ထိုဂူသင်္ချိုင်းကလေးကား အုတ်ဂူတိုင်ပင် မရှိရှာဘဲ လူသူကင်းဝေးရာတွင် တစ်ကိုယ်တော် ထီးတည်း တည်ရှိနေချေသည်။
ချင်ယွမ်ဖုန်းသည် ဂူသင်္ချိုင်းရှိရာသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားပြီးနောက် ပုဆစ်တုတ် ဒူးထောက်လိုက်၏။ ဤကား သူ၏မိခင်ဖြစ်သူ ‘ချင်ဟွား’ ၏ အုတ်ဂူပင် ဖြစ်တော့သည်။
“တောင်းပန်ပါတယ် အမေ... ဒီနေ့မှ အမေဆီကို လာကြည့်နိုင်တော့တယ်။ မနေ့ကတော့ အမေ့ကို ဘယ်လိုမျက်နှာနဲ့ ရင်ဆိုင်ရမလဲဆိုတာ ကျွန်တော် မသိခဲ့ဘူး”
ချင်ယွမ်ဖုန်းသည် ဂူသင်္ချိုင်းရှေ့တွင် စက္ကူငွေများကို မီးရှို့ရင်း တစ်ယောက်တည်း ရေရွတ်နေမိသည်။
“အခု ကျွန်တော် ပြန်လာပြီ အမေ... အမေ့ဆီကို ရောက်လာခဲ့ပေမဲ့ ကျွန်တော် လုံးဝ မပျော်နိုင်ဘူး။ အမေ မတရားသေဆုံးခဲ့ရတာကို တွေးမိတိုင်း ချင်မိသားစုထဲက အရာအားလုံးကို ဖျက်ဆီးပစ်ချင်တဲ့စိတ်တွေ တဖွားဖွား ပေါ်လာတယ်”
ချင်ယွမ်ဖုန်းသည် လက်သီးကို တင်းတင်းဆုပ်ကာ ရက်စက်ကြမ်းကြုတ်သော လေသံဖြင့် ဆိုလိုက်၏။
“အဲ့ဒီလူတွေရဲ့ ရုပ်ဆိုးအကျည်းတန်တဲ့ မျက်နှာတွေကို မြင်ရတာ ကျွန်တော် ရွံရှာလှပြီ။ ဒါပေမဲ့ အမေ... သူတို့ ဘာတွေ တွေးနေလဲဆိုတာ ကျွန်တော် သိပါတယ်။ ဒါကို သူတို့ တစ်သက်လုံး မှတ်မိသွားအောင် ကျွန်တော် လုပ်ပြမယ်”
ချင်ယွမ်ဖုန်းသည် ဂူသင်္ချိုင်းရှေ့တွင် ဒူးထောက်လျက် စက္ကူငွေများကို ဖြည်းဖြည်းချင်း မီးရှို့ပြီးနောက် အမွှေးတိုင် သုံးတိုင်ထွန်းကာ ဂူရှေ့တွင် ချထားလျက် သုံးကြိမ်တိုင်တိုင် ဦးခိုက်လေသည်။
“စိတ်မပူပါနဲ့ အမေ။ အမေ့ကို သူတို့တွေ ဂုဏ်သရေရှိရှိ ပြန်ခေါ်သွားရအောင် ကျွန်တော် ဘယ်လိုလုပ်မလဲဆိုတာ အမေ စောင့်ကြည့်နေလိုက်ပါ”
ထို့နောက် ချင်ယွမ်ဖုန်းသည် လှည့်ထွက်သွားလေတော့သည်။
ချင်မိသားစုပိုင် ဆေးခန်း သည် ထျန်းတူး ပြည်နယ်မြို့တော်ရှိ ချင်မိသားစု၏ ပိုင်ဆိုင်မှုတစ်ခု ဖြစ်ချေသည်။
ချင်မိသားစုသည် အရှိန်အဝါ ကြီးမားလှသည်ဖြစ်ရာ၊ ၎င်းတို့၏ ဆေးခန်းမှာ ဧကရာဇ်မင်းမြတ်၏ မျက်စိအောက်တွင် တည်ရှိနေသကဲ့သို့ ဖြစ်နေသဖြင့် မည်သူမျှ ပြဿနာရှာရန် မဝံ့ရဲကြပေ။
