၏ နှလုံးသားဝယ် ကြည်နူးမှုများ လှိုက်တက်လာချေသည်။
သူမသည် ချင်ယွမ်ဖုန်းကို မထူကာ ထိုနေရာမှ အမြန်ဆုံး ထွက်ခွာခဲ့လေတော့သည်။
လီယွမ်မင်းတို့ ထွက်ပေါက်သို့ ရောက်လာချိန်တွင်မူ မြောင်ယွီလန်တို့မှာ အရိပ်ပင် မမြင်ရတော့ပေ။
"တောက်..." လီယွမ်မင်၏ ဒေါသတကြီး ဟိန်းဟောက်သံသည် ကောင်းကင်ယံသို့ ပျံ့လွင့်သွားတော့၏။
ချင်ယွမ်ဖုန်းသည် နုံးချည့်စွာဖြင့် မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ တောအုပ်တစ်ခုအတွင်းသို့ ရောက်နေကြောင်း သိလိုက်ရသည်။ လမင်းကြီးသည် သစ်ပင်ဖျားထက်တွင် ချိတ်ဆွဲလျက်ရှိပြီး မနီးမဝေးတွင်လည်း မီးပုံတစ်ခု တောက်လောင်နေချေပြီ။
***