ချင်ယွမ်ဖုန်းသည် ဆေးခန်းအတွင်းသို့ တည်ငြိမ်သော မျက်နှာထားဖြင့် ဖြည်းဖြည်းချင်း လျှောက်ဝင်လာခဲ့သည်။
ဤဆေးခန်း၏ တာဝန်ခံမှာ ချင်ယွမ်ဖုန်း၏ အရင်မျိုးဆက်ထဲက လူတစ်ဦး ဖြစ်ပေသည်။
ချင်ယွမ်ဖုန်း အမှတ်ရနေသည်မှာ သူ၏မိခင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်စဉ်က မိခင်ဖြစ်သူကို ဆေးကုသပေးရန် ဤနေရာသို့ ခေါ်ဆောင်လာခဲ့သော်လည်း ရက်ရက်စက်စက် အငြင်းခံခဲ့ရခြင်းပင်။
ဆေးခန်းတာဝန်ခံ ‘ချင်ယုံရှင်း’ ၏ အေးစက်လှသော မျက်နှာထားမှာ ချင်ယွမ်ဖုန်း၏ အသိစိတ်တွင် ယနေ့တိုင် စွဲထင်နေဆဲဖြစ်ရာ ထိုစဉ်က ချင်ယွမ်ဖုန်းနှင့် သူ၏မိခင်ကို ပတ်သက်မှုမရှိသည့် လူစိမ်းများကဲ့သို့ သဘောထားခဲ့ကြသည်။
ချင်ယုံရှင်းသည် ဆေးခန်းအတွင်း အလုပ်ရှုပ်နေစဉ် ချင်ယွမ်ဖုန်း ဝင်လာသည်ကို မြင်လိုက်ရသဖြင့် မျက်ခွံများပင် သိသိသာသာ လှုပ်ခတ်သွားလေသည်။
ချင်မိသားစု ဂိုဏ်းချုပ်က ချင်ယွမ်ဖုန်း ပြန်လာမည့်အကြောင်းနှင့် မည်သူမျှ မစော်ကားရန် မိသားစုဝင်အားလုံးကို အကြောင်းကြားထားပြီး ဖြစ်ပေသည်။
သို့ဖြစ်ရာ ချင်ယုံရှင်းသည် အနည်းငယ် ကြောက်ရွံ့နေသော်လည်း အံကြိတ်ကာ လှမ်းလာခဲ့သည်။
“ယွမ်ဖုန်းပါလား... မြန်မြန်ဝင်ခဲ့ပါဦး” ချင်ယုံရှင်းက ပြုံးရွှင်စွာဖြင့် ဆီးကြိုလေသည်။ အဆင့်အတန်းအရ ဆိုလျှင် ချင်ယွမ်ဖုန်းက သူ့ကို ‘ဦးလေး’ ဟု ခေါ်ဆိုရပေမည်။
ချင်ယွမ်ဖုန်းက အေးစက်စွာ နှာခေါင်းရှုံ့လျက် “အဲ့ဒီလိုတွေ လုပ်နေဖို့ မလိုပါဘူး။ ချင်ယုံရှင်း... မင်း အရင်က လုပ်ခဲ့တာတွေကို မေ့နေပြီလား” ဟု မေးလိုက်၏။
ချင်ယုံရှင်း၏ မျက်နှာမှာ နီမြန်းသွားပြီးမှ ပြာနှမ်းသွားချေသည်။ ချင်ယွမ်ဖုန်းက သူ့အမည်ကို အပြည့်အစုံခေါ်ကာ ရိုင်းစိုင်းလိုက်သဖြင့် အရှက်ရသွားခြင်းပင်။
“ချင်ယွမ်ဖုန်း... မင်းရဲ့ လူကြီးသူမ အစဉ်အလာကို မမေ့နဲ့ဦး” ချင်ယုံရှင်းက အေးစက်စွာ ငေါက်ငမ်းလိုက်သည်။
ထိုစဉ် ဆေးခန်းတွင် ဆေးဝယ်ရန် တန်းစီနေကြသူများမှာလည်း စပ်စုလိုစိတ်ဖြင့် လှည့်ကြည့်လာကြသည်။
“လူကြီးသူမ အစဉ်အလာ ဟုတ်လား”
ချင်ယွမ်ဖုန်းက အေးစက်စွာ ရယ်မောလိုက်ပြီး “အစဉ်အလာအရ ဆိုရင် ငါ့အမေကို မင်းက ဝမ်းကွဲအမ‘’ လို့ ခေါ်ရမှာပဲ။ ဒါပေမဲ့ မင်း ငါအမေကို ဘယ်လိုဆက်ဆံခဲ့လဲ”
“မင်းအမေကို ဒီကို ခေါ်လာတုန်းက သူက ကယ်လို့မရတော့တဲ့ အခြေအနေ ဖြစ်နေပြီလေ” ချင်ယုံရှင်းက အေးစက်စက် ပြန်ပြော၏။
“ကယ်လို့မရတာလား၊ ဒါမှမဟုတ် မကယ်ချင်တာလား” ချင်ယွမ်ဖုန်းက ရှေ့သို့ တစ်လှမ်းတိုးကာ ချင်ယုံရှင်း၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
“ဒါမှမဟုတ် ကျွန်တော်နဲ့ ကျွန်တော့်အမေက မင်းတို့အတွက် အသုံးမဝင်တော့လို့လား”
“လျှောက်မပြောနဲ့! ချင်ယွမ်ဖုန်း... မင်း ဆက်ပြီး သောက်တလွဲတွေ ပြောနေဦးမယ်ဆိုရင် ခေါင်းဆောင်ကို တိုင်လိုက်မယ်” ချင်ယုံရှင်းက မာန်မဲလိုက်လေသည်။
ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီးနောက် ရုတ်တရက် လက်ကိုမြှောက်ကာ ချင်ယုံရှင်း၏ ပါးကို ဖြတ်ရိုက်လိုက်တော့သည်။
ချင်ယုံရှင်းမှာ လေထဲတွင် လည်ထွက်သွားပြီးနောက် မြေပြင်ပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျသွားချေသည်။
ချင်မိသားစုသည် ကျင့်စဉ်အဆင့်မြင့်မားသော သိုင်းပညာရှင်များကိုသာ အကြီးအကဲအဖြစ် ခန့်အပ်လေ့ရှိပြီး ပါရမီနိမ့်ပါးသူများကိုမူ မိသားစု၏ စီးပွားရေးလုပ်ငန်းများကိုသာ စီမံခန့်ခွဲခိုင်းလေ့ရှိသည်။
သို့ဖြစ်ရာ ချင်ယုံရှင်းသည် အသက်အရွယ်ကြီးရင့်သော်လည်း သူ၏ကျင့်စဉ်အဆင့်မှာ ချင်ယွမ်ဖုန်းထက် များစွာ နိမ့်ပါးနေခြင်းပင်။
“ ချင်ယုံရှင်းထံမှ အာဃာတတန်ဖိုး +၁၀၀”
“ ချင်အာထံမှ ကြောက်ရွံ့မှုတန်ဖိုး +၆၆”
“ဒီပါးရိုက်ချက်က ကိုယ့်အမျိုးအနွယ်ဝင်ကို သေဘေးကနေ မကယ်ခဲ့တဲ့အတွက် ကျွန်တော့်အမေကိုယ်စား ပေးတာပဲ” ချင်ယွမ်ဖုန်းက အလေးအနက် ဆိုလိုက်သည်။
ချင်ယုံရှင်းမှာ မြေပြင်ပေါ်တွင် လဲကျနေကာ အတန်ကြာအောင် မထနိုင်ရှာပေ။ သူ၏ပါးပြင်ပေါ်တွင် လက်ဝါးရာကြီး ထင်ကျန်နေပြီး သွားများလည်း ကျိုးကုန်သည့်အပြင် မျက်နှာအရိုးများပင် အက်ကွဲသွားချေပြီ။
ဆေးခန်းအတွင်းရှိ ဝန်ထမ်းများနှင့် လူနာများမှာလည်း တုန်တုန်ရင်ရင်ဖြင့် ငြိမ်သက်နေကြပြီး အသံပင် မထွက်ရဲကြချေ။
ဤနေရာကား ဧကရာဇ်မင်း၏ အာဏာစက်အောက်တွင် ရှိသဖြင့် ထိုကဲ့သို့သော ရန်ပွဲများကို မြို့တွင်း၌ တွေ့ရခဲလှရာ လူအများမှာ အံ့အားသင့်နေကြသည်။
ချင်ယွမ်ဖုန်းသည် ဆေးခန်းအတွင်းမှ ဖြည်းဖြည်းချင်း လှည့်ထွက်လာခဲ့ပြီး အခြားတစ်နေရာသို့ ဦးတည်လိုက်ပြန်သည်။
ချင်မိသားစု ရတနာတိုက် မှာ ချင်မိသားစု၏ ကျော်ကြားသော လုပ်ငန်းတစ်ခု ဖြစ်သည်။
ထိုနေရာတွင် ရတနာအမျိုးမျိုး ရောင်းချသော်လည်း အဆင့်သုံးနှင့် အထက်ပစ္စည်းမှာ ရှားပါးလှသဖြင့် ချန်ဟုန်း ကုန်သည်ကြီးများအသင်း နှင့် နှိုင်းယှဉ်လျှင် များစွာ နိမ့်ကျလှပေသည်။
ဤနေရာ၏ တာဝန်ခံမှာ ‘ချင်ယုံဟုန်း’ ဖြစ်ပြီး သူကား မိသားစုအတွင်း အစွန်းရောက်ဆုံးသော ပုဂ္ဂိုလ်တစ်ဦးပင်။ သူသည် အရည်အချင်း မရှိလှဘဲ လုပ်ငန်းကိုသာ စောင့်ကြည့်နေရသူ ဖြစ်သော်လည်း အမြဲတစေ ညည်းညူအပြစ်တင်နေတတ်သူ ဖြစ်သည်။
ချင်ဟွား၏ ရှေ့တွင် ချင်ယွမ်ဖုန်းကို အခွင့်သာတိုင်း စော်ကားမော်ကား ပြောဆိုခဲ့သူမှာ သူပင်ဖြစ်ရာ၊ ထိုစကားများကြောင့်ပင် ချင်ဟွားသည် စိတ်ဆင်းရဲကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ရခြင်း ဖြစ်ကြောင်း မိသားစုတစ်ခုလုံး သိရှိကြသည်။
ချင်ယွမ်ဖုန်း ပြန်လာသည်ဟု ကြားကတည်းက ချင်ယုံဟုန်းမှာ လွန်စွာ စိုးရိမ်ထိတ်လန့်နေခဲ့သည်။ ချင်ယွမ်ဖုန်းသည် သူ့ထံသို့ မုချလာလိမ့်မည်ကို သိနေသောကြောင့် ဖြစ်ပေသည်။
ထိုစဉ် ချင်ယွမ်ဖုန်းသည် ရတနာတိုက်အတွင်းသို့ လှမ်းဝင်လာခဲ့၏။
အတွင်းရှိ အလုပ်သမားမှာ လူသစ်ဖြစ်ဟန်တူသဖြင့် ချင်ယွမ်ဖုန်းကို မမှတ်မိဘဲ ပျာပျာသလဲ ဆီးကြိုလေသည်။
“ဆရာ... ဘာများ လိုချင်လို့လဲ” ဝန်ထမ်းလေးက ပြုံးရွှင်စွာ မေးလိုက်၏။
ချင်ယွမ်ဖုန်းက ပြုံးလျက် “ဒီနေရာက တာဝန်ခံနဲ့ စကားပြောချင်လို့ပါ” ဟု ဆိုသည်။
“သခင်ချင်ယုံဟုန်းကို ရှာနေတာလား” ဝန်ထမ်းလေးက အံ့အားသင့်စွာ မေး၏။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလျက် “ဟုတ်တယ်၊ သူ့နဲ့ အရေးကြီးတဲ့ စီးပွားရေးအကြောင်း ဆွေးနွေးစရာ ရှိလို့ပါ” ဟု ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ဝန်ထမ်းလေးမှာ ဝမ်းသာသွားပြီး “ခဏစောင့်ပါဦး ဆရာ၊ ကျွန်တော် အခုချက်ချင်း သွားခေါ်ပေးပါ့မယ်” ဟု ဆိုကာ ပြေးထွက်သွားတော့သည်။
အရေးကြီးသော စီးပွားရေးကိစ္စဟု ကြားလိုက်ရသဖြင့် ချင်ယုံဟုန်းသည် စိတ်ဝင်တစားဖြင့် ရတနာတိုက် အဆောင်မကြီးအတွင်းသို့ အပြေးအလွှား ရောက်ရှိလာခဲ့သည်။
သို့သော်လည်း ချင်ယွမ်ဖုန်းကို မြင်လိုက်ရသည်နှင့် ချင်ယုံဟုန်းသည် ခြေလှမ်းများ တန့်သွားကာ မျက်နှာတွင် ထိတ်လန့်မှုများ အထိုင်းသား ပေါ်လာတော့သည်။
“ချင်ယွမ်ဖုန်း” ချင်ယုံဟုန်းက တုန်ရီစွာ ခေါ်လိုက်၏။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြရင်း သူ၏အနားသို့ ဖြည်းဖြည်းချင်း တိုးလာခဲ့သည်။
“ကြည့်ရတာ ငါ့ကို မှတ်မိနေသေးသားပဲ” ချင်ယွမ်ဖုန်းက ပြုံး၍ ပြောလိုက်သော်လည်း ချင်ယုံဟုန်း၏ မျက်စိထဲတွင်မူ ထိုအပြုံးမှာ မိစ္ဆာတစ်ကောင်၏ အပြုံးကဲ့သို့ပင် ခြောက်ခြားဖွယ် ကောင်းနေတော့သည်။
“မင်း... မင်း ဘာလုပ်မလို့လဲ” ချင်ယုံဟုန်းက ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
ဝန်ထမ်းလေးမှာ ဤမြင်ကွင်းကို ကြည့်ရင်း အံ့အားသင့်နေမိသည်။
သူကား ချင်ယွမ်ဖုန်းအကြောင်း ဘာမျှမသိသော်လည်း ယနေ့တွင် ကြီးကျယ်သော ကိစ္စတစ်ခုခု ဖြစ်ပျက်တော့မည်ကိုမူ ရိပ်မိနေချေပြီ။
ချင်ယွမ်ဖုန်းသည် ရှေ့သို့ တည်ငြိမ်စွာ လျှောက်သွားပြီးနောက် ဧည့်ခန်းရှိ ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်သည်။
“ငါ့ ဘာမှမလုပ်ပါဘူး။ ဒါပေမဲ့ မင်းကြောင့် ငါ့အမေ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားရတယ်လို့ င့ ကြားထားလို့လေ” ချင်ယွမ်ဖုန်းက အေးဆေးစွာ ပြောလိုက်၏။
“မဟုတ်ဘူး... ငါ မဟုတ်ဘူး ငါက စကားအနည်းငယ်ပဲ ပြောခဲ့တာပါ။ သူက သူ့ဘာသာ သေချင်လို့ သေသွားတာ” ချင်ယုံဟုန်းက လက်ကာပြရင်း ကပျာကယာ ငြင်းဆိုလေတော့သည်။
သို့သော်လည်း ချင်ယွမ်ဖုန်းက ခေါင်းခါပြလျက် “ဘယ်သူကများ ကောင်းမွန်တဲ့ ဘဝကို မပိုင်ဆိုင်ချင်ဘဲ နေမှာလဲ။ ဒါပေမဲ့ မင်းတို့အားလုံး ငါတို့ကို အသက်ရှင်ခွင့် မပေးခဲ့ကြဘူး။ ငါ မေးချင်တာက ငါနဲ့ ငါ့အမေက မင်းတို့ကို ဘာများ ပြစ်မှားခဲ့လို့လဲ”
“တကယ် ငါ မဟုတ်ပါဘူး ငါ ထွက်သွားပြီးမှ မင်းအမေက သေသွားတာပါ။ ငါနဲ့ ဘာမှမဆိုင်ဘူး” ချင်ယုံဟုန်းကား တစ်ကိုယ်လုံး တုန်ရီလျက် ကြောက်လန့်တကြား ပြောဆိုနေတော့သည်။
